← Chapters

မိုတောက် စတုတ္ထအဆင့် အထွတ်အထိပ်

Vol. 25 Ch. 312

မိုတောက် စတုတ္ထအဆင့် အထွတ်အထိပ်

Vol. 25 Ch. 312

ပြိုင်ဘက်၏စွမ်းအင်မြစ်သည် ကြီးမားခိုင်ခံ့ပြီး နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိသည်။ ထိုအရာနှင့် သူ၏မိုတောက်စွမ်းအင်မြစ်တို့ ထိပ်တိုက်တွေ့ဆုံသည့် အချိန်တွင် သူ ချက်ချင်းဆိုသလိုပင် မူးဝေပြီး စိတ်ရှုပ်ထွေးသွားသည်။

"ဒါက အမွေအနှစ် လက်ခံတာများလား"

ကျန်းရွှမ်က တွေးတောလိုက်သည်။

သူသည် အမွေအနှစ်ကို တစ်ကြိမ်တစ်ခါမျှ လက်မခံဖူးသော်လည်း ကြားဖူးနားဝရှိသည်။ ကျောက်ယာနှင့်တခြားတပည့်များပင်လျှင် အမွေအနှစ်ဆက်ခံရန် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ အကယ်၍ အမွေအနှစ်များအားလုံးကသာ ဤမျှထိ ဖိစီးနှိပ်စက်သည်ဆိုလျှင် မည်သူက ခံနိုင်ရည် ရှိမည်နည်း။

မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့ရှိ ကောင်းကင်ကံကြမ္မာစွမ်းအင်မြစ်သည် အများဆုံးအနေဖြင့် စတုတ္ထအဆင့် အထွတ်အထိပ်တွင်သာ ရှိပြီး သူ့ထက် သိပ်မသာချေ။

ဤကွာခြားချက် နည်းနည်းလေးကပင် သူ့ကို မူးဝေစေပြီး သူ၏စိတ်ဝိညာဉ် ကြေမွှပျက်စီးသွားတော့လုမတတ်ပင်။ ယခုထက်ပို၍ သန်မာအားကောင်းခဲ့လျှင် သူ၏စိတ်ဝိညာဥ် တောင့်ခံနိုင်မည် မဟုတ်ဘဲ လုံးလုံးလျားလျား ပျက်စီးသွားမည်ကို သူ စိုးရိမ်မိသည်။

...

ဤထူးဆန်းသော အခြေအနေကို သူ စဉ်းစားနေစဉ်မှာပင် သူ၏စိတ် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ပုံရိပ်တစ်ခုက အတင်းအကြပ် တိုးဝင်လာသည်။

"ဟားဟားဟား... ငတုံးလေး... မင်း ထောင်ချောက်မိသွားပြီ"

ထိုပုံရိပ် ထွက်ပေါ်လာသည်နှင့် သူသည် စိတ်မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ ဤသည်မှာ ကျန်းရွှမ် အစောပိုင်းက ကယ်တင်ခဲ့သော ယန်မိုပင်။

ဤအချိန်၌ သူထံတွင် အားနည်းနေသည့် လက္ခဏာများ မရှိတော့ဘဲ သူ၏လှုပ်ရှားမှုတိုင်းတွင် အားအင်များ ပြည့်ဝနေသည်။

"ထောင်ချောက်မိသွားပြီ. ဟုတ်လား...."

ကျန်းရွှမ် အချိန်တခဏကြာခန့် ကြောင်အသွားသည်။ သူ၏စိတ်ထဲတွင် အသိစိတ်ပြန်ဝင်လာကာ ဇဝေဇဝါမျက်နှာအမူအယာဖြင့် ယန်မိုကို ကြည့်လိုက်သည်။

"ခင်ဗျားက ကျွန်တော့်ကို အမွေအနှစ် ပေးမယ်ဆို... ထောင်ချောက်မိတယ်ဆိုတာက ဘာသဘောလဲ"

