ရောင်း... ရောင်း... အကုန်ရောင်း
Vol. 25 Ch. 313
မိုပိုင်ယဲ့သည် သူ၏ဆရာကို သတ်ဖြတ်ပြီးနောက် မိုတောက်ကံကြမ္မာ၏ တည်ထောင်သူအဖြစ် တခြားလူများ၏ ကြည်ညိုလေးစားမှုကို ခံယူခဲ့ရသည်။ ကျန်းရွှမ်သည် သူနှင့် တူညီသော အဆင့်ထိ ကျင့်ကြံနိုင်ခဲ့လျှင်ပင် သူ၏ကောင်းကင်ကံကြမ္မာကို လွှမ်းမိုးရန် မလွယ်ကူလှချေ။
သို့ရာတွင် ယခုချိန်၌မူ တစ်ဖက်လူသည် ကံကြမ္မာစတုတ္ထအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပြီဖြစ်ကာ သူ့ဆရာ၏ အမွေအနှစ်ကို ရရှိပြီး တည်ထောင်သူ ဖြစ်လာခဲ့သည်။ သူကမူ ဆက်ခံသူသာ ဖြစ်သွားခဲ့ရပေ၏။
ဆိုလိုသည်မှာ သူ ကျင့်ကြံဆင့်တက်လှမ်းနိုင်သရွေ့ တစ်ဖက်လူသည် စွမ်းအားအထောက်အပံ့များကို ရရှိနေပေမည်။
ဤသည်မှာ တစ်ဖက်လူသည် ဆရာဖြစ်ပြီး သူသည် တပည့်ဖြစ်နေသည့်အလားပင်။ သူ မည်မျှထိ ကြိုးစားကျင့်ကြံပါစေ တစ်ဖက်လူအတွက် အလုပ်လုပ်ပေးနေရသကဲ့သို့ ဖြစ်သွားပေမည်။
သူ တွေးလေလေ ဒေါသထွက်လေလေဖြစ်ပြီး သွေးတစ်လုတ်ကို ထပ်မံ၍ အန်ထုတ်လိုက်ရသည်။
သို့ရာတွင် သူ ရရှိမည့် အကျိုးကျေးဇူးများလည်း ရှိနေပေ၏။ အကယ်၍ တစ်ဖက်လူသာ ပဉ္စမအဆင့်သို့ ရောက်ရှိသွားပါက 'တပည့်ကြီး' ဖြစ်သော သူသည် စတုတ္ထအဆင့်သို့ တက်လှမ်းရန် ပို၍လွယ်ကူသွားပေမည်။ သူသည် တစ်ဖက်လူ၏လျှို့ဝှက်ချက်များကို သိမ်းပိုက်ရန် အမြဲတစေ ဆန္ဒရှိခဲ့သော်လည်း မည်သို့မည်ပုံဖြင့် သူ၏တပည့် ဖြစ်လာခဲ့ရကြောင်း မသိတော့ချေ။ ဤသည်မှာ မည်ကဲ့သို့ အခြေအနေမျိုး ဖြစ်သနည်း။
ထိုအချိန်မှာပင် သူ၏နောက်မှနေ၍ ဆူညံသံများ ထွက်ပေါ်လာသည်။
"သူ ဒီနေရာမှာပဲ ပျောက်သွားတာ... မင်းတို့အားလုံး သေချာရှာကြစမ်း..."
ဤှသည်မှာ အိမ်တော်ထိန်းမိုပင်။
ဤငတုံးကောင်သည် လူများကိုခေါ်ဆောင်လာပြီး သူ့ကို လိုက်လံဖမ်းဆီးနေသလော...
