← Chapters

၃၀၆ ရက်

Vol. 4 Ch. 179

၃၀၆ ရက်

Vol. 4 Ch. 179

ရိုးရှင်းတဲ့ သစ်သားအိမ်ခန်းလေးတစ်ခန်း။ ဒီအခန်းက မိန်းကလေးတစ်ယောက်ရဲ့အခန်းလို့ သိသာလောက်တဲ့ အထိကို သေသပ်လှပလွန်းတယ်။ အိပ်ရာခင်းကို သေချာစနစ်တကျခင်းထားပြီး ပရိဘောဂတိုင်းက နေရာတကျရှိလို့နေပါတယ်။

ဗီရိုတွေပေါ်မှာတော့ အနက်ရောင်ဆံပင်အပြာရောင် မျက်လုံးတွေနဲ့ ကောင်လေးတစ်ယောက်ရဲ့ပုံစံတူ အမွှေးပွရုပ်အမျိုးမျိုးကို တင်လို့ထားပါတယ်။ အခန်းပိုင်ရှင်ဖြစ်ပုံရတဲ့ ကောင်မလေးကတော့ အဝတ်အစားအမျိုးမျိုးကို ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ဝတ်ကြည့်လို့နေလေရဲ့။

“အမြဲတမ်း အနက်ရောင်ချည်းပဲ ဝတ်နေရင် တအားရိုးနေမလား။”

အနက်ရောင်ဂေါ့သစ် ဂါဝန်ကိုကိုင်ထားရင်းကနေ မိုနီကာက ပြောလိုက်တယ်။ မှန်မှာထင်ဟပ်နေတဲ့ ပုံရိပ်ကနေတစ်ဆင့် အခန်းနံရံမှာကပ်ထားတဲ့ ပြက္ခဒိန်ကို မြင်နေရပြီး ပြက္ခဒိန်ပေါ်ကနေ့ရက်တချို့ကို အမှားခြစ်ခြစ်ထားတာ မြင်နိုင်တယ်။ ပြက္ခဒိန်ရဲ့ထောင့် တစ်နေရာမှာတော့ ‘၃၀၆ ရက်ကျန်' လို့ အမှတ်အသား ထားထားတယ်။

“အနီရောင်လေးဆိုရင်ရော....”

အနီရောင်ဆိုပေမဲ့ အနက်ရောင်ကြိုးတချို့ပါနေတဲ့ ဂေါ့သစ်ဂါဝန်ကို လက်ထဲ ပြောင်းကိုင်လိုက်ပြီးတဲ့ အချိန်မှာတော့ မိုနီကာပြုံးလိုက်ပြီး စကူးဘတ်ပုံစံ ပြောင်းလိုက်တယ်။

သူရဲ့ခရမ်းရောင်ဆံပင်တွေက အရောင်ဖြော့တော့လို့ နေပါတယ်။ သူကညာဖက်ချိုကို ထိလိုက်တဲ့အချိန် ‘ထောက်'ခနဲအသံနဲ့အတူ ချိုထိပ်ပိုင်းနည်းနည်း ပဲ့ကျသွားချိန်မှာတော့ အပြုံးဟာ ပျောက်ကွယ်သွား ပါတော့တယ်။

“ဒါက ငါ့လူပုံစံနဲ့မလိုက်ဘူးလေ....”

မိုနီကာက သာမန်အနက်ရောင်ဆံပင်နဲ့ပိန်ပိန်ပါးပါး မိန်းကလေးအဖြစ်ကို ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာ အနီရောင်ဂါဝန်ကို ပြန်ချထားလိုက်တယ်။ ပြီးနောက် အနက်ရောင်ဖဲပြားကြိုးပါတဲ့ ဘလောက်အင်္ကျီအဖြူနဲ့ အနက်ရောင်စကပ်အရှည်ကိုသာ ရွေးချယ်ဝတ်ဆင်ပြီး ဖြူဖျော့လွန်းတဲ့မျက်နှာကိုဖုံးဖို့အတွက် မိတ်ကပ်လိမ်း နှုတ်ခမ်းနီ ဆိုးထားလိုက်တယ်။

