ကောင်းကင်ကံကြမ္မာ အမွေအနှစ်
Vol. 25 Ch. 311
"မင်းက သူ မဟုတ်ဘူးလား"
ထိုအသံကို ကြားလိုက်ချိန်မှသာ အဖိုးအိုသည် အခြေအနေကို သတိပြုမိသွားပြီး သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။
သူ့ရှေ့တွင် ရပ်နေသည်မှာ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး သူ၏မှတ်ဉာဏ်ထဲရှိ လူနှင့် လုံးလုံးလျားလျား ကွာခြားနေသည်။ ထိုလူလောက် အရပ်မမြင့်သော်လည်း သူ့ရှေ့မှ လူငယ်သည် ပို၍ချောမောခန့်ညားပြီး ထင်ရှားကျော်ကြားသည့် ပုံပေါက်သည်။ အထူးသဖြင့် အခြားတစ်ယောက်၏ အေးစက်ပြီး ဂရုမစိုက်တတ်သော မျက်လုံးများနှင့် မတူဘဲ သူ့မျက်လုံးများက ငြိမ်းချမ်းသော အရိပ်အယောင်ကို ဆောင်ထားသည်။
"ကျွန်တော့်ရဲ့နာမည် ကျန်းရွှမ်ပါ... စီနီယာ့ကို ဘယ်လို ခေါ်ရမလဲ"
အဖိုးအိုသည် တိုက်ခိုက်မည့်ပုံ မပေါ်သည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး သူ ဘေးကင်းမည့် အကွာအဝေးကို ထိန်းသိမ်းကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ ဂါရဝပြုလိုက်သည်။
"ကျန်းရွှမ်..."
အဖိုးအိုက ဇဝေဇဝါဖြင့် ခေါင်းခါယမ်းလိုက်သည်။
"မင်းက... ယန်ပိုင်ယဲ့ရဲ့ တပည့်လား"
...
"ယန်ပိုင်ယဲ့... ကျွန်တော် မသိဘူး..."
ကျန်းရွှမ်သည် ခေါင်းခါလိုက်ပြီးနောက် ကရုတ်တရက် တုံ့ဆိုင်းသွားပြီး နားလည်သဘောပေါက်သွားပေ၏။
"ခင်ဗျား ပြောတာ... မိုပိုင်ယဲ့ကိုလား"
"မင်းက ငါ့ကိုသတ်ပြီးတော့... ငါ နားလည်သဘောပေါက်ထားတဲ့ ကောင်းကင်ကံကြမ္မာကို လုယူခဲ့တယ်...ဒါကိုခြေရာခံမိမှာ ကြောက်လို့ မင်းက နာမည်ပြောင်းလိုက်တာပေါ့လေ... မို တဲ့လား... ဟား ဟား ဟား... တကယ့်ကို လိမ္မာပါးနပ်တဲ့ အပြောင်းအလဲပဲ"
အဖိုးအိုက ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏မျက်လုံးများတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
"သတ်တယ်... လုယူတယ်... နာမည်ပြောင်းတယ်..."
