← Chapters

အစစ်နှင့် အတု ခွဲခြားရခက်ခြင်း

Vol. 25 Ch. 308

အစစ်နှင့် အတု ခွဲခြားရခက်ခြင်း

Vol. 25 Ch. 308

မိုအိမ်တော်၏ အရန်ခန်းမအတွင်း၌...

သူ့ကို ဝိုင်းရံထားသော လူအုပ်ကြီးကို ကြည့်ရင်း မင်ကျန်းထောင်သည် ပျာယာခတ်မသွားပေ။ ထို့အစား သူသည် သူ၏လက်ကို ရှေ့သို့ဆန့်တန်းပြီး ဟန့်တားလိုက်၏။

"ခဏလေး....မင်း အခု ပြောလိုက်တာက... ဆရာသခင်က လွန်ခဲ့တဲ့ နာရီဝက်လောက်က ပြန်ရောက်လာတယ်... ဟုတ်လား..."

"အမှန်ပဲ...."

အိမ်တော်ထိန်းမိုက ခေါင်းညိတ်လိုက်သည်။

မင်ကျန်းထောင်၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဒါဆို မကောင်းတော့ဘူး... မင်း အလိမ်ခံလိုက်ရပြီ....အဲ့ဒီလူက ငါ့ရဲ့ဆရာသခင် မဟုတ်ဘူး... ကျန်းရွှမ် ရုပ်ဖျက်ထားတာပဲ"

"ရုပ်ဖျက်ထားတာလား..."

အိမ်တော်ထိန်း၏မျက်လုံးများတွင် ဝေခွဲရခက်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။

...

"ဟုတ်တယ်...."

မင်ကျန်းထောင်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်၏။

"အဲ့ဒီ ကျန်းရွှမ်က ဖုမိသားစုဝင်တွေဖြစ်တဲ့ ဖုချင်းဟုန် ဖုချင်းဟန်တို့နဲ့ ပူးပေါင်းပြီးတော့ ဆရာ့ကို မြို့ပြင်မှာ ခြုံခိုတိုက်ခိုက်ခဲ့ကြတယ်....ဆရာက သူ့ရဲ့ဓားသိုင်းကိုသုံးပြီးတော့ ကျန်းရွှမ်ရဲ့လက်တစ်ဖက်ကို ဖြတ်တောက်နိုင်ခဲ့တယ်... အဲ့ဒီအချိန်တုန်းက ဆရာလည်း ဒဏ်ရာအပြင်းအထန် ရသွားတာတော့ သူ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်... ငါ မမှားဘူးဆိုရင် အဲ့ဒီကျန်းရွှမ်ရဲ့ညာဘက်လက်က ပြတ်လေလိမ့်မယ်... ဟုတ်တယ်မလား"

"ဒါက... အမှန်ပဲ"

မိုရီ လန့်ဖျပ်သွားပြီး အမှုမဲ့အမှတ်မဲ့ဖြင့် ခေါင်းညိတ်လိုက်သည်။

မင်ကျန်းထောင်က သူ၏ပေါင်ကိုရိုက်ပုတ်ပြီး ပြောဆိုသည်။

"ဒီလိုပဲ ဖြစ်ရမှာပေါ့...သူ့ရဲ့လက်ကို ဆရာက မိုတောက်ဓားကိုသုံးပြီး ဖြတ်လိုက်တာလေ...မင်း သေချာပြန်စဉ်းစားကြည့်စမ်း... သူ့ရဲ့ဒဏ်ရာနေရာမှာ မိုတောက်ကံကြမ္မာရဲ့ ကြွင်းကျန်တဲ့ ဓားချီစွမ်းအင်တွေ ရှိမနေဘူးလား..."

မိုရီ တိတ်ဆိတ်ငြိမ်သက်သွားသည်။

မိုအိမ်တော်၏အိမ်တော်ထိန်း ဖြစ်သည့်အပြင် သခင်ကြီး၏နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူ ဖြစ်သဖြင့် သခင်ကြီး၏ဓားချီစွမ်းအင် မည်သို့ရှိသည်ကို သူ ကောင်းစွာ သိရှိထားသည်။ အစောပိုင်းက သူတွေ့လိုက်ရသည့် "သခင်ကြီး" တွင် မိုတောက်ဓားနည်းစနစ်ကြောင့် ရခဲ့သည့်ဒဏ်ရာ အမှန်တကယ် ရှိနေပုံရသည်။

