မင်းကို ဖော်ထုတ်ဖို့ ဒီကို ရောက်လာပြီ
Vol. 2 Ch. 12
[ ဘုရားရေ။ ဒါက အရမ်းကို ရင်ထဲ ထိတာပဲ။ စထွင်မာက ပိုက်ဆံလိမ်ချင်ရုံသက်သက်ပဲလို့ ငါ တကယ် သံသယဝင်ခဲ့မိတာ... ]
[ တကယ်ကို စိတ်ဓာတ်ခွန်အား ရစရာပဲ။ သူ့ကို သံသယဝင်မိခဲ့တဲ့ ငါက တကယ့်ကို ငတုံးပဲ ]
[ စထွင်မာ။ တောင်မတက်နဲ့တော့။ ငါ မင်းကို လက်ဆောင်တွေ ပို့ပေးမယ် ]
ချန်ဟွိုက်အန်၏ ရင်ထဲမှလာသော စကားများက တိုက်ရိုက်လွှင့် စကားဝိုင်းရှိ လေထုကို ပြောင်းလဲသွားစေခဲ့သည်။ သံသယများ ကျန်ရှိနေသေးသော်လည်း အချို့က သူ့ကို စတင် ယုံကြည်လာကြပြီး အခြားသူများကမူ ထိုက်ရှန်းတောင်သို့ လာရောက်၍ သူ၏ ကားများကို ကိုယ်တိုင် အတည်ပြုရန် ရည်ရွယ်ထားကြောင်း ပြောကြသည်။
“ထိုက်ရှန်းတောင်ပေါ်မှာ ကျွန်တော့်ကို လာဖော်ထုတ်ဖို့ စီစဉ်နေတဲ့ မိတ်ဆွေ၊ အခုပဲ ထွက်လာခဲ့ဖို့ ကြိုဆိုပါတယ်။ ကျွန်တော် ည ၁၂နာရီတိတိမှာ တောင်စတက်မှာပါ။ အဲဒီမတိုင်ခင် ဘယ်ကိုမှ သွားမှာ မဟုတ်ပါဘူး။”
ထိုကြေငြာချက်က စကားဝိုင်းတွင် နောက်ထပ် တုံ့ပြန်မှု လှိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
“ကုလို့မရတဲ့ အရိုးကင်ဆာနဲ့ ထိုက်ရှန်းတောင် တက်မယ် ဟုတ်လား။ ရယ်စရာ ကောင်းလိုက်တာ...”
ကွန်ပျူတာရှေ့ အွန်လိုင်းဂိမ်းတစ်ခု၌ ဆက်တိုက် ရှုံးနိမ့်မှုကြောင့် ဒေါသထွက်နေသော လူငယ်တစ်ဦးက ဒေါသပုန်ထနေ၏။ “ဒီည ဒေါသထွက်လွန်းလို့ အိပ်မရတော့မယ်အတူတူ ဒီကိစ္စကို ရှင်းလိုက်တာပဲ ကောင်းတယ်။”
သူက စကားဝိုင်းတွင် မက်ဆေ့ခ်ျတစ်ခု ချန်ထားခဲ့သည်။
“ငါနေတဲ့နေရာကနေ ထိုက်ရှန်းတောင်ကို ကားမောင်းသွားရင် တစ်နာရီပဲ။ အားလုံး စောင့်နေကြ။ ငါ ဒီကောင့်ကို သွားဖော်ထုတ်မယ်။”
သူ၏ သော့များကို ဆွဲယူပြီး တံခါးကို ဆောင့်ဖွင့်ကာ ထွက်သွားခဲ့သည်။
အင်တာနက်ပေါ်တွင် လိမ်လည်သူများ ပြည့်နှက်နေပြီး ပိုးဟပ်များကဲ့သို့ ပွားများနေကြ၏။ တစ်ယောက်ကို ဖော်ထုတ်လိုက်ခြင်းက အပေါ်ယံသာ ရှိသေးသည်။ အကယ်၍ သူက အွန်လိုင်း လိမ်လည်သူများကို လက်ပူးလက်ကြပ် မဖမ်းနိုင်လျှင်ပင် တိုက်ရိုက်လွှင့်ပြီး သနားစရာ ဇာတ်လမ်းခင်းနေသူ တစ်ယောက်ကိုမူ သေချာပေါက် ကိုင်တွယ်နိုင်ပေလိမ့်မည်။
