ထူးဆန်းသော အဖိုးအို
Vol. 25 Ch. 310
ထိုတွင်းသည်တိမ်ပြီး တစ်မီတာကျော်ကျော်လောက်သာနက်ကာ မည်သည့်အရာမျှမရှိဘဲ သာမန်လျှို့ဝှက်သိုလှောင်ခန်း တစ်ခုကဲ့သို့သာ ဖြစ်နေသည်။
သို့ရာတွင် ယခင်က မြေခွေးတစ်သောင်းကျင်းထဲသို့ ဝင်ခဲ့ဖူးသော အတွေ့အကြုံအရ ကျန်းရွှမ်သည် ကုတင်ဘေးသို့ သူ၏လက်ဝါးကို တင်လိုက်ပြီး မိုတောက်ကံကြမ္မာစွမ်းအင်ကို အကန့်အသတ်မရှိ စီးဆင်းစေလိုက်သည်။ စွမ်းအင်များ ပို၍တိုးဝင်လာသည်နှင့် သာမန်တွင်းငယ်လေးသည် ရုတ်တရက် တုန်ခါသွားပြီး စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။
ကျန်းရွှမ်က ထိုအလင်းရောင်များအတွင်းသို့ ခုန်ဝင်လိုက်၏။
ယခင်က မြေခွေးတစ်သောင်းကျင်းကဲ့သို့ပင် သူ့ရှေ့တွင် ထွက်ပေါ်လာသည်မှာ တွင်းငယ်လေးတစ်ခု မဟုတ်တော့ဘဲ ကျယ်ဝန်းသော အခန်းတစ်ခန်း ဖြစ်နေသည်။
ဤအခန်း၏ဖွဲ့စည်းပုံသည် ယခင်ကျင့်ကြံရေးအခန်းနှင့် အလွန်ဆင်တူပြီး မိုတောက်ဓားတစ်ချောင်းကို တင်ထားသည့် လက်နက်စင်မှလွဲ၍ တခြားမည်သည့်အရာမျှ မရှိပေ။
"ဒါကလည်း... ကောင်းကင်ကံကြမ္မာ နယ်မြေလား"
ကျန်းရွှမ် အံ့အားသင့်သွားသည်။
မိုပိုင်ယဲ့၏နေအိမ်တွင် ဝင်္ကပါဖြင့် ဖန်တီးထားသော လေဟာနယ်နယ်မြေ သို့မဟုတ် လျှို့ဝှက်ခန်းတစ်ခန်း ရှိနိုင်မည်ဟု သူ သံသယရှိခဲ့သော်လည်း ကောင်းကင်ကံကြမ္မာနယ်မြေ ဖြစ်နေလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။
ဤသည်မှာ ဖုမိသားစုရှိနယ်မြေထက် ပို၍အားနည်းပုံရပြီး လေဟာနယ်သည် အနည်းငယ် မတည်မငြိမ် ဖြစ်နေသော်လည်း ဤသည်မှာ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေတစ်ခုပင်။ ဤသည်က ကောင်းကင်ကံကြမ္မာ ပြိုလဲမှုကြောင့်သာ ဖြစ်ပေါ်နိုင်သည့်အရာပင်။
"မဟုတ်ဘူး.... ဒါက မဟုတ်သေးဘူး..."
ကျန်းရွှမ် လျင်မြန်စွာ သဘောပေါက်လိုက်သည်။
"မိုပိုင်ယဲ့က မိုတောက်ကံကြမ္မာကို တည်ထောင်သူ မဟုတ်ဘူးလား..."
