အကူအညီ တောင်းခြင်း
Vol. 25 Ch. 307
ရှည်လျားသော စင်္ကြန်လမ်းနှစ်ခုကို ဖြတ်ကျော်ပြီးနောက် သီးသန့်ဆန်သော ခြံဝန်းတစ်ခုက သူတို့၏မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"ဒါက သခင်ကြီး သီးသန့်ကျင့်ကြံတဲ့နေရာပါ..."
မိုရီက ရပ်တန့်ပြီး တံခါးသော့ဖွင့်ကာ သူ၏လက်ကိုပူးဆုပ်၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။
မင်ကျန်းထောင်က ကျန်းရွှမ်ကိုတွဲကာ ခြံဝန်းထဲသို့ဝင်ရန် ဟန်ပြင်လိုက်စဉ်မှာပင် မိုရီက သူတို့၏ရှေ့မှ ပိတ်ရပ်လိုက်သည်။
"သခင်လေးမင်... ဒီနေရာက သခင်ကြီးကလွဲပြီးတော့ တခြားဘယ်သူမှ ဝင်ခွင့်မရှိပါဘူး..."
မင်ကျန်းထောင်က မျက်မှောင်ကြုတ်လိုက်ကာ တစ်စုံတစ်ခုကိုပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ တွဲထားသည့် 'ဆရာသခင်' ထံမှ ဖျော့တော့တော့အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်း ကိစ္စရှိရင် သွားလုပ်ပါ... ငါ ဘာမှမဖြစ်ဘူး..."
...
"ဟုတ်ကဲ့"
မင်ကျန်းထောင်က သူ၏လက်ကို လွှတ်လိုက်သည်။ 'ဆရာသခင်' ဖြစ်သူက မိုရီကို တစ်ချက်ကြည့်ကာ ဒယိမ်းဒယိုင်ဖြင့် ခြံဝန်းထဲသို့ ဝင်သွားပြီးနောက် တံခါးကို ပြန်ပိတ်လိုက်၏။
မိုရီက သက်ပြင်းချလိုက်ပြီး သူ၏လက်ကိုပူးဆုပ်ကာ ထပ်မံ၍ အရိုအသေပြုလိုက်သည်။
"သခင်လေးမင်... တကယ့်ကို တောင်းပန်ပါတယ်... ကျွန်တော်က အမိန့်အတိုင်း လုပ်ရတာမလို့ပါ..."
"ကိစ္စမရှိပါဘူး..."
သူ၏တာဝန်သည် အရှင်ကျန်းကို ဤနေရာအထိ ပို့ပေးရုံသာဖြစ်ပြီး သူ ဝင်ရသည် မဝင်ရသည်က အရေးမကြီးချေ။ ဤနေရာ၌ ဆက်နေရန် အကြောင်းမရှိတော့သဖြင့် မင်ကျန်းထောင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ နှုတ်ဆက်လိုက်သည်။
"ဆရာသခင်က ဒဏ်ရာတွေ သက်သာလာဖို့ အချိန်လိုလိမ့်မယ်... ဒါဆိုရင် ကျွန်တော်ကို သွားခွင့်ပြုပါအုံး..."
"သခင်လေးမင်... အလောတကြီး ပြန်စရာ မလိုပါဘူး...သခင်လေး ရောက်နေမှတော့ မေးစရာလေး ရှိလို့ပါ....စကားပြောရအောင် အရန်ခန်းမကို ကြွပါအုံး"
မိုရီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ဖိတ်ခေါ်လိုက်၏။
အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် မင်ကျန်းထောင်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
သူတို့နှစ်ယောက်သား အရန်ခန်းမသို့ လျှင်မြန်စွာ လျှောက်လှမ်းသွားလိုက်သည်။ မင်ကျန်းထောင်က မိုရီကိုလှမ်းကြည့်ပြီး မေးမြန်းလိုက်၏။
"အိမ်တော်ထိန်းက ငါနဲ့ ဘာကိစ္စများ ဆွေးနွေးချင်လို့လဲ"
မိုရီက တုံ့ပြန်အဖြေပေးသည်။
"ကျွန်တော် သိချင်တာက... သခင်ကြီးက ဘယ်နေရာမှာ ဒဏ်ရာရလာတာလဲ... ပြီးတော့ ဘယ်လိုလုပ်ပြီး ဒဏ်ရာရလာတာလဲဆိုတာပါ"
မင်ကျန်းထောင်က ပြောဆိုသည်
"ဆရာသခင်က ခြုံခိုတိုက်ခိုက်ခံလိုက်ရတာပါ... ဘယ်သူ လုပ်လဲဆိုတာတော့ ငါလည်း သေချာမသိဘူး..သူနဲ့ ရန်ငြိုးရှိတဲ့ ရန်သူတွေ ဖြစ်နိုင်တယ်...မင်းလည်း သိတဲ့အတိုင်းပဲ... ဒီနှစ်တွေအတွင်းမှာ ဆရာသခင်ရဲ့ မြင့်မားတဲ့ ရာထူးကြောင့် လူတွေအများကြီးနဲ့ အငြိုးအတေးတွေ ရှိခဲ့တယ်..."
