တံလျှပ်လား
Vol. 2 Ch. 14
အရိုးကျိုးခြင်းက အရိုးကင်ဆာလူနာများကြား အဖြစ်များသော လက္ခဏာတစ်ခုပင်။
ကင်ဆာဆဲလ်များကြောင့် အရိုးတစ်ရှူးများ ပျက်စီးခြင်းက အရိုးများကို ပျော့ပျောင်းစေပြီး ကျိုးပဲ့လွယ်စေသည်။
ထိုအရာက ချန်ဟွိုက်အန်အတွက် အနှေးနှင့်အမြန်သာ ဖြစ်သည်။
သူ့အတွက် နာကျင်မှုက အမြဲပင် ဖြစ်လာခဲ့ပြီး ယခုအခါ ထုံကျင်လုနီးပါး ဖြစ်နေလေပြီ။ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကို ခံနိုင်ရည် ရှိသေးသော်လည်း စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကိုမူ သိပ်မသိနိုင်တော့ပေ။
လွန်ခဲ့သော နှစ်များက မီးလောင်မှုတွင် မိဘများ သေဆုံးသွားခဲ့သည်ကို ကြည့်နေခဲ့ရသော ဝမ်းနည်းပူဆွေးမှုနှင့် မည်သည့်အရာကမျှ မယှဉ်နိုင်။
ထို့ကြောင့် အနီးအနားရှိ ခရီးသွားများ၏ စိုးရိမ်ပူပန်သော အကြည့်များနှင့် တီးတိုးမေးမြန်းမှုများ အကြားတွင် ချန်ဟွိုက်အန်က ကင်မရာကို တည်ငြိမ်စွာ ညှိလိုက်ပြီး သူ့ကို ထူပေးနေသော ကျန်းလွေ့အား ပြောလိုက်သည်။ “အစ်ကိုကြီး။ ကျွန်တော့်ကို တစ်ခုလောက် ကူညီပါဦး။ကျောပိုးအိတ်ကို ဖွင့်ပေးပါ။”
“သားကြီး။ ကျောပိုးအိတ်ကို မေ့ထားလိုက်စမ်းပါ။ လူနာတင်ယာဉ် ခေါ်လိုက်တော့။ မင်းခြေထောက်က ကျိုးနေပြီ...” ကျန်းလွေ့က ချန်ဟွိုက်အန်၏ လိမ်နေသော ခြေထောက်မှာ သူနှင့် မသက်ဆိုင်သကဲ့သို့ အေးစက်နေပုံကို ကြည့်ပြီး မှင်တက်သွား၏။
“ခင်ဗျား ခေါ်ချင်ရင် ခေါ်ပါ။ လူနာတင်ယာဉ်က ဒီအပေါ်ထိ မောင်းတက်လို့ မရဘူး။ အိတ်ကိုသာ ဖွင့်ပေးပါ။ကျွန်တော့်မှာ အစီအစဉ် ရှိတယ်။”
သံသယ ရှိသော်လည်း ငြင်းခုံရန် ဆန္ဒမရှိသဖြင့် ကျန်းလွေ့က အိတ်ကို ဖွင့်ပေးပြီး ချန်ဟွိုက်အန်ထံ ကမ်းပေးလိုက်သည်။
ထိုအထဲမှ ချန်ဟွိုက်အန်သည် ခေါက်သိမ်းထားသော ချိုင်းထောက်ကို ဆွဲထုတ်လိုက်၏။
ကျန်းလွေ့ - “...”
ခရီးသွားများ - “ဟမ်....”
