သားရဲသောင်းကျန်းအမွှေးတိုင်
Vol. 2 Ch. 13
“စီနီယာ အခု ဘာလုပ်နေလဲမသိ...”
လီချင်းရန်က ပါးပြင်ကို လက်ဖြင့်ထောက်ကာ မျက်နှာကြက်ကို ငေးကြည့်နေမိသည်။ ချန်ဟွိုက်အန် အလုပ်များလွန်း၍ သူ့ကို အာရုံမစိုက်နိုင်ဖြစ်နေသည်ဟု သူ ခံစားမိသည်။
“စီနီယာလို ထူးကဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ချင်းယွန်ဘုံတစ်ခုလုံးက ကျင့်ကြံသူတွေအတွက် တိုက်ခိုက်နေတာ ဖြစ်ရမယ်။ ဒါမှမဟုတ် စွမ်းအားကြီးတဲ့ မိစ္ဆာသားရဲကြီးတစ်ကောင်ကို သွားသတ်နေတာများလား...”
သူ၏ စိတ်ကူးများက အမြင့်သို့ ပျံတက်သွားပြီး ဝိညာဉ်ဓားပျံကို စီးလျက် မိစ္ဆာတစ်ကောင်ကို ကျက်သရေရှိစွာ ခုတ်ပိုင်းနေသော မသေမျိုး အရှိန်အဝါနှင့် ဆံပင်ဖြူ သက်ကြီးရွယ်အိုတစ်ဦး ပုံရိပ်ကို ဖော်ကျူးလိုက်သည်။ ထိုအတွေးက သူ၏ မျက်နှာပေါ်တွင် ရူးကြောင်ကြောင် အပြုံးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
အကယ်၍...
စီနီယာသာ သူ၏ဆရာဖြစ်ခဲ့လျှင် မည်မျှ ကောင်းလိုက်မည်နည်း...
“မဖြစ်ဘူး။ လီချင်းရန်။ စည်းမကျော်မိစေနဲ့....”
သတိပေးသည့်အနေဖြင့် သူက ကိုယ့်ခေါင်းကိုယ် အသာလေး ပုတ်လိုက်သည်။
ယနေ့ အစောပိုင်းက စီနီယာသည် သူ့ကို စိတ်ဝိညာဉ် ပုံဆောင်ခဲ ၁၂တုံး ပေးခဲ့ပြီး ၆ နာရီကြာ အဆင့်မြင့် စိတ်ဝိညာဉ်စွမ်းအင်စုစည်း အခင်းအကျင်းကို ထိန်းပေးခဲ့သည်။ ထိုကြမ်းတမ်းသော အားဖြည့်ပေးမှုက သူ၏ ကျင့်ကြံခြင်းအခြေခံကို ချီသန့်စင်ခြင်း အဆင့် (၅)အထိပင် တွန်းပို့ပေးခဲ့သည်။
သူ၏ သွေးကြောများနှင့် အတွင်းဒဏ်ရာများ တဖြည်းဖြည်း သက်သာလာရာ ဒန်တျန်မှ စိတ်ဝိညာဉ် ချီစွမ်းအင် ယိုစိမ့်မှု သိသိသာသာ လျော့နည်းသွားခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင်မူ သူ၏ ဒန်တျန်က ပျက်စီးနေဆဲ ဖြစ်သည်။
အပေါက်ပါသော ဇလုံတစ်ခုကဲ့သို့ပင် စွမ်းအင်ကို ကြာရှည် မထိန်းနိုင်ပေ။
“ငါ့ရဲ့ ဒန်တျန်နဲ့ စိတ်ဝိညာဉ်အမြစ်ကို ပြုပြင်ဖို့ နည်းလမ်းရှာရမယ်။” လီချင်းရန် တွေးလိုက်၏။ သူက အရာရာတိုင်းအတွက် စီနီယာကို မှီခိုနေ၍ မရနိုင်။
စီနီယာ ကူညီသည်က ရက်ရောမှုကြောင့် ဖြစ်သော်လည်း သူက စပြီး တောင်းဆို၍ မဖြစ်ပေ။
သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်သည်။ ချင်းယွန်ဂိုဏ်းကို အားကိုး မရပေ။ သူက အခြားဂိုဏ်းတစ်ခု သို့မဟုတ် သေးငယ်သော ဂိုဏ်းလေးတစ်ခု ဖြစ်လျှင်ပင် ရှာဖွေပြီး ပူးပေါင်းရန် လိုအပ်သည်။ ထိုဂိုဏ်းငယ်လေးများတွင် ရှားပါး ရှေးဟောင်းကျမ်းစာများ ရှိတတ်သည်။ အကယ်၍ ကံကောင်းလျှင် သူ၏ ဒန်တျန်နှင့် စိတ်ဝိညာဉ်အမြစ်ကို ပြုပြင်နိုင်မည့် နည်းလမ်းကို တွေ့ရှိနိုင်လောက်သည်။
အကယ်၍ အရာအားလုံး မအောင်မြင်ခဲ့လျှင် သူက ကျင့်ကြံခြင်းလောကမှ လုံးဝ ထွက်ခွာပြီး အေးချမ်းသော နေရာတစ်ခုသို့ သွားကာ ရန်သူများ၏ သတင်းအချက်အလက်များကို ဖြည်းဖြည်းချင်း စုဆောင်း၍ ရနိုင်သည်။ သို့မဟုတ် တောင်ပိုင်းမင်းဆက်သို့ ပြန်သွားပြီး စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် အမှုထမ်းနိုင်၏။
သူ၏ စီနီယာအစ်ကိုများကို လက်စားချေဖို့အတွက်ကိုမူ...
လီချင်းရန် ထည့်ပင် မစဉ်းစားခဲ့ပါ။ ယခင်ကပင် သူတို့ကို မယှဉ်နိုင်ခဲ့ရာ ယခုတွင် အခွင့်အရေး ပို၍ပင် နည်းသွားပြီ ဖြစ်သည်။
သူရဲဘောကြောင်ရာကျပြီး ဂုဏ်သိက္ခာ မဲ့စရာ ဖြစ်သော်ဘည်း ကျင့်ကြံခြင်း လောကတွင် အသက်ရှင်နိုင်ရေးမှာ နဂိုကတည်းက ကြမ်းတမ်းလှ၏။
ယခင်က သူ အသက်ရှင်ချင်စိတ် ပျောက်ဆုံးခဲ့ဖူးသည်။ အခု သူက နောက်ထပ် ခဏလောက် ပိုပြီး အသက်ရှင်ချင်နေမိသည်။
စီနီယာ အလုပ်မများတော့ဘဲ သူ့ကို ပြန်လာတွေ့မည့် အချိန်အထိ။ သူ့ကို စကားတစ်ခွန်း ပြောသည်ကို ကြားရရုံလေးဖြစ်ဖြစ်။
သူ့ကို လူချင်းတွေ့ပြီး အမှန်တကယ် ကျေးဇူးတင်ချင်မိသည်။
“တစ်ခုခုတော့ မှားနေပြီ။ လီချင်းရန်ကို တဲအိမ်လေးထဲမှာ ပစ်ထားခဲ့တာ မဟုတ်ဘူးလား...”
စုန်ကျောင်းကျောင်း တောင်ခြေတွင် ရပ်လျက် ကျောက်အိမ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ကျင့်ကြံသူ မျက်လုံးများက အလွန် ကောင်းမွန်ပြီး ကျောက်အိမ်က အသစ်ဆောက်ထားခြင်း ဖြစ်ကြောင်း သေချာနေသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က လီချင်းရန်ကို ကူညီနေခြင်း ဖြစ်ရမည်။
သို့သော် မည်သူနည်း။
ချီရှောင်းတောင်ထိပ်မှ ကိုယ်ပိုင်တပည့် တစ်ဦးဦးများလား...
မဖြစ်နိုင်သည်တော့ မဟုတ်...