မိုတောက်ကံကြမ္မာတွင် မိုပိုင်ယဲ့သည် လက်ရှိတွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး တတိယအဆင့်အထိသာ ကျင့်ကြံထားသည်။ သူ သေဆုံးသွားလျှင်ပင် သူ၏စွမ်းအားမျှဖြင့် ကောင်းကင်ကံကြမ္မာနယ်မြေတစ်ခုကို ဖန်တီးနိုင်ဖွယ် မရှိပေ။
ကောင်းကင်ကံကြမ္မာနယ်မြေတစ်ခုကို ဖန်တီးရန် ကံကြမ္မာနယ်ပယ်၌ အနည်းဆုံး စတုတ္ထအဆင့် သို့မဟုတ် ထို့ထက်မြင့်မားသော အဆင့်သို့ ရောက်ရန်လိုအပ်သည်။
ကံကြမ္မာတည်ထောင်သူသည် ထိုကိစ္စကို မလုပ်ဆောင်နိုင်သည့်အပြင် အသက်ရှင်သန်နေသေးလျှင်... မည်သည်ကြောင့် ဤနေရာ၌ ကောင်းကင်ကံကြမ္မာနယ်မြေ ဖြစ်ပေါ်လာရသနည်း။
ဤနယ်မြေသည် ကြီးမားခြင်းမရှိသော်လည်း သာမန်အတွေးအမြင်နှင့် ဆန့်ကျင်နေပေ၏။
မိုပိုင်ယဲ့သည် မိုတောက်ဓားကို တည်ထောင်သူ မဟုတ်ဘဲ ဆက်ခံသူတစ်ယောက်ဆိုလျှင် ဤကိစ္စ ဖြစ်နိုင်ပေမည်။
ရုတ်ချည်းဆိုသလိုပင် ကျန်းရွှမ်၏နှလုံးခုန်နှုန်း လျှင်မြန်သွားပြီး သူ့ထံ၌ သံသယများဖြင့် ပြည့်နှက်နေသည်။ ကျန်းရွှမ်သည် လက်နက်စင်၏အနီးသို့ ချဥ်းကပ်သွားကာ မိုတောက်ဓားကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်သည်။
ဝှစ်....
သူ၏လက်ထဲသို့ မိုတောက်ဓား ရောက်လာသည်နှင့် အခန်းသည် တွန့်လိမ်ပုံပျက်သွားပြီး မီးခိုးရောင်ကျောက်ရုပ်တစ်ရုပ် ထွက်ပေါ်လာကာ စကားတစ်ခွန်းမျှ မဆိုဘဲ မိုတောက်ဓားကို ဝှေ့ယမ်း၍ သူ့ကို ခုတ်ပိုင်းလိုက်၏။
ကျန်းရွှမ် လန့်ဖျပ်သွားပြီး အလျင်အမြန် ရှောင်တိမ်းလိုက်သည်။
ထိုကျောက်ရုပ်လူသား၏စွမ်းအားစည် သူနှင့် ယှဉ်နိုင်ပြီး နှစ်ဦးလုံးသည် ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်တွင် ရှိနေကာ တူညီသော မိုတောက်နည်းစနစ်ကို အသုံးပြုကြသည်။ သို့ရာတွင် ဤကျောက်ရုပ်လူသား၏လှုပ်ရှားမှုများသည် သူ ယခင်က မြင်ဖူးသည်နှင့် မတူဘဲ မိုပိုင်ယဲ့ ကျင့်ကြံသည်ထက် ပို၍နက်ရှိုင်းပုံရသည်။
"ထူးဆန်းတယ်..."
ကျန်းရွှမ်၏စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေသော်လည်း သူ၏လက်ကို မရပ်တန့်ဘဲ မိုတောက်ဓားကိုမြှောက်ကာ တိုက်ခိုက်မှုကို တုံ့ပြန်လိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
သူ ကျောက်ရုပ်လူသားနှင့် တိုက်ခိုက်နေစဉ် ဓားလေပြင်းများ မြည်ဟီးလာသည်။
ကျောက်ရုပ်လူသား၏ လှုပ်ရှားမှုများသည် မိုပိုင်ယဲ့ထက် ပို၍နက်နဲသိမ်မွေ့ပြီး ကြီးကျယ်ခမ်းနားကာ ရှုပ်ထွေးသည်။ ထိုဓားကွက်များတွင် စိတ်ဝိညာဉ်ကိုနှောင့်ယှက်ခြင်းနှင့် ကံကြမ္မာကိုဖျက်ဆီးခြင်း သဘောတရားများ ပါဝင်သည်။ အစပိုင်းတွင် ကျန်းရွှမ်သည် အနည်းငယ် အဆင်မပြေ ဖြစ်ခဲ့သော်လည်း တိုက်ပွဲ ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း သာလွန်ထူးကဲသော အခြေအနေသို့ ရောက်ရှိလာသည်။
တူညီသော မိုတောက်ကံကြမ္မာ ဖြစ်သော်လည်း ကျောက်ရုပ်လူသား ထုတ်ဖော်ပြသသော ဓားက ပို၍လူသားဆန်သည်။
