ဓားလမ်းစဉ်၏ အထွတ်အထိပ်၊ ဓားမျှော်စင်ကို ကိုယ်တိုင် လာပို့ခြင်း
Vol. 14 Ch. 208
~အစစ်အမှန်သိုင်းတောင်၏ တံခါးဝရှေ့မှာတော့ အပ်ကျသံ တစ်စက်မှ မကြားရအောင် ငြိမ်သက်သွားလေသည်။ စောစောပိုင်းက သဲသဲရုတ်ရုတ် ဆူညံ
မြည်ဟည်းခဲ့သည်ဟု
ပြောလျှင် ယုံနိုင်ဖွယ်ပင် ရှိမည်မဟုတ်ပေ။
“အီးဟီးဟီး…”
ထိုတိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည့် တစ်ခုတည်းသော အသံကား ထန်ချုံး၏ ရှိုက်ကြီးတငင် ငိုညည်းသံပင် ဖြစ်လေသည်။
တစ်ချိန်က မြင့်မြတ်ပြီး တန်ခိုးထွားလှပါသည် ဆိုသော ဓားသိုင်းရှာဖွေ စံအိမ်၏ ဂိုဏ်းချုပ်ကြီးသည် အခုတော့ အကူအညီမဲ့နေသည့် ကလေးတစ်ယောက်လို ငိုယိုနေလေ၏။
သူ့ရှေ့မှာတော့ ဓားသိုင်းရှာဖွေ စံအိမ်မှ လူများ၏ အလောင်းတို့က ပုံလျက်သား။ သူက တုန်ယင်နေသော လက်တစ်ဖက်ကို လှမ်းလိုက်ပြီးနောက် ဓာတ်လိုက်သလို ဝုန်းခနဲ ပြန်ရုတ်လိုက်သည်။
သူ သေမှာ ကြောက်နေခဲ့ပြီ။
သူ့ကို 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က အဘယ်ကြောင့် အသက်ချမ်းသာပေးခဲ့မှန်း သူ မသိပေမဲ့ ဒီအချိန်မှာ အပိုလှုပ်ရှားမှု တစ်ခုတောင် လုပ်မကြည့်ရဲတော့ပေ။
သို့ပေမဲ့ အစစ်အမှန်သိုင်းဂိုဏ်းမှ ဘယ်သူကမှ ထန်ချုံးကို သနားမနေကြ။
အထူးသဖြင့် အစောပိုင်းက ဓားသိုင်းရှာဖွေ စံအိမ်မှ လူများ၏ (မိုးပေါ် ပျံဝဲမတတ်) မောက်မာလှသည့် မျက်နှာများကို မျက်ဝါးထင်ထင် တွေ့လိုက်ရသော တောင်စောင့်တပည့်များ ဖြစ်၏။ သူတို့ နှလုံးသားထဲမှာတော့ စကားလုံး (၂) လုံးသာ ပေါ်လာသည်။
"ထိုက်တန် တယ်"
လူတိုင်းက တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားသည့် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကြီးကိုသာ ကြည်ညိုလေးစားသော မျက်လုံးများဖြင့် မော့ကြည့်နေကြ၏။
သူတို့၏ အကြည့်များထဲတွင် ကိုးကွယ်မှုနှင့် အံ့ဩမှုတို့က လက်တွေ့ ပုံရိပ်အဖြစ် ထင်ဟပ်နေသည်။
နည်းနည်း လွန်သည်။ ခုနက ဖြစ်ပျက်သွားသည့် မြင်ကွင်းက တကယ်ကို အံ့မခန်းနိုင်လွန်းခဲ့၏။
ကောင်းကင်ဘုံဓား (၃၆) လက်က ဓားအခင်းအကျင်းတစ်ခု ဖွဲ့တည်သွားပြီး ကူချန်းဟဲကို တိုက်ရိုက် ခေါင်းဖြတ်သွားခဲ့သည်။
ရုန်းကန်ချိန် တစ်စက်ကလေးတောင် မရလိုက်ပေ။
အစစ်အမှန်သိုင်းဂိုဏ်း တပည့်တစ်ယောက်ကတော့ အတွင်းမှ နက်နဲသည့် လျှို့ဝှက်ချက်ကို သဘောပေါက်သွားပုံရ၏။