ထိုစကားများကို ဆက်တိုက် ကြားလိုက်ရချိန်၌ ကျန်းရွှမ်၏စိတ်ထဲတွင် ဥာဏ်အလင်းပွင့်သွားပြီး သူ ယခင်က နားမလည်သော မေးခွန်းများ ချက်ချင်းဆိုသလိုပင် ရှင်းလင်းသွားတော့သည်။ သူ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာဖြင့် တုန်ခါသွားပေ၏။
"ခင်ဗျား ဆိုလိုတာက... မိုတောက်ကံကြမ္မာကို မိုပိုင်ယဲ့က ဖန်တီးခဲ့တာ မဟုတ်ဘဲနဲ့ ခင်ဗျား ဖန်တီးခဲ့တာလား"
မိုတောက်ကံကြမ္မာကို သူ့ရှေ့မှလူက ဖန်တီးခဲ့ခြင်းဖြစ်ပြီး မိုပိုင်ယဲ့က မတရားသိမ်းပိုက်ခဲ့ခြင်း ဖြစ်ပါက ဤနေရာတွင် ကောင်းကင်ကံကြမ္မာနယ်မြေ မည်သည်ကြောင့် ရှိနေရသနည်း ဆိုသည်နှင့် အဖိုးအိုက မည်သည်ကြောင့် ထိုစကားများ ပြောခဲ့သနည်း ဆိုသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။
ဤတစ်ကြိမ်တွင် အဖိုးအိုက နားမလည်နိုင်သည့်အကြည့်ဖြင့် ကျန်းရွှမ်ကို ကြည့်လေသည်။
"မိုတောက်ကံကြမ္မာလား..."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... အဲ့ဒါက ခုဏက ခင်ဗျားသုံးလိုက်တဲ့ ဓားနည်းစနစ်လေ"
"မိုတောက်... မိုပိုင်ယဲ့... ဟားဟားဟား... ငါ့ရဲ့ ယန်ဓားကံကြမ္မာကို မိုတောက်အဖြစ် ပြောင်းလိုက်တာပေါ့... ဒီကောင်က ငါ့ရဲ့တည်ရှိမှု ခြေရာလက်ရာတိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာလား... တကယ့်ကိုပဲ ဒီလူယုတ်မာက ဒီလိုလုပ်ရပ်မျိုးကို လုပ်ရဲတာပဲကိုး"
အဖိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ဒါဆိုရင် တကယ်ပဲပေါ့..."
ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
သူသည် ထင်ကြေးသက်သက်ဟုသာ တွေးထင်ခဲ့သော်လည်း တစ်ဖက်လူ၏အပြုအမူကို မြင်လိုက်ရသဖြင့် ယခုချိန်၌ သူ သေချာသွားလေပြီ။
အချိန်တခဏအကြာတွင် အဖိုးအို၏ရယ်မောသံ ရပ်သွားပြီး သူ့ကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။
"မင်းက သူ့ရဲ့နာမည်အတိုင်း ခေါ်မှတော့ သူ့တပည့် မဟုတ်လောက်ဘူး ထင်တယ်"
"ကျွန်တော်က သူနဲ့ ရန်ငြိုးရှိပါတယ်... ကျွန်တော် သူ့ကို သတ်ဖို့လုပ်တုန်း သူ ထွက်ပြေးသွားတာနဲ့ ဒီနေရာကို မတော်တဆ ရောက်လာတာပါ..."
ကျန်းရွှမ်က ရှင်းပြလိုက်၏။
တစ်ဖက်လူ၏အပြုအမူအရ သူတို့၏ဆက်ဆံရေးသည် အလွန်ဆိုးရွားကြောင်း သိသာထင်ရှားနေသဖြင့် သူ အမှန်အတိုင်း ပြောလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
"သူ့ဆီက အမွေအနှစ်ကို လက်မခံဘဲနဲ့ ယန်ဓားကံကြမ္မာကို နားလည်သဘောပေါက်ထားတယ်... ပြီးတော့ အရေးအကြီးဆုံး အချက်က စတုတ္ထအဆင့်ကိုတောင် ချိုးဖျက်ဝင်ရောက်ထားတယ်... မဆိုးဘူး မဆိုးဘူးပဲ... ငါ နားလည်သဘောပေါက်ထားတဲ့ ကောင်းကင်ကံကြမ္မာကို လုံးဝပျောက်ကွယ်သွားဖို့ ကောင်းကင်ဘုံက အလိုမရှိဘူးနဲ့ တူတယ်"
အဖိုးအို၏ရန်လိုမှုများ ပျောက်ကွယ်သွားပြီး ထိုအစား သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထင်ဟပ်လာကာ ကျန်းရွှမ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။
"မင်းက သူ့ရဲ့တပည့် မဟုတ်မှတော့ ငါ့ရဲ့ အမွေအနှစ်ကို လက်ခံချင်စိတ်ရှိလား"
"အမွေအနှစ်ကို လက်ခံရမယ်... စီနီယာ... တကယ်တမ်းကျ ဘာတွေဖြစ်နေတာလဲ... ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပေးလို့ ရမလား... ကျွန်တော် နည်းနည်းလေးရှုပ်ထွေးနေလို့ပါ..."
ကျန်းရွှမ်က ချက်ချင်းတုံ့ပြန်အဖြေပေးဘဲ မေးမြန်းလိုက်သည်။
"မင်းကို ပြောပြတာက ဘာမှ မဖြစ်ပါဘူးလေ"
အဖိုးအိုက သူ့ကို ကြည့်လိုက်သည်။
"ဇာတ်လမ်းက ဒီလိုပဲ..."
