အားနည်းချက်ကို ထောက်ပြခြင်း
Vol. 25 Ch. 309
သို့ရာတွင် မိုပိုင်ယဲ၏စကား မဆုံးမီမှာပင် မိုရီက ရှင်းပြချိန် မပေးတော့ပေ။ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သဘောပေါက်သွားသည့်အလား သူ၏လက်ကို ဝှေ့ယမ်းကာ မိုပိုင်ယဲ့၏စကားကို ပယ်ချလိုက်သည်။
ဝှစ်...
သူ အဖိုးအခကြီးစွာပေး၍ ငှားရမ်းထားသည့် ထိပ်သီးကျင့်ကြံသူ ဆယ်ဦးကျော်သည်လည်း မည်သည့်အရာကိုမျှ ထောက်ထားခြင်းမရှိတော့ဘဲ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
ထိုလူများသည် ကြယ်မြစ်နယ်ပယ် ဒုတိယအဆင့်ဝန်းကျင်တွင်သာ ရှိကြသော်လည်း သူတို့အားလုံး ဝိုင်းဝန်းတိုက်ခိုက်လိုက်သည့်အချိန်၌ သူတို့၏အရှိန်အဝါများ ပေါင်းစပ်သွားပြီး စွမ်းအားများ နှစ်ဆတိုးလာခဲ့သည်။ ကြယ်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်၌ရှိသည့် မိုပိုင်ယဲ့ပင်လျှင် ထိုတိုက်ခိုက်မှုကို မခုခံနိုင်တော့ဘဲ ခြေလှမ်းတစ်လှမ်းချင်း နောက်သို့ဆုတ်နေရသည်။
"တောက်..."
မိုပိုင်ယဲ့၏မျက်နှာ ဒေါသကြောင့် စိမ်းပုပ်သွားသည်။
...
အစပထမတွင် သူ အိမ်တော်သို့ ထွက်ပြေးလာလျှင် သူ၏ပြိုင်ဘက်က မည်သို့မျှ လိုက်လာရဲမည် မဟုတ်ဘဲ လိုက်လာလျှင်လည်း ကျားသိုက်ထဲဝင်လာသည့် သိုးတစ်ကောင်ကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့ရာတွင် ယခုချိန်၌ သူကိုယ်တိုင်သည် သိုးတစ်ကောင် ဖြစ်သွားပြီး သူ အရင်းအမြစ်များစွာသုံး၍ မွေးမြူထားသော လူမိုက်များသည် သူ့ကို သတ်ချင်သည့် လူသတ်သမားများ ဖြစ်လာလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
သူ မည်သည့်အပြစ်များကို ကျူးလွန်ခဲ့မိသနည်း...
ဤအချိန်၌ သူ အစစ်အမှန်ဖြစ်ကြောင်း မိုရီ ယုံကြည်အောင် ပြောဆိုခြင်းသည် အားကုန်သုံး၍ တိုက်ခိုက်ခြင်းထက် ပို၍အရေးကြီးမှန်း သိရှိသဖြင့် မိုပိုင်ယဲ့က ဒေါသကို မြိုသိပ်ကာ ထပ်မံ၍ ပြောဆိုလိုက်သည်။
"မိုရီ... လွန်ခဲ့တဲ့ နှစ်ဆယ့်ခုနစ်နှစ်အကြာတုန်းက အိမ်တော်ကိစ္စတွေကို ငါ မင်းကို တာဝန်ပေးခဲ့တယ်...မင်းက မိန်းမတစ်ယောက်ရဲ့ ဖျားယောင်းသွေးဆောင်မှုကြောင့် လာဘ်ယူခဲ့လို့ ငါ့ရဲ့လေ့ကျင့်ရေးပစ္စည်းတွေထဲက တချို့မှာ အမျိုးအစားညံတာတွေ ပါလာခဲ့တယ်... ကံကောင်းလို့ ငါ ပါးနပ်လို့သာ မတော်တဆမှု မဖြစ်ခဲ့တာ...ဒါပေမဲ့ ငါ တော်တော် ဒေါသထွက်သွားပြီးတော့ မင်းကို မောင်းထုတ်ချင်ခဲ့တယ်... မင်းက ငါ့ရဲ့တံခါးဝမှာ သုံးရက်ကြာအောင် ဒူးထောက်တောင်းပန်ပြီးမှ ငါ စိတ်ပြေခဲ့တာလေ.... အဲ့ဒီကိစ္စကို မင်း မေ့သွားပြီလား"
"ကျွန်... ကျွန်တော် မမေ့ပါဘူး..."