“ဒီထက်ပိုပြီး ဒါလင့်ကို စောင့်ခိုင်းလို့မဖြစ်တော့ဘူး။ ချိန်းတွေ့မယ့်နေ့မှာ မိန်းကလေးဘက်က ကောင်လေးကို အကြာကြီး စောင့်ခိုင်းထားလို့မဖြစ်ဘူးလေ။ အင်း၊ ငါဝတ်ထားတာက ဝတ်နေကျနဲ့ သိပ်မတူပေမဲ့ပေါ့။”

မိုနီကာက မှန်ရှေ့မှာ ကိုယ်တစ်ပတ်လည်အောင် လှည့်ကြည့်လိုက်ရင်း ဒေါက်ဖိနပ်အသစ်ကို ထုတ်စီးလို့ အခန်းအပြင်ကို ထွက်သွားလိုက်ပါတယ်။ ပင်ပန်း နွမ်းနယ်နေပုံရပြီး ချိုင့်ဝင်နေတဲ့မျက်ဝန်းတွေက သိပ်ကိုသိသာနေခဲ့ပေမဲ့ လန်းဆန်းတဲ့အပြုံးက သူ့မျက်နှာပေါ်မှာ ရှိနေဆဲပါပဲ။

....

“ဒါလင်...”

မိုနီကာက ဖွန်တီနာမြို့မှာရှိတဲ့ တစ်ခုတည်းသော ပန်းခြံနဲ့အပန်းဖြေကစားကွင်းထဲ ဝင်ဝင်ချင်းမှာပဲ သာမန်ဝတ်နေကျအဝတ်အစားအတိုင်းဝတ်ထားတဲ့ နက်ဆန်ကိုမြင်လိုက်ရတဲ့အတွက် သိပ်ကိုပျော်သွားတယ်။ သူက ချက်ချင်းပဲ ပြေးသွားလိုက်ပြီး နက်ဆန့်ကိုဖက်ထားလိုက်ပါတယ်။

“ချိန်းတွေ့ဖို့ ပြောခဲ့ပေမဲ့ တကယ်ရောက်မလာ လောက်ဘူးလို့ထင်နေတာ။”

ခါတိုင်းဆိုရင် မိုနီကာကို ငြင်းပယ်တတ်တဲ့ နက်ဆန်က ခက်ခက်ခဲခဲနဲ့ ငြိမ်ခံနေပုံရပြီး သက်ပြင်းချလိုက်တယ်။ “အိုလီရာနာက သူလည်းမြင်းရဟတ်စီးချင်တယ်ဆိုပြီး အတင်းပူဆာနေလို့လေ။”

နက်ဆန်က မြင်းရဟတ်ရှိတဲ့နေရာကို မေးငေါ့ပြတယ်။ အိုလီရာနာက ချာချာလည်နေတဲ့ မြင်းရဟတ်မှာပါတဲ့ ကျူးပစ်နတ်သား မြင်းထိန်းလုပ်နေတဲ့ ရထားလုံးပေါ်မှာထိုင်နေပြီး သူတို့ကိုလက်ယမ်းပြလို့ရယ်။

“အိုနီး-ချန်၊ ညီမလေးက တစ်ယောက်တည်း ကစားနေလည်းရတာမလို့ မမကို ကစားကွင်းတစ်ပတ် ခေါ်သွားပေးလိုက်နော်။”

ကိုယ့်အစေခံဖြစ်ပေမဲ့ တခြားတစ်ယောက်ဘက် ပါနေတဲ့ အိုလီရာနာကိုကြည့်ရင်း နက်ဆန်က စိတ်မရှည်စွာနဲ့ နှုတ်ခမ်းကို မဲ့ထားလိုက်မိတယ်။ နောက်တော့ အခုထိဖက်တွယ်ထားတဲ့ မိုနီကာကို ငုံကြည့်လိုက်ရင်း...