"ထားလိုက်တော့... ငါ့ရဲ့ဒဏ်ရာတွေ သက်သာအောင် အရင်လုပ်ရမယ်"
သူ၏လက်ရှိအခြေအနေကို သူ သိရှိထားကာ တစ်ဖက်လူနှင့် တွေ့ဆုံပါက အသတ်ခံရနိုင်ခြေများသည်။ မိုပိုင်ယဲ့သည် တွေဝေနေသော်လည်း ပြင်ပသို့ ထွက်မသွားခဲ့ချေ။ ထိုအစား သူသည် သူ၏ခန္ဓာကိုယ်ကို ချာခနဲနောက်လှည့်ကာ ရေကူးခတ်နေသော ငါးတစ်ကောင်အလား ပျောက်ကွယ်သွားသည်။
သူသည် ထပ်ခါတလဲလဲ ကံဆိုးမိုးမှောင်ကျပြီးနောက် သူ၏အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ကျီးလန်တောင်ကြားပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းပြီး ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်ခြင်းက သူ့အတွက် ပိုကောင်းပေလိမ့်မည်။
သူ တန်ကြေးကြီးစွာပေးပြီး ဖိတ်ခေါ်ထားသော ထိပ်သီးကျင့်ကြံသူများသည်လည်း ထိုနေရာတွင် စုဝေးနေပေမည်။ တစ်ဖက်လူကို သတ်ဖြတ်ရန် အခွင့်အရေးရှာတွေ့သည်နှင့် တပြိုင်နက် သူသည် တစ်ဖက်လူ၏အမွေအနှစ်ကို ရယူနိုင်ရုံသာမက သူ၏မိုတောက်ကံကြမ္မာကိုလည်း စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိအောင် လုပ်ဆောင်နိုင်ပေမည်။ ဤရှုထောင့်မှကြည့်လျှင် ကျန်းရွှမ်ကို အမွေအနှစ် ရယူခွင့် ပေးလိုက်ခြင်းသည် ဆိုးရွားသော ကိစ္စတစ်ရပ် မဟုတ်ပေ။
ယခုလတ်တလောတွင် မိုအိမ်တော်ထဲ၌ ရောက်နေသော ကျန်းရွှမ်ကို မောင်းထုတ်ရန် သူ နည်းလမ်းရှာသင့်သလော။ ဤကိစ္စအတွက်မူ သူသည် သူတစ်ပါးကို တစ်ကြိမ်တစ်ခါမျှ မယုံကြည်ခဲ့သဖြင့် မိုအိမ်တော်ရှိ ငွေကြေးနှင့် ရတနာအားလုံးကို သူနှင့်အတူ သယ်ဆောင်ထားသည်။ ထို့ကြောင့် အိမ်တော်သည် အခွံလွတ်သာဖြစ်ပြီး တစ်ဖက်လူများ မွှေနှောက်ရှာဖွေလျှင်ပင် ငွေများများစားစား ရှိမည်မဟုတ်ပေ။
ထိုကောင်စုတ်သည် အချိန်တခဏကြာ ရှာဖွေပြီးနောက် မည်သည့်အရာကိုမျှ ရှာမတွေ့လျှင် လက်လျော့သွားပေမည်။
မိုအိမ်တော်တွင်...