"အော်.. ဒါကြောင့်ကိုး..."
မိုရီက ခေါင်းညိတ်ပြရင်း ရုတ်တရက် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"သခင်လေးမင်... မင်းက မျက်တောင်မခတ်ဘဲ ဒီလောက်ထိ လွယ်လွယ်ကူကူ လိမ်တတ်မယ်လို့ ငါ ထင်မထားမိဘူး"
သူ၏စကားမဆုံးမီမှာပင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော အစောင့်ဆယ်ယောက်ကျော်သည် အခန်းထဲမှ ပြေးထွက်လာပြီး သူ့ကို ဝိုင်းရံလိုက်ကြသည်။
ထိုအစောင့်တစ်ဦးစီတွင် ကြယ်မြစ်နယ်ပယ် ဒုတိယအဆင့်စွမ်းအား ရှိကြသည်။ သူတို့၏ စုပေါင်းအင်အားသည် မင်ကျန်းထောင်ကဲ့သို့ မြင့်မားသောကျင့်ကြံဆင့်ရှိသူ တစ်ဦးအတွက်ပင် ကျော်လွှားရန် ခက်ခဲပေလိမ့်မည်။
မင်ကျန်းထောင်၏မျက်နှာ မည်းမှောင်သွားပြီး သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"မင်း ဒါက ဘာသဘောလဲ..."
မိုရီက မတ်တတ်ထရပ်လိုက်သည်။
"ဘာသဘောလဲ ဟုတ်လား....ခင်ဗျား ခေါ်လာတဲ့ 'သခင်ကြီး' ဆိုတဲ့လူက ကျွန်တော် မမှားဘူးဆိုရင် အယောင်ဆောင်ထားသူပဲ မဟုတ်လား... သခင်ကြီးက ခင်ဗျားကို ငယ်ငယ်ကတည်းက သွေးသားရင်းလို သဘောထားပြီး ပျိုးထောင်ပေးခဲ့တယ်....ခင်ဗျားကတော့ သူ့ကို သစ္စာဖောက်ပြီးတော့ အပြင်လူတွေနဲ့ ပေါင်းပြီး သူ့ကို ဒုက္ခပေးဖို့ ကြံစည်ရဲတာလား"
"မင်း..."
မင်ကျန်းထောင်၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
"ငါ ဘယ်လိုသိလဲဆိုတာကို မင်း အံ့အားသင့်နေလား...ငါ မင်းကို အမှန်အတိုင်း ပြောပြလိုက်မယ်....သခင်ကြီးက လွန်ခဲ့တဲ့ နာရီဝက်လောက်က ပြန်ရောက်လာပြီးတော့ အကုန်ပြောပြပြီးပြီ.... ဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာကိုတောင် သူက ကြိုတွေးမိပြီးတော့ ငါ့ကို ကြိုတင်ပြင်ဆင်ထားဖို့ မှာထားခဲ့တယ်...မင်းက တကယ်ကို အတင့်ရဲပြီးတော့ ဒီနေရာကို လာလိမ့်မယ်လို့တော့ ငါ ထင်မထားမိဘူး"
မိုရီက အေးစက်စက် နှာမှုတ်လိုက်ပြီးနောက် ဆက်လက်၍ ပြောဆိုသည်။
"သခင်ကြီးပုံစံ အယောင်ဆောင်ပြီးတော့ သူ့ရဲ့ ကျင့်ကြံနည်းစနစ်တွေနဲ့ စည်းစိမ်ဥစ္စာတွေကို လာလုတယ်ပေါ့... မင်ကျန်းထောင်... မင်း သတ္တိရှိလှချည်လား... သူ့ကို ဖမ်းပြီး သတ်လိုက်ကြစမ်း"
"ဟုတ်ကဲ့..."
