မဟာအကြီးအကဲ၊ ကြီးမားသောဖိအားဖြင့် ချဉ်းကပ်လာခြင်း (၂)
Vol. 14 Ch. 197
~ကူချန်းဟဲ စကားပြောရင်း၊ သူ၏ မျက်လုံးများထဲ၌ ဂုဏ်ယူဝံ့ကြွားမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
လူတိုင်းက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြ၏။
"မဟာအကြီးအကဲအတွက် ဂုဏ်ယူပါတယ် ။"
ထန်ချုံးက ပြုံးလျက်
"ဒါဆို ကျွန်တော် တစ်ယောက်ယောက်ကို အကြောင်းပြန်လွှာ ပို့ခိုင်းလိုက်ပါ့မယ် ခင်ဗျာ ။"
ကူချန်းဟဲက ခေါင်းအသာငြိမ့်လိုက်ပြီး၊ သူ၏အကြည့်များသည် ချင်ပြည်နယ်ရှိရာဘက်သို့ လှည့်သွားကာ၊ သူ၏အတွင်းစိတ်ထဲ၌ တိုက်ပွဲခေါ်သံတစ်ခု နိုးထလာခဲ့သည်။ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး လှုပ်ရှားမှုမပြုရသည်မှာ ကြာပြီဖြစ်သောကြောင့်၊ သူ၏လက်များမှာ အနည်းငယ် ယားယံနေသကဲ့သို့ ဖြစ်နေသည်။
'အဲ့ဒီ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် ဆိုတဲ့လူ မကျေနပ်ဘူးဆိုရင် လာခဲ့လိုက်ပေါ့ ။'
ရက်အနည်းငယ် ကြာပြီးနောက်၊
အစစ်အမှန်သိုင်းတောင်။
တောက်ပအလင်း သိုင်းခန်းမဆောင် အတွင်း။
လော့ဝမ်ထျန်းသည် စာလွှာကို ဖြန့်လိုက်ရင်း၊ သူ၏မျက်နှာပေါ်၌ ဒေါသကို ကြိတ်မှိတ်
ဖုံးကွယ်ထားရသည်။ တာအိုဆရာ လုံရှန်းနှင့် နင်ချီတို့လည်း ၎င်းကို ဖတ်ကြည့်လိုက်ကြ၏။
နင်ချီ၏ မျက်လုံးများက လျှပ်ခနဲ ဖြစ်သွားသော်လည်း၊ သူက တည်ငြိမ်နေဆဲ ဖြစ်သည်။
သို့သော် တာအိုဆရာ လုံရှန်းကမူ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး
"ကြည့်ရတာ ဓားသိုင်းရှာဖွေ စံအိမ်က သူတို့ကိုယ်သူတို့ သိပ်ကြီးကျယ်နေတော့ ဘာမှ ဝန်ခံစရာမလိုဘူးလို့ ထင်နေပုံပဲ ။"
စာလွှာပါအကြောင်းအရာမှာ ရိုးရှင်းလှပြီး၊ အသုံးပြုထားသော စကားလုံးများကလည်း အလွန်ယဉ်ကျေးလှ၏။ အဓိကအားဖြင့် အစစ်အမှန်သိုင်းဂိုဏ်း၏ စစ်ဆေးမှုတွင် သူလျှိုများ အများအပြား ရောနှောပါဝင်နေသည့်အတွက် ဝမ်းနည်းကြောင်း ဖော်ပြထားသော်လည်း၊ ဓားသိုင်းရှာဖွေ စံအိမ်အနေဖြင့် မည်သည့်သူလျှိုမျှ စေလွှတ်ခဲ့ခြင်းမရှိဘဲ၊ အစစ်အမှန်သိုင်းဂိုဏ်းဘက်က တစ်စုံတစ်ယောက်ကို မှားယွင်းသတ်မှတ်မိလေသလားဟု တွေးမိကြောင်း ရေးသားထားသည်။ အကယ်၍ အကူအညီ တစ်စုံတစ်ရာ လိုအပ်ပါက၊ ဓားသိုင်းရှာဖွေ စံအိမ်သည် အချိန်မရွေး ကူညီရန် အသင့်ရှိပါသည်ဟူ၏။