“မင်းသူ့ကို တစ်ခုခုလုပ်လိုက်တာလား။ စိတ်ညှို့ဆေးတို့ဘာတို့လေ။”

မိုနီကာက ခေါင်းခါလိုက်ပြီး “ကျွန်မ ဘာမှလုပ်မထားပါဘူး။ ဒါလင်ဆူမှာစိုးလို့ မိန်း...မ... ကောင်း... လေး... လို... နေနေတာလေ။”

နောက်တော့ မိုနီကာက နက်ဆန်ရဲ့လက်ကိုဆွဲပြီး ကစားကွင်းတစ်နေရာကို ခေါ်သွားတယ်။ အိုလီရာနာကတော့ သူတို့နှစ်ယောက်ရဲ့ကျောပြင်ကို လှမ်းကြည့်ရင်းနဲ့...

“ကျွန်မက သခင့်ကိုလိုက်ဖို့ အလျှော့ပေးပြီးသားမလို့ သေချာပေါက် သခင့်နှလုံးသားကို ခိုးယူဖို့ မမေ့နဲ့နော်၊ မိုနီကာ။”

....

မွန်းလွဲပိုင်း အချိန်ဖြစ်တဲ့အတွက်ကြောင့် ကစားကွင်းထဲမှာ လူတချို့ရှိနေပြီး ရာသီဥတုကတော့ အေးမြနေတယ်။ ဖွန်တီနာမြို့က ပြင်သစ်တောင်ပိုင်းကမ်းခြေမှာ ရှိတာမလို့ နှင်းမကျတော့ပေမဲ့ မိုးရွာတတ်လို့ လမ်းသွားလမ်းလာတွေက ထီးကလေးတွေဆောင်ထားတတ်ကြတယ်။ ပြောရရင် မိုနီကာလက်ထဲမှာတောင်မှ အနီရောင်ဂေါ့သစ် ထီးလေးတစ်ချောင်းပါလာသေးတာ။

“ဒါလင်၊ ကျွန်မတို့တွေ တိုက်ကားမောင်းကြမလား။”

မိုနီကာက မိုးလုံလေလုံတိုက်ကားကွင်းကို လက်ညိုးထိုး ပြလိုက်ရင်းနဲ့ နက်ဆန်ကိုမေးလိုက်တယ်။ ကလေးတွေ အများစုကစားနေတာဆိုပေမဲ့ စုံတွဲတချို့လည်းရှိပြီး အမြင်ကပ်စရာကောင်းတဲ့ကလေးတွေက စုံတွဲတွေကို ပစ်မှတ်ထားပြီး ကားမောင်းလို့မရအောင် အတင်းလိုက်တိုက်လို့။

“လုပ်ချင်တာသာလုပ်တော့....” နက်ဆန်က အလျှော့ပေးလိုက်တဲ့အတွက် မကြာခင်မှာပဲ နှစ်ယောက်လုံး တိုက်ကားတစ်စီးပေါ်ရောက်သွားပြီး ကလေးတွေဝိုင်းအမဲဖျက်တာ ခံရတော့တာပဲ။

“အားဟားဟား... ပျော်စရာကြီး....”

နက်ဆန်ကတော့ ကလေးတွေသူ့ကိုလိုက်တိုက်လို့ မရအောင်လို့ လူမဆန်တဲ့တိကျမှုမျိုးနဲ့ မောင်းနေပြီး မိုနီကာကတော့ ပျော်ရွှင်စွာအော်ဟစ်လို့။ ပုံမှန်ဆိုရင် တိုက်ကားမောင်းတာ အတိုက်ခံရဖို့နဲ့လိုက်တိုက်ဖို့ ဆိုပေမဲ့လို့ နက်ဆန်ရဲ့တက္ကစီရုပ်ရှင်ကားဆန်ဆန် အရှောင်အတိမ်းကျွမ်းပုံကြောင့် ကြည့်နေတဲ့သူတွေ အကုန်လုံး အံ့ဩကုန်ကြတယ်။

အချိန်ပြည့်သွားတဲ့အခိုက်မှာတော့ နှစ်ယောက်လုံး အပြင်ပြန်ထွက်လာပြီး မိုနီကာက ဗိုက်နှိပ်ရယ်နေတယ်။