သူ၏မသိနားမလည်မှုကို မြင်တွေ့ချိန်၌ ယန်မိုက လှောင်ပြောင်လိုက်၏။

"ငတုံး... ကောင်းကင်ကံကြမ္မာနယ်မြေကို အောင်မြင်စွာ ပေါင်းစပ်နိုင်ဖို့အတွက် နှစ်ဖက်လုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်... ငါ အသတ်ခံရပြီးကတည်းက အဲ့ဒီ သစ္စာဖောက်တပည့်ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ အခွင့်အရေး ရှာနေခဲ့တာ... ကံဆိုးတာက အဲ့ဒီကောင်က မြေခွေးလို ကောက်ကျစ်ပြီးတော့ ငါ့ကို အခွင့်အရေး လုံးဝမပေးခဲ့ဘူး... မမျှော်လင့်ဘဲ မင်းက ဒီထဲကို စမ်းတဝါးဝါးနဲ့ ဝင်လာခဲ့တယ်... ပြီးတော့ အရေးအကြီးဆုံးက မင်းက ယန်ဓားကံကြမ္မာကို စတုတ္ထအဆင့်အထိ ကျင့်ကြံထားပြီးသားဆိုတော့ ခန္ဓာကိုယ်ကိုအပိုင်စီးဖို့အတွက် အကောင်းဆုံး ပစ်မှတ်ပဲ"

ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။

"ဒါဆိုရင် ကျွန်တော့်ကို အမွေအနှစ် ပေးမယ်ဆိုတာက အလကား လျှောက်ပြောနေတာပေါ့... တကယ်တမ်းကျတော့ ခင်ဗျားက ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်နေတာပဲ"

ယန်မိုက ခေါင်းညိတ်လိုက်သည်။

"ဒါပေါ့... ငါ ပင်ပင်ပန်းပန်း နားလည်သဘောပေါက်ထားတဲ့ ကောင်းကင်ကံကြမ္မာကို ဘာလို့ အလကား ပေးရမှာလဲ...အိပ်မက်မက်နေလိုက်... စိတ်ချပါ မင်းရဲ့ပါရမီနဲ့ဆို ငါက ယန်ကံကြမ္မာကို ပိုပြီးသန်မာအားကောင်းအောင် လုပ်နိုင်မှာပါ....စတုတ္ထအဆင့်တင် မကဘဲနဲ့ ပဉ္စမအဆင့်အထိ တက်လှမ်းပြီးတော့ အစစ်အမှန် လွှမ်းမိုးချုပ်ကိုင်နိုင်သူတစ်ယောက် ဖြစ်လာစေရမယ်"

"အော်... အခုမှပဲ သဘောပေါက်တော့တယ်"

ကျန်းရွှမ် ခေါင်းညိတ်လိုက်သည်။

"ခုဏကတော့ ခင်ဗျားရဲ့ အမွေအနှစ်ကို လက်ခံဖို့ ကျွန်တော့်ကိုယ်ကျွန်တော် မထိုက်တန်ဘူးလို့ ခံစားနေရတာ.... အခုတော့ ဒါက အရေးမပါတော့ဘူး"

တစ်ဖက်လူကို စတွေ့ချိန်၌ တပည့်ဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကာ ဤနယ်မြေထဲတွင် ပိတ်မိနေသည်ကို သိလိုက်ရချိန်၌ သူ သနားမိခဲ့သည်။ ယခုအချိန်၌ ယန်မိုသည်လည်း လူကောင်းမဟုတ်ကြောင်း သူ သိလိုက်ရလေပြီ။

ဆရာက တပည့်ကို ဒုက္ခပေးချင်တယ်... တပည့်က ဆရာကို သတ်ဖို့ ကြံစည်တယ်...

ထူးခြားသော ကံကြမ္မာဆိုသည်မှာ အမှန်တကယ်ကို ရယ်ရွှင်ဖွယ်ကောင်းပေ၏။

"မင်းက ငါ့ရဲ့ ခန္ဓာကိုယ်အပိုင်စီးတာကို ခံရတော့မှာလေ... မင်း မကြောက်ဘူးလား"

ယန်မိုက နားမလည်နိုင်သည့်အကြည့်ဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။

ပုံမှန်အခြေအနေတွင် တစ်ဖက်လူသည် အလွန်အမင်း ကြောက်လန့်ပြီး ဒူးထောက်တောင်းပန်နေသင့်သည် မဟုတ်လော။ သူသည် မည်သည်ကြောင့် ဤမျှထိ တည်ငြိမ်နေရသနည်း။