ကျန်းရွှမ်သည် ခြံဝန်းငယ်လေးထဲမှ ထွက်လာချိန်၌ အိမ်တော်ထိန်းမို ဒူးထောက်နေသည်ကို မြင်တွေ့လိုက်ရပြီး သူ့ကိုကြည့်ရသည်မှာ ကြောက်ရွံ့နေပုံပင်။
"သခင်ကြီး... ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်... အဲ့ဒီကျန်းရွှမ်က ထွက်ပြေးသွားခဲ့တယ်"
"ရတယ်... ထားလိုက်တော့"
ကျန်းရွှမ်သည် ထိုလူများ တစ်ဖက်လူကို ဖမ်းမိမည်မဟုတ်ကြောင်း ခန့်မှန်းပြီးသားဖြစ်သဖြင့် အံ့အားသွားသွားခြင်းမရှိချေ။ သူက ချက်ချင်းဆိုသလိုပင် အမိန့်ပေးလိုက်၏။
"ငါ့အတွက် အဝတ်အစားတွေ သွားယူခဲ့စမ်း... ငါ အပြင်သွားအုံးမယ်"
"ဟုတ်ကဲ့"
'သခင်ကြီး'က သူ့ကို အပြစ်မတင်သည်အား မြင်တွေ့ချိန်၌ အိမ်တော်ထိန်းမို သက်ပြင်းချနိုင်ခဲ့သည်။ သူသည် အလျင်စလို ထွက်ခွာသွားပြီး မကြာမီမှာပင် သင့်တော်သော အဝတ်အစားတချို့ကို ယူဆောင်လာကာ ပေးအပ်လိုက်သည်။
"အိမ်တော်ထဲမှာ ရင်းမြစ်ဒင်္ဂါး ဘယ်လောက်ကျန်သေးလဲ... အကုန်လုံး ငါ့ကိုပေးစမ်း" သင့်တော်သော အဝတ်အစားများကို လဲလှယ်ပြီးနောက် ကျန်းရွှမ်သည် မိုပိုင်ယဲ့အစစ်ထက်ပင် မိုပိုင်ယဲ့နှင့် ပိုတူနေပေ၏။
အိမ်တော်ထိန်းမိုက အချိန်တခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ပြောဆိုသည်။
"အိမ်ငှားခတွေ ကောက်ခံပြီးခါစမို့လို့... လက်ထဲမှာ ရင်းမြစ်ဒင်္ဂါး သန်းနှစ်ဆယ်လောက်တော့ ရှိပါတယ်..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ဒီလောက် အိမ်တော်ထိန်းအကြီးကြီး ဖြစ်နေပြီးတော့ လက်ထဲမှာ အနည်းဆုံး ရင်းမြစ်ဒင်္ဂါး သန်းရာချီ ရှိမည်ဟု ထင်ထားသော်လည်း သန်းနှစ်ဆယ်သာ ရှိနေသည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျန်းရွှမ်က ပြောဆိုသည်။
"ဒီတစ်ခါ ကျီးလန်တောင်ကြား ပွင့်လာတာက ငါ့အတွက် အခွင့်အရေးကြီးပဲ... ငါသာ အောင်မြင်သွားရင် ငါ့ရဲ့ ကျင့်ကြံဆင့်က သေချာပေါက် အဆင့်တက်သွားလိမ့်မယ်... ကျိုးယီအင်ပါယာမှာ ဆက်နေမနေဆိုတာက အရေးမကြီးတော့ဘူး..."
အိမ်တော်ထိန်းမိုက ခေါင်းညိတ်လိုက်သည်။
နတ်ဘုရားနယ်မြေ၏ စီးဆင်းသောအလင်းတန်း ကိစ္စသည် ကျယ်ကျယ်ပြန့်ပြန့် ကောလာဟလ ထွက်နေသဖြင့် သူသည်လည်း ကြားသိထားပြီးဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ကို ကြီးမားသော အခွင့်အရေးပင်။ ထိုနေရာမှနေ၍ အကျိုးကျေးဇူးများ ရရှိသွားပါက နဂါးဂိတ်တံခါးကို ခုန်ကျော်သော ငါးကြင်းကဲ့သို့ပင် ပို၍မြင့်မားသော နယ်ပယ်သို့ ရောက်ရှိသွားပေမည်။ ထိုသို့ဖြစ်လာပါက သူ ကျိုးယီအင်ပါယာ တွင် ဆက်နေရန် မလိုအပ်တော့သည်မှာ အမှန်ပင်။
ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။
"ဒီလိုလုပ်စမ်း... မိုအိမ်တော်နာမည်အောက်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ မြေတွေ သိုင်းသင်တန်းကျောင်းတွေ အကုန်ရောင်းပစ်လိုက်... ဈေးဘယ်လောက်ရရ မြန်မြန်ရောင်းထွက်ရင် ပြီးတာပဲ... ရောင်းပြီးတာနဲ့ ငွေတွေကို ငါ့ဆီယူလာခဲ့..."