မိုရီ၏မျက်နှာ ဖြူဖျော့သွားသည်။
သေရွာသို့ရောက်ရှိရန် အနီးဆုံးအကြိမ်ဖြစ်ခဲ့သဖြင့် ဤကိစ္စကို သူ အလွန်ရှင်းလင်းစွာ မှတ်မိနေသည်။ ကံကောင်းထောက်မစွာဖြင့် သူ အလျင်အမြန် တုံ့ပြန်နိုင်ခဲ့သည်။ ထိုသို့မဟုတ်ပါက မိုအိမ်တော်တွင် သူ့အတွက် နေရာရှိတော့မည် မဟုတ်ပေ။
"မိုရီ"
တိုက်ခိုက်ခံနေရသူသည် အမှန်တကယ်ကို မိုပိုင်ယဲ့ ဟုတ်မဟုတ် စဉ်းစားနေစဉ်မှာပင် တစ်ဖက်ရှိ "သခင်ကြီး" ကလည်း အလားတူစကားမျိုး ပြောဆိုလာသည်ကို ကြားလိုက်ရသည်။
"လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်အကြာတုန်းက မင်းက အစေခံမလေးတစ်ယောက်ကို သဘောကျပြီးတော့ သူ့ရဲ့အဖေကို ဈေးကောင်းပေးဝယ်မယ်လို့ ကမ်းလှမ်းခဲ့တယ်...သူက လက်မခံတော့ မင်းက အခွင့်ကောင်းရှာပြီး သူ့ကို အဝေးပို့လိုက်တယ်...ပြီးတော့ ဓားပြတွေနဲ့ ပေါင်းပြီး သူ့ကို သတ်ပစ်လိုက်တယ်...ကောင်မလေးက အသနားခံတော့ မင်းက အခွင့်အရေးယူပြီး ဓားပြတွေကို ရှင်းပစ်လိုက်တယ်...ဒါက ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲ... မင်းက ဒါကို တော်တော်လေး လျှို့ဝှက်ထားခဲ့ပေမယ့် ငါ မသိဘူးလို့တော့ မင်း မထင်နဲ့..."
"အမ်... ကျွန်... ကျွန်တော်..."
မိုရီ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
ဤကိစ္စကို သူသည် သခင်ကြီးအား တစ်ကြိမ်တစ်ခါမျှ မပြောပြခဲ့ဖူးသည့်အပြင် သူတစ်ယောက်တည်းသာ သိသည်ဟု အစဥ်အမြဲ တွေးထင်ထားခဲ့သည်။ သူသည် တစ်ဖက်လူမသိအောင် ဤကိစ္စကို ဖုံးကွယ်ထားနိုင်ခဲ့ခြင်းမရှိဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။
ဤကဲ့သို့ သူ တွေးကြည့်လိုက်ချိန်၌ ဤတစ်ယောက်သာ သခင်ကြီးအစစ် ဖြစ်ပေမည်။
သူ၏စိတ် တစ်ဖက်သို့ ယိမ်းယိုင်သွားသည့် အချိန်မှာပင် လက်တစ်ဖက်ပြတ်နေသည့် "သခင်ကြီး" က ထပ်မံ၍ အော်ဟစ်ပြောဆိုသည်။
"လွန်ခဲ့တဲ့ နှစ်ဆယ့်လေးနှစ်အကြားတုန်းက ဇီချင်းတောင်ကို ငါ အခွင့်အလမ်းရှာဖို့ သွားတုန်းမှာ ငါက အိမ်တော်ကို မင်းနဲ့ လွှဲခဲ့တယ်... လောင်းကစားကြွေးတွေ ဆပ်ဖို့အတွက် မင်းက ငါ့ရဲ့ စိမ်းပြာရောင်ခြင်္သေ့ရုပ်ထုကို ရောင်းပစ်လိုက်ပြီးတော့ အတုတစ်ရုပ်ကိုဝယ်ပြီး အစားထိုးထားခဲ့တယ်....သုံးနှစ်ကြာမှ အဲ့ဒီအရုပ် မတော်တဆ ကျိုးပဲ့သွားပြီးတော့ တစ်ခုခုမှားနေတာကို ငါ သတိထားမိခဲ့တယ်...အဲ့ဒီကိစ္စကို မင်းက လက်အောက်ငယ်သား အသစ်တစ်ယောက်အပေါ် လွှဲချပြီးတော့ ငါ့ရှေ့တင် ရိုက်သတ်ခဲ့တယ်လေ... ဒီကိစ္စက တော်တော် လျှို့ဝှက်တယ်... အစပိုင်းမှာ ငါ အလိမ်ခံလိုက်ရတာ မှန်ပေမယ့် မင်းရဲ့တစ်ခုတည်းသော အားနည်းချက်က မင်း ပစ္စည်းအတုဝယ်တုန်းက အကြွေးနဲ့ ဝယ်ခဲ့တာ....ပြီးတော့ ရောင်းတဲ့လူက လိုက်ခဲ့တာ..."