"စီနီယာ ထျန်းကျန့် သုံးသွားတာ 'ကောင်းကင် တာရာ ဓားအခင်းအကျင်း' မဟုတ်လား။ ဒါ ဒါဆို 'ကောင်းကင် တာရာ နဲ့ မြေလျှိုး ဓားအခင်းအကျင်း' ကြီးကို ဖန်တီးခဲ့တာ စီနီယာ ထျန်းကျန့် ပေါ့။"
သူတို့တွေ အံ့ဩမှင်သက်နေကြရင်း မကြုံစဖူး ထက်သန်သည့် စိတ်ဓာတ်များလည်း တောက်လောင်လာကြသည်။
“ကောင်းကင်တာရာ မြေအသူရာ ဓား အခင်းအကျင်း”က ယခုဆို အစစ်အမှန်သိုင်းဂိုဏ်း၏ အမှတ်အသား နည်းစနစ်များထဲမှ တစ်ခု ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
အရင်ကတော့ ဓားအခင်းအကျင်းကို ကြိုးကြိုးစားစား လေ့ကျင့်ကြပေမဲ့ အခုလောက် သွေးဆူပြီး အသည်းအသန် ဖြစ်ခဲ့ကြသည်တော့ မဟုတ်ခဲ့ပါ။
ယခုအခါ သူတို့သည် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နှင့် မသဲမကွဲ ဆက်နွှယ်မှုတစ်ခုကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
'တစ်နေ့နေ့ကျရင် ငါတို့လည်း 'ကောင်းကင် တာရာ နဲ့ မြေလျှိုး ဓားအခင်းအကျင်း' ကြီးကို တစ်ယောက်တည်း ထိန်းချုပ် သုံးစွဲနိုင်ခဲ့ရင် ဘယ်လိုနေမလဲ' ဟူသည့် အတွေးနက်နက်ရှိုင်းရှိုင်း တစ်ခုက သူတို့ရင်ထဲ ဝင်ရောက်လာတော့၏။
အသစ်ရောက်လာသည့် တပည့်သစ် (၃၀၀) လုံး မျက်လုံးအပြူးသား ဖြစ်နေကြပြီး သူတို့၏ အတွင်းစိတ်ထဲတွင် တိုင်းတာ၍ မရအောင် တုန်လှုပ်နေကြသည်။
ကောလာဟလဆိုသည်မှာ ဘယ်တော့မှ မျက်စိဖြင့် တပ်အပ်မြင်ရသလောက် မယုံရသည် မဟုတ်ပါလား။
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် သူတို့ တစ်ဘဝတာ ကြိုးစားအားထုတ်ရမည့် ပန်းတိုင် ဖြစ်လာဖို့ ကံကြမ္မာ ပါလာခဲ့ပြီ။
ကော်တန်က လက်သီးများကို တင်းတင်းဆုပ်ထားသည်။
သူ့မျက်လုံးများက မယုံနိုင်လောက်အောင် ပြတ်သားနေ၏။
"တစ်နေ့နေ့ကျရင် ငါ စီနီယာ ထျန်းကျန့်လောက် သန်မာအောင် လုပ်ပြမယ်။ ပြီးရင် ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းကို ကာကွယ်မယ်။"
ဒီရက်ပိုင်းများအတွင်း၌ သူ "အိမ်" ဆိုသည့် ခံစားချက်ကို ပထမဆုံးအကြိမ် ပြန်လည်ခံစားမိနေသည် မဟုတ်ပါလား။
ဒီမှာ အစားအသောက် ပေါပေါများများ ရှိသည်။ အဝတ်အစား သန့်သန့်ရှင်းရှင်း ရှိသည်။ မိုးမယိုသည့် အမိုးအကာ ရှိသည်။ ဘယ်သူကမှ သူ့ကို အထင်မသေးကြ။ သိုင်းပညာ လေ့ကျင့်၍ ရသည်။ သူ့ညီမလေးတောင် သူနှင့်အတူ တောင်ပေါ်မှာ နေခွင့်ရသည်။
ဤအရာအားလုံးက သူ့ရင်ထဲတွင် ကျေးဇူးတင်စိတ်များ အပြည့် ဖြစ်နေစေတော့၏။
