← Chapters

မိုအိမ်တော်သို့ ဦးတည်ခြင်း

Vol. 25 Ch. 306

မိုအိမ်တော်သို့ ဦးတည်ခြင်း

Vol. 25 Ch. 306

"အကြီးအကဲက ဒုက္ခရှာဖို့ မလိုပါဘူး..."

ကျန်းရွှမ် အလျင်အမြန် ခုန်ထပြီး လက်ခါယမ်းပြလိုက်သည်။

"ခင်ဗျားတို့ တကယ်ကူညီချင်ရင် မိုပိုင်ယဲ့ကို ရှာပေးပါ.... သူက ဒဏ်ရာအပြင်းအထန် ရထားတာကြောင့် ကုသဖို့ ကြိုးစားမှာ သေချာတယ်... ဒါကို သဲလွန်စအနေနဲ့သုံးရင် သူ့ကိုရှာဖို့ မခက်လောက်ဘူး"

"စိတ်မပူပါနဲ့.... နင့်ရဲ့ကိစ္စက ငါတို့ရဲ့ကိစ္စပါပဲ...ငါတို့လည်း တာဝန်မကင်းပါဘူး"

ဖုချင်းဟုန်က ခေါင်းညိတ်လိုက်သည်။

"ငါက ရနိုင်သမျှ လူအင်အားကို သုံးပြီးတော့ သူ့ကို လိုက်ရှာပါ့မယ်..."

ဖုချင်းဟန်ကလည်း ခေါင်းညိတ်လိုက်၏။

အသက်ငါးဆယ်ကျော် အမျိုးသမီးလေးဦးလုံး အပြုံးနှင့် ကျန်းရွှမ်ကို ကြည့်နေကြကာ သူမတို့မျက်လုံးများတွင် နူးညံ့ညင်သာမှုများဖြင့် ပြည့်နှက်နေသည်။

...

"..."

ကျန်းရွှမ် ကျောချမ်းသွားပြီး အလျင်အမြန် နောက်သို့လှည့်ထွက်လိုက်သည်။

"ကောင်းပြီလေ...သူ့ကို ရှာတွေ့တာနဲ့ ကျွန်တော့်ကို သတင်းပို့ပါ..."

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း သူ ပျောက်ကွယ်သွားသည်။ ဤသည်မှာ သူ မိုပိုင်ယဲ့၏နောက်သို့ လိုက်စဉ်ကထက်ပင် ပို၍မြန်နေပေ၏။

အမှန်တကယ်ကိုပင် လူတစ်ယောက်သည် အကျပ်အတည်းဖြင့် မကြုံရလျှင် ဖိအားအောက်၌ ရှိနေလျှင်ပင် အရှိန်နှုန်း မြန်ဆန်မည်မဟုတ်ချေ။

တောင်ကြားငယ်လေးမှ ထွက်ခွာပြီးနောက် ကျန်းရွှမ်သည် ထိုးထွင်းသိမြင်မှုမျက်လုံး ကို အသက်သွင်းလိုက်ပြီး မိုပိုင်ယဲ့ပျောက်ကွယ်သွားသော လမ်းကြောင်းအတိုင်း စတင်၍ရှာဖွေလိုက်သည်။

သူသည် တခြားသူများကိုသာ အားကိုးနေ၍ မဖြစ်ချေ။ သူကိုယ်တိုင် ရှာဖွေခြင်းမပြုပါက လျှုမင်ယွဲ့ကို မည်သည့်အချိန်မှ ကယ်တင်နိုင်မည်ကို မသိနိုင်ချေ။

"ဒီလောက်ထိ ပြင်းထန်တဲ့ဒဏ်ရာတွေကို ရထားတာဆိုတော့ သူက လောလောဆယ်တော့ လျှုမင်ယွဲ့ ကို ဒုက္ခမပေးရဲလောက်ဘူး..."