အိမ်တော်ထိန်းမိုက အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် ပြောဆိုသည်။
"မြန်မြန် ရောင်းထွက်ချင်ရင်တော့ ထိပ်သီးအင်အားစုတွေဆီ သွားမလား အလုံးစုံသိမြင်ဂိုဏ်းဆီ သွားမလားဆိုတာ ရွေးရမယ်... အလုံးစုံသိမြင်ဂိုဏ်းက သင့်တင့်တဲ့ဈေးကို ပေးလောက်တယ်... ဒါပေမဲ့ ထိပ်သီးအင်အားစုတွေကတော့... သူတို့က ဈေးနှိမ်ကောင်း နှိမ်လိမ့်မယ်"
"ဒါဆို အလုံးစုံသိမြင်ဂိုဏ်းဆီပဲ သွားလိုက်... ပြီးတော့ ရောင်းရတဲ့ ငွေအားလုံးကို ကံကြမ္မာချပ်ပြားတွေနဲ့ လဲလှယ်ခဲ့စမ်း... ဒါက ငါ ကျင့်ကြံဖို့အတွက် အသုံးဝင်လိမ့်မယ်"
ကျန်းရွှမ်က ပြောဆိုသည်။
"ဟုတ်ကဲ့"
အိမ်တော်ထိန်းမိုက ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွားသည်။
အိမ်တော်ထိန်းမို၏စွမ်းဆောင်ရည်သည် အလွန်မြင့်မားပေ၏။ နှစ်နာရီအကြာတွင် သူသည် ဂုဏ်ယူဝင့်ကြွားသော မျက်နှာအမူအယာဖြင့် အလျင်စလို ပြန်ရောက်လာသည်။
"သခင်ကြီး... ပိုင်ဆိုင်မှုတွေအားလုံးကို ရောင်းပြီးပါပြီ... စုစုပေါင်း ကံကြမ္မာချပ်ပြားနှစ်ထောင် ရပါတယ်"
အိမ်တော်ထိန်းမိုက သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်လိုက်ရာ ကံကြမ္မာချပ်ပြား ပုံကြီးတစ်ပုံက ကျန်းရွှမ်၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။
"မဆိုးဘူး... မဆိုးဘူး"
ကျန်းရွှမ် အံ့အားသင့်သွားသည်။
ကံကြမ္မာချပ်ပြားနှစ်ထောင်ဆိုသည်မှာ ရင်းမြစ်ဒင်္ဂါးနှင့် တွက်မည်ဆိုလျှင် သန်းထောင်နှင့်ချီ၍တန်ကြေးရှိပြီး သေချာပေါက် ကြီးမားသော ချမ်းသာကြွယ်ဝမှုပင်။ ထို့ပြင် ဤသည်မှာ အလျင်စလို ရောင်းလိုက်ရခြင်း ဖြစ်ပြီး အချိန်လုံလောက်စွာ ရမည်ဆိုပါက ဈေးနှုန်းသည် နှစ်ဆပင် ရနိုင်ပေ၏။
မိုတောက်ဂိုဏ်း၏ဂိုဏ်းချုပ်အဖြစ် နှစ်ပေါင်းများစွာကြာအောင် ရပ်တည်နိုင်ခဲ့သူဖြစ်သဖြင့် မိုပိုင်ယဲ့သည် ကျိုးယီမြို့တွင် အလွန်ခေါင်းပုံဖြတ်ကာ ရှာဖွေထားခဲ့ပုံရသည်။
"ဒီအိမ်တော်ရော ရောင်းပြီးပြီလား"
ကျန်းရွှမ်က သူ၏လက်ကို လှုပ်ခတ်လိုက်ပြီး ကံကြမ္မာချပ်ပြားများကို ကမ္ဘာသစ်ထဲသို့ထည့်ကာ မေးမြန်းလိုက်သည်။
"ရောင်းပြီးပါပြီ... ခုဏလေးကတင် သခင်မတွေက အိမ်တော်ရောင်းလိုက်ပြီဆိုတော့ သူတို့က ဘယ်နေရာမှာ ယာယီနေရမလဲဆိုတာ လာမေးနေကြတယ်"
အိမ်တော်ထိန်းမိုက ပြောဆိုသည်။
ကျန်းရွှမ်သည် အချိန်တခဏကြာမျှ တွေဝေသွားပြီး တုံ့ပြန်အဖြေပေးလိုက်၏။
"သခင်မတွေကိုပါ သွားရောင်းလိုက်..."