ထို"သခင်ကြီး"၏စကား မဆုံးသေးမီမှာပင် မျက်နှာချင်းဆိုင်မှလူက အော်ဟစ်ပြောလိုက်၏။
"ကျန်းရွှမ်... ဒီအကြောင်းတွေ အကုန်လုံးကို မိုဟုန် သိတယ်...သူက မင်းနဲ့ တိတ်တိတ်လေးအသေးစိတ် ဆွေးနွေးထားပြီးသား မဟုတ်လား...ဒါတွေကို အလွတ်ကျက်ပြီးတော့ မိုရီကို လှည့်စားနိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား...သူတောင် မေ့နေတဲ့ ကိစ္စတစ်ခုကို ငါ အခု ပြောပြမယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အကြာတုန်းက ငါ သူ့ကို လင်းပုယန်နဲ့အတူ စာသွားပို့ခိုင်းတုန်းက သူတို့က အင်အားကြီးတဲ့ အင်အားစုတစ်ခုနဲ့ ပြဿနာတက်ခဲ့တယ်... မင်းက ကိုယ်လွတ်ရုန်းနိုင်ဖို့အတွက် အပြစ်တွေအားလုံးကို လင်းပုယန်အပေါ် ပုံချလိုက်လို့ သူ သင်းကွပ်ခံလိုက်ရတယ်...သူ ပြန်ရောက်လာတော့ သေလုမျောပါးဖြစ်နေပြီလေ..."
"သခင်ကြီး... သခင်ကြီးက အစစ်အမှန်မှန်း ကျွန်တော် သိပါပြီ....ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့..."
မိုရီက ကမန်းကတန်း ကြားဖြတ်ပြောဆိုလိုက်သည်။
'ခင်ဗျားတို့က ဘယ်သူ အစစ်အမှနိလဲဆိုတာ ဆုံးဖြတ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး... ကျုပ်ကို သေလမ်းပို့နေတာပဲ...'
တိုက်ခိုက်နေကြသည့် သူ၏လက်အောက်ငယ်သားများကို သူ မော့ကြည့်လိုက်ရာ သူတို့တစ်ဦးချင်းစီသည် ထူးဆန်းသော မျက်နှာအမူအယာများဖြင့် သူ့ကို ကြည့်နေကြသည်အား မြင်တွေ့လိုက်ရသည်။
ဤကဲ့သို့ လူယုတ်မာတစ်ယောက်ကို မသတ်ဖြတ်ဘဲ လက်အောက်ငယ်သားအဖြစ် ထားခဲ့သည်မှာ.. ဤမိုပိုင်ယဲ့သည် အမှန်တကယ်ကို အလွန်သဘောထားကြီးပေ၏။
"သခင်ကြီးလို ဟန်ဆောင်နေတဲ့ ဒီအတုအယောင်ကောင်ကို သတ်ပစ်ကြစမ်း...."
လူများအားလုံး၏အမူအယာများကို မြင်လိုက်ရသဖြင့် မိုရီ၏မျက်နှာ နီမြန်းသွားပြီး လက်ပြတ်နေသော မိုပိုင်ယဲ့ဘက်သို့ လက်ညှိုးညွှန်ပြပြီး အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
လူအုပ်ကြီးသည် မငြင်းဆန်ရဲကြဘဲ ထပ်မံ၍ တိုက်ခိုက်လိုက်ကြသည်။
ဝှစ်...ဝှစ်...ဝှစ်...
ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော ဓားချီစွမ်းအင်များ ဝိုင်းရံလာသည်။ ဤအချိန်တွင် မင်ကျန်းထောင်သည် တိုက်ပွဲထဲသို့ ဝင်ရောက်လာပြီး ဒဏ်ရာအပြင်းအထန် ရထားသော "သခင်ကြီး" ကလည်း ရံဖန်ရံခါ ဓားဖြင့် ပြန်လည် ခုတ်ပိုင်းသည်။ သူ၏တိုက်ခိုက်မှုသည် နည်းပါးသော်လည်း ဓားချက်တစ်ချက်ချင်းစီသည် အလွန်ပြင်းထန်ပြီး တိုက်ခိုက်မှုတိုင်းက ပြိုင်ဘက်၏ဟာကွက်များကို ရှာဖွေတွေ့ရှိကာ ပို၍ဒဏ်ရာရစေသည်။
"ဒါက သခင်ကြီးအစစ်ပဲ ဖြစ်ရမယ်...မဟုတ်ရင် ဒီလို ထိုးထွင်းသိမြင်နိုင်စွမ်းမျိုး ရှိမှာမဟုတ်ဘူး..."
မိုရီ၏စိတ်ထဲတွင် ပို၍သေချာသွားသည်။
"တောက်...ကျန်းရွှမ်... မင်းရဲ့ တပည့်ကို ငါတစ်ယောက်တည်းပဲ ရှာတွေ့နိုင်တဲ့ နေရာမှာ ဝှက်ထားတယ်...ငါသေရင် သူလည်း သေချာပေါက် သေရလိမ့်မယ်..."
ကြိမ်ဖန်များစွာတိုက်ခိုက်ခံရပြီးနောက် ဤအတိုင်း ဆက်သွားလျှင် သေချာပေါက် သေဆုံးရမည်ကို သိသဖြင့် လက်ပြတ်နေသော မိုပိုင်ယဲ့က အသည်းအသန် အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် နောက်ထပ် ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာတစ်အုပ်ကို ခြေမွှဖျက်ဆီးလိုက်၏။
ဝှစ်...
ဓားချီစွမ်းအင်တစ်လှိုင်း ထွက်ပေါ်လာပြီး လူများအားလုံး၏ တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလိုက်သည်။ ထို့နောက် မိုပိုင်ယဲ့က ရုတ်တရက် ကြမ်းပြင်ပေါ်သို့ ခြေဆောင့်နင်းကာ အဝေးသို့ လျှင်မြန်စွာ ထွက်ပြေးသွားသည်။
"သူ့ကို လွတ်မသွားစေနဲ့..."
ကျန်းရွှမ်က အော်ဟစ်လိုက်ပြီး လိုက်လံဖမ်းဆီးရန် ပြင်လိုက်သော်လည်း ရုတ်တရက် တုံ့ဆိုင်းသွားသည်။
လက်ရှိတွင် သူ၏ အခြေအနေသည်"ဒဏ်ရာပြင်းထန်စွာ" ရထားသည်ဖြစ်ရာ သူ အလျင်အမြန် လိုက်လံဖမ်းဆီးလျှင် အတုံးအဆုံးလူပင်လျှင် လှည့်စားမှုကို ရိပ်မိသွားနိုင်သည်။ အကယ်၍ ထိုသို့ဖြစ်လာပါက မိုပိုင်ယဲ့အစစ်နှင့်လက်အောက်ငယ်သားများ ပူးပေါင်းပြီး သူ့ကို ပြန်လည်၍ တိုက်ခိုက်ကြပေလိမ့်မည်။ ထိုအချိန်ကျပါက သူသည် လျှူမင်ယွဲ့ကို မကယ်နိုင်ရုံသာမက သူ မည်သို့ သေဆုံးသွားသည်ကိုပင် သိလိုက်ရမည် မဟုတ်ချေ။
"ဟုတ်ကဲ့..."
မိုရီက ခေါင်းညိတ်လိုက်ပြီး အမိန့်ပေးလိုက်ရာ လက်အောက်ငယ်သားများက လျင်မြန်စွာ လိုက်လံဖမ်းဆီးကြသည်။ မကြာမီမှာပင် သူတို့အားလုံး မြင်ကွင်းမှ ပျောက်ကွယ်သွားကြတော့သည်။
"သခင်ကြီး... အဆင်ပြေရဲ့လား"
လူအများ ထွက်သွားပြီးနောက် မိုရီက သတိကြီးစွာထားပြီး သခင်ကြီးကို ကြည့်လိုက်သည်။
"သခင်ကြီး" အစစ်နှင့်အတုတို့သည် သူ၏အကြောင်း အရာအားလုံးနီးပါးကို ဖော်ထုတ်ခဲ့ကြသည်။ သူ၏ရှေ့မှလူသည် မကျေနပ်ချက်များကို သတိရပြီး သူ့ကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းသတ်လိုက်မည်ကို သူ အမှန်တကယ် ကြောက်ရွံနေမိသည်။
"မင်း အရင်သွားတော့... အဲ့ဒီကိစ္စတွေက ပြီးသွားပြီဆိုတော့ ငါ မင်းကို ဆက်ပြီး အပြစ်ယူမှာ မဟုတ်တော့ဘူး"
သူ၏အတွေးကို ရိပ်မိသဖြင့် ကျန်းရွှမ်က လက်ဝှေ့ယမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်ကြီး..."