စကားလုံးများ၏ အပေါ်ယံအဓိပ္ပာယ်မှာ အလွန်ကောင်းမွန်စွာ ဖန်တီးထားသော်လည်း၊ တောင်းပန်ခြင်း သို့မဟုတ် လျော်ကြေးပေးခြင်း
အကြောင်း တစ်စက်ကလေးမျှ ဖော်ပြထားခြင်း မရှိပေ။
အတွင်းသဘောအရ၊ ထိုစကားလုံးများထဲတွင် အထက်စီးဆန်သော လေသံတစ်ခု ပါဝင်နေသကဲ့သို့ ရှိသည်။
ဓားသိုင်းရှာဖွေ စံအိမ်နှင့် နှိုင်းယှဉ်လျှင်၊ အစစ်အမှန်သိုင်းဂိုဏ်းသည် အမှန်ပင် လမ်းစလျှောက်ခါစ ကလေး တစ်ယောက်သဖွယ် ဖြစ်နေသေး၏။
"ကောင်းကင်ဘုံ လူသား အဆင့် စာရင်းမှာ အဆင့် (၁၄) ချိတ်နေတဲ့ 'နှလုံးသားစူးစမ်းခြင်းဓား' ကူချန်းဟဲက သူတို့ကို တော်တော်လေး ယုံကြည်မှု ပေးထားပုံ ရတယ် ။"
လော့ဝမ်ထျန်းသည် မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ဤအချက်ကို ကြိုတင်စဉ်းစားမိခဲ့သော်လည်း၊ ဓားသိုင်းရှာဖွေ စံအိမ်က ဤမျှလောက် စိုးမိုးခြယ်လှယ်ပြီး မျက်နှာပြောင်တိုက်လိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။
'အခု ဘယ်လိုလုပ်ရမလဲ ။'
သူ၏စိတ်ထဲ၌ အတွေးများ ပြေးလွှားနေသည်။
ဤကိစ္စအတွက် သူတို့၏တံခါးဝအထိ သွားရောက်တိုက်ခိုက်မည်ဆိုလျှင်၊ ဂိုဏ်းဘက်မှ အကြောင်းပြချက် ခိုင်လုံသော်လည်း၊ အနည်းငယ် လက်လွတ်စပယ်နိုင်ပြီး သိပ်မခန့်ညားလှဟု ထင်ရပေမည်။
သို့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ပါက။
သူတို့သည် လှောင်ရယ်ခံရမည့်ဘက်သို့ ပြန်ရောက်သွားပေလိမ့်မည်။
အစစ်အမှန်သိုင်းဂိုဏ်းသည် လွယ်ကူသော ပစ်မှတ်များကိုသာ ရွေးချယ်တိုက်ခိုက်ပြီး၊ မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်ကိုမူ လျစ်လျူရှုထားကာ၊ ပုံသဏ္ဌာန်မဲ့ဂိုဏ်းနှင့် ဓားသိုင်းရှာဖွေ စံအိမ်ကိုသာ ပြင်းပြင်းထန်ထန် ဖိအားပေးနေသည်ဟု ပြောဆိုနေကြသည့် အသံများ ရှိနှင့်ပြီးသား ဖြစ်သည်။ အကယ်၍ ဤကိစ္စသည် ရုတ်တရက်ကြီး အဆုံးသတ်သွားပါက၊ အစစ်အမှန်သိုင်းဂိုဏ်းအတွက် အလွန် နစ်နာစရာ ရှိချေသည်။
နင်ချီသည်လည်း အလေးအနက် တွေးတောနေသည်။
'ပြေလည်အောင် ဖြေရှင်းမယ်ဆိုရင်၊ သေသေချာချာနဲ့ ချောချောမွေ့မွေ့ ပြီးသွားအောင် ဖြေရှင်းရမယ်။'
မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်မှာ သူတို့၏ဌာနချုပ်ကို ရှာဖွေရန် ခက်ခဲနေခြင်းသာဖြစ်ပြီး၊ သွားရောက်မတိုက်ခိုက်ရဲလောက်အောင် ကြောက်လန့်နေခြင်းကား မဟုတ်ပါ။ အခွင့်အရေးသာ ပေါ်ပေါက်လာလျှင်၊ နင်ချီသည် မိုးကြိုးပစ်သကဲ့သို့ ထိုးနှက်တိုက်ခိုက်မည်သာ ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ၊ ဓားသိုင်းရှာဖွေ စံအိမ်သည် အာဏာတည်ဆောက်ရန်အတွက် ပစ်မှတ်တစ်ခုအဖြစ် အသုံးတော်ခံနိုင်ပေလိမ့်မည်။
မကြာသေးမီက၊ ယခင် တောင်ပိုင်းနယ်စပ် ချင်ပြည်နယ် အမာခံ စခန်း၏ ပျက်စီးမှုအပေါ် သံသယဝင်မှုများကြောင့် မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့ ပူးပေါင်းပြီး အစစ်အမှန်သိုင်းတပည့်များကို ပစ်မှတ်ထား လာမည်ကို သူ စိုးရိမ်နေခဲ့သည်။ ထိုသို့သာ ဖြစ်လာပါက၊ သူ့ထံ၌ ကောင်းကင်ကိုပင် ထွင်းဖောက်နိုင်စွမ်း ရှိနေဦးသော်လည်း၊ အရာအားလုံးကို နိုင်နင်းအောင် ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
အကောင်းဆုံး ဖြေရှင်းနည်းမှာ တစ်ဦးကို စံနမူနာပြ၍ အခြားသူများကို သတိပေးကာ အာဏာကို တည်ဆောက်ခြင်းပင် ဖြစ်သည်။
မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့အား သတိကြီးကြီးထားသွားစေရန် လုံလောက်သော စွမ်းပကားကို ပြသရပေမည်။
အကောင်းဆုံးမှာတော့ မပင်မပန်းဘဲ အောင်မြင်ခြင်း ဖြစ်၏။
လက်ရှိအခြေအနေတွင် ဤသည်မှာ မလုံလောက်သေး။ ဓားသိုင်းရှာဖွေ စံအိမ်အား သူတို့ကိုယ်တိုင် ရှေ့ထွက်လာစေရန် ဖန်တီးရပေမည်။
'တကယ်လို့ မူလက ဓားသိုင်းရှာဖွေ စံအိမ်ကသာ ရိုးရိုးသားသား တောင်းပန်ဖို့ ဆန္ဒရှိခဲ့ရင်၊ ငါလည်း တခြားနည်းလမ်းတွေ စဉ်းစားမိချင် စဉ်းစားမိမှာ။ ဒါပေမဲ့ အခု သူတို့က လူလိုမသိတတ်မှတော့ ဓားသိုင်းရှာဖွေ စံအိမ်ကိုပဲ 'ကြက်' လုပ်ပြီး အပြစ်တင်လို့ မရတော့ဘူး ။'
နင်ချီက ဖြည်းညင်းစွာ စကားဆိုသည်။
"ဖြစ်နိုင်တာကတော့ ကျွန်တော်တို့ 'လွှမ်းမိုးနိုင်တဲ့ အင်အား' ကို သုံးလို့ရနိုင်ပါတယ် ။"
လော့ဝမ်ထျန်းနှင့် တာအိုဆရာ လုံရှန်းတို့ နှစ်ဦးလုံး သူ့ကို လှည့်ကြည့်လိုက်ကြသည်။
နင်ချီက ဆက်လက်၍
"အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို ထူထောင်ထားတာ အချိန်အတန်အသင့် ရှိပါပြီ။ တကယ်လို့ ကျွန်တော်တို့က ရုတ်တရက်ကြီး အများပြည်သူကို ဖွင့်မပေးတော့ဘူးဆိုရင် ဘယ်လိုဖြစ်သွားမလဲ ။"
လော့ဝမ်ထျန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး၊ သူက လျင်မြန်စွာ သဘောပေါက်သွားသည်။