လော့ဝမ်ထျန်းသည် ပတ်ဝန်းကျင်မှ တပည့်များ၏ (စိတ်ဓာတ်၊ စွမ်းအင်၊ ဝိညာဉ်)တို့ ပြောင်းလဲသွားသည်ကို ခံစားမိပြီး အတွင်းစိတ်ထဲတွင် ပြုံးလိုက်မိသည်။
(ဒါ ကောင်းတဲ့ ကိစ္စပဲ။)
တကယ်တော့ သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်ပေမဲ့ သူကိုယ်တိုင်လည်း အံ့ဩတုန်လှုပ်နေတုန်းပင်။ တိတ်တဆိတ်ပင် "ကျွတ် ကျွတ်" ဟု အံ့ဩတကြီး လျှာသပ်မိပါသည်။
…ကိုးလေးကတော့ လုပ်လိုက်ပြန်ပြီ။ ငါက သူကိုယ်တိုင် ထွက်လာပြီး 'နှလုံးသားစူးစမ်းခြင်းဓား' နဲ့ တစ်ပွဲတစ်လမ်း နွှဲဦးမယ် ထင်ထားတာ။ အခုတော့ လူတောင် ထွက်မလာဘူး။ ကျောက်စာတိုင်ကို လှုပ်လိုက်ရုံနဲ့ ကူချန်းဟဲကို အေးဆေး ရှင်းပစ်လိုက်ပါရော။…
လော့ဝမ်ထျန်းသည်
နင်ချီ၏ စွမ်းအားကို အံ့ဩမဆုံး မဖြစ်ခင်မှာပင် ထန်ချုံးဆီသို့ ပြုံးပြီး လျှောက်သွားလိုက်သည်။ သူ့အသံက နည်းနည်း တည်ငြိမ်နေသလိုနှင့်၊
"ဂိုဏ်းချုပ် ထန်။ အခု ကျွန်တော်တို့ သစ္စာဖောက်ရဲ့ ကိစ္စကို သေသေချာချာ ဆွေးနွေးလို့ ရပြီ မဟုတ်လား။"
ထန်ချုံး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားသည်။
…ဒီ ဒီ တည်ငြိမ်နေတဲ့ လော့ဝမ်ထျန်းက ငါ့မျက်လုံးထဲမှာ နတ်ဆိုး တစ်ကောင်လို ကြောက်စရာကောင်းနေပြီ။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့ ကိုယ်ပွား အတိုင်းပဲ။…
သူ ဘာကြောင့် အသက်ရှင်ကျန်ရစ်ခဲ့လဲဆိုတာ ထန်ချုံးသဘောပေါက်သွားချေပြီ။
လော့ဝမ်ထျန်း၏ မျက်လုံးများကို မကြည့်ရဲတော့ဘဲ ဒီအတိုင်းပင် တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။
"ရ..ရပါတယ်၊ ဂိုဏ်းချုပ် လော့ .. သဘောအတိုင်းပါပဲ။"
လော့ဝမ်ထျန်းက တောက်ပစွာ ပြုံးလိုက်ပြီး ထန်ချုံးကို အထဲ ဝင်ဖို့ ဖိတ်ခေါ်လိုက်သည်။ သူတို့ကြားထဲတွင် အရင်က ပဋိပက္ခများ ဘာမှ မဖြစ်ခဲ့ဖူးသည့်နှယ်။
---
အစစ်အမှန်သိုင်းတောင်၏ တောင်ခြေမှာတော့၊
အပ်ကျသံ တစ်စက်မှ မကြားရတော့ပေ။
တစ်ယောက်ပြီး တစ်ယောက် ရောက်လာသည့် သိုင်းပညာရှင်များ အခုတော့ ပန်းပုရုပ်များ ဖြစ်သွားကြပြီ။ သူတို့ ပါးစပ်များ အဟောင်းသား ဖြစ်နေတုန်းပင်။
ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့် အလောင်းများကို စိုက်ကြည့်နေကြရင်း နည်းနည်း မယုံကြည်နိုင်သလို ဖြစ်နေကြသည်။
သူတို့က ဒဏ္ဍာရီလာ တိုက်ပွဲကြီး တစ်ပွဲကို မျှော်လင့်ထားခဲ့ကြသည်လေ။