"...."
အိမ်တော်ထိန်းမို ကြက်သေသေသွားသည်။
သခင်ကြီးက ဒီလောက်တောင် ရက်စက်တာလား...
အိမ်တော်ထိန်းမို၏မျက်နှာအမူအယာ ပျက်ယွင်သွားပြီး တွေဝေတုံ့ဆိုင်းစွာ ပြောဆိုသည်။
"သခင်မတွေက အသက်ကြီးနေကြပြီဆိုတော့... ဈေးကောင်းရပါ့မလား..."
ကျန်းရွှမ် ဆွံ့ အသွားသည်။
"ဒီလိုလုပ်... သူတို့ကို နစ်နာကြေး နည်းနည်းပေးပြီး ထွက်သွားခိုင်းလိုက်တော့... အဟောင်းသွားမှ အသစ်လာမှာပေါ့... နောက်ကျရင် ငါ နေရာသစ်ကိုရောက်မှပဲ မိန်းမထပ်ယူတော့မယ်"
"သခင်ကြီးက တကယ့်ကို ဉာဏ်ကောင်းပါပေတယ်"
အိမ်တော်ထိန်းမိုသည် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး အလျင်စလို ထွက်ခွာသွားလေ၏။ မကြာမီမှာပင် သူ ပြန်ရောက်လာသည်။
"သခင်ကြီး... သခင်မတွေအားလုံးကို ပြန်လွှတ်လိုက်ပါပြီ... ကျွန်တော်ကရော ဘယ်ကိုသွားရမလဲ"
ကျန်းရွှမ်က အချိန်တခဏကြာ စဉ်းစားလိုက်ပြီးနောက် ပြောဆိုသည်။
"မင်း နေစရာ တစ်နေရာရာကို အရင်ရှာနေလိုက်... ဒီကကိစ္စတွေ ပြီးရင် ငါ မင်းကို ဆက်သွယ်လိုက်မယ်"
အိမ်တော်ထိန်းမိုက ကျေးဇူးတင်စွာဖြင့် ထွက်ခွာသွားတော့သည်။
မိုပိုင်ယဲ့၏မိသားစုကိစ္စများကို အပင်ပန်းခံ ဖြေရှင်းပြီးနောက် ကျန်းရွှမ်သည် သူ၏မူလရုပ်သွင်သို့ ပြန်လည်၍ပြောင်းလဲလိုက်ပြီး ကျန်းအိမ်တော်သို့ ပြန်လာခဲ့သည်။
"ဆရာ... ကျီးလန်တောင်ကြားကိုသွားရင် ကျွန်မတို့လည်း လိုက်ချင်တယ်"
ယုရှောင်ယွီ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် ပြည့်နှက်နေသည်။
"ကျွန်တော်လည်း အတွေ့အကြုံယူဖို့ လိုတယ်... အန္တရာယ်များရင်တောင်မှ ကြိုးစားကြည့်ချင်တယ်"
ဟုန်ရီကလည်း ခေါင်းညိတ်ပြပြီး ထောက်ခံသည်။
အိမ်၌တိုက်ခိုက်ခံရခြင်းနှင့် ဂိုဏ်းတူတပည့်တစ်ယောက် ပြန်ပေးဆွဲခံရခြင်းတို့သည် သူတို့နှစ်ဦးအပေါ် ကြီးမားသောသက်ရောက်မှုကို ရှိစေခဲ့သည်။