"ငါနဲ့ ဆရာက သူ ဒဏ်ရာအကြီးအကျယ် ရထားတော့ လူလုံးမပြရဲဘဲ ပုန်းနေလောက်မယ်လို့ တွေးထားခဲ့ကြတာ... ဒါပေမဲ့ သူက သတ္တိကောင်းပြီးတော့ မိုအိမ်တော်ကို ပြေးလာပြီး ဆရာအဖြစ် ဟန်ဆောင်ရဲလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... အိမ်တော်ထိန်းမို... မင်းက သူ့နားနေလာတာ နှစ်တွေအများကြီး ကြာနေပြီကို အစစ်နဲ့အတုတောင် မခွဲခြားနိုင်ဘူး....တုံးလိုက်တာ...သူ့ကိုဖမ်းဖို့ ငါနဲ့အတူ အမြန်လိုက်ခဲ့...ဒါမှ မင်းရဲ့အပြစ်ကို ဆေးကြောနိုင်မယ်... မဟုတ်လို့ကတော့ ဆရာသာ စိတ်ဆိုးသွားရင် မင်း အသက်ရှင်နိုင်မယ် မထင်ဘူး"

မင်ကျန်းထောင်က အလျင်အမြန် ပြောဆိုလိုက်သည်။

ဤစကားကိုကြားချိန်တွင် အိမ်တော်ထိန်း၏ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်။ သို့ရာတွင် အစောပိုင်းက "သခင်ကြီး"ပြောခဲ့သည်များကို ပြန်တွေးမိပြီး သူ သံသယပြန်ဝင်လာသည်။

"မင်း ပြောတော့... မင်း ခေါ်လာတဲ့လူက အစစ်ဆို..မင်းမှာ သက်သေရှိလား"

"ငါက သက်သေ မဟုတ်လို့ ဘာလဲ... ဆရာ့ရဲ့ တပည့်တစ်ယောက်အနေနဲ့ ငါက ကိုယ့်ဆရာကိုတောင် မမှတ်မိဘူးလို့ မင်း ထင်နေတာလား"

မင်ကျန်းထောင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏မျက်နှာ ဖြူဖျော့လာသည်အထိ ပြောလိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ မိုတောက်ဓားတစ်ချောင်း သူ၏လက်ထဲသို့ ရောက်လာပြီး လေထုကို ပိုင်းဖြတ်လိုက်သည်။

ဝှစ်....

အားကောင်းသော ဓားချီစွမ်းအင်သည် ရှေ့သို့ တန်းတန်းမတ်မတ်တိုးဝင်သွားပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မြေပြင်ပေါ်၌ နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်သွားစေသည်။

"ဒီဓားနည်းစနစ်က ငါ အစစ်ဆိုတာကို သက်သေပြနိုင်ပြီလား"

မင်ကျန်းထောင်က မေးမြန်းလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့"

အိမ်တော်ထိန်းက အလျင်အမြန် ခေါင်းညိတ်လိုက်၏။

မိုအိမ်တော်၏အိမ်တော်ထိန်း ဖြစ်သောကြောင့် သူသည် မိုတောက်ဓားနည်းစနစ်ကို ကောင်းစွာမှတ်မိထားသည်။ သူ၏ရှေ့မှ သခင်လေးမင်သည် ထိုနည်းစနစ်တွင် ကျွမ်းကျင်ပြီး သူ၏စွမ်းအားသည် ကြောက်ခမန်းလိလိပင်။ ဤသည်ကြောင့် ဤလူသည် သခင်လေးမင် အစစ်အမှန်ဖြစ်ကြောင်း နှစ်ခါပြန်ကြည့်ရန် မလိုပေ။ ထို့ပြင် သူသာ အစစ်ဆိုလျှင် သူ ခေါ်လာသောလူသည်လည်း အစစ်ဖြစ်ရပေမည်။

ဒုက္ခပါပဲ...

အကယ်၍ သူသာ အတုအယောင်ကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပြီး အစစ်အမှန်ကို ဒုက္ခပေးမိခဲ့လျှင် သေမင်းသည် သူနှင့်လက်တစ်ကမ်း၌ ရှိနေပေမည်။

ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တွင် ဇောချွေးများ ပြန်လာပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ နောက်သို့ချာခနဲလှည့်ကာ အလျင်အမြန် အမိန့်ပေးလိုက်သည်။

"မြန်မြန်လုပ်ကြစမ်း... ခြံဝန်းငယ်လေးဆီကို သွားကြမယ်...."