“ဟားဟား၊ ဒါလင်က ကားမောင်းဒီလောက်ကျွမ်းမယ် ထင်မထားခဲ့ဘူး။”

“အရင်က မီးနီဖြတ်ကူးပြီး ကားတိုက်မှုဖြစ်အောင်လုပ်တဲ့ ဘက်စ်ကားသရဲကို လိုက်ဖမ်းဖို့ လေ့ကျင့်ခဲ့ဖူးတယ်။”

နက်ဆန်က ခံစားချက်မဲ့ပြီး အတက်အကျမရှိတဲ့ လေသံနဲ့ပြောပေမဲ့ မိုနီကာကကျေနပ်နေပုံရပြီး နက်ဆန်ရဲ့လက်ကို တွဲထားလိုက်ပြန်တယ်။

“ဒါနဲ့မိုနီကာ... မင်းလင်ဘိုဘုံကို မပြန်တော့ဘူးလား။”

နက်ဆန်က လေသံအေးအေးနဲ့မေးလိုက်တော့ မိုနီကာက ခေါင်းညိတ်လိုက်ရင်း... “အင်း၊ ကျွန်မရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံးကို ဒါလင်နဲ့အတူတူ ဖြတ်သန်းတော့မှာလေ။”

“ဟူး....” နက်ဆန်က စိတ်အလိုမကျစွာနဲ့ သက်ပြင်း ချလိုက်ပါတယ်။ ဒီမိန်းကလေးအကြောင်း သူကောင်းကောင်း သိထားပြီးပြီမဟုတ်လား။ ဆယ်ဗီ အကြောင်းကိုတွေးမိတော့ သူ့ရင်ထဲနာကျင်လာသလို ခံစားမိပေမဲ့ မိုနီကာကိုငြင်းဖယ်ဖို့အတွက်ကလည်း အပြစ်ရှိသလိုခံစားနေရပြန်တယ်။

“အဲဒီနေ့တုန်းက ကိစ္စအတွက် ကျေးဇူးပါ။”

“ဘာကိုလဲ....”

“ငါ့မျက်နှာဖုံးကို မင်းဖြုတ်ပေးခဲ့တာလေ။”

“ဒါလင်၊ ဒါက ကျွန်မအတွက် မပြောပလောက်တဲ့ ကိစ္စလေးပါ။”

နက်ဆန်သတိပြန်လာတာတော့ သွေးအလိမ်းလိမ်းနဲ့ ဖြစ်နေတဲ့ မိုနီကာကို အိုလီရာနာက ကုသပေးနေတာကို မြင်ခဲ့ရတယ်။ မိုနီကာသတိရလာတော့ တောင်းဆိုခဲ့တဲ့ တစ်ခုတည်းသောအရာက ဒီဒိတ်ပါပဲ။ ဒါကြောင့်မလို့ သူ့မှာခွန်အားတွေ ပျောက်ဆုံးသွားသလိုခံစားရပြီး လက်ခံခဲ့တာ။

“လာပါ၊ စိတ်ညစ်စရာတွေ တွေးပူမနေနဲ့တော့။ မိုးပျံရထားစီးကြမလား။ ဒါမှမဟုတ် ချာလည်လည်နေတဲ့ ခွက်လေးတွေစီးကြမလား။”

“မူးတဲ့ဟာတွေ ငါမကြိုက်ဘူး။”

“ဒါဖြင့်ရင် ဂိမ်းစီးတီးသွားကြမယ်။”

မိုနီကာက ဆုံးဖြတ်ပြီးတဲ့နောက် လေးတိလေးကန် ဖြစ်နေတဲ့နက်ဆန်ကို ဂိမ်းစီးတီးထဲ ဆွဲခေါ်လိုက်ပြီး မနည်းလှတဲ့တိုကင်ပြားတွေကို တကယ့်ပိုက်ဆံနဲ့ပေး လဲလှယ်လိုက်တယ်။ ပြီးနောက် နက်ဆန့်လက်ထဲကို ဒင်္ဂါးပြားအပုံလိုက်ကြီး ထည့်ပေးလိုက်ပြီး ဆော့ရမယ့် ဂိမ်းကိုပတ်ရှာတော့တာပဲ။