အမိန့်ရသည်နှင့် အစောင့်များသည် ပြိုင်တူတိုးဝင်လာကြပြီး တိုက်ပွဲဝင်ဝင်္ကပါများ ဖွဲ့စည်းကာ မင်ကျန်းထောင်ကို အားကောင်းသော အရှိန်အဝါတစ်ရပ်ဖြင့် လွှမ်းခြုံလိုက်သည်။
မင်ကျန်းထောင်၏မျက်လုံးများ ပို၍ကျဉ်းမြောင်းသွားသည်။
လက်ရှိအခြေအနေအရ သူ ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။ တစ်ခုတည်းသောမေးခွန်းမှာ ကျန်းရွှမ်၏အခြေအနေပင်။
ဤလူများသည် သူတို့နှစ်ယောက် လာမည်ကို ကြိုသိနေသည်ဆိုလျှင် ကျန်းရွှမ် သွားခဲ့သည့်နေရာ၌လည်း ခြုံခိုတိုက်ခိုက်မှု ရှိနေနိုင်သလော...
မိုအိမ်တော်သို့ ရောက်လျှင် အကြီးအကျယ် လုယက်နိုင်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ယခုချိန်၌မူ ကျားခံတွင်းထဲသို့ ခြေချမိရက်သား ဖြစ်နေလေပြီ။
…
ဤခြံဝန်းသည် အလွန်ကျယ်ဝန်းခြင်းမရှိဘဲ စတုရန်းမီတာ နှစ်ရာကျော်ခန့်သာ ရှိသည်။ ဤသည်မှာ ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်နေပြီး ထူးခြားမှု သို့မဟုတ် မှားယွင်းမှု တစ်စုံတစ်ရာ မရှိပေ။ မိုပိုင်ယဲ့အဖြစ် ရုပ်ဖျက်ထားသော ကျန်းရွှမ်သည် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီးနောက် ရှေ့တည့်တည့်ရှိ အခန်းအတွင်းသို့ ဝင်လိုက်သည်။
အကယ်၍ ကံကြမ္မာချပ်ပြားများကို တစ်နေရာရာတွင် ဝှက်ထားသည်ဆိုလျှင် ဤနေရာ၌သာ ရှိရပေမည်။
သူသည် တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် စားပွဲ ကုတင်များ မရှိဘဲ ပြန့်ပြူးသော ကြမ်းပြင်နှင့် မိုတောက်ဓားများ တင်ထားသည့် လက်နက်စင်များသာ ရှိသော ကျယ်ဝန်းသည့် လေ့ကျင့်ရေးခန်းမတစ်ခုထဲသို့ ဝင်ရောက်သွားသည်။
ကျန်းရွှမ်သည် ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်သွားပြီး ဉာဏ်ပညာမျက်လုံးကို အသုံးပြုကာ ကံကြမ္မာချပ်ပြားများကို ရှာဖွေရန် ရည်ရွယ်လိုက်သည်။ သို့ရာတွင် သူသည် ရုတ်တရက် ပြင်းထန်သော ရင်းမြစ်စွမ်းအင်လှိုင်းအမြောက်အများ ရှိနေသည်ကို အာရုံခံမိလေ၏။ ထို့နောက် ကြီးမားသော တိုက်ခိုက်ရေးဝင်္ကပါတစ်ခု စတင်၍ အသက်ဝင်လာသည်။
သူ ပတ်ဝန်းကျင်ကို အလျင်အမြန် ကြည့်လိုက်ရာ သူ ဝင်လာခဲ့သည့် တံခါးသည် မည်သည့်အရိပ်အယောင်မျှမရှိဘဲ ပိတ်သွားပြီး နံညေးပတ်လည်ရှိ ဝင်္ကပါများက ထွက်ပေါက်များအားလုံးကို ပိတ်ဆို့ထားလိုက်လေပြီ။
"ကျန်းရွှမ်... မင်းက တကယ်ကြီး လာရဲတယ်ပေါ့...မင်းက တော်တော်လေး သတ္တိကောင်းတာပဲ..."