ကျန်းရွှမ်က သူ၏စိတ်ထဲတွင် တွက်ဆလိုက်သည်။

လျှူမင်ယွဲ့ သည် မိုပိုင်ယဲ့အတွက် သူ့ကို ထိန်းချုပ်ရန် ဝှက်ဖဲတစ်ချပ်ဖြစ်ပြီး ဓားစာခံတစ်ယောက်အလားပင်။ အကယ်၍ မိုပိုင်ယဲ့သည် လျှူမင်ယွဲ့ကို တစ်စုံတစ်ခု ပြုလုပ်လိုက်သည်နှင့် ကျန်းရွှမ်သည် မည်သည့်စိုးရိမ်စရာမျှ မရှိတော့ဘဲ သူ့ကို ချက်ချင်း သတ်ဖြတ်ပေလိမ့်မည်။ ထို့ကြောင့် မိုပိုင်ယဲ့သည် တုံးအသူမဟုတ်သရွေ့ အချိန်တိုအတွင်းတွင် မဆင်မခြင် ပြုလုပ်မည် မဟုတ်ချေ။

ဆိုလိုသည်မှာ သူမသည် ယခုလတ်တလောအချိန်တွင် လုံခြုံနေပေမည်။

သို့ရာတွင် အခြေအနေသည် ကြာရှည်အချိန်ဆွဲထားလျှင် ရလဒ်များကို ပြောရခက်သည်။ လက်ရှိအစီအစဉ်အရ တဖက်လူကို အမြန်ဆုံး ရှာဖွေပြီး လျှူမင်ယွဲ့ကို အရင်ဆုံးကယ်ထုတ်သည်က အကောင်းဆုံးဖြစ်ပေမည်။

"မင်းကို တွေ့တာနဲ့... ငါ မင်းကို တပည့်ရင်း အဖြစ် လက်ခံပါ့မယ်..."

ကျန်းရွှမ်က သူ၏ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး သူ၏မျက်လုံးများတွင် တောင်းပန်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

လျှူမင်းယွဲ့ သည် ယခင်က ဖြစ်ရပ်များကြောင့် သူ၏တပည့်ရင်းအဖြစ် သတ်မှတ်မခံရဘဲ အမည်ခံတပည့်သဘောမျိုးသာ ရှိနေပေ၏။ ဤကိစ္စအဆုံးသတ်သွားချိန်၌ သူသည် သူမကို တရားဝင်လက်ခံသင့်လေပြီ။

ကျန်းရွှမ်သည် ထိုးထွင်းသိမြင်မှုမျက်လုံးကို အသုံးပြုပြီးနောက် မြို့ပြင်တွင် သဲလွန်စတချို့ကို မြင်တွေ့ခဲ့သော်လည်း ကျိုးယီမြို့ထဲသို့ ဝင်ရောက်သွားသည်နှင့် လမ်းကြောင်းပျောက်ဆုံးသွားပြီး မည်သည့်ခြေရာလက်ရာမျှ ထပ်မတွေ့ရတော့ပေ။

အချိန်တခဏကြာ တွန့်ဆုတ်နေပြီးနောက် ကျန်းရွှမ်သည် ရှာဖွေမှုကို ရပ်တန့်ပြီး စဉ်းစားတွေးတောလိုက်၏။

မိုပိုင်ယဲ့သည် ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း သူသည် ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်တွင်ရှိသော ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။ ထို့ပြင် မိုတောက်ဓား၏ ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းကြောင့် ကျန်းရွှမ်၏လက်ရှိ ကျင့်ကြံမှုဖြင့် သူ့ကိုအရှင်ဖမ်းရန်မှာ မဖြစ်နိုင်ပေ။ သူ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လျှင် မိုပိုင်ယဲ့ကို သတ်ဖြတ်ရန်မှာ အောင်မြင်နိုင်ခြေရှိသော်လည်း ဖမ်းဆီးရန်မှာမူ မဖြစ်နိုင်သလောက်နီးပါးပင်။

အကယ်၍ သူ ထပ်မံ၍ အဆင့်တက်နိုင်လျှင် ဤသို့ပြုလူပ်ရန် ဖြစ်ကောင်းဖြစ်နိုင်သည်။

သူ ကောင်းကင်ဘုံသောက ကံကြမ္မာကို တတိယအဆင့်သို့ လျင်မြန်စွာ မြှင့်တင်နိုင်လျှင် သို့မဟုတ် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်သို့ အဆင့်တက်နိုင်လျှင် ထိုသို့ပြုလုပ်ရန် အခွင့်အရေးရှိနိုင်ပေ၏။

ထိုအချိန်ကျမှသာ သူသည် ကျိုးယီမြို့ တွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီး ဖိနှိပ်ခြင်းမခံရဘဲ စစ်မှန်သော အခွင့်အာဏာ ပိုင်ဆိုင်နိုင်ပေမည်။

သူသည် ကောင်းကင်ဘုံသောကကံကြမ္မာ၌ ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် အလှမ်းကွာဟနေဆဲပင်။ ပထမဦးစွာ သူသည် ထိုကံကြမ္မာကို တိုးတက်မှုရရှိရန်အတွက် လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ရှာဖွေရပေမည်။