ချန်ဟွိုက်အန်က ထိုမက်ဆေ့ချ်များကို မြင်ပြီး စိန်ခေါ်မှုကို ကြိုဆိုခဲ့သည်။ လူများလေ ပိုကောင်းလေပင်။ သူက အမှန်တကယ် ကင်ဆာ ဖြစ်နေကြောင်း သက်သေပြနိုင်ရုံ သာမက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုပါ လူကြိုက်များလာစေလိမ့်မည်။ အကယ်၍ သူ၏ ကြည့်ရှုသူ အရေအတွက်က အဆင့်မြင့် အကောင့်များ၏ အာရုံစိုက်မှုကို ရရှိခဲ့လျှင် ငွေရှာနိုင်မည့် အခွင့်အလမ်းများ မိုးထိ မြင့်သွားပေလိမ့်မည်။
“အားလုံးပဲ ဖောလိုးလုပ်ဖို့ မမေ့ကြနဲ့နော်။ ကျွန်တော့်မှာ အချိန် သိပ်မကျန်တော့ဘူး။ အခုအချိန်မှာ ကျွန်တော်က အချိန်နဲ့အပြိုင် ပြေးလွှားနေရတာ။ ဒီတောင်တက်ပြီးရင် လေထီးခုန်တာတို့၊ ကြိုးချည်ခုန်တာ တို့လိုမျိုး အစွန်းရောက် အားကစားတွေ စမ်းကြည့်ဖို့ အစီအစဉ် ရှိပါတယ်။”
သူ၏ စကားများက စကားဝိုင်းကို နောက်တစ်ကြိမ် မီးဟုန်းဟုန်းတောက်စေခဲ့ပြီး လှောင်ပြောင်မှုနှင့် အားပေးမှုပါ နှစ်မျိုးလုံးကို ဆွဲဆောင်နိုင်ခဲ့၏။
သန်းခေါင်ချိန် ရောက်သောအခါ မျက်လုံးများ အားလုံးက ချန်ဟွိုက်အန် အမှန်တကယ် ကင်ဆာ ဖြစ်မဖြစ်နှင့် ထိုက်ရှန်းတောင်ထိပ်သို့ ငါးနာရီအတွင်း ရောက်နိုင်မရောက်နိုင် သိနိုင်ရန် ရောက်ရှိနေကြပြီ ဖြစ်သည်။ အကယ်၍ သူ မရောက်နိုင်လျှင် ပရိသတ်များက အမှန်တရားကို ဖော်ထုတ်ပေးမည့်သူများဟု ဆိုကြသူများကို အားကိုးနိုင်မည်။
ထို့ပြင် ပွဲကြီးပွဲကောင်း တစ်ပွဲကို ကြည့်ရှုရမည် ဖြစ်သည်။
အချိန် နီးကပ်လာသည်နှင့်အမျှ ချန်ဟွိုက်အန်က ပစ္စည်းများကို ပြန်လည် စစ်ဆေးလိုက်သည်။ ကုမရသော ကင်ဆာရောဂါနှင့် တောင်တက်ရန် ကြိုးစားရာတွင် ပေါ့ပေါ့ပါးပါး သွားလာရန် လိုအပ်၏။ အစပိုင်းတွင် သူက ပါဝါဘန့် နှစ်လုံး ယူသွားရန် စီစဉ်ထားသော်လည်း အလေးချိန် လျှော့ချရန်အတွက် တစ်လုံးသာ ယူသွားဖို့ ဆုံးဖြတ်ပြီး ပခုံးပေါ် လွယ်လိုက်သည်။
သူ၏ ဖုန်းဘက်ထရီကစိတ်မချရဘဲ နှစ်နာရီကြာ တိုက်ရိုက်လွှင့်ပြီးနောက် ၂၇% သို့ ကျသွားပြီ ဖြစ်သည်။ သူ ပြန်ဆင်းလာချိန်အထိ ပါဝါဘန့် အားခံလိမ့်မည်ဟု မျှော်လင့်ထား၏။
“မင်းက ချန်ဟွိုက်အန်လား...”
အသံတစ်သံက သူ၏ အနောက်မှ လှမ်းခေါ်လိုက်သည်။ လှည့်ကြည့်လိုက်ရာ ချန်ဟွိုက်အန်က လူငယ်တစ်ဦး၊ သက်လတ်ပိုင်း အမျိုးသားနှစ်ဦးနှင့် ပန့်ခ်စတိုင် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
“ခင်ဗျားတို့က တိုက်ရိုက်ထုတ်လွှင့် စကားဝိုင်းကလား...”