သူ၏တည်ကြည်လေးနက်သော အမူအယာကို မြင်လိုက်ရသဖြင့် လက်အောက်ငယ်သားများသည်လည်း အခြေအနေကို နားလည်သဘောပေါက်ပြီး သူ၏နောက်သို့ အလျင်အမြန် လိုက်သွားကြသည်။ ထိုအချိန်ကျမှသာ မင်ကျန်းထောင်သည်လည်း သက်ပြင်းချနိုင်တော့သည်။

မိုပိုင်ယဲ့ မိုအိမ်တော်သို့ ပြန်လာမည် မလာမည်ကို မည်သူမျှ မသိနိုင်သော်လည်း လမ်းတွင် ကျန်းရွှမ်က ဖြစ်နိုင်ခြေအားလုံးကို တွက်ဆပြီး ဤအရန်စီမံချက်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဤအရာသည် အမှန်တကယ် အသုံးဝင်လာလိမ့်မည်ဟု မည်သူမျှ တွေးထင်မထားမိချေ။

လူအုပ်ကြီးသည် ခြံဝန်းငယ်လေးဆီသို့ အပြေးသွားနေကြကာ သူတို့ မရောက်ခင်မှာပင် "မိုပိုင်ယဲ့"၏ ကျယ်လောင်စွာအော်ဟစ်သံများကို ကြားလိုက်ရသည်။

"ကယ်ကြပါ.. ကယ်ကြပါအုံး..."

"ဒုက္ခပဲ... ဆရာသခင် အန္တရာယ် ကြုံနေပြီ မြန်မြန်သွားကယ်ကြ..."

မင်ကျန်းထောင်၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး ရှေ့မှပြေးထွက်သွားရာ အိမ်တော်ထိန်းသည်လည်း ခြေလှမ်းကို အရှိန်မြှင့်ပြီး လိုက်ပါသွားသည်။

အသက်ဆယ်ရှိုက်စာခန့် ကြာမြင့်ပြီးနောက် သူတို့သည် ခြံဝန်းငယ်လေး၏အပြင်ဘက်တွင် ရပ်တန့်လိုက်ကြသည်။

သူတို့၏ရှေ့မှ ခြံဝန်းကို မျက်နှာမူရင်း အိမ်တော်ထိန်းသည် တွေဝေတုံ့ဆိုင်းနေပုံရပေ၏။

တစ်ဖက်လူသည် အမိန့်ကြောင့် ကန့်သတ်ခံထားရပြီး သူ၏ဆန္ဒအလျောက် မဝင်ရဲသည်ကို သိသဖြင့် မင်ကျန်းထောင်က လက်ဝှေ့ယမ်းလိုက်သည်။

"အရမ်း စဉ်းစားမနေနဲ့...အဲ့ဒီ ကျန်းရွှမ်က ရက်စက်ယုတ်တာတယ်... သူက ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးလောက်ပြီ...လူကို မြန်မြန်သွားကယ်... မဟုတ်ရင် ဆရာမှာ တကယ်ကြီး အန္တရာယ်ရှိသွားလိမ့်မယ်..."

ထိုသို့ပြောပြီးသည်နှင့် သူသည် တခြားသူများ သဘောတူသည် မတူသည်ကို ဂရုမစိုက်တော့ဘဲ တံခါးကိုကန်ဖွင့်ကာ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။

"မြန်မြန် လိုက်ခဲ့ကြစမ်း"

သူ ဝင်သွားသည်ကို မြင်လျှင် မိုရီလည်း စကားဆက်မပြောတော့ဘဲ သူ၏လူများကို ဦးဆောင်ကာ ဝင်ရောက်သွားကြသည်။ ထို့နောက် သူတို့သည် လေ့ကျင့်ရေးခန်းမထဲတွင် မျက်နှာချင်းဆိုင်၍ ထိပ်တိုက်ရင်ဆိုင်နေကြသော "သခင်ကြီး" နှစ်ယောက်ကို မြင်တွေ့မိလေ၏။

"မိုရီ... မင်း ရောက်လာတာ အချိန်ကိုက်ပဲ...ငါ့ အယောင်ဆောင်နေတဲ့ ဒီအတုအယောင်ကောင်ကို အခုချက်ချင်း ဖမ်းဆီးစမ်း"