ယခင်က သူတို့သည် အတော်အသင့်လုံခြုံသော အဖြူရောင်ကျောက်တုံးမြို့တွင် နေထိုင်ခဲ့ကြသဖြင့် ဤအတွေးအမြင်မျိုး မရှိခဲ့ကြချေ။ ယခုအချိန်၌ သူတို့၏ကျင့်ကြံဆင့် နိမ့်ပါးပါက သူတို့၏အသက်ကို ကာကွယ်နိုင်မည်မဟုတ်သည့်အပြင် လောကကြီးသည် မည်မျှထိ ရက်စက်ကြမ်းကြုတ်ကြောင်း သူတို့ နားလည်သွားကြလေပြီ။
"ကောင်းပြီလေ"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး နံဘေးရှိ စွန်းချန်ကို ကြည့်လိုက်သည်။
"မင်းရော... လိုက်ချင်လား"
စွန်းချန်က ကြက်သေသေသွားပြီးနောက် အပြုံးနှင့် ပြောဆိုသည်။
"ကျွန်တော် မလိုက်တော့ဘူး... ကမ္ဘာသစ်ထဲမှာပဲ နေပြီး စောင့်နေပါ့မယ်... သခင်လေး လိုအပ်တဲ့အချိန်ကျရင် ခေါ်လိုက်ပါ..."
ပါမောက္ခကုန်းမြေမှ ဤနေရာအထိ လိုက်ပါလာပြီးနောက် ပေါ့ပေါ့နေပေါ့ပေါ့စားနေထိုင်သည်မှာ အကျင့်တစ်ခုကဲ့သို့ ဖြစ်နေလေပြီ။
'ငါသာ ပိုပြီးကြိုးစားချင်စိတ်ရှိရင် ငါ့ရဲ့နာမည်က စွန်းချန် ဘယ်ဟုတ်ပါ့မလဲ'
"ကောင်းပြီလေ"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ စွန်းချန်သည် နေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
"မင်းတို့နှစ်ယောက်က ဖုအိမ်တော်ကို သွားပြီး ငါ့ကို စောင့်နေကြ... ဖုယင်ယင်ကို မင်းတို့က ငါ့ရဲ့တပည့်တွေပါလို့သာ ပြောလိုက်"
စွန်းချန်ကို နေရာချပေးပြီးနောက် ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
ယုရှောင်ယွီနှင့်ဟုန်ယီတို့ တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
တပည့်နှစ်ဦး ကျန်းအိမ်တော်မှ ထွက်ခွာသွားသည်ကိုမြင်မှ ကျန်းရွှမ် သက်ပြင်းချနိုင်ပြီး မိုပိုင်ယဲ့၏အဝတ်အစားများကို ပြန်လည်ဝတ်ဆင်ကာ ကောင်းကင်ကံကြမ္မာခန်းမ၏ ယာယီနေရာသို့ ဦးတည်သွားလေသည်။
'အိမ်တွေ ပိုင်ဆိုင်မှုတွေနဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေ အကုန်ရောင်းပြီးပြီ...အခု ကောင်းကင်ကံကြမ္မာခန်းမဆီကနေ သူ့ရဲ့အရှိန်အဝါကိုသုံးပြီး ပိုက်ဆံချေးဖို့ အချိန်ရောက်ပြီ'
'ကောင်းကင်ကံကြမ္မာခန်းမရဲ့ ဒုခန်းမသခင်အနေနဲ့ ငွေချေးလို့ ရနိုင်လောက်တယ် မဟုတ်လား'