နေပါဦး အစ်ကိုကြီး။ ဒါက ခင်ဗျားရဲ့ အစီအစဉ် ဆိုတာ ကြီးလား။
သူတို့က အနည်းဆုံး အကိုက်အခဲပျောက်ဆေး သို့မဟုတ် အံ့ဖွယ် တစ်စုံတစ်ရာကို မျှော်လင့်ထားခဲ့၏။
ဒါ... ဒါကြီးကတော့ မဟုတ်ဘူးလေ။
“ကဲ ဆက်သွားကြတာပေါ့...” ချန်ဟွိုက်အန်က ကျွမ်းကျင်စွာဖြင့် ဂျိုင်းထောက်ကို ဖြန့်လိုက်ပြီး သူ့ကိုယ်သူ ထောက်လိုက်သည်။
အရိုးကင်ဆာ လူနာများက အရိုးကျိုးလွယ်သဖြင့် တကယ်တမ်း ဖြစ်လာသည့်အခါ အငိုက်မမိစေရန် သူက ချိုင်းထောက်ဖြင့် လမ်းလျှောက်ခြင်းကို ကြိုလေ့ကျင့်ထားပြီး ဖြစ်သည်။
ယခုတော့ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။
တစ်နည်းအားဖြင့် ကံကြမ္မာရဲ့ နှုတ်ခမ်းကို နမ်းလိုက်ရသလို ခံစားရ၏။
တိုက်ရိုက်ထုတ်လွှင့်ခြင်း ကြည့်ရှုသူများက တိတ်တဆိတ် လိုက်ခ်ပေးပြီး လက်ဆောင်များ ပေးပို့နေကြသည်။ အချို့က သူ့ကို ပြန်ဆင်းသွားရန် တောင်းပန်နေပြီး အခြားသူများကမူ သူ့ရောဂါအပေါ် သံသယများ စွန့်လွှတ်လိုက်ကာ ထိုဇွဲရှိသော လူသားက ခရီးစဉ်ကို ပြီးဆုံးနိုင်မလား ဆိုသည်ကိုသာ အာရုံစိုက်နေကြ၏။
ထို ကွေးနေသော ခြေထောက်က ကံကြမ္မာ၏ ဖိနှိပ်မှုနှင့် သေမင်း၏ လှောင်ပြောင်မှုကို ကိုယ်စားပြုနေပြီး သူ၏ လက်ထဲမှ ချိုင်းထောက်က ထိုနှစ်ခုလုံးအတွက် ပြောင်ပြောင်တင်းတင်း လက်ခလယ်ထောင်ပြနေခြင်းပင်။
သူက တောင်ထိပ်သို့ တက်နေရုံသာ မဟုတ်။ သူ၏ ကျိုးနေသော ခြေထောက်ဖြင့်ပင် ကံကြမ္မာကို ဖီဆန်နေခြင်း ဖြစ်၏။
ခရီးသွားများက သူ ရုန်းကန် တက်လှမ်းနေသည်ကို အံ့သြမှင်တက်စွာ ကြည့်နေကြသည်။ သူတို့၏ ရင်ထဲတွင် ထိုလူငယ်လေး၌ ထူးကဲသော ရည်ရွယ်ချက်တစ်ခု ရှိရမည်ဟု ယုံကြည်နေကြသည်။
“သွားကြမ်။ ယွမ်၉သောင်း စပွန်ဆာရဖို့ ခြေလှမ်း နည်းနည်းပဲ လိုတော့တယ်။ ငါ 'ကံတရားငါးကြင်းကန်'မှာ အကြိမ် ၁၀၀၀ လှည့်ပစ်မယ်” ချန်ဟွိုက်အန်က လျော့နည်းလာသော လှေကားထစ်များကို ကြည့်ရင်း နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့ကာ အံကြိတ်လိုက်၏။
“ကမ္ဘာဦး ကောင်းကင်ဖာထေး ဆေးလုံး။ ဟားဟားဟား။ ကောင်းကင်ဖာထေး ဆေးလုံးလေး တစ်လုံး အတွက်နဲ့...”