ထိုအချိန်မှာပင် ရက်စက်ကြမ်းကြုတ်သော အသံတစ်သံ ပဲ့တင်ထပ်လာပြီး တခြားအခန်းတစ်ခန်းထဲမှ ဒဏ်ရာရနေသော လူတစ်ယောက် ထွက်လာခဲ့သည်။ ထိုလူသည် မိုပိုင်ယဲ့ အစစ်ပင်။
ယခုချိန်၌ မိုပိုင်ယဲ့၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများ သွေးတိတ်နေလေပြီ။ သို့ရာတွင် ဒဏ်ရာအပြင်းအထန်ရထားသော မိုတောက်ဂိုဏ်းချုပ်၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏အရှိန်အဝါများသည်လည်း ကစဉ့်ကလျား ဖြစ်နေပေ၏။ သို့ရာတွင် သူ၏မျက်လုံးများတွင် ရူးသွပ်မှုနှင့်စွဲလမ်းမှုများ တောက်လောင်နေဆဲပင်။
ကောင်းကင်ကံကြမ္မာကို ကိုယ်ပိုင်အစွမ်းအစဖြင့် ဆုပ်ကိုင်နိုင်ခဲ့သော အာဏာရှင်တစ်ဦးအတွက် ထောင်ချောက်မိခြင်း အမာခံစခန်း စီးနင်းခံရခြင်း တပည့်များသစ္စာဖောက်ခြင်းနှင့် သူကိုယ်တိုင် ဒဏ်ရာအပြင်းအထန်ရခြင်းတို့ ကြုံတွေ့ရသဖြင့်... သူ၏အမုန်းတရား မည်မျှထိ နက်ရှိုင်းမည်ကို ခန့်မှန်းကြည့်နိုင်သည်။
သူ၏ကျင့်ကြံခြင်းသက်တမ်းတစ်လျှောက် ဤမျှထိ ကြီးမားသောဆုံးရှုံးမှုကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ပေ။
သို့ရာတွင် သူ၏အမုန်းတရားများကို အပြည့်အဝ မထုတ်ဖော်နိုင်ခင်မှာပင် တစ်ဖက်လူ၏ အသံကို ကြားလိုက်ရသည်။ သူ နားမထောင်ခဲ့လျှင် ပို၍ကောင်းပေမည်။ သို့ရာတွင် ထိုအသံကို ကြားလိုက်သည်နှင့် သူသည် ဒေါသကြောင့် ပေါက်ကွဲတော့လုမတက်ပင်။
"ကျန်းရွှမ်... မင်းပါလား...မင်း စောစောစီးစီး ရောက်လာမယ်လို့ ငါ မထင်ထားဘူး...မင်း ပြေးတာ တော်တော်မြန်သားပဲ..."
“....”
မိုပိုင်ယဲ့ ကြောင်အသွားသည်။
"အခုချိန်ထိ မင်းက ငါ့ အယောင်ဆောင်နေတုန်းလား...ငါ ဒဏ်ရာရနေလို့ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား... ငါ အမှန်တိုင်း ပြောပြမယ်... ငါက လက်တစ်ဖက် ပြတ်သွားရင်တောင် ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံဆင့်စွမ်းအားကို ပိုင်ဆိုင်ထားတုန်းပဲ... မိုတောက်ကံကြမ္မာအပေါ် ငါ့ရဲ့ကျွမ်းကျင်မှုက တတိယအဆင့် အထွတ်အထိပ်မှာ ရှိနေတုန်းပဲ...ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်ပဲရှိတဲ့ မင်းလိုကောင်ကို သတ်ရတာက ဖုန်မှုန့်လေးကို မှုတ်ထုတ်လိုက်သလိုမျိုး လွယ်ကူတယ်"
"တကယ်ပဲ... ဒီအချိန်ထိ မင်းက ငါ့ အယောင် ဆောင်နေတုန်းလား... ကျန်းရွှမ်... မင်းမှာ အရှက်မရှိဘူးလား...အခုချက်ချင်း ဒူးထောက်ပြီး အပြစ်ဝန်ခံစမ်း... ဒါဆိုရင် မင်းရဲ့အသက်ကို ငါက ချမ်းသာပေးကောင်း ပေးနိုင်တယ်... မဟုတ်ရင် ဒီနေ့က မင်းရဲ့သေနေ့ပဲ"
သူ၏မျက်နှာချင်းဆိုင်ရှိ "မိုပိုင်ယဲ့" ကလည်း ထပ်တူထပ်မျှ ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်လိုက်သည်။
"မင်း..."