“အိုးဟားဟားဟား... ငါ့ဘေးမှာ ဒါလင်ရှိနေမှတော့ နင်တို့ဇွန်ဘီတွေကို ကြောက်စရာလိုသေးလို့လား။”

ပထမဆုံး သူတို့တွေ ဇွန်ဘီပစ်ဂိမ်းကစားဖြစ်တယ်။ ကျည်ကုန်တဲ့အထိ ဇွန်ဘီတွေကို သေနတ်နဲ့ပစ်ပြီးတဲ့ အခါမှာတော့ နက်ဆန်ပထမဆုံးအနေနဲ့ ပြုံးမိလာတယ်။ မိုနီကာက ဒီလောက်ဆိုးတဲ့မိန်းကလေးမဟုတ်ဘူးလို့ တွေးမိတဲ့အတွက်ပါ။

စကူးဘတ်တစ်ယောက်သာမဟုတ်ခဲ့ရင် အရင်ကလို ဆိုးယုတ်တဲ့အရာတွေလုပ်ရောလုပ်ဖြစ်မှာမလို့လား။ နောက်ဆုံးတော့ ဒီမိန်းကလေးဟာ တခြားသာမန် မိန်းကလေးတွေလိုပဲ ပျော်စရာရှိရင်ပျော်တတ်၊ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းတတ်တဲ့သူပဲလေ။

အပေါက်ပေါင်းစုံကနေ ထွက်လာတတ်တဲ့ မိကျောင်းတွေကို တူနဲ့ထုရတဲ့ဂိမ်း၊ ဘောလုံးပစ်ရတဲ့ဂိမ်း၊ ကားမောင်းတဲ့ဂိမ်း၊ လမ်းဘေး ဖိုက်တာဂိမ်းတွေကို ဆော့ကစားပြီးနောက်မှာတော့ ပါလာတဲ့ဒင်္ဂါးတွေ ကုန်သွားပြီး အပြင်ပြန်ထွက်လာကြတယ်။

မိုနီကာကတော့ ပင်ပန်းနေပုံပေါ်ပြီးတော့ နက်ဆန်ကို သိသိသာသာ ပိုမှီထားတယ်။ သူ့ပုံစံက လေတိုက်တာနဲ့ လဲကျသွားတော့မလိုပဲ။

“နည်းနည်းလောက် နားကြမလား။” နက်ဆန်က မေးတော့...

“အင်း....” မိုနီကာက လေသံဖျော့ဖျော့နဲ့ ခေါင်းညိတ်လိုက်တယ်။

...

နောက်တော့ သူတို့နှစ်ယောက်က ခုံတန်းရှည်တစ်ခုကို ရှာလိုက်တယ်။ ခုံတန်းမှာ မိုးရေတွေနဲ့စိုစွတ်နေတာ တွေ့ရတဲ့အတွက် နက်ဆန်က သူ့လက်ကိုင်ပုဝါကို ထုတ်ပြီး သန့်ရှင်းလိုက်တယ်။ ပြီးမှ မိုနီကာကိုထိုင်စေ တယ်။ နောက်တော့ လမ်းဘေးတစ်နေရာမှာ ရပ်ထားတဲ့ မုန့်ဆိုင်လေးတစ်ဆိုင်ကို သတိထားမိပြီး ပြောလိုက်တယ်။

“တစ်ခုခုစားကြမလား၊ ဘာစားချင်လဲ။” နက်ဆန့်ရဲ့ လေသံက တုံးတိဖြစ်နေပေမဲ့ အရင်လိုအေးစက် မနေခဲ့ပါဘူး။ မိုနီကာက မျက်လုံးကိုပုတ်ခတ်ပုတ်ခတ် လုပ်ရင်းကနေ နက်ဆန်ကိုမော့ကြည့်ပြီး

“ဒါလင်ကြိုက်တာ ဝယ်ခဲ့လေ။”