မုပိုင်ရွှမ်က ထိုတပည့်များမှာ လီချင်းရန်ကို အူလှိုက်သည်းလှိုက် မုန်းတီးကြသည်ဟု ပြောခဲ့သော်လည်း သူတို့တွင် သံယောဇဉ် အကြွင်းအကျန် ရှိနေသေးပြီး ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
အကယ်၍ ထိုသို့ဆိုလျှင် လီချင်းရန်ကို သတ်ခြင်းသည် သူတို့နှင့် ရန်ဘက်ဖြစ်သွားစေလိမ့်မည်။
သို့သော် သူက အခြေခံအုတ်မြစ် ဆေးလုံးကို လက်လွှတ်မခံနိုင်ချေ။
ရွေးချယ်စရာများကို ချိန်ဆပြီးနောက် စုန်ကျောင်းကျောင်းက အခြေအနေကို အရင် စမ်းသပ်ရန် ဆုံးဖြတ်လိုက်၏။
ထိုကိုယ်ပိုင်တပည့်များ လီချင်းရန်၏ နေအိမ်ပတ်လည်တွင် အကာအကွယ် အစီအရင်များ ထားရှိခဲ့ခြင်း ရှိမရှိ သိရရန် ဖြစ်သည်။
သူက သိုလှောင်လက်စွပ်ထဲမှ မီတာဝက်ခန့် ရှည်သော အနီရောင် အမွှေးတိုင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
၎င်းက “သားရဲသောင်းကျန်းအမွှေးတိုင်” ဖြစ်သည်။ ၎င်း၏ ရနံ့က အဝေးသို့ ပျံ့နှံ့နိုင်ပြီး ကျင့်ကြံသူများ သတိမထားမိသလောက် ဖြစ်သော်လည်း အနံ့ခံ ကောင်းမွန်သော သားရဲများကို ဆွဲဆောင်နိုင်၏။ ပုံမှန်အားဖြင့် ၎င်းကို အမဲလိုက်ရာ အသုံးပြုသော်လည်း အချို့သော အခြေအနေတွင် ၎င်းက သေစေနိုင်သော လက်နက်တစ်ခုလည်း ဖြစ်သည်။
သူ၏ မူလအစီအစဉ်မှာ တဲအိမ်ကို ဝင်စီးပြီး လီချင်းရန်ကို သတ်ကာ တောင်ပေါ်ရှိ သားရဲများကို အစာကျွေးရန် ဖြစ်သည်။ သို့သော် ယခု အစီအစဉ်ကို ပြောင်းလဲရတော့မည်။ သူ အနားကပ်သွားမည့် စွန့်စားမှုကို မလုပ်နိုင်သဖြင့် သားရဲများကို သောင်းကျန်းစေပြီး ထိုအလုပ်ကို လုပ်ခိုင်းရန် အမွှေးတိုင်ကို အသုံးပြုမည် ဖြစ်သည်။ သားရဲများ သောင်းကျန်းခြင်းက ဂိုဏ်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သော်လည်း စွန့်စားရကျိုးနပ်သည်။
“လီချင်းရန်။ တံတိုင်းပြိုရင် လူတိုင်းက ဝိုင်းတွန်းတာပဲ။ ဒီကိစ္စအတွက် ငါ့ကို အပြစ်မတင်နဲ့။”
စုန်ကျောင်းကျောင်းက အနီရောင် အမွှေးတိုင်ကို မီးညှိပြီး လက်ချောင်းဖြင့် ပင့်ထုတ်လိုက်သည်။
အမွှေးတိုင် လေထဲသို့ ပျံဝဲသွားပြီး ကျောက်တုံးအိမ်အနီးရှိ သစ်ပင်တစ်ပင်တွင် စိုက်ဝင်သွား၏။
သူက အရှိန်အဝါကို ဖုံးကွယ်ရန် အခင်းအကျင်း တစ်ခု တည်ဆောက်ပြီးနောက် ဘေးကင်းသော အကွာအဝေးသို့ ဆုတ်ခွာလိုက်သည်။ သားရဲများ ရောက်လာချိန် အချို့မှာ ကြမ်းတမ်းခက်ထန်မည်မှာ သေချာ၏။ အခင်းအကျင်းက သူ၏ လုံခြုံရေးပိုက်ကွန် ဖြစ်သည်။