"ခင်ဗျား အပေါ်ကို မော့ကြည့်လိုက်ပါ... ပြီးရင် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးဖို့ နည်းနည်း ခက်ခဲမယ်ဆိုတာ ခင်ဗျား သိသွားလိမ့်မယ်"

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးပြီး လက်ညှိုးညွှန်ပြလိုက်သည်။

ယန်မိုသည် လန့်ဖျပ်သွားပြီး အလျင်အမြန် မော့ကြည့်လိုက်ရာ ကြီးမားသော စာကြည့်တိုက်တစ်ခုသည် အဆုံးမဲ့လေဟာနယ်တွင် ကြီးမားသော ကြယ်စင်တစ်ခုကဲ့သို့ တည်ရှိနေပြီး ရှေးဟောင်းအရှိန်အဝါများ ပျံ့နှံ့နေသည်ကို မြင်တွေ့လိုက်ရသည်။

စာကြည့်တိုက်၏အဆုံးတွင် အဆုံးအစမရှိသော ကမ္ဘာကြီးတစ်ခု ရှိနေသည်။ ထိုအရာကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ၏စိတ်ဝိညာဉ် ကြေမွှပျက်စီးသွားတော့မည့်အလား ခံစားလိုက်ရသည်။

“....”

ယန်မို ကြက်သေသေသွားပြီး သူ၏နှုတ်ခမ်းများ တုန်ရီလာသည်။

"ဒါက ဘာကြီးလဲ"

"အော်... တစ်ခုက ကျွန်တော့်ရဲ့စာကြည့်တိုက် နောက်တစ်ခုက ကျွန်တော့်ရဲ့စိတ်ဝိညာဉ်လေ... ခင်ဗျားက ဘယ်တစ်ခုကို အပိုင်စီးချင်တာလဲ" ကျန်းရွှမ်က ရှင်းပြလိုက်၏။

"..."

ယန်မို၏အမြင်အာရုံများ ဝေဝါးသွားသည်။

သူ၏ရှေ့မှ အရာနှစ်ခုလုံးသည် သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောလှပြီး သူကမူ ချောင်းရေတစ်စက်သာသာမျှသာ ရှိသည်။

အပိုင်စီးရမယ် ဟုတ်လား... ဒါက နောက်ပြောင်နေတာလား...

"မနောက်ပါဘူး... ခင်ဗျား မသိမ်းပိုက်တော့ဘူးဆိုရင် ကျွန်တော် စလိုက်တော့မယ်..."

ယန်မို၏အတွေးကို ခန့်မှန်းမိသဖြင့် ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်း

ကြီးမားသော ကောင်းကင်ဘုံစာကြည့်တိုက်ကြီးသည် ချက်ချင်းပင် ပြုတ်ကျလာပြီး ကျယ်လောင်သော အသံကြီးနှင့်အတူ ယန်မိုခေါင်းပေါ်သို့ ကျရောက်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးစိုးခြယ်လှယ်လိုသော ယန်မိုသည် သန့်စင်သော လေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ နေရာမှာပင် ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ကျန်းရွှမ်သည် သူ

ရှေ့ရှိ ကောင်းကင်ကံကြမ္မာနယ်မြေ ပြိုလဲသွားသည်ကို မြင်လိုက်ရသည်။ ထိုအရာများသည် ကောင်းကင်ကံကြမ္မာစွမ်းအားများအဖြစ် ပြောင်းလဲကာ သူ၏မိုတောက်စွမ်းအင်မြစ်ထဲသို့ အရူးအမူး တိုးဝင်လာကြသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် အားနည်းသော မိုတောက်စွမ်းအင်မြစ်သည် ကြီးမားကျယ်ပြန့်လာပြီး ပို၍ပို၍သန်မာအားကောင်းလာသည်။

"ဒါက အမွေအနှစ်လား... တိုးတက်မှုက တကယ်ကြီး မြန်ဆန်တာပဲ..."