ခရီးသွားများအဖို့ သူ၏ မျက်နှာရှုံ့မဲ့မှုက လေးစားမှုကို ပိုမို နက်ရှိုင်းစေရုံသာ ဖြစ်သည်။
နောက်ဆုံးတွင် ထိုက်ရှန်းတောင်ထိပ်ပေါ်သို့ ချန်ဟွိုက်အန်၏ တုန်ရီနေသော ခြေထောက်က နောက်ဆုံးသော လှေကားထစ် အပေါ်သို့ ရောက်ရှိသွားခဲ့သည်။
မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခုက ထူထဲသော တိမ်များကို ထိုးဖောက်ပြီး မှောင်မိုက်နေသော မိုးကုပ်စက်ဝိုင်းတလျှောက် ဆန့်တန်းလာကာ သူ၏ ခေါင်းကို ပွတ်သပ်သွားခဲ့သည်။
ရွှေရောင် အလင်းတန်းများကြားမှ ငှက်အုပ်များ ပျံသန်းလာပြီး အဝေးမှ ခေါင်းလောင်းသံများက တောင်တန်းများကြားတွင် ပဲ့တင်ထပ်နေ၏။
နောက်ခဏတွင် နေမင်းကြီးက မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာပြီးအလင်းရောင်က မိုးကောင်းကင်တခွင် ဖြာကျကာ ကမ္ဘာလောကကို လင်းလက်သွားစေသည်။
ချန်ဟွိုက်အန် စိုက်ကြည့်နေမိသည်။ သူ၏ နှလုံးသား တုန်ခါသွားပြီး ဘေးနားမှ ခရီးသွားများလည်း ရွှေရောင်အလင်း ဖုံးလွှမ်းနေသော တောင်ထိပ်များကို ကြည့်ကာ တိတ်ဆိတ်သွား၏။
ရုတ်တရက်—
“ဦးညွှတ်....”
ကျယ်လောင်သော အသံတစ်ခု ဘယ်ကမှန်းမသိ ထွက်ပေါ်လာသည်။
ကောင်းကင်ကြီး ကိုယ်တိုင်က ကျောက်ခဲ တစ်လုံးကြောင့် လှုပ်ရှားသွားသော ရေကဲ့သို့ နေရောင်ခြည်တွင် ဂယက်ထလာ၏။
တလက်လက် တောက်ပနေသော အလင်းလှိုင်းများ အကြားတွင် ရှေးဟောင်း အခမ်းအနား ရုပ်ပုံလွှာများ စီတန်း လှည့်လည်လာသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးတွင် အမည်းရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းသရဖူ ဆောင်းကာ ဘေးတွင် ဓားတစ်လက် ချိတ်ဆွဲထားသော ခမ်းနားထည်ဝါသည့် ပုဂ္ဂိုလ်တစ်ဦး ရပ်နေ၏။ သူ့နောက်တွင် ကျောက်စိမ်းပြားများ ကိုင်ဆောင်ထားသော အရပ်ဘက် အရာရှိများ၊ အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော စစ်ဘက် အရာရှိများနှင့် အခမ်းအနားသုံး ပစ္စည်းများကို သယ်ဆောင်လာသော အခြွေအရံများ လိုက်ပါလာကြသည်။
သူတို့က တိမ်ပေါ်တွင် လမ်းလျှောက်လာကြပြီး အောက်မှ မြေပြင်က ခင်းထားသော ကြွေပြားများကဲ့သို့ ပေါ်လာကာ ထိုက်ရှန်းတောင်သို့ တက်သွားခဲ့ကြသည်။
“အဲဒါက ဘာကြီးလဲဟ...”
“တံလျှပ်လား...”
“ဒါက ရုပ်ရှင်ရိုက်ကွင်းလား...”