ယခု သူ လုပ်ရမည်မှာ စောင့်နေရန်သာ ဖြစ်သည်။
သားရဲများ အနံ့ခံမိပြီး ရောက်ရှိလာရန် အချိန်ယူရဦးပေမည်။
ကျောက်အိမ် အတွင်း၌မူ အိပ်ပျော်နေသော ကောင်မလေးက ချဉ်းကပ်လာသော အန္တရာယ်ကို လုံးဝ သတိမထားမိချေ။
မနက် ၅နာရီတွင် မိုးကုပ်စက်ဝိုင်းက ခပ်ရေးရေး စတင် လင်းလက်လာ၏။
ချန်ဟွိုက်အန် တောင်ထိပ်သို့ ရောက်ရန် နီးကပ်နေပြီ ဖြစ်သည်။
သို့သော် သူက အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေ၏။ တောင်ထိပ်အနီးတွင် လေပြင်းပြီး အပူချိန် နိမ့်ကျနေသည်။ ခရီးတစ်ဝက်တွင် ချွေးဒီးဒီး ကျနေခဲ့သော ခရီးသွားအများစုက တောင်ထိပ်သို့ နီးကပ်လာသည်နှင့်အမျှ တုန်ရီလာကြ၏။ သူတို့က နွေးထွေးစေရန် ခြေလှမ်းကို အရှိန်တင်လိုက်ကြသည်။ တချို့က တောင်စောင်းရှိ စားသောက်ဆိုင်တွင် ဆန်ပြုတ်ပူပူ သောက်ရန် ရပ်နားလိုက်ကြသည်။
သို့သော် ချန်ဟွိုက်အန်က မတူပေ။
သူ၏ မျက်နှာက ဖြူဖျော့နေပြီး တကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေ၏။
ခြေလှမ်းတိုင်း တုန်နေပြီး သူ၏ စိုရွှဲနေသော ရှပ်အင်္ကျီ အနားစွန်းမှ ချွေးများ တစက်စက် ကျနေသည်။
ထိုအရာက နာကျင်မှုပင်။
သူက ခရီးတလျှောက်တွင် ပေါင်မုန့် နှစ်ချပ်သာ စားခဲ့ပြီး အားပြည့်နေစေရန် ရေကိုသာ သောက်နေခဲ့သည်။
အရှိန်က မမှန်သော်လည်း သူ၏ ခြေလှမ်းများက ခိုင်မာပြတ်သားသည်။
သူ၏ ကျောပြင်က မတ်မတ်ရှိပြီး အကြည့် တည်ငြိမ်ကာ ရှေ့သို့ စူးစိုက် ကြည့်နေသည်။ သူ၏ မျက်လုံးထဲရှိ အရောင်အဝါက သူ့ကို ဘုရားဖူးတစ်ဦးနှင့် တူနေစေ၏။
“သားကြီး။ ငါ မင်းကို ကုန်းပိုးပါရစေ။ ဆက်မတက်ပါနဲ့တော့....” မျက်ရည်များ ထိန်းထားရင်း ကျန်းလွေ့၏ အသံက အက်ကွဲနေသည်။ ယခုည ဖြစ်ရပ်များက သူ့ဘဝတလျှောက်လုံး စွဲထင်ကျန်ရစ်နေတော့မည် ဖြစ်သည်။ အရိုးကင်ဆာကြောင့် ခြေထောက်များ ထိခိုက်နေသော လူတစ်ယောက် မဆုံးနိုင်သော ကျောက်လှေကားထစ်များကို အလွန်အမင်း နာကျင်မှုကို ခံစားရင်း တစ်လှမ်းချင်း တက်လှမ်းနေသည်ကို သူ ကြည့်နေခဲ့ရ၏။
သက်လတ်ပိုင်း အမျိုးသား နှစ်ဦးနှင့် ပန့်ခ်မိန်းကလေး စုရှောင်ချန်းတို့ပင် အသက်လုပြီး ရှူနေကြရသည်။
ပုံမှန် လေ့ကျင့်ခန်း လုပ်တတ်သော ကျန်းလွေ့တွင် ခံနိုင်ရည်ရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ ဖိအားက သူ့အပေါ် လေးလံစွာ ဖိစီးနေ၏။ ချန်ဟွိုက်အန်၏ စိုရွှဲနေသော ရှပ်အင်္ကျီမှ ချွေးများ ကျလာသည်ကို မြင်တိုင်း သူ၏ နှလုံးသားကို ထိုးနှက်လိုက်သလိုပင်။