မိုပိုင်ယဲ့၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ယင်လာသည်။
အရှက်မရှိသူများကို သူ မြင်ဖူးသော်လည်း ဤမျှထိ အရှက်မရှိသောကောင်မျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးချေ။
'မိုတောက်ဂိုဏ်းကို လာပြီး ငါ့ အယောင်ဆောင်တယ်... မိုတောက်နည်းစနစ်တွေကို သင်ပေးတယ်.... မင်းကို မဖမ်းမိလိုက်လို့ လွှတ်ထားပေးခဲ့တာကို အခု ငါ့အိမ်မှာ ငါ့မျက်စိရှေ့တည့်တည့်မှာ လက်ပူးလက်ကြပ် မိနေတာတောင် မင်းကအစစ်ပါလို့ ဇွတ်ငြင်းနေရဲသေးတယ်...မင်း လူတိုင်းကို အရူးလို့ ထင်နေတာလား'
"မင်းက သေလမ်းရှာနေမှတော့... မင်းရဲ့ဆန္ဒကို ငါ အခုပဲ ဖြည့်ဆည်းပေးရတာပေါ့..."
မိုပိုင်ယဲ့က သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်လိုက်ရာ မိုတောက်ဓားတစ်ချောင်းက သူ၏လက်ထဲသို့ ရောက်လာသည်။ သူသည် လက်တစ်ဖက်တည်းဖြင့် ဓားကို မြှောက်လိုက်ကာ သူ၏အရှိန်အဝါသည် ကြီးကျယ်ခမ်းနားပေ၏။
လက်တစ်ဖက် ဆုံးရှုံးထားသော်လည်း သူ၏ ကြီးမားသော ခွန်အားသည် လျော့ကျသွားခြင်းမရှိဘဲ ကျန်းရွှမ်ထံသို့ အသက်ရှူမွန်းကြပ်စေလောက်သော ဖိအားအရှိန်အဝါတစ်ရပ် သက်ရောက်လာသည်။
ထိုဖိအားအရှိန်အဝါကို ရင်ဆိုင်ရသည့်တိုင် ကျန်းရွှမ်သည် ကြောက်ရွံ့သွားခြင်း မရှိသည့်အပြင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"လာကြစမ်း... ဒီအတုအယောင်ကောင်ကို ငါ့အတွက် ဖမ်းပေးကြစမ်း"
မိုပိုင်ယဲ့က အံ့တင်းတင်းကြိတ်လိုက်၏။
"မင်း အော်နေဖို့ မလိုဘူး...ဒီဝင်္ကပါက ပြိုင်ဘက်ကို ပိတ်လှောင်ထားနိုင်ရုံတင်မကဘူး အသံကိုလည်း ထိန်းချုပ်ထားတယ်...ငါ ပြောပြမယ်... မင်း လည်ချောင်းကွဲမတတ် အော်နေရင်တောင် အလကားပဲ..."
သူ၏ စကားမဆုံးခင်မှာပင် မျက်နှာချင်းဆိုင်မှ "သူ"က ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ခြေဆောင့်နင်းလိုက်သည်။
"ဘုန်း..."
ဝင်္ကပါကြီး တုန်ခါသွားပြီး ချက်ချင်းရပ်တန့်သွားသည်။ သူ ပင်ပင်ပန်းပန်း အသက်သွင်းခဲ့ရသော ကြီးမားသည့် ဝင်္ကပါကြီးသည် တစ်ဖက်လူ၏ ခြေတစ်ချက်ဆောင့်ရုံမျှဖြင့် လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။
"မင်း..."
သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသော်လည်း သူ မမေးခွန်းထုတ်နိုင်မီမှာပင် တစ်ဖက်လူက ရုတ်တရက် အသံကုန်အော်ဟစ်လိုက်သည်။
"ကယ်ကြပါ... ကယ်ကြပါအုံး..ငါ့ကို ကယ်ကြပါအုံး"
“....”
မိုပိုင်ယဲ့ ကြက်သေသေသွားကာ အံ့အားသင့်စွာဖြင့် မတ်တတိရပ်နေမိသည်။
'ငါ့ရဲ့အိမ်ထဲမှာ အော်ဟစ်ပြီး အကူအညီတောင်းနေတယ်... တစ်ခုခုတော့ လွဲနေပြီ'