ကျန်းရွှမ်၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။

ကောင်းကင်ကံကြမ္မာစွမ်းအားကို စုပ်ယူရုံဖြင့် သူ၏ကံကြမ္မာစွမ်းအားကို မြှင့်တင်နိုင်သော်လည်း အဆင့်တိုင်းတွင် အချုပ်အနှောင်များ ရှိနေသည်။ ဆိုလိုသည်မှာ လျှို့ဝှက်ချက်များကို ဦးစွာနားလည်သဘောပေါက်ပြီးမှသာ

ကံကြမ္မာစွမ်းအားများကို စုပ်ယူ၍ လျင်မြန်စွာ တိုးတက်နိုင်ပေမည်။

အမွေအနှစ်ကမူ ကွဲပြားခြားနားပေ၏။ သူ၏စွမ်းအင်မြစ်ထဲသို့ ဝင်ရောက်လာသည်မှာ သန့်စင်ပြီးသား ကောင်းကင်ကံကြမ္မာစွမ်းအား သက်သက်သာမက တစ်ဖက်လူ၏ မိုတောက်အပေါ် နားလည်သဘောပေါက်မှုနှင့် ထိုးထွင်းသိမြင်မှုများလည်း ပါဝင်သည်။ ထိုအရာကို အပြည့်အဝ လက်ခံရရှိပါက သူ၏စွမ်းအားကို စတုတ္ထအဆင့် အထွတ်အထိပ်သို့ မြှင့်တင်ပေးရုံသာမက သူ၏နားလည်သဘောပေါက်မှုကိုလည်း မြှင့်တင်ပေးနိုင်ပေ၏။

အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိရသော်လည်း ကောင်းကင်ကံကြမ္မာနယ်မြေ တစ်ခုလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ ယခင်က လှိုဏ်နှင့်ကျင့်ကြံခန်းများ မရှိတော့ဘဲ သူသည် ကုတင်အောက်ရှိ တွင်းထဲတွင် မတ်တတ်ရပ်နေဆဲ ဖြစ်ကြောင်း ကျန်းရွှမ်က သတိပြုလိုက်မိသည်။

ထို့နောက် သူ၏လက်ညှိုးကို မြှောက်လိုက်ရာ ဓားချီစွမ်းအင်များသည် သူ၏လက်ချောင်းထိပ်မှ အဆက်မပြတ် ထွက်ပေါ်လာပေ၏။

"ဒါက... မိုတောက်ကံကြမ္မာ စတုတ္ထအဆင့် အထွတ်အထိပ်ပဲ"

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။

သူ ခန့်မှန်းထားသည့်အတိုင်း အမွေအနှစ်ကို ရရှိပြီးနောက် မိုတောက်ကံကြမ္မာအပေါ် သူ၏နားလည်သဘောပေါက်မှု ပို၍နက်ရှိုင်းလာသည်။ ယခုချိန်၌ အကယ်၍ သူသာ မိုတောက်ကံကြမ္မာကို အဓိကထား၍ လေ့ကျင့်မည်ဆိုပါက အတားအဆီးမရှိဘဲ ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် သူ၏အဓိကကျင့်ကြံခြင်းမှာ ဒုတိယနယ်ပယ်သို့ တက်လှမ်းထားသည်မှာ မကြာသေးသော 'ကောင်းကင်ဘုံသောကကံကြမ္မာ' ဖြစ်နေသည်။ သူသည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်ကို တက်လှမ်းရန်ပင် အခက်အခဲတချို့ ကျန်ရှိနေဆဲပင်။

ထိုသို့ဆိုသည့်တိုင် သူ၏စွမ်းအား များစွာတိုးတက်လာခဲ့ပြီးဖြစ်သည်။ အထူးသဖြင့် နက်နဲသိမ်မွေ့သော မိုတောက်ဓားနည်းစနစ်ကို သူ အသုံးပြုလိုက်လျှင် ကြယ်မြစ်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ပေါ့ဆနေပါက သူ တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။

"စိတ်ပျက်စရာပဲ... ကံကြမ္မာချပ်ပြားတွေကို မတွေ့ခဲ့ဘူး..."