ကျန်းရွှမ် ခန့်မှန်းခဲ့သည့်အတိုင်း ယန်မိုအမည်ရှိသော အဖိုးအိုသည် မိုပိုင်ယဲ့၏ဆရာဖြစ်ပြီး "မိုတောက်"ဟု ခေါ်ဝေါ်သော ပညာရပ်ကို သူ အမှန်တကယ် ဖန်တီးခဲ့ခြင်းပင်။ မူလက "ယန်ဓား" ဟု ခေါ်ဝေါ်သော်လည်း သူသည် တပည့်များစွာ လက်မခံခဲ့သဖြင့် လူသိမများဘဲ လက်ဆင့်ကမ်းမှုလည်း မရှိခဲ့ပေ။
ယခင်က ယန်ပိုင်ယဲ့ဟု ခေါ်သော မိုပိုင်ယဲ့သည် မိဘမဲ့တစ်ဦးဖြစ်ပြီး ယန်မိုက ငယ်စဉ်ကတည်းက ခေါ်ယူစောင့်ရှောက်ကာ ဓားနည်းစနစ်များ သင်ပေးခဲ့သည်။
ယန်မိုသည် ထူးကဲသော ပါရမီကို ပိုင်ဆိုင်ပြီး ဤကောင်းကင်ကံကြမ္မာကို စတုတ္ထအဆင့်အထိ သူကိုယ်တိုင် နားလည်သဘောပေါက်ခဲ့သည်။ သို့ရာတွင် သူသည် အတားအဆီးတစ်ခုသို့ ရောက်ရှိပြီးနောက် ဆက်လက်၍မတိုးတက်နိုင် ဖြစ်နေသဖြင့် ပို၍မြင့်မားသော နယ်ပယ်များကို ကျော်လွှားနိုင်ရန် မျှော်လင့်ချက်ဖြင့် တပည့်များစွာ လက်ခံသင်ကြားပေးရန် စီစဉ်ခဲ့သည်။
မိုပိုင်ယဲ့သည် သူ၏အမွေအနှစ်ကို တခြားသူများ ရယူသွားမည်အား စိုးရိမ်သဖြင့် သူ့ဆရာကို တိတ်တဆိတ် အဆိပ်ခတ်ပြီး လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုကာ ကောင်းကင်ကံကြမ္မာနယ်မြေကို ဖန်တီးခဲ့သည်။ ထို့နောက် သူ့ဆရာ၏ဝိညာဉ်ကို အတွင်း၌ ပိတ်လှောင်ထားကာ ထွက်ပြေး၍မရအောင် ချုပ်နှောင်ထားခဲ့သည်။
အစောပိုင်းက ထွက်ပေါ်လာသော လှိုဏ်ဂူသည် ယန်မို မသေဆုံးမီ နေထိုင်ခဲ့သောနေရာပင်။
သူ၏ဆရာကို သတ်ပြီးနောက် အခြားသူများ သိရှိမည်ကို စိုးရိမ်သဖြင့် "ယန်ဓား" ကို "မိုဓား" ဟုပြောင်းလဲခဲ့ပြီး ယန်ပိုင်ယဲ့ အမည်ကို မိုပိုင်ယဲ့ဟု ပြောင်းလဲခဲ့လေ၏။ ဤဓားနည်းစနစ်ကို သူကိုယ်တိုင် နားလည်သဘောပေါက်ခဲ့ကြောင်း ကြေညာ၍ တပည့်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကာ သင်ကြားပေးခဲ့သည်။
ဤသို့ဖြင့် သူသည် "မိုတောက်"ကို တည်ထောင်သူအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဒါကြောင့် သူက တပည့်တွေအပေါ် အမြဲတမ်း ဆရာစားချန်ထားပြီးတော့ သူကိုယ်တိုင် ပျိုးထောင်ပေးထားတဲ့ သူတွေကိုတောင် အချိန်မရွေး သတ်ပစ်ဖို့ အဆင်သင့် ဖြစ်နေတာကိုး... ဒါက ဒီအကြောင်းအရင်းကြောင့်ပဲ ဖြစ်မယ်"
ဤရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။