သူ တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ဒုတိယအဆင့် အထွတ်အထိပ်သို့ အရင်ဆုံး ရောက်ရှိနေရပေမည်။ ထိုသို့မဟုတ်ပါက သူ ဆက်လက်၍ တွေးတောနေခြင်းသည် အချည်းနှီးပင်။

သို့ရာတွင် သူသည် ဤမျှထိ များပြားသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို မည်သည့်နေရာက ရှာဖွေရမည်နည်း။

ဖုမိသားစုထံ၌ အရင်းအမြစ်များ ကုန်သလောက်နီးပါး ဖြစ်နေလေပြီ။ ကောင်းကင်ကံကြမ္မာခန်းမအလုံးစုံသိမြင်ဂိုဏ်း နှင့် တော်ဝင်မိသားစုမှလွဲ၍ ကျိုးယီအင်ပါယာတွင် ထိုကဲ့သို့ ထိပ်သီးအင်အားစုများဟူ၍ များများစားစား ရှိမည်မဟုတ်ပေ။

"ဟုတ်သားပဲ မိုတောက်ဂိုဏ်းမှာ ရှိလောက်တယ်..."

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။

မိုပိုင်ယဲ့သည် အာဏာကြီးမားသော ကောင်းကင်ကံကြမ္မာခန်းမ၏ ဒုခန်းမသခင်ဖြစ်ပင်။ ထို့ပြင် သူ၏မိုတောက်ဂိုဏ်း၌ ရာနှင့်ချီသော တပည့်များရှိနေကာ ဤနှစ်ပေါင်းများစွာ အတွင်းတွင် မိုဟုန် သတ်ဖြတ်ခဲ့သော မရေမတွက်နိုင်သည့် ပြိုင်ဘက်များကြောင့် မိုတောက်ဂိုဏ်းတွင် ကောင်းကင်ကံကြမ္မာစွမ်းအင်ပမာဏ အမြောက်အများအပြား ရှိနေနိုင်သည်။

ထိုသို့မဟုတ်လျှင် သူသည် ကောင်းကင်ကံကြမ္မာလော့ကျမ်းစာကို ဖန်တီးနိုင်မည် မဟုတ်ပေ။

ထိုအရာကိုဖန်တီးရန် ကောင်းကင်ကံကြမ္မာများသာမက ကောင်းကင်ကံကြမ္မာစွမ်းအင်များ ပမာဏအမြောက်အများအပြားလည်း လိုအပ်သည်။

"မိုပိုင်ယဲ့က မိုဟုန် ကိုတောင် မယုံကြည်ဘူး ဆိုတော့ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို မိုတောက်ဂိုဏ်းမှာ ပမာဏ များများစားစားထားခဲ့မှာ မဟုတ်ဘူး... ဒါကြောင့် ငါ ထင်တာမှန်မယ်ဆိုရင် သူ့ရဲ့အိမ်တော်မှာ သိမ်းထားလောက်တယ်"

မိုပိုင်ယဲ့တွင် သိုလှောင်ရတနာများရှိသော်လည်း အတွင်းပိုင်းနေရာလွတ်သည် ယေဘုယျအားဖြင့် အလွန်ကျဉ်းမြောင်းပြီး အဝတ်အစားတချို့နှင့် အသက်ကယ်ဆေးလုံးများ ပစ္စည်းများ ထည့်ရန်သာ လုံလောက်သည်။ အကယ်၍ သူ့ထံတွင် ကံကြမ္မာချပ်ပြားများ ထောင်သောင်းချီ၍ ရှိနေပါက သူ သယ်ဆောင်ထားနိုင်မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ ထိုပစ္စည်းများသည် ကောင်းကင်ကံကြမ္မာ လေ့ကျင့်ရာတွင် သို့မဟုတ် ကောင်းကင်ကံကြမ္မာ မှော်ရတနာ ပြုလုပ်ရာတွင်သာ အသုံးပြုပြီး သူ၏မိုတောက် ကံကြမ္မာသည် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ သူသည် ယခုလတ်တလောတွင် အဆင့်မတက်နိုင်သဖြင့် တန်ဖိုးရှိသော သိုလှောင်နေရာလွတ်ကို ဖြုန်းတီးရန် အကြောင်းမရှိချေ။

"ငါ အဲ့ဒီနေရာကို မရောက်ဖူးသေးဘူး.. ဘာပဲဖြစ်ဖြစ် ငါ သွားကြည့်လိုက်မယ်... မိုတောက်ဂိုဏ်းချုပ် အဲ့ဒီနေရာကို တိတ်တိတ်လေး ပြန်ရောက်နေလားဆိုတာ ငါ ကြည့်ရမယ်..."