ကုတင်ပေါ်မှဆင်းပြီးနောက် အခန်းအတွင်း၌ ထပ်မံ၍ရှာကြည့်သော်လည်း ကံကြမ္မာချပ်ပြားများကို ရှာမတွေ့သဖြင့် ကျန်းရွှမ် အနည်းငယ် စိတ်ပျက်သွားသည်။

သူ၏ 'ကောင်းကင်ဘုံသောက' ကံကြမ္မာကို မြှင့်တင်ရန်အတွက် လုံလောက်သော ကံကြမ္မာပြားများကို ရှာဖွေရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ ထိုအစား သူသည် ကောင်းကင်ကံကြမ္မာနယ်မြေကို ဝါးမျိုမိပြီး မိုတောက်ကံကြမ္မာကို စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သော်လည်း သူ၏ ကောင်းကင်ဘုံသောကကံကြမ္မာမှာမူ ပြောင်းလဲခြင်း မရှိပေ...

ကျန်းရွှမ် စိတ်ပျက်နေစဉ် ထွက်ပြေးနေသော မိုပိုင်ယဲ့သည် အံ့တင်းတင်းကြိတ်ထားပြီး သူ၏မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေသည်

မိုအိမ်တော်၏အရှင်သခင်သည် သူ၏လက်အောက်ငယ်သားမှ မောင်းထုတ်ခြင်း ခံရပြီး ယုန်တစ်ကောင်လို အိမ်ခြေရာမဲ့ဖြစ်ကာ အကြီးအကျယ် အရှက်ကွဲခဲ့ရသည်။

"ဒါတွေအားလုံးက အဲ့ဒီ ကျန်းရွှမ်ကြောင့်ပဲ..."

ထိုလူငယ်ကို တွေးလိုက်မိရုံဖြင့် သူ၏ရင်ထဲမှ ဒေါသများ ပေါက်ကွဲထွက်လာလုမတတ်ပင်။

သူ၏တပည့်ကို လုယူသွားပြီး သူ့ကို ရိုက်နှက်ခဲ့သည့်အပြင် ယခု သူ၏အိမ်ကိုလည်း သိမ်းပိုက်လိုက်လေပြီ...

"နေပါအုံး... အဲ့ဒီ အဖိုးကြီးရဲ့ နယ်မြေက အိမ်မှာ ရှိနေတုန်းပဲလေ....သူ ရှာမတွေ့သွားလောက်ဘူးမလား"

ဆိုးရွားသော နိမိတ်တစ်ခုက သူ၏စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

တခြားအရာများကို ကျန်းရွှမ် ယူဆောင်သွားသည်မှာ အရေးမပါသော်လည်း ကောင်းကင်ကံကြမ္မာနယ်မြေကိုမူ သူ လက်လွတ်မခံနိုင်ချေ။ အဖိုးအို ဖန်တီးထားသော နယ်မြေကို သူ၏ကုတင်အောက်တွင် ဝှက်ထားပေ၏။ ကျန်းရွှမ် ရှာတွေ့သွားလျှင် ထိုနယ်မြေနှင့် ပေါင်းစပ်သွားနိုင်မည်လော။

"မဖြစ်နိုင်တာ... နှစ်တွေ ဒီလောက်ကြာတာတောင် ငါ မပေါင်းစပ်နိုင်ခဲ့တာ... အပြင်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အောင်မြင်နိုင်မှာလဲ"

ယန်မို၏စိတ်နေသဘောထားကို တွေးမိပြီး မိုပိုင်ယဲ့ အနည်းငယ် စိတ်အေးသွားသည်။

သူ၏တပည့်ရင်းတောင် မပိုင်ဆိုင်နိုင်ခဲ့သည့်အရာကို ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် လူငယ်တစ်ယောက် မရရှိနိုင်ချေ။

'ဒီအမွေအနှစ်ကို ရဖို့ဆိုတာ အိပ်မက် မက်နေလိုက်...'

"ဖူး...."

သူအတွေးလွန်နေစဉ်မှာပင် ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ် မိုးကောင်းကင်ပေါ်မှ ပြုတ်ကျကာ မြေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

"အမွေအနှစ်... အမွေအနှစ် လက်ခံတာက အောင်မြင်သွားပြီလား"

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း မိုပိုင်ယဲ့၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

All Chapters