သို့ပေမဲ့ မမျှော်လင့်ဘဲ ဤသို့ အဆုံးသတ်သွားခဲ့သည်။
'နှလုံးသားစူးစမ်းခြင်းဓား' သည် ဤမျှ လွယ်လွယ်ကူကူ ဖြေရှင်းခံလိုက်ရပြီး 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က လူတောင် ထွက်မလာခဲ့ပေ။ ဤအဖြစ်က လူတိုင်း၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ချန်ရှင်းက အသက် အောင့်ထားမိသည်။ ပြီးမှ ချန်ယွဲ့ကို ဒေါသတကြီး စိမ်းစိမ်းကြည့်လိုက်၏။
"ဟဲ့ ၊နင် ငါ့ကို ဘာလို့ လာလိမ်ဆွဲနေတာလဲ။"
ချန်ယွဲ့က မသဲမကွဲ ရေရွတ်လိုက်သည်။
"ဒါ အပြင်မှာ တကယ် ဖြစ်နေတာ။ 'နှလုံးသားစူးစမ်းခြင်းဓား' 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သတ်တာ ခံလိုက်ရပြီ။"
ချန်ရှင်း၏ နားထင်တွင် သွေးကြောများ ထောင်ထလာသည်။ သို့ပေမဲ့ သူမ၏ စိတ်တိုမှုက သက်ပြင်းရှည်ကြီး တစ်ချက်အဖြစ် အမြန် ပြောင်းလဲသွား၏။ သူမ မျက်လုံးထဲမှ တုန်လှုပ်မှုက ချန်ယွဲ့ထက် မနည်းပေ။
"ဒီ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' တကယ် ကြောက်စရာ ကောင်းတာပဲ။ အရင်က ငါထင်ခဲ့တာ အစစ်အမှန်သိုင်းဂိုဏ်းက မင်းသားနဲ့ ဆက်သွယ်မှု ရှိတာ ကံကောင်းတာလို့ ထင်နေတာ။ မင်းသားလေးကို လက်ခံထားဖို့ အစစ်အမှန်သိုင်းဂိုဏ်းက သေးလွန်းတယ်လို့ အမြဲ ခံစားနေခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ရတာ ငါ ..တိမ်တိမ်တွေး ၊တိမ်တိမ်မြင် ဖြစ်သွားခဲ့တာပဲ။ မင်းသားက တကယ့် မင်းသား အစစ်ပဲ။ ဖြစ်နိုင်တာက သူ ဒါတွေကို ကြိုသိနေခဲ့တာ နေမှာ။"
ချန်ယွဲ့ကလည်း ချန်ရှင်းစကားကို ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ပြီးတော့ သူမ အာရုံလွှဲနေတုန်း ချန်ရှင်းက သူမကို ပြန်လိမ်ဆွဲလိုက်သဖြင့် နာကျင်သွားပြီး မျက်နှာလေး ရှုံ့မဲ့သွားရ၏။
အမွှာညီအစ်မ (၂) ယောက်ကတော့ ဤပုံကားချပ်ကြီးထဲမှ အသေးအဖွဲ အစိတ်အပိုင်းလေး တစ်ခုပါပင်။
သိုင်းပညာရှင် ထောင်ပေါင်းများစွာ အားလုံး တုန်လှုပ် နေကြသည်။
ဖြစ်စဉ်အားလုံး ပျောက်ကွယ်သွားပြီး ထန်ချုံးလည်း လော့ဝမ်ထျန်းနှင့် တခြားလူများနောက် အမြီးကုပ်ပြီး တောင်တံခါးဝထဲ ဝင်ရောက် ပျောက်ကွယ်သွားမှ အံ့ဩတကြီး အာမေဋိတ်သံ လှိုင်းလုံးကြီး တဝေါ ဝေါ ထွက်ပေါ်လာတော့သည်။
"အလိုလေး…'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့ အစွမ်းက တိုင်းတာလို့ မရတော့ဘူး။ ကောင်းကင်ဘုံ လူသား အဆင့် စာရင်းမှာ အဆင့် (၃၆) ဟုတ်လား။ ဒါ ဒီတစ်ခေါက် အဆင့်စာရင်းရဲ့ အကြီးမားဆုံး အမှားပဲ။"