အမှန်တကယ်ကို လူသားဆန်ပေ၏။
မင်ကျန်းထောင် မိုဟုန်နှင့် တခြားသူများ အသုံးပြုသည်ကို မြင်ခဲ့ရပြီးနောက် သူကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော မိုပိုင်ယဲ့၏ဓားနည်းစနစ်သည် အလွန်ရက်စက်ပြီး ဆုတ်လမ်းမပေးဘဲ ပြိုင်ဘက်ကို သတ်ဖြတ်ပြီးမှ ရပ်တန့်မည့်ပုံစံမျိုးပင်။
သို့ရာတွင် ကျောက်ရုပ်လူသား ထုတ်ဖော်ပြသသော လှုပ်ရှားမှုများသည် ရက်စက်သော်လည်း နူးညံ့သိမ်မွေ့မှု ရောယှက်နေသည်။ ထိုအရာများသည် ခန့်မှန်းရ လွယ်ကူပုံပေါက်သော်လည်း အမှန်အားဖြင့် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားကာ အသက်ရှင်လမ်းတစ်ခု ချန်ထားသည်။
ဤအသက်ရှင်လမ်းသည် ရန်သူအတွက်အပြင် အသုံးပြုသူကိုယ်တိုင်အတွက်လည်း သနားညှာတာမှုပင်။
အကြောင်းအရင်းမှာ အကယ်၍ တိုက်ပွဲတွင် ပြိုင်ဘက်ကို သတ်ဖြတ်ပြီး ကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားစေခြင်းသည် ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်သောကြောင့်ပင်။
ဤသည်က မိုပိုင်ယဲ့၏ဓားနည်းစနစ်မှ သိသာထင်ရှားသော အားနည်းချက်ဖြစ်ပြီး သူ စတုတ္ထအဆင့်သို့ မည်သို့မျှ မတက်လှမ်းနိုင်ခဲ့သည့် အဓိက အကြောင်းအရင်းလည်း ဖြစ်သည်။
"မိုတောက်ဓားကို ဒီလို သုံးလို့ရတာပဲ..."
ကျန်းရွှမ်သည် တိုက်ခိုက်လေလေ မိုတောက်ဓားအပေါ် သူ၏နားလည်သဘောပေါက်မှု ပို၍နက်ရှိုင်းလေလေပင်။
အချိန်မည်မျှထိ ကုန်ဆုံးသွားသည်ကို သူ မသိတော့ ရုတ်တရက် သူ၏စိတ် တုန်ခါသွားပြီး မိုတောက်စွမ်းအင်မြစ် ပြောင်းလဲသွားပုံရသည်။ ထိုစွမ်းအင်မြစ်သည် ပို၍ကြည်လင်လာပြီး ပို၍ကျစ်လစ်သိပ်သည်းလာကာ ဖိအားအရှိန်အဝါများ ထွက်ပေါ်လာသည်။
စတုတ္ထအဆင့်....
ကျောက်ရုပ်လူသားနှင့် တိုက်ခိုက်ရင်း သူ၏မိုတောက်ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှု အဆင့်တက်သွားခဲ့လေပြီ...
ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ...
သူ ဉာဏ်အလင်း ပွင့်သွားသည်နှင့် သူ၏ရှေ့မှ ကျောက်ရုပ်လူသားသည် တာဝန်ကျေသွားသည့်အလား မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းအမြောက်အများ ထွက်ပေါ်လာသည်။ ထိုအရာသည် သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအားများအဖြစ် ပြောင်းလဲကာ မိုတောက်စွမ်းအင်မြစ်ဆီသို့ တိုးဝင်လာပေ၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ထိုစွမ်းအားများအားလုံးကို စုပ်ယူလိုက်သဖြင့် စွမ်းအင်မြစ်သည် သိသိသာသာ ထူထပ်သိပ်သည်းလာသော်လည်း ကောင်းကင်ကံကြမ္မာ စတုတ္ထအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ရန် အလှမ်းကွာဟနေဆဲပင်။
ကျောက်ရုပ်လူသား ပြိုလဲသွားသည်နှင့် ကျန်းရွှမ်လက်ထဲမှ မိုတောက်ဓား ပျောက်ကွယ်သွားပြီး သူ၏ရှေ့မှအခန်း ရုတ်တရက် ပြိုကျသွားကာ ရှေ့တွင် မှောင်မည်းနေသော လှိုဏ်ဂူတစ်ဂူ ထွက်ပေါ်လာသည်။
"အမ်..."