"ဒီအချိန်အတောအတွင်းမှာ ဓားသမားအများကြီးက ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းကနေ အကျိုးအမြတ်တွေ ရထားကြတာ။ သူတို့ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ရဲ့ အရသာကို မြည်းစမ်းမိသွားပြီ။ ရုတ်တရက်ကြီး ဖွင့်မပေးတော့ဘူးဆိုရင် သူတို့တွေ ရူးသွားကြလိမ့်မယ် ။"
တာအိုဆရာ လုံရှန်းသည်လည်း ပြုံးလိုက်မိသည်။
လော့ဝမ်ထျန်းက ဆက်ပြောသည်။
"ကိုးလေး မင်းဆိုလိုတာက ဓားသိုင်းရှာဖွေ စံအိမ်ကို လက်နက်ချခိုင်းဖို့ အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို အသုံးချမလို့လား ။"
သူ၏စိတ်ထဲတွင် အတွေးများ စတင်စီးဆင်းလာသည်။
"အကြံကောင်းပဲ ။"
"ဓားသိုင်းရှာဖွေ စံအိမ်က ငါတို့ကို လူမှားမှတ်မိတာလို့ ပြောတယ်။ ဒါဆို ငါတို့လည်း တောင်ကို ပိတ်တံဆိပ်ခတ်ပြီး သူလျှိုတွေကို သေချာစစ်ဆေးနေတယ်၊ သူတို့ လွတ်မြောက်မသွားအောင် ကာကွယ်နေတယ်လို့ အကြောင်းပြလို့ရတာပဲ။ ဒီကြားထဲမှာ အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို အများပြည်သူအတွက် ဖွင့်မပေးတော့ဘူး။ ဓားသမားတွေက မစိုးမရိမ် ဖြစ်လာကြမှာ သေချာတယ်။ ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်သေးဘူး။ အဲ့ဒီ ဓားသမားတွေက ဓားသိုင်းရှာဖွေ စံအိမ်ကို အာရုံစိုက်ကြမှာ မဟုတ်သေးဘူး ။"
"ဒါဆို ငါတို့က ဒီစစ်ဆင်ရေးကို ကောင်းကောင်း စီမံခန့်ခွဲရမယ်။ ဓားသိုင်းရှာဖွေ စံအိမ်ရဲ့ စာလွှာထဲက အကြောင်းအရာ တစ်စိတ်တစ်ပိုင်းကို တိတ်တိတ်လေး ပြန်ပေါက်ကြားစေရမယ်။ ဒီလိုဆိုရင် ငါတို့က သူတို့ရဲ့ သူလျှိုတွေကို စစ်ဆေးဖို့ တောင်ကို ပိတ်လိုက်တာဆိုတာကို ဓားသမားတွေ သိသွားကြလိမ့်မယ်။ အဲ့ဒီအခါကျရင် ဖိအားတွေက ဓားသိုင်းရှာဖွေ စံအိမ်ဘက်ကို သဘာဝအတိုင်း ရောက်သွားရော ။"
လော့ဝမ်ထျန်းသည် ပြောနေရင်း အတွေးများ ပိုမိုစီးဆင်းလာကာ မျက်လုံးများ၌ အရောင်များဖြင့် ပြည့်နှက်လာသည်။
"ဒီဓားသမားတွေရဲ့ ကျင့်ကြံမှုအဆင့်က မနိမ့်ဘူး။ သူတို့ထဲမှာ ကောင်းကင်ဘုံလူသားနယ်ပယ် ဓားသမားတချို့တောင် ပါတယ်။ ကောင်းကင်ဘုံ လူသား အဆင့် စာရင်းဝင် တစ်ယောက်၊ နှစ်ယောက်တောင် ပေါ်လာဖူးသေးတယ်။ မူလအမြုတေ နယ်ပယ် ဓားသမားတွေဆို ပိုတောင်များသေး။ ဒီလိုမျိုး ထိန်းချုပ်လို့မရတဲ့ အင်အားစုကြီးကို ဓားသိုင်းရှာဖွေ စံအိမ်ကလည်း ကြောက်ရလိမ့်မယ် ။"