မိုပိုင်ယဲ့ထံတွင် တခြားသွားစရာ နေရာမရှိသဖြင့် သူ ထိုနေရာသို့ သွားကြည့်လိုက်သည်က အကောင်းဆုံးပင်။

သူသည် အချိန်းအချက်တစ်ခုကိုသတ်မှတ်လိုက်ပြီးနောက် ထိုနေရာသို့ ရောက်သွားချိန်၌ မင်ကျန်းထောင်က ထွက်လာပြီး ကြိုဆိုနှုတ်ဆက်သည်။

"သခင်ကျန်း..."

"အင်း....ငါ့ကို မိုပိုင်ယဲ့ရဲ့အိမ်ကို ခေါ်သွားပေး..."

ကျန်းရွှမ်က လက်ဝှေ့ယမ်းပြပြီး ညွှန်ကြားလိုက်၏။

"ကောင်းပါပြီ"

မင်ကျန်းထောင်က ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်သား ရည်မှန်းချက်နှင့်နည်းဗျူဟာများကို ဆွေးနွေးရင်း လျှောက်လှမ်းလာကြ၏။ မကြာမီမှာပင် ကြီးမားသော အိမ်တော်တစ်လုံးက သူတို့၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

ကျန်းရွှမ်သည် အချိန်တခဏကြာခန့် စဥ်းစားနေပြီးနောက် သူ၏ရုပ်ဖျက်စွမ်းရည်ကို အသက်သွင်းလိုက်သည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် မိုပိုင်ယဲ့၏ပုံစံသို့ ပြောင်းလဲသွားပြီး ဖြူဖပ်ဖြူရော်နှင့်အားနည်းနေကာ သူ၏ရင်ဘတ်တွင် ကြောက်မက်ဖွယ် ဒဏ်ရာအတုတစ်ခုကို ဖန်တီးထားလေ၏။

"ငါ့ကို တွဲကူထားပေး..."

ကျန်းရွှမ်က မင်ကျန်းထောင်၏အနီးသို့ ချဥ်းကပ်သွားပြီး လက်ကမ်းလိုက်သည်။ မင်ကျန်းထောင်သည် ချက်ချင်းနားလည်သဘောပေါက်သွားပြီး အလျင်အမြန် တွဲကူလိုက်ကာ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ သူကိုယ်တိုင် ရုပ်ပြောင်းလဲသွားသည်ကို မမြင်တွေ့ခဲ့လျှင် သူ၏ဆရာ အမှန်တကယ် ရောက်လာသည်ဟု ထင်မှတ်မိပေလိမ့်မည်။

အကြောင်းအရင်းမှာ သူ၏ဆရာနှင့် ပုံပန်းသွင်ပြင် တူညီရုံသာမက စိတ်ဝိညာဉ်အရှိန်အဝါနှင့် ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသော ဓားစိတ်ဆန္ဒပင်လျှင် တထပ်တည်းကျနေပြီး အနည်းငယ်မျှ လွဲချော်မှု မရှိသောကြောင့်ပင်။

ချန်းယွမ်နှင့်တခြားသူများ လှည့်စားခံလိုက်ရသည်မှာ အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။ ဤကဲ့သို့ကိစ္စမျိုး ရှိနေသဖြင့် မည်သူမဆို အရူးလုပ်ခံရနိုင်သည်။

အရာအားလုံးကို ပြင်ဆင်ပြီးနောက် ရှေ့ဆက်မည့် လှုပ်ရှားမှုများကို စီစဉ်ကာ ကျန်းရွှမ်သည် မင်ကျန်းထောင်၏အကူအညီဖြင့် မိုအိမ်တော်ဘက်သို့ ဒယိမ်းဒယိုင် လျှောက်လှမ်းသွားလိုက်၏။

"ဘယ်သူတွေလဲ... အမ်...သခင်ကြီးနဲ့ သခင်လေးမင် ပါလား.... သခင်ကြီး ဘာဖြစ်လာတာလဲ"

သူတို့နှစ်ယောက်သား တံခါးဝသို့ရောက်သည်နှင့် အစောင့်များသည် ချက်ချင်းမှတ်မိသွားပြီး အလျင်အမြန် ပြေးထွက်လာကာ နှုတ်ဆက်လိုက်ကြသည်။

"တိတ်စမ်း"

မင်ကျန်းထောင်၏မျက်နှာ တင်းမာခက်ထန်သွားသည်။

"အိမ်တော်ထိန်းကို မြန်မြန်ခေါ်လာခဲ့စမ်း..."