နက်ဆန်က ခေါင်းညိတ်ပြလိုက်ပြီး စားစရာတချို့နဲ့ ပြန်ရောက်လာပါတယ်။ တစ်ခုက နက်တယ်လာယိုသုတ် ဝါဖယ်ပူပူတစ်ချပ်ဖြစ်ပြီး တခြားတစ်ခုကတော့ ခရင်အပြည့်နဲ့သစ်သီးစုံပါတဲ့ ခရေ့တစ်ချပ်ပါ။

နက်ဆန်က မိုနီကာကာ့လက်ထဲ ခရေ့မုန့်ထည့်ပေးတဲ့ အခါမှာတော့ မိုနီကာက အံ့ဩသွားဟန်နဲ့...

“ဒါလင်က ဘယ်လိုလုပ်ပြီး မိန်းကလေးတွေ ကြိုက်တတ်တာကို သိနေတာလဲ။”

“.....” နက်ဆန်က ဘာမှမပြောဘဲ မိုနီကာဘေးမှာ ဝင်ထိုင်ပြီး သူ့ဝါဖယ်ချပ်ကိုပဲ စားနေလိုက်တယ်။ ဒါပေမဲ့မိုနီကာကတော့...

“ဒါလင်မဖြေလည်း ကျွန်မသိပါတယ်။ ဆယ်ဗီသာဆို ဘယ်မုန့်ကိုမှာမလဲဆိုပြီး တွေးလိုက်တာမဟုတ်လား။”

နက်ဆန်ရဲ့လက်ထဲက ဝါဖယ်ချပ်ပြုတ်ကျသွားတယ်။ သူ့ပုံစံက အတော်တုန်လှုပ်နေပုံပဲ။ နောက်တော့ သူက မိုနီကာကိုကြည့်လိုက်တော့ မိုနီကာကသူ့ကို ကြည့်နှင့်နေပြီး ဖြစ်နေပါပြီ။

“ဘာပဲပြောပြော ဒါလင်ချစ်တဲ့သူက ဆယ်ဗီဖြစ်ပြီး ကျွန်မမဟုတ်ဘူးလေ။”

နက်ဆန်က တစ်ခုခုပြန်ပြောချင်ပေမဲ့ သူ့လည်ချောင်း တစ်ဆို့နေသလိုမျိုးခံစားရပြီး ဘာသံမှထွက်မလာဘူး။ နောက်တော့ မိုနီကာရဲ့မျက်လုံးအကြည့်တွေကို ရဲရဲဝံ့ဝံ့ မရင်ဆိုင်ရဲတော့ဘဲ မျက်လွှာချပြီး ခေါင်းငုံထားလိုက် ပါတော့တယ်။

“ကိုယ်တောင်းပန်ပါတယ်...”

မိုနီကာဆီကနေ ရယ်သံလွင်လွင်ထွက်လာတယ်။ ပြီးတဲ့ အခါမှာတော့ နက်ဆန့်ပခုံးပေါ်ကို ခေါင်းမှီလိုက်တယ်။ မိုနီကာရဲ့ဖျော့တော့တဲ့ ဝင်လေထွက်လေက နက်ဆန်ရဲ့ လည်ပင်းကို လာရောက်ထိတွေ့ပြီး ကလူကျီစယ်လို့။ မိုနီကာရဲ့ဆံနွယ်တွေကနေ သင်းပျံတဲ့ရနံကိုလည်း ရလို့နေတယ်။

ဒါပေမဲ့နက်ဆန်ဟာ ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်ဟာ စိုးရိမ်စရာကောင်းလောက်အောင် အေးစက်နေမှန်း သတိထားမိလိုက်ပါတယ်။

“ကျွန်မလေ၊ ရုပ်ရှင်တွေထဲကလို စောတွေ့ခဲ့ရင် ကောင်းသားဆိုပြီး ပြောချင်ခဲ့ပေမဲ့ ဒါလင့်ကို အရင်ဆုံတွေ့ခဲ့ဖူးတဲ့သူက ကျွန်မဖြစ်နေခဲ့တာလေ။ ကံကြမ္မာက ကျွန်မတို့ကို ဒီလိုဖြစ်အောင် သတ်မှတ်ပေးခဲ့ပြီးသားနဲ့ တူပါနဲ့။”

“ဒါပေမဲ့ ကျွန်မဝမ်းမနည်းဘူး၊ သိလား... အနည်းဆုံးတော့ ဒါလင်က ကျွန်မရဲ့အချစ်ကို အသိအမှတ်ပြုသေးတယ်။”

“.....”