“ဟုတ်တယ်။ ငါတို့ မင်းကို လာဖော်ထုတ်တာ။” ကျန်းလွေ့က ခပ်အေးအေး ပြန်ဖြေပြီး ခနဲ့ပြုံး ပြုံးလိုက်သည်။
ထိုက်ရှန်းတောင်သို့ လာရာလမ်းတွင် ကျန်းလွေ့က ချန်ဟွိုက်အန်ကို ထိပ်တိုက်တွေ့ရန် ရည်ရွယ်ထားသော အခြား စကားဝိုင်း အဖွဲ့ဝင်အချို့နှင့် ချိတ်ဆက်ခဲ့သည်။ သူ ထွက်မပြေးနိုင်စေရန် သူတို့က သူ့ထံသို့ မလာခင် ဝင်ပေါက်တွင် စုခဲ့ကြပြီး ထွက်ပြေးမည့် လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ထားခဲ့သည်။
“အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။” ချန်ဟွိုက်အန်က အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ “ဒါက တကိုယ်တော် ခရီးစဉ် ဖြစ်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ အဖော်ရှိတာက ပိုပြီးတော့တောင် ကောင်းပါတယ်။”
ကျန်းလွေ့က စကားအပိုများကို လျစ်လျူရှုပြီး ချန်ဟွိုက်အန်၏ ခြေထောက်ကို လက်ညှိုးထိုးပြလိုက်သည်။ “မင်း ခြေထောက်က အဖု၊ အဲဒါ အတုမလား။ ဘောင်းဘီကို ပင့်ပြီး ငါတို့ကို ပြ....”
ချန်ဟွိုက်အန် အေးအေးဆေးဆေးပင် ဘောင်းဘီကို လိပ်တင်လိုက်သည်။
ကျန်းလွေ့နှင့် အခြားသူများက သူ၏ ခြေထောက်ပေါ်သို့ ဓာတ်မီးများဖြင့် ထိုးကြည့်လိုက်ကြ၏။
ပန့်ခ်မိန်းကလေးက လက်လှမ်းပြီး အဖုကို ဖိကြည့်လိုက်ရာ အသက်ရှုမှားသွားပြီး ပါးစပ်ကို အုပ်လိုက်သည်။ “ဘုရားရေ... ဒါက တကယ့် အကျိတ်ကြီးပဲ... သူ ဘယ်လို လမ်းလျှောက်နေတာလဲ။”
ဒီလူ တကယ်ကြီးလား....
ကျန်းလွေ့က ယုံကြည်မှုများ ယိုင်နဲ့သွားသလို ခံစားလိုက်ရသည်။ အကြည့်လွှဲလိုက်ပြီး သူ တီးတိုး ရေရွတ်လိုက်သည်။ “အကျိတ်တစ်ခု ရှိရုံနဲ့ အရိုးကင်ဆာလို့ သက်သေမပြနိုင်ဘူး...”
“ဒါက အရိုးကင်ဆာပါ။” ချန်ဟွိုက်အန် တည်ငြိမ်သော အပြုံးဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ အွန်လိုင်းမှာ သတင်းအချက်အလက် ရှာကြည့်ပြီး ကျွန်တော့်ဟာနဲ့ ယှဉ်ကြည့်လို့ရတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော် တောင်တက်ရမယ့်အချိန် ရောက်ပြီ။”
ကျန်းလွေ့က တစ်စုံတစ်ရာ ပြောရန် ပါးစပ်ဟလိုက်သော်လည်း ချန်ဟွိုက်အန်က တိုက်ရိုက်ထုတ်လွှင့် စက်များထမ်းပိုးပြီး တောင်တက်နေပြီ ဖြစ်၏။
“နင် နည်းနည်း လွန်နေပြီ...” ပန့်ခ်မိန်းကလေး စုရှောင်ချန်းက ကျန်းလွေ့ကို မျက်စောင်းထိုးလိုက်သည်။ “ဒါ အရိုးကင်ဆာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ သူ့ခြေထောက် အခြေအနေက လုံးဝကို ဆိုးနေတာ။ သက်သေအထောက်အထား အားကုန်လုံးကို ထည့်စဉ်းစားကြည့်ရင် သူ လိမ်နိုင်ခြေ နည်းနည်းလေး။ နည်းလောက် ကိုယ်ချင်းစာစိတ် ထားပါဦး...”