ခရီးသွားများက အံ့အားသင့် မှင်တက်သွားပြီး သူတို့က ခေတ္တမျှ ဆွေးနွေးခဲ့သည်။ သို့သော် နောက်ခဏတွင် စီတန်းလှည့်လည်သူများက မိုင်ပေါင်းများစွာကို ကျော်ဖြတ်ပြီး သူတို့ရှေ့ တည့်တည့်တွင် ပေါ်လာခဲ့သည်။
တိတ်ဆိတ်သွား၏။ ဖိစီးနေသော လေထုက လူတိုင်းကို မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်ပြီး သူတို့၏ အသံများကို မမြင်ရသော အင်အားတစ်ခုက တိတ်ဆိတ်စေလိုက်သည်။
ချန်ဟွိုက်အန်သည် ဧကရာဇ်မင်းက သူ့ထံသို့ လျှောက်လာသည်ကို ကြည့်ရင်း ကြောင်နေမိသည်။
ထိုလူ၏ မျက်နှာကို သေချာ မမြင်ရ။ သူ၏ မျက်လုံးများက ရှင်းပြ၍မရသော ဝေဝါးမှုတစ်ခုဖြင့် ဖုံးကွယ်ခံထားရသလို ခံစားရသည်။
စီတန်းလှည့်လည်သူများက လူအုပ်ကြီးကြားမှ မီးခိုးနှင့် မြူများကဲ့သို့ ဖြတ်သန်းသွားကြ၏။ ထိတွေ့၍မရဘဲ အိပ်မက်ဆန်နေပြီး အခြားဘုံတစ်ခုမှ ဖြစ်နေသကဲ့သို့ပင်။
ချန်ဟွိုက်အန်သည် ၎င်းကို အခြားအချိန်ကာလ တစ်ခုမှ မြင်ကွင်းတစ်ခု၊ ပစ္စုပ္ပန်နှင့် မသက်ဆိုင်သော မြင်ကွင်းတစ်ခုဟု ယူဆလိုက်၏။
ဧကရာဇ်က သူ၏ အရှေ့တွင် ရပ်တန့်မသွားခင် အချိန်အထိ ဖြစ်သည်။
ထိုပုံရိပ်က သူ့ကို ဖြတ်ကျော်တော့မည့်အချိန် ဧကရာဇ်က ခေါင်းကို အနည်းငယ် စောင်းပြီး ချန်ဟွိုက်အန်နှင့် အကြည့်ချင်း ဆုံသွားသည်။
ရွှေရောင် ဒေါင်လိုက် မျက်ဆံက သူ့အပေါ် စိုက်ကြည့်လိုက်ပြီး ထိုးဖောက်ဝင်ရောက်ကာ စေ့စေ့စပ်စပ် စစ်ဆေးမှုများဖြင့် ပြည့်နှက်နေ၏။
ချန်ဟွိုက်အန်၏ ဦးရေပြား ကျဉ်သွားသည်။ ဧကရာဇ်က သူ့ကို တည့်တည့် ကြည့်နေကြောင်း သူ ကျိန်ပြောရဲသည်။ တိုက်ဆိုင်မှု မဟုတ်၊ ရည်ရွယ်ချက်ရှိရှိ အကြည့်တစ်ခုပင်။
ထိုအခိုက်တွင် ဧကရာဇ်၏ မျက်လုံးထဲမှ တရားစီရင်မှု၏ အလေးချိန်ကို ခံစားလိုက်ရသည်။
ထို့နောက် စတင်ခဲ့သလိုပင် လျင်မြန်စွာ ပြီးဆုံးသွား၏။
ဧကရာဇ်က သူ့ကို ဖြတ်ကျော်သွားပြီး စီတန်းလှည့်လည်သူ အားလုံးမှာ တောင်ထိပ်ရှိ မြူများထဲသို့ ပျောက်ကွယ်သွားကြသည်။
ထိုက်ရှန်းတောင်ထိပ်မှ “တံလျှပ်” သည် အင်တာနက်တွင် ဟိုးလေးတကျော် ဖြစ်သွားပြီး ခေတ်စားနေသော အကြောင်းအရာများ၏ ထိပ်ဆုံးသို့ ရောက်ရှိသွား၏။