မိုပိုင်ယဲ့၏ ရက်စက်ပြီး တရားမျှတမှု မရှိသော လုပ်ရပ်များကို သူ မြင်တွေ့ခဲ့ရကာ ယခုအချိန်၌ ထိုအရာ၏နောက်ကွယ်ရှိ အကြောင်းအရင်းများအားလုံး ရှင်းလင်းသွားလေပြီ။
ကျင့်ကြံနည်းစနစ်အတွက် သူ၏ဆရာရင်းကိုပင် သတ်ဖြတ်ခဲ့သူဖြစ်ရာ အလားတူ ကံကြမ္မာမျိုး ကြုံတွေ့ရမည်ကို သူကိုယ်တိုင်လည်း ကြောက်ရွံ့ပေလိမ့်မည်။ ထို့ကြောင့် မိုပိုင်ယဲ့၏ မိုတောက်သင်ကြားမှုများတွင် အမြဲတစေ တစ်စုံတစ်ရာ ချန်လှပ်ထားလေ့ရှိပြီး မိုဟုန်ကဲ့သို့ တပည့်များသည် အစွမ်းကုန် လေ့ကျင့်နိုင်သော်လည်း သူ့ကို မည်သို့မျှ လိုက်မီနိုင်မည် မဟုတ်ပေ။
ဤသည်မှာ အန္တရာယ်မရှိကြောင်း အာမခံနိုင်သော်လည်း သူ၏တပည့်များ တိုးတက်မှုနိမ့်ပါးပြီး သူကိုယ်တိုင်လည်း အဆင့်တက်ရန် ခက်ခဲနေသဖြင့် တတိယအဆင့်တွင်သာ ရပ်တန့်နေခြင်းဖြစ်သည်။
"ကောင်းကင်ကံကြမ္မာနယ်မြေရဲ့ တစိတ်တပိုင်း ဖြစ်လာဖို့အတွက် ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာကတည်းက သေဆုံးခဲ့ပြီးသားပဲ... အခု မင်း မြင်နေရတာက ငါ့ရဲ့အကြွင်းအကျန်စိတ်ဝိညာဉ်တစ်ခုပဲ...ဒါပေမဲ့ ငါ့ရဲ့ အမွေအနှစ်ကို မင်းဆီ လွှဲပြောင်းပေးတာက အလကားတော့ မဟုတ်ဘူး"
ယန်မိုက လှမ်းကြည့်လိုက်သည်။
"ပထမအချက်က မင်းက ယန်ဓားနည်းစနစ်ကို ပြန်ပြီးထွန်းကားအောင် လုပ်ပေးရမယ်... ဒုတိယအချက်က အဲ့ဒီလူယုတ်မာကို သတ်ပြီး ငါ့အတွက် လက်စားချေပေးရမယ်... မင်း ဒီအချက်နှစ်ချက်ကို လုပ်ပေးနိုင်ရင် ငါ နားလည်သဘောပေါက်ထားတဲ့ စွမ်းအားတွေ အကုန်လုံးကို မင်းဆီ လိုလိုလားလား လွှဲပြောင်းပေးမယ်..."
"စိတ်ချပါ စီနီယာ... ခင်ဗျား အမွေအနှစ် မပေးရင်တောင် ကျွန်တော်က မိုပိုင်ယဲ့ကို သတ်မှာပါ"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
တစ်ဖက်လူ ထည့်မပြောလျှင်ပင် သူသည် မိုပိုင်ယဲ့ကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ အမွေအနှစ်ကို လက်ခံရရှိပြီး မိုတောက်၏ မြင့်မားသောအဆင့်များကို နားလည်သဘောပေါက်နိုင်ခြင်းက သူ၏စွမ်းအား တိုးတက်လာစေရန်အတွက် များစွာအထောက်အကူ ဖြစ်စေပေလိမ့်မည်။
"ကောင်းပြီလေ..."
ယန်မိုက စိတ်ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်၏။
"မင်း နားလည်သဘောပေါက်ထားတဲ့ မိုတောက်ကံကြမ္မာကို ထုတ်လွှတ်လိုက်..."