ထိုအချန်မှသာ မိုရီသည် သက်ပြင်းချနိုင်ပြီး အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားလေ၏။
သူ ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျန်းရွှမ်က သူ့ရှေ့မှအခန်းကို စေ့စေ့စပ်စပ် စစ်ဆေးလိုက်သည်။
သူ အခန်းထဲသို့ စတင်ဝင်ရောက်လာစဉ်က မိုပိုင်ယဲ့နှင့် ထိပ်တိုက်တွေ့ခဲ့သဖြင့် သေသေချာချာ ကြည့်ရှုခွင့် မရခဲ့ချေ။ ယခုအချိန်သည် လုံလောက်သော ကျင့်ကြံရေး အရင်းအမြစ်များနှင့် ကံကြမ္မာချပ်ပြားကို ရှာဖွေရန် အကောင်းဆုံးအချိန်ပင်။
အခန်းကို တစ်ပတ်ပတ်ကြည့်သော်လည်း လျှို့ဝှက်တံခါးကဲ့သို့သောအရာဟူ၍ မည်သည့်အရာကိုမျှ မတွေ့သဖြင့် မိုပိုင်ယဲ့ ထွက်လာခဲ့သည့် ဘေးဘက်အဆောင်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။ ထိုနေရာသည် အိပ်ခန်းငယ်လေးတစ်ခုဖြစ်ပြီး သူ လေ့ကျင့်ရင်း မောပန်းလာချိန်၌ ခေတ္တခဏအနားယူသည့်နေရာ ဖြစ်ပုံရသည်။
ဉာဏ်ပညာမျက်လုံးကို အသက်သွင်းပြီး သူ သေချာကြည့်ရှုသော်လည်း နံဘေးပတ်လည်ရှိ နံရံများတွင် မည်သည့်လျှို့ဝှက်အခန်းမျှ မရှိပေ။ သူ ပြန်ထွက်ရန် ဟန်ပြင်ရင်း ခေါင်းခါယမ်းလိုက်စဥ်မှာပင် ရုတ်တရက် သူ၏စိတ်လှုပ်ရှားသွားပြီး သူ၏ရှေ့မှ ကုတင်ငယ်လေးပေါ်သို့ အကြည့်ကျရောက်သွားသည်။
ဖုမိသားစုတွင် မြေခွေးတစ်သောင်းကျင်းကဲ့သို့သော အရာမျိုး ရှိနေသည်ဆိုလျှင် ဖုမိသားစုခေါင်းဆောင်ထက် ကျင့်ကြံဆင့် မနိမ့်ကျသော ရာထူးပိုကြီးသော ရန်သူများပြားသော ဤမိုပိုင်ယဲ့တွင် လျှို့ဝှက်ချက်တချို့ မရှိဘဲ နေမည်မဟုတ်ပေ။ သူထံ၌ ဝှက်ဖဲတချို့ မရှိလျှင် မယုံနိုင်ဖွယ်ရာ ကောင်းနေပေလိမ့်မည်။
"ကောင်းကင်ကံကြမ္မာစွမ်းအား..."
ထိုသို့တွေးတောလိုက်ပြီးနောက် သူ၏ လက်ချောင်းထိပ်များမှ မိုတောက်ဓားကံကြမ္မာအနှစ်သာရစွမ်းအင်များ ထွက်ပေါ်လာပြီး ကုတင်၏အနီးတဝိုက်သို့ စီးဆင်းသွားသည်။
ဝီ....
မျှော်လင့်ထားသည့်အတိုင်း ဤစွမ်းအင်များ လည်ပတ်လာသည်နှင့် ကုတင်တဝိုက်တွင် ခပ်ဖျော့ဖျော့အလင်းတန်းများ ချက်ချင်းတောက်ပသွားသည်။
သူသည် အလျင်အမြန် ရှေ့သို့ချဥ်းကပ်သွားပြီး မွေ့ရာကိုမလိုက်ရာ အောက်ဘက်တွင် တွင်းငယ်လေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။