"ဒါပေမဲ့ ငါတို့ ဒါကို သေချာကိုင်တွယ်ရမယ်။ ဒီဓားသမားတွေက ငါတို့က သူတို့ကို အရုပ်လို အသုံးချနေတယ်လို့ မခံစားရအောင် လုပ်ရမယ်။ မဟုတ်ရင် ပြောင်းပြန်သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒီလိုဖြစ်နိုင်ခြေက နည်းပါတယ်။ ငါတို့က သူတို့ကို လမ်းကြောင်းလေးပဲ ကောင်းကောင်းညွှန်ပေးလိုက်ရုံပဲ။ တစ်ကမ္ဘာလုံးက ဓားသမားအများကြီးက ကိုးလေး၊ မင်းရဲ့ ဓားကျောက်စာတိုင်ကနေ အကျိုးအမြတ်တွေ ရထားတာကို သူတို့ ကောင်းကောင်းသိကြတယ်။ သိပ်ပြီး အလွန်အကျွံ မဖြစ်အောင် လူအများစုက ငါတို့ဘက်မှာ ရပ်တည်ကြမှာပါ ။"
"အဲ့ဒီအချိန်ကျရင် တစ်ကမ္ဘာလုံးက ဓားသမားတွေက အင်အားကြီးတစ်ခု ဖြစ်လာပြီး ဓားသိုင်းရှာဖွေ စံအိမ်ကို တုံ့ပြန်ခိုင်းလိမ့်မယ် ။"
"သူတို့မှာ ရွေးစရာ နှစ်လမ်းပဲ။ ခေါင်းငုံ့ပြီး လက်နက်ချမလား ဒါမှမဟုတ် အစစ်အမှန်သိုင်းတောင်ကို တက်လာမလားပဲ ။"
လော့ဝမ်ထျန်း၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း လေးနက်တည်ကြည်လာသည်။
"ဓားသိုင်းရှာဖွေ စံအိမ်ရဲ့ လက်ရှိအပြုအမူကို ကြည့်ရတာ ခေါင်းငုံ့မယ့်ပုံ မပေါ်ဘူး။ အဖြစ်နိုင်ဆုံးကတော့ သူတို့ အစစ်အမှန်သိုင်းတောင်ကို တက်လာလိမ့်မယ်။ ဖြစ်နိုင်ရင် အဲ့ဒီ 'နှလုံးသားစူးစမ်းခြင်းဓား' ကိုယ်တိုင်တောင် ရောက်လာနိုင်တယ် ။"
သူစကားကို ခဏရပ်လိုက်ပြီး၊ နင်ချီကို ကြည့်လိုက်သည်။
နင်ချီကမူ လက်ဖက်ရည်ကို မှုတ်သောက်ရင်း ခပ်ဖွဖွ ပြုံးလိုက်ရုံသာ။
"ဒီလိုဆို ပိုတောင် ကောင်းပါသေးတယ် ။"
ရိုးရှင်းသော စကားသုံးလုံးသည် လော့ဝမ်ထျန်း၏ စိတ်ဝိညာဉ်ကို တောက်ပသွားစေသည်။ သူသည် နင်ချီ၏ ရည်ရွယ်ချက်ကို ရုတ်တရက် နားလည်သွား၏။ ဖြစ်နိုင်သည်မှာ အစကတည်းက သူသည် ဓားသိုင်းရှာဖွေ စံအိမ်ကို လက်နက်ချစေရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ၊ သူတို့ကို အစစ်အမှန်သိုင်းတောင်သို့ လာရောက်ရန် တွန်းအားပေးရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပေမည်။
သူ၏နှလုံးသားထဲ၌ မယုံနိုင်စရာ အတွေးတစ်ခု ထွက်ပေါ်လာပြီး၊ မထိန်းနိုင်ဘဲ ထုတ်မေးလိုက်မိတော့သည်။
"ကိုးလေး မင်း မင်းက ဓားသိုင်းရှာဖွေ စံအိမ်အထိ သွားရမယ့် ဒုက္ခကို ရှောင်ချင်လို့ အဲ့ဒါကြောင့် ဒီနည်းလမ်းကို စဉ်းစားလိုက်တာ မဟုတ်လား ။”