ချန်ဟွိုက်အန်က တစ်ခါမှ မညည်းညူခဲ့ချေ။
သူက သူတို့၏ ရန်လိုမှုများကို သည်းခံခြင်းနှင့် ငြိမ်းချမ်းခြင်းဖြင့် ရင်ဆိုင်ခဲ့သည်။
ချန်ဟွိုက်အန်၏ နောက်တွင် လ်ိုက်ဖ်စထွင်းဖော်လိုဝါ ၄ဦးသာ မကတော့။ အစပိုင်းတွင် ပြန်လှည့်ရန် စီစဉ်ထားသော ခရီးသွား အရေအတွက် တိုးပွားလာကာ သူ့ဇာတ်လမ်းကို ကြားပြီးနောက် လိုက်ပါလာကြ၏။ အဖွဲ့က လူတန်းကြီးအဖြစ် ဖောင်းပွလာပြီး ကျောက်လှေကားထစ်များပေါ်တွင် တွန့်လိမ်နေသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
“ရောက်ခါနီးပြီ။” ချန်ဟွိုက်အန်က တောင်ထိပ်ကို မော့ကြည့်ပြီး ပြုံးလိုက်သည်။
သူ ရောက်အောင် သွားရပေမည်။
လွန်ခဲ့သော တစ်နာရီက အဆင့်(၅၇) အကောင့်ပိုင်ရှင် ကြည့်ရှုသူတစ်ဦးက အကယ်၍ သူ နေမထွက်ခင် တောင်ထိပ်သို့ ရောက်ခဲ့ပါက ၂၈၈၈ယွမ် တန်ကြေးရှိ “စည်နှင့် မောင်း မြို့တော်” လက်ဆောင် ၆၆ ခု ပေးပို့မည်ဟု ကတိပြုခဲ့သည်။
ပလက်ဖောင်းက ဖြတ်ယူပြီးနောက် ယွမ်၉၅၀၀၀ အသားတင် ရရှိမည် ဖြစ်သည်။
ခရီးသွားများထံမှ အပိုအလှူငွေများနှင့်ဆိုလျှင် ယနေ့ည ဝင်ငွေက ယွမ် တစ်သိန်း နှစ်သောင်းအထိ ရှိနိုင်၏။
ကြည့်ရှုသူက လေကြီးမိုးကြီး ပြောနေခြင်းလည်း ဖြစ်နိုင်ပေသည်။
သို့သော် ချန်ဟွိုက်အန် ဂရုမစိုက်။
လက်ဆောင် မရလျှင်လည်း သူ တက်မ ည်သာ။
၎င်းက ပိုက်ဆံကိစ္စ သက်သက် မဟုတ်။
ကျန်ရှိနေသော အချိန်အတွင်း သူ၏ အကန့်အသတ်များကို တွန်းပို့ချင်သည်။ လောကကို အလင်းရောင် မည်မျှ ယူဆောင်နိုင်ဦးမည် ဆိုသည်ကို မြင်ချင်သည်။
သို့သော် တောင်ထိပ်သို့ ရောက်ရန် ၉၈ လှမ်းသာ လိုတော့သည့်အချိန် ရုတ်တရက် ပြင်းထန်သော နာကျင်မှုတစ်ခုက သူ၏ ညာခြေထောက် တလျှောက် လှိမ့်တက်သွား၏။
သူ ဟန်ချက်ပျက်သွားပြီး ကျောက်လှေကားထစ်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။
စုရှောင်ချန်းက သူ၏ ခြေထောက်ကို ကြည့်လိုက်မိရာ မျက်နှာ ဖြူဖျော့သွားပြီး လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အုပ်လိုက်၏။
“အမလေး...ခြေထောက်… သူ့ခြေထောက်က...”
ချန်ဟွိုက်အန် အံကြိတ်ရင်း ငုံ့ကြည့်လိုက်သည်။
သူ၏ ညာခြေထောက်က ခြေကျင်းဝတ်မှ ဒူးခေါင်းအထိ ပုံပျက်ပန်းပျက် လိမ်သွားခဲ့သည်။
အရိုး ကျိုးသွားပြီ။