"ဘုရား ဘုရား..ဒီအဆင့် (၁၄) က ဒီလောက်တောင် ရစရာမရှိအောင် ရှုံးသွားတာ။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင် သေချာတယ်။ မဟုတ်ဘူး ထိပ်ဆုံး (၅) ယောက်တောင် ဖြစ်နိုင်တယ်။"
"ဘယ်သူက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သက်တမ်း နည်းနည်းပဲ ကျန်တော့တယ် ပြောတာလဲ။ ဖြစ်နိုင်တာက သူက အသက်ကြီးမှ ပွင့်တဲ့ ဓားနတ်ဘုရား အဘိုးကြီး ဖြစ်နေပြီး သက်တမ်း မကုန်ခင် ဓားသူတော်စင် အဆင့်ကို ရောက်သွားနိုင်တယ်။ နောက်ထပ် နှစ်တစ်ထောင်လောက် နေဦးမယ့် ပုံစံကြီးဟ။"
စိတ်လှုပ်ရှားနေသော ဆွေးနွေးမှုများ ပေါက်ကွဲ ထွက်ပေါ်လာသည်။
လူများ သူတို့၏ အတွင်းစိတ်ထဲမှ တုန်လှုပ်မှုများကို ဘာမှ အားမနာတော့ဘဲ ထုတ်ဖော် ပြောနေကြချေပြီ။
သူတို့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ စွမ်းပကားကို တတ်နိုင်သလောက် မြှောက်ပင့် ပြောနေကြသည်။
နောက်တစ်ခါ "ပါးရိုက်" မခံရအောင် ကြိုတင် ကာကွယ်နေကြသည့် ပုံစံမျိုးလေလား။
အကယ်၍သာ ကောင်းကင်ဘုံ လူသား အဆင့် စာရင်း၏ ထိပ်ပိုင်း အဆင့်များကို ကြောက်မက်ဖွယ် အစွမ်းသတ္တိများ ပိုင်ဆိုင်ထားသည့် ပြိုင်ဘက်ကင်း ရှေးဟောင်း မိစ္ဆာကြီးများက သိမ်းပိုက် မထားခဲ့လျှင် သူတို့က 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို နားလည်ရခက်သည့် အဆင့်တစ်ခုမှာ ထားဖို့ "မဟာ ပြစ်မှုကြီး" ကို ကျူးလွန်ရဲခဲ့ကြလောက်သည်။
သို့သော်ငြား ဤသို့ ဖြစ်နေရင်တောင်မှ၊
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် ဓားသမားတစ်ယောက်၏ အထွတ်အထိပ် နေရာကို ထိတွေ့ နိုင်ခဲ့ပြီ ဖြစ်သည်။
ဓားသမားအချို့ မထိန်းနိုင်တော့ဘဲ သူ့ကို ကောင်းကင်ဘုံ လူသား အဆင့် စာရင်း၏ အဆင့် (၅) နေရာမှ "'နေကို လိုက်သော ဓားဘုရင်'" နှင့် နှိုင်းယှဉ် ပြောဆိုနေကြ လေပြီ။
'နေကို လိုက်သော ဓားဘုရင်' ဆိုသည်မှာ တကယ့် ဓားလမ်းစဉ် ဒဏ္ဍာရီ တစ်ပါး။ "ကမ္ဘာ့ နံပါတ်တစ် ဓားသမား" အဖြစ် နှစ်ပေါင်း (၂၀၀) တိုင်တိုင် စိုးမိုးခဲ့ပြီး ဘယ်သူကမှ သူ့ကို စိန်မခေါ် နိုင်ခဲ့ပေ။
သူ၏ မရေမတွက်နိုင်သော အောင်မြင်မှု တစ်ခုချင်းစီတိုင်းက လောကအား ကိုင်လှုပ် ခဲ့သည်ချည်း ဖြစ်ပြီး ဘယ် ဓားသမားကမှ သူ့ဘေးတွင် ယှဉ်တွဲ ရပ်တည်ဖို့ မဝံ့ရဲခဲ့ကြပေ။