လက်တစ်ဖက် ပြတ်နေသော မိုပိုင်ယဲ့သည် သူ၏လူများ ရောက်လာသည်ကို မြင်လိုက်ရချိန်၌ ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။

"မိုရီ... ဒီကောင်က ငါ့ အယောင်ဆောင်ပြီး ကြီးလေးတဲ့ ရာဇဝတ်မှုကို ကျူးလွန်နေတာ...သေချာစစ်ဆေးမေးမြန်းဖို့အတွက် သူ့ကို အမြန်ဖမ်းစမ်း"

တစ်ဖက်ရှိ "သခင်ကြီး" ကလည်း အော်ဟစ်လိုက်၏။

"..."

မိုရီ၏မျက်နှာသည် ရုတ်တရက် ဝမ်းချုပ်နေသူတစ်ယောက်ကဲ့သို့ ရှုံမဲ့သွားသည်။

သူတို့၏စကားများကို သူ နားထောင်ကြည့်ချိန်တွင် နှစ်ယောက်လုံးသည် အသံတူနေပြီး အရေးအကြီးဆုံးမှာ သူတို့နှစ်ယောက်လုံး မိုတောက်ဓားကို ကိုင်ဆောင်ထားကာ ထူးခြားသောဓားစိတ်ဆန္ဒများ ရှိနေကြသဖြင့် သူ ခွဲခြားရခက်နေသည်။

"ဘာဖြစ်နေတာလဲ....မင်း ငါ့ရဲ့နောက်ကို လိုက်နေတာ နှစ်ပေါင်းသုံးဆယ် ပြည့်တော့မယ်... ဒီနေ့ကျမှ မင်း ငါ့ကို မမှတ်မိတော့ဘူးလား"

လက်တစ်ဖက်ပြတ်နေသော မိုပိုင်ယဲ့က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"အဲ့ဒီနှစ်တုန်းက မင်း လမ်းဘေးမှာ ပေါက်စီခိုးစားတာကြောင့် ရိုက်သတ်ခံရတော့မယ့်အချိန်မှာ ငါ ဖြတ်သွားရင်းနဲ့ မင်းကိုကယ်ခဲ့ပြီးတော့ အိမ်တော်ထိန်းရာထူး ပေးခဲ့တာလေ....အဲ့ဒီကိစ္စကို မင်း မေ့သွားပြီလား"

"ကျွန်တော် မမေ့ရဲပါဘူး..."

မိုရီက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ မျက်နှာချင်းဆိုင်မှ "မိုပိုင်ယဲ့" ကို လှမ်းကြည့်လိုက်သည်။

"မင်းတို့အားလုံး... ဒီအတုအယောင်ကောင်ကို ဖမ်းလိုက်ကြစမ်း"

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်အကြာက သူ ပေါက်စီခိုးစားခဲ့သည့် ကိစ္စကို သခင်ကြီးတစ်ယောက်တည်းသာသိပြီး တခြားမည်သူမျှ မသိချေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုကိစ္စကို အတိအကျပြောပြနိုင်လျှင် ထိုလူသည် သခင်ကြီးအစစ်ဖြစ်ပေမည်။

"နေကြအုံး"

တစ်ဖက်ရှိ"သခင်ကြီး" သည် ဒေါသကြောင့် သူ၏မျက်နှာ စိမ်းပုပ်သွားပြီး အာခေါင်ခြစ်၍ အော်ဟစ်လိုက်၏။

"မိုရီ... မင်း ဘယ်လိုတောင် အတင့်ရဲတာလဲ... လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အကြာတုန်းက မင်း ဝူမိသားစုက ဒုတိယသမီးပျိုလေးကို သဘောကျပြီး မုဒိမ်းကျင့်ဖို့ ခိုးပြီး ဆေးခတ်ခဲ့တယ်လေ... ဒါပေမဲ့ ဆေးအရှိန် မလောက်လို့ အရေးကြီးတဲ့အချိန်မှာ သူ နိုးလာပြီးတော့ မင်းဘယ်သူလဲဆိုတာ သိသွားခဲ့တယ်... သူ အော်ရင် ပြဿနာတွေဖြစ်လာမှာကို ကြောက်ပြီးတော့ မင်းက သူ့ကို လည်ပင်းညှစ်သတ်ခဲ့တာလေ... ငါသာ မင်းလုပ်ခဲ့တဲ့ အရှုပ်တွေကို ရှင်းမပေးခဲ့ရင် မင်း သွားပြီ... အဲ့ဒီကိစ္စကို မင်း မေ့သွားပြီလား"

"ကျွန်တော်..."