“သူ ပြောတာ မှန်တယ် တူလေး...”
သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ထောက်ခံလိုက်သည်။ “ငါ့အဖေက ကင်ဆာနဲ့ ဆုံးသွားတာ။ တကယ်တော့ အရိုးကင်ဆာနဲ့ပါ။ ဒါ အစစ် ဟုတ်မဟုတ် ငါ ပြောပြနိုင်တယ်။ ဒီကောင်လေးက ဆေးရုံကုတင်မှာ လှဲနေမယ့်အစား ထိုက်ရှန်းတောင်ကို တက်နေတယ် ဆိုတဲ့အချက်က အများကြီးကို သက်သေပြနေတယ်။”
“ဒါပေါ့...” နောက်ထက် အမျိုးသား တစ်ဦးက ပြောသည်။ “အရိုးကင်ဆာက သူ့အလိုလို အရိုးကျိုးတာမျိုး ဖြစ်နိုင်တယ်။ သူက ဒီလို ပြင်းထန်တဲ့ လှုပ်ရှားမှုမျိုးတောင် မလုပ်သင့်ဘူး။ ဒီလို စိန်ခေါ်မှုမျိုးကို လုပ်ရဲတယ်ဆိုတာ မယုံနိုင်စရာ သတ္တိနဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပြသနေတာပဲ။”
ကျန်းလွေ့ ရှက်သွားပြီး လည်ပင်းကို ကုတ်ပြီး တိတ်ဆိတ်သွား၏။
အဖွဲ့က ချန်ဟွိုက်အန်ကို အလျင်အမြန်အမီလိုက်သွားကြသည်။
“စထွင်မာ။ အဲဒီစက်တွေ လေးမယ့်ပုံပဲ။ ကူသယ်ပေးရမလား။” စုရှောင်ချန်းက အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။
ချန်ဟွိုက်အန် ခေါင်းခါလိုက်၏။ “မလိုပါဘူး။ ကိုယ်တိုင် သယ်တာက ကင်မရာ ချိန်ရတာ ပိုလွယ်တယ်။ ပြီးတော့ စက်တွေကို ကိုင်ထားတာက ကျွန်တော့် ပရိသတ်အပေါ် ထားထားတဲ့ ကတိကဝတ်ရဲ့ တစ်ခုပဲ။”
“မင်း တကယ် လန်းတာပဲ” သက်လတ်ပိုင်း အမျိုးသား တစ်ဦးက လက်မ ထောင်ပြရင်း အော်ပြောလိုက်သည်။
“မယုံနိုင်စရာပဲ....”
အဖွဲ့ထဲမှ အားပေးစကားများ ထွက်ပေါ်လာ၏။
ကျန်းလွေ့ပင် ဝင်ပြောလိုက်သည်။ “ဟေ့။ လူကြီးမင်း။ ခုနက ကိစ္စအတွက် တောင်းပန်ပါတယ်။ ငါ ဂိမ်း ရှုံးပြီး စိတ်အခြေအနေ သိပ်မကောင်းလို့ပါ။ မပြောသင့်တာတွေ ပြောမိသွားတယ်။”
“ရပါတယ်။ လူတွေ စိုးရိမ်တာကို ကျွန်တော် နားလည်ပါတယ်။ ပိုက်ဆံဆိုတာ ဘယ်သူ့အတွက်မှ လွယ်လွယ်နဲ့ ရတာ မဟုတ်ဘူးလေ။” ချန်ဟွိုက်အန် နောက်ပြန်မလှည့်ဘဲ ဖြေလိုက်သည်။
“ငါ မင်းကို လက်ဆောင်တစ်ခု ပို့ပေးရင်ရော...” ကျန်းလွေ့ ကမ်းလှမ်းလိုက်သည်။
ချန်ဟွိုက်အန် ချက်ချင်း လှည့်ကြည့်ပြီး ဖော်ရွေသော အပြုံးတစ်ခု ပြုံးပြလိုက်၏။ “ဘယ်လို လက်ဆောင်မျိုးလဲ...”