ကျန်းရွှမ် ကြောင်တောင်တောင် ဖြစ်သွားသည်။
ဂူတစ်ဂူသည် ကျင့်ကြံခန်းအဖြစ် ပြောင်းလဲသွားသည်ကို သူ နားလည်နိုင်သော်လည်း ကျင့်ကြံခန်းက ဂူအဖြစ် ပြောင်းလဲသွားခြင်းမှာမူ မည်သို့ပင်ကြည့်စေကာမူ အဆင့်နိမ့်သွားခြင်းသာ ဖြစ်ပုံရသည်...
သူသည် လှိုဏ်ဂူအတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်းသွားရာ မကြာမီမှာပင် အလွန် ကျယ်ဝန်းသော ဂူကြီးတစ်ဂူထဲသို့ ရောက်ရှိသွားသည်။ ဤနေရာသည် နေရောင်ခြည် လုံးဝမရသည့် မြေအောက်ခန်းကဲ့သို့ မှောင်မည်းပြီး အေးစက်နေပေ၏။
ကျန်းရွှမ်က သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ မီးပွားတစ်စထွက်ပေါ်လာပြီး လှိုဏ်ဂူအတွင်းကို ချက်ချင်းမြင်တွေ့လိုက်ရသည်။
ဤလှိုဏ်ဂူသည် ကြီးမားခြင်းမရှိဘဲ မီတာသုံးဆယ်ခန့်သာကျယ်ဝန်းပြီး ဂူနံရံ၏အနက်ရှိုင်းဆုံးနေရာတွင် ဖရိုဖရဲဖြစ်နေသော အဖိုးအိုတစ်ဦးကို သံကြိုးများဖြင့် ချည်နှောင်ထားသည်။
ထိုအဖိုးအို၏အသက်သည် ရှစ်ဆယ်ကျော်ပုံရပြီး အရေပြားများချိုင့်ဝင်ကာ အရိုးများသည် ထင်းခြောက်ကဲ့သို့ ပိန်လှီနေသည်။ ကြီးမားသောသံချိတ်ကြီးများဖြင့် သူ၏ညှပ်ရိုးများကို ထိုးဖောက်ကာ မြဲမြံစွာ ချိတ်ထားပြီး သူ၏ဆံပင်များသည် မျက်လုံးများပေါ်တွင် အုပ်မိုးကျနေသည်။ သူသည် ကားစင်တင်ခံထားရသူကဲ့သို့ မလှုပ်မယှက် တွဲလောင်းကျနေသည်။
ကျန်းရွှမ်က ခြေလှမ်းသွက်သွက်ဖြင့် ထိုအဖိုးအို၏အနီးသို့သွားပြီး ခပ်ဖွဖွထိတွေ့ကြည့်လိုက်ရာ အသက်ရှူနေသေးသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် သူ၏ အေးစက်ငရဲဓားကို ထုတ်ယူကာ သံချိတ်များနှင့်သံကြိုးများကို ခုတ်ပိုင်းလိုက်၏။
ဒေါင်...ဒေါင်..ဒေါင်...