"ထုတ်လွှတ်ရမယ်... ဘယ်လို ထုတ်လွှတ်ရမှာလဲ"
ကျန်းရွှမ်က ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
ယခုအချိန်အထိ သူသည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ ကံကြမ္မာစွမ်းအင်မြစ်ကိုသာ ဖွဲ့စည်းနိုင်ခဲ့ပြီး မည်သည့်အချိန်ြမျှ ထုတ်လွှတ်ခဲ့ဖူးခြင်းမရှိပေ။
"ဒါက ရိုးရှင်းပါတယ်... မိုတောက်ကံကြမ္မာကို မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ လွှမ်းခြုံလိုက်ရုံပဲ..."
ယန်မိုက နည်းလမ်းကို အသေးစိတ် ရှင်းပြလိုက်သည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး အဖိုးအို၏ ညွှန်ကြားချက်အတိုင်း ကောင်းကင်ဘုံစာကြည့်တိုက် အတွင်းရှိ မိုတောက်စွမ်းအင်မြစ်ကို သူ၏စိတ်ဝိညာဉ်စွမ်းအင်ဖြင့် လွှမ်းခြုံလိုက်ရာ ရွေ့လျားနိုင်သည်ကို ခံစားမိလေ၏။
အတွေးတစ်ချက်ဖြင့် အချိန်တခဏအကြာတွင် မိုတောက်စွမ်းအင်မြစ်၏ပုံရိပ်သည် သူ၏ရှေ့တွင် ထွက်ပေါ်လာပြီး လေထုထဲတွင် ချောင်းငယ်လေးတစ်ခုကဲ့အလား တွဲလောင်းကျနေကာ မရပ်မနား စီးဆင်းနေသည်။
စတုတ္ထအဆင့် မိုတောက်ကံကြမ္မာစွမ်းအင်မြစ်သည် ကြီးမားကျယ်ပြန့်ခြင်း မရှိသေးသော်လည်း သေးငယ်ခြင်းလည်း မရှိပေ။ ဤသည်မှာ ရွာအစွန်အဖျားရှိ ချောင်းတစ်စင်းအလား အဆုံးအစ မမြင်နိုင်ဘဲ အဝေးသို့ ရှည်လျားစွာ တည်ရှိနေသည်။
"မဆိုးဘူး... ဒါက တကယ့်ကို ယန်ဓားကံကြမ္မာပဲ... ပြီးတော့ အရမ်းကို သန့်စင်တယ်"
ယန်မိုက သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးနောက် ပို၍အံ့အားသင့်သွားသည်။
တစ်ဖက်လူ နားလည်သဘောပေါက်ထားသော ကောင်းကင်ကံကြမ္မာသည် တည်ထောင်ဖန်တီးသူဖြစ်သော သူ့ထက်ပင် ပို၍ သန့်စင်နေသည်။ ဤအဆင့်ပါရမီမျိုးသည် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။
"အမွေအနှစ်ကို လက်ခံလိုက်တော့..."
ယန်မိုက အာရုံထွေပြားစေသော အတွေးများကို ဖယ်ရှားရန် ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူ အော်ဟစ်လိုက်ရာ ကောင်းကင်ကံကြမ္မာနယ်မြေတစ်ခုလုံး တုန်ခါလာပြီး လေပွေမုန်တိုင်းတစ်ခုအလား ကျန်းရွှမ်၏ရှေ့ရှိ ကံကြမ္မာစွမ်းအင်မြစ်ထဲသို့ တိုးဝင်သွားသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကျန်းရွှမ်သည် သူ၏စွမ်းအင်မြစ်ထက် နှစ်ဆပိုကျယ်သော မြစ်တစ်စင်း သူ့ထံသို့ ဒေါသတကြီး တိုးဝင်လာသည်ကို မြင်လိုက်ရသည်။ ဤသည်မှာ သူ၏စွမ်းအင်မြစ်ကို အချိန်မရွေး ဖြိုခွဲပစ်တော့မည့်အလားပင်။
ဤသည်က ရွာငယ်လေးမှ ချောင်းငယ်လေးသည် ကြီးမားသော မြစ်ဝါမြစ်ကြီးနှင့် ရုတ်တရက် ပေါင်းစပ်သွားသကဲ့သို့ ဖြစ်နေပေ၏။
ကျန်းရွှမ်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။