နက်ဆန်က ဒီထပ်ပိုပြီးမခံစားနိုင်တော့တာကြောင့် မိုနီကာရဲ့ပခုံးကိုဆုပ်ကိုင်ပြီး မပြောတော့ဖို့ တားချင်ခဲ့ပေမဲ့ သူလှည့်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ မိုနီကာကသူ့ပခုံးကိုမှီရင်း အိပ်ပျော်နေပြီဖြစ်တာကို သတိထားမိလိုက်တယ်။

ဒါကြောင့် သူ့လက်ကို ပြန်ချထားလိုက်ပြီး ငြိမ်ငြိမ်လေး နေဖို့ဆုံးဖြတ်လိုက်တယ်။ ဒီမိန်းကလေးရဲ့နှလုံးအိမ်ထဲ လေးလံလှတဲ့ ခံစားချက်တွေနဲ့ ပြည့်ကျပ်နေခဲ့မှန်း သူမသိခဲ့ဘူး။

အေးစက်တဲ့ လေပြေတွေ တိုက်ခတ်နေတဲ့အတွက် နက်ဆန်က သူဝတ်ထားတဲ့အနွေးထည်ကို မိုနီကာ့ပေါ် ဖြန့်ခြုံထားပေးလိုက်တယ်။

ရုတ်တရက် လေထုထဲက အငွေ့အသက်တွေ ပြောင်းလဲသွားပြီး ပင်လယ်ငါးသေတွေ အစုလိုက်အပုံလိုက် ပုပ်ပွနေတဲ့အနံမျိုးကို ရလာတယ်။

နောက်တော့ နက်ဆန်မျက်မှောင်ကြုတ်လိုက်ပြီး အဝေးတစ်နေရာကို ကြည့်လိုက်လေရဲ့။ ဆံပင်တိုတို၊ အရပ်ရှည်ရှည်၊ ဒေါင်ကောင်းကောင်းနဲ့ ပြောက်ကျားဂျာကင်နဲ့ ပြောက်ကျားဘောင်းဘီရှည်ကို ဝတ်ဆင်ထားတဲ့ အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က သူတို့ဆီကိုလျှောက်လာနေတယ်။

မျက်လုံးတစ်ဖက်က အဖြူရောင်ဖြစ်နေပြီး ဒေါင်လိုက်အမာရွတ်တစ်ခု ရှိနေတာမလို့ မျက်လုံးတစ်ဖက်ကန်းနေမှန်း သိနိုင်တယ်။ ဆံပင်က ရွှေရောင်ဖြစ်ပေမဲ့ တချို့နေရာတွေမှာ အစိမ်းရောင် ရောယှက်နေတဲ့အတွက် သေချာပေါက် နတ်တစ်ပိုင်းပေါ့။

နောက်တော့ သူတို့ရှေ့တည့်တည့်မှာရပ်လိုက်ပြီး ပါးစပ်ထဲက ဆေးပြင်းလိပ်ကို ထွေးထုတ်ကာ ခြေထောက်နဲ့နင်း မီးငြိမ်းလိုက်ရင်း...

“ဝေ့... ကြည်နူးစရာအချိန်လေးကို ဖျက်ဆီးမိလို့ စိတ်မကောင်းပေမဲ့ တစ်ယောက်ယောက်က နင့်ကို သေစေချင်နေတယ်။”

တစ်ပြိုင်နက်တည်းမှာပဲ အဲဒီမိန်းမရဲ့လက်ထဲမှာ ငွေဖြူရောင်ဓားကောက်ကြီး ပေါ်လာတယ်။ ဓားရိုးမှာတော့ ထူးခြားတဲ့ရေဘဝဲပုံစံကို ထွင်းထုထားတယ်။

All Chapters