မိုရီ၏ ခန္ဓာကိုယ် တုန်ခါသွားသည်။

ဤလျှို့ဝှက်ချက်ကိုလည်း သခင်ကြီး၏အကူအညီဖြင့် ဖြေရှင်းခဲ့ရခြင်းပင်။

'ဒါဆို အကျိုးသင့်အကြောင်းသင့် တွေးကြည့်ရင်... ဒီလူက အစစ်များလား...လက်မောင်းပြတ်နေတဲ့လူက အတုလား...'

သူ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် မင်ကျန်းထောင်က သူ၏လက်ထဲမှ မိုတောက်ဓားကို ရုတ်တရက် မြှောက်လိုက်ပြီး လက်တစ်ဖက်ပြတ်နေသော "သခင်ကြီး" ကို ချိန်ရွယ်လိုက်သည်အား မြင်တွေ့လိုက်ရသည်။

"ကျန်းရွှမ်... အခုထိ မင်းက သူများရဲ့အထောက်အထားကို ယူသုံးပြီးတော့ ရှုပ်ထွေးအောင် လုပ်နေတုန်းပဲ... ငါတို့က ဘယ်သူက သခင်ကြီးအစစ်ဆိုတာ မသိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား...မင်းတို့အားလုံးပဲ အတူတူ တိုက်ခိုက်ပြီးတော့ သူ့ကို သတ်ပစ်ကြစမ်း... သူ ထွက်ပြေးသွားရင် မင်းတို့ထဲက ဘယ်သူမှ အသက်ရှင်ရမှာ မဟုတ်ဘူး..."

ထိုသို့ပြောပြီးသည်နှင့် သူသည် တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

သူ၏ဓားနည်းစနစ်သည် ပြိုင်ဘက်ကင်းပြီး လှုပ်ရှားလိုက်သည်နှင့် လေထုထဲတွင် မျဉ်းဖြောင့်တစ်ကြောင်း ရေးဆွဲလိုက်သည့်အလားပင်။ ထိုဓားချက်သည် မိုပိုင်ယဲ့၏လက်ပြတ်နေသော နေရာတည့်တည့်သို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

"မင်း..."

မိုပိုင်ယဲ့သည် သူ၏လက်အောက်ငယ်သားများက အခြေအနေကို ပြောင်းလဲပေးပြီး ဤအတုအယောင်နှစ်ကောင်ကို သတ်ဖြတ်လိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့ရာတွင် သူ၏ကိုယ်ပိုင်အထောက်အထားကိုပင် သက်သေမပြနိုင်တော့မည့် အခြေအနေသို့ ရောက်လာလိမ့်မည်ဟု သူ အိပ်မက်ပင် ထည့်မမက်ဖူးချေ။ သူ ဒေါသူပုန်ထနေသဖြင့် ငြင်းခုန်မနေတော့ဘဲ မိုတောက်ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းပြီး ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ဘုန်း....

သူတို့၏ဓားများ ထိပ်တိုက်တွေ့ဆုံသွားပြီး မင်ကျန်းထောင်၏လက် ထုံကျဉ်သွားကာ သူ၏လက်ထဲမှ မိုတောက်ဓား ချက်ချင်းဆိုသလိုပင် လွင့်ထွက်သွားပေ၏။

"မိုရီ... မင်းက ငါ့ရဲ့ သီးသန့်နည်းစနစ်ကိုတောင် မမှတ်မိဘူးလား..."

မိုပိုင်ယဲ့က မိုရီကို ဆူပူကြိမ်းမောင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် မျက်နှာချင်းဆိုင်မှ "သူ"က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသည်။

"ကျန်းရွှမ်... မင်းက မိုတောက်နည်းစနစ်ကို တုပဖို့ လှံနည်းစနစ်ကို သုံးပြီး လူတိုင်းကို စိတ်ရှုပ်ထွေးအောင် လုပ်နေတာပဲ...အရှက်မရှိလိုက်တာ...."

“.....”

မိုပိုင်ယဲ့၏ခန္ဓာကိုယ် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားသည်။

'ဒါက တကယ်ပဲ... လှံသိုင်းပညာ ဟုတ်လို့လား'

All Chapters