"ဟုတ်ကဲ့"

အစောင့်များသည် မည်သည့်စကားမျှ ထပ်မပြောရဲဘဲ အိမ်တော်အတွင်းသို့ ပြေးဝင်သွားသည်။ မကြာမီမှာပင် အသက်ငါးဆယ်အရွယ်ခန့်ရှိသော အမျိုးသားတစ်ဦး အပြေးရောက်လာသည်။

ဤသည်မှာ မိုအိမ်တော်၏ အိမ်တော်ထိန်းမိုရီ ပင်။

"သခင်ကြီး ဘာဖြစ်တာလဲ"

ကျန်းရွှမ်သည် အားနည်းနေပြီး သွေးများပေကျံနေသည်ကို မြင်လိုက်ရသဖြင့် မိုရီက စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။

"ဆရာ ခြုံခိုတိုက်ခိုက်ခံလိုက်ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်...ဆရာ့ရဲ့ဘဏ္ဍာတိုက်က ဘယ်မှာလဲ... မြန်မြန် ခေါ်သွားပေးစမ်း...အဲ့ဒီနေရာမှာ ဆရာကို အမြန်ကုသပေးနိုင်ပြီးတော့ ဒဏ်ရာကိုတည်ငြိမ်အောင် လုပ်ပေးနိုင်တဲ့ ရတနာတွေ ရှိတယ်..."

မင်ကျန်းထောင်က ပြောဆိုသည်။

ဤသည်မှာ တဖက်လူကို အရင်ဆုံး ထိတ်လန့်တုန်လှုပ်သွားစေရန်နှင့် အချိန်သည်အရေးကြီးကြောင်း အကြောင်းပြကာ သူတို့ အများကြီး မတွေးမိစေရန် ကျန်းရွှမ် ချမှတ်ထားသော အစီအစဉ်ပင်။

တဖက်လူကို လမ်းပြခိုင်းရပေမည်။ ဘဏ္ဍာတိုက်ကို တွေ့ရှိပြီးသည်နှင့် သူတို့၏ဟန်ဆောင်မှု ပေါ်လွင်သွားလျှင်ပင် ကိစ္စမရှိတော့ချေ။

"ဘဏ္ဍာတိုက်...ဟုတ်လား"

မိုရီ အံ့အားသင့်သွားသည်။

"ကျွန်တော်က အိမ်တော်ထိန်းဆိုပေမယ့် အဲ့ဒီနေရာကို မသိပါဘူး..."

"ဒါဆိုရင်... ဆရာ တစ်ယောက်တည်း လေ့ကျင့်လေ့ရှိတဲ့ နေရာကို ခေါ်သွားပေးစမ်း...အဲ့ဒီနေရာကိုလည်း မသိဘူးလို့တော့ မင်း မပြောနဲ့"

မင်ကျန်းထောင်၏မျက်နှာအမူအယာ သုန်မှုန်သွားအေ၏။

"အဲ့ဒီနေရာကိုတော့ သိပါတယ်...သခင်ကြီးရဲ့အိပ်ဆောင်နောက်က လျှို့ဝှက်အခန်းတစ်ခန်းထဲမှာပါ...ကျွန်တော်တို့အားလုံးကို အဲ့ဒီနေရာကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားပါတယ်..."

မိုရီက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

မင်ကျန်းထောင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"လမ်းပြစမ်း... မြန်မြန်လုပ်...ဆရာ တစ်ခုခု ဖြစ်သွားရင် မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"

"ဟုတ်ကဲ့..."

မိုရီက "သခင်ကြီး" ကို သေချာ ကြည့်လိုက်သည်။ သခင်ကြီးသည် မျက်လုံးစုံမှိတ်ထားကာ စကားမပြောဆိုနိုင်သည်အထိ အားနည်းနေသည်ကို သူ တွေ့လိုက်ရသဖြင့် နှောင့်နှေးမနေဝံ့တော့ဘဲ ရှေ့မှ အလျင်အမြန် ပြေးထွက်သွားသည်။

All Chapters