ကြည်လင်ပြတ်သားသော အသံတချို့ ထွက်ပေါ်လာပြီးနောက် သံကြိုးများ ပြတ်သွားပြီး အဖိုးအို ပြုတ်ကျလာသည်။
ကျန်းရွှမ်က ထိုအဖိုးအိုကို ဖမ်းယူလိုက်ပြီးနောက် ထိုလူ၏အရပ်အမောင်းသည် အလွန် မြင့်မားကာ မိုပိုင်ယဲ့နှင့်ယှဉ်နိုင်သော်လည်း သိသိသာသာ ပိန်လှီနေပြီး စုစုပေါင်းကီလိုခြောက်ဆယ်ထက် မပိုသည်ကို သတိပြုမိလိုက်သည်။
"အသက်... ရှိသေးရဲ့လား"
ကျန်းရွှမ်က မေးခွန်းထုတ်လိုသည့်အကြည့်ဖြင့် ထိုအဖိုးအိုကို ကြည့်လိုက်၏။
ကောင်းကင်ကံကြမ္မာနယ်မြေများအနက် သူသည် မြေခွေးတစ်သောင်းကျင်းထဲသို့သာ ဝင်ဖူးပြီး မြေခွေးစိမ်းများကိုသာ တွေ့ခဲ့ရသည်။ သက်ရှိလူသားတစ်ဦးကိုမူ သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပြီး အထူးသဖြင့် ဤမျှ ဆိုးရွားသော အခြေအနေတွင် အကျဉ်းချခံထားရသူပင်။
တစ်ဖက်လူသည် သူ၏စကားကို မကြားသည့်အလား မလှုပ်မယှက် ငြိမ်သက်နေသည်။
ကျန်းရွှမ်သည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီးနောက် သူ၏လက်ချောင်းများကို လှုပ်ခတ်ကာ အစစ်အမှန်စွမ်းအားများကို ထိုလူ၏မရီဒါန်းများတလျှောက် စီးဆင်းသွားစေသည်။
သူ၏အစစ်အမှန်စွမ်းအားကို စုပ်ယူပြီးနောက်တွင်ပင် ထိုအဖိုးအိုထံ၌ တုံ့ပြန်မှုမရှိပေ။ ဤအစွမ်းထက်သော ကုသနိုင်စွမ်းသည် အရာမထင်သည့်အလားပင်။
"တစ်ခုခုတော့ မှားနေပြီ..."
အတွေးတစ်ခု ဝင်လာပြီး ကျန်းရွှမ်က မိုတောက်ကံကြမ္မာစွမ်းအင်ကို အသက်သွင်းလိုက်ရာ ကောင်းကင်ကံကြမ္မာစွမ်းအားများ ထွက်ပေါ်လာပြီး ထိုလူ့ထံသို့ စီးဝင်သွားသည်။
မကြာမီမှာပင် အားနည်းနေသော အဖိုးအိုသည် လေမှုတ်သွင်းလိုက်သော ပူဖောင်းကဲ့သို့ ပြည့်ဖြိုးလာပြီး အရေပြားနှင့်အလုံးစုံ အခြေအနေ သိသိသာသာ တိုးတက်ကောင်းမွန်လာသည်။
"သူ့ရဲ့အင်အားတွေ ပြန်ပြည့်လာဖို့ ကောင်းကင်ကံကြမ္မာစွမ်းအားတွေ လိုအပ်တာကိုး... ဒီလူက ဘယ်သူလဲ...ဘယ်လိုလုပ်ပြီး ဒီနေရာ ရောက်နေတာလဲ"
ထောင်နှင့်ချီသော စွမ်းအင်တန်းများကို ထည့်သွင်းပေးပြီးနောက် ထိုအဖိုးသည် သိသိသာသာ ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရသဖြင့် ကျန်းရွှမ်က တဖန်ပြန်ကြည့်လိုက်သည်။ ထိုအဖိုးအို၏မျက်နှာကို သေသေချာချာမြင်ရရန် ဆံပင်များကိုမလိုက်စဉ်မှာပင် သူ၏စိတ်ထဲတွင် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်၏။
နောက်ထပ်အချိန်တခဏတွင် ထက်ရှသော ဓားချီတစ်လှိုင်းသည် သူ့ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။ ထိုဓားချီသည် သူ အစောပိုင်းက ရပ်နေသည့်နေရာသို့ ကျရောက်သွားကာ မြေကြီးပေါ်တွင် တစ်ပေကျော်နက်သော ကျင်းတစ်ခုကို ချက်ချင်းဖြစ်ပေါ်သွားစေသည်။
"ဘာလုပ်တာလဲ... ခင်ဗျားကို ကျွန်တော်က အခုလေးတင် ကယ်ပေးလိုက်တာလေ... အဲ့ဒါကို ခင်ဗျားက တိုက်ခိုက်တာလား..."
ကျန်းရွှမ်က မျက်ခုံးပင့်ကာ သူ၏ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်ပြောဆိုလိုက်သည်။