“အမ်... ဒုံးပျံကြီးတစ်စင်း ဆိုရင်ကော။ တစ်ခုကို ယွမ်၂၀၀၀ တန်တယ်။”
“ကောင်းတာပေါ့။ ကျေးဇူးပါပဲ။ ခင်ဗျားက လူကောင်းတစ်ယောက်ပါ။”
ကျန်းလွေ့ - “…”
အခု သူ့အတွက် ရှင်းသွားလေပြီ။ ထိုစထွင်စာက အမှန်တကယ် ရောဂါ ဖြစ်နေသော်လည်း ပိုက်ဆံရှာရန် အမှန်တကယ် ကြိုးစားနေ၏။
သို့တိုင် ကျန်းလွေ့က သူ့ကို အပြစ်မတင်နိုင်။ အကယ်၍ သူသာ ကင်ဆာရောဂါကို တိုက်ခိုက်နေရလျှင် ကုသမှုအတွက် ရှာနိုင်သမျှ ရှာခြင်းသည် အဓိပ္ပာယ် ရှိလှသည်။
ကျန်းလွေ့၏ ဘဏ္ဍာရေး အခြေအနေမှာ မဆိုးလှသဖြင့် လက်ဆောင် ပို့ရန် ဆုံးဖြတ်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်ပြီး ပထမဦးစွာ ချန်ဟွိုက်အန်ကို ဖောလိုးလုပ်ပြီးနောက် ဒုံးပျံကြီး ၁၀စင်း ပို့လိုက်၏။
[ ဝိုး... တကယ့် ဘောစိပဲ... ]
[ ဒါ ခုနက သူ့ကို ဖော်ထုတ်မယ်ဆိုတဲ့ လူ မဟုတ်ဘူးလား။ အခုတော့ ယုံသွားပြီ ထင်တယ် ]
[ လက်တွေ့ စုံစမ်းမှုအတွက် ရှေ့တန်း ထိုင်ခုံတွေ ရပြီဟေ့ ]
[ သနားစရာ စထွင်မာလေး။ သူ တောင်ထိပ်ကို မရောက်ရင်တောင် အားပေးလိုက်ကြရအောင် ]
ဒုံးပျံ ၁၀စင်းက လက်ဆောင်ပေးခြင်း ကွင်းဆက်တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ ကြည့်ရှုသူ ပိုမို များလာစေခဲ့သည်။
“ဒုံးပျံ ၁၀စင်းအတွက် ကျေးဇူးပါပဲ။ ဘောစိ...”
ချန်ဟွိုက်အန်က စိတ်လှုပ်ရှားစွာဖြင့် ကင်မရာကို လှည့်ပြီး ကျန်းလွေ့ကို ပြသလိုက်ရာ ကျန်းလွေ့၏မျက်နှာ နီသွားပြီး ဘောင်ထဲမှ ရှောင်သွားသည်။
ပလက်ဖောင်းက ဖြတ်ယူပြီးနောက် ထိုဒုံးပျံ ၁၀စင်းက သူ့အတွက် ယွမ် ၁၀၀၀၀ အသားတင် ရရှိစေမည် ဖြစ်၏။
ထိုအရာမှာ သူ၏ “ကံတရားငါးကြင်း” အရှိန်အဟုန်က အကျိုးပေးခြင်း ဖြစ်သည်။ တစ်ခါတည်းနှင့် အကြိမ်၁၀၀ လှည့်ခွင့်ရသလိုပင်။
အင်တာနက်က တကယ်ပင် ဝင်ငွေကောင်းသော နေရာတစ်ခု ဖြစ်သည်။
လက်ဆောင် အရေအတွက် မြင့်တက်လာသည်နှင့်အမျှ ချန်ဟွိုက်အန်၏ ခြေထောက်များမှ နာကျင်မှုလည်း တိုးလာသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နာကျင်မှုလှိုင်းများက သူ့ကို ဖြတ်သွား၏။ ချွေးများက သူ၏ အကာအကွယ် အဆောင်ကို ရွှဲနှစ်သွားစေပြီး ၎င်း၏ သိမ်မွေ့သော ရနံ့က ပိုမို ပြင်းထန်လာခဲ့သည်။
သူ၏ စိတ်ထဲတွင် လီချင်းရန်၏ ပြုံးနေသော မျက်နှာပေါ်လာ၏။
အဲဒီကောင်မလေး အခုဆို ဘာတွေများ လုပ်နေမလဲ…