ကျွမ်းကျင်သူများက ၎င်းသည် ပထမဆုံး ချင်ဧကရာဇ် ထိုက်ရှန်းတောင်တွင် ဓလေ့ထုံးတမ်းအရ တက်ရောက်စဉ်က အခမ်းအနား စီတန်းလှည့်လည်မှု ဖြစ်သည်ဟု ခန့်မှန်းကြသည်။
အဘယ်ကြောင့် ထိုမျှ ဝေးကွာသော သမိုင်းဝင် ဖြစ်ရပ်တစ်ခုက ပစ္စုပ္ပန်တွင် ပေါ်လာရသည်မှာ မရှင်းလင်းပေ။ ကျွမ်းကျင်သူများက သိပ္ပံနည်းကျ ရှင်းပြချက်တစ်ခု ရှိရမည်ဟု အခိုင်အမာ ပြောဆိုနေသော်လည်း သူတို့ ကိုယ်တိုင် မဖော်ထုတ်နိုင်သေးပေ။
ချန်ဟွိုက်အန်က အွန်လိုင်း ရူးသွပ်မှုကြောင့် စိတ်အနှောင့်အယှက် မဖြစ်သလို ဧကရာဇ်၏ အကြည့်ကိုလည်း စိုးရိမ်ပူပန်ခြင်း မရှိ။ ခိုင်မာသော ရုပ်ဝါဒီ တစ်ဦးအနေဖြင့် အကယ်၍ တစ်စုံတစ်ယောက်က သူ့အိမ်တွင် သရဲရှိသည်ဟု ပြောလျှင် သူ၏ တုံ့ပြန်မှုမှာ ဆိုင်သို့သွားပြီး အိုကာမိုတို ကွန်ဒုံးတစ်ဘူး ဝယ်လာခြင်းသာ ဖြစ်လိမ့်မည်။ အခြား မည်သည်အတွက်မှ မဟုတ်၊ ဇီဝမျိုးကွဲစုံလင်မှုကို ထောက်ပံ့ပေးရန်အတွက် သက်သက်ပင်။
ထိုအချိန်တွင် အဆင့်(၅၇) ကြည့်ရှုသူက ကတိတည်ခဲ့သည်။ “စည်နှင့် မောင်း မြို့တော်” လက်ဆောင် ၆၆ ခု ရောက်ရှိလာပြီး ပလက်ဖောင်းက ဖြတ်ယူပြီးနောက် စုစုပေါင်း ယွမ်၉သောင်းခွဲ နီးပါး ရရှိခဲ့သည်။ ကြည့်ရှုသူက ချန်ဟွိုက်အန်ကို တစ်သက်တာတွင် တစ်ကြိမ်သာ ကြုံရမည့် မြင်ကွင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားပြီး သူ၏ အနာဂတ် ကြိုးပမ်းမှုများကို ဆက်လက် ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။
ချန်ဟွိုက်အန် ပျော်မဆုံး ဖြစ်နေ၏။ သူ ထိုကဲ့သို့ စစ်မှန်သော ပရိသတ်မျိုးကို သဘောကျသည်။
ဖုန်းဘက်ထရီ ကုန်သွားသဖြင့် တိုက်ရိုက်လွှင့်မှု ပြီးဆုံးသွား၏။ အမြန် နှုတ်ဆက်ပြီးနောက် သူက တောင်အောက်သို့ ဆင်းရန် ပြင်ဆင်လိုက်သည်။
“အစ်ကိုကြီး။ ဘယ်လို ပြန်ဆင်းမလဲ။ ကေဘယ်ကားနဲ့လား။ ဝေါယာဉ်နဲ့လား...” ကျန်းလွေ့က ချန်ဟွိုက်အန်ကို အလွန်အမင်း လေးစားအားကျစွာ မေးလိုက်သည်။
“ကေဘယ်ကားနဲ့ပေါ့...” ချန်ဟွိုက်အန် ပြန်ဖြေသည်။ ၎င်းက ပိုမြန်ပြီး ပိုသက်သာသည်။ ဘက်ထရီ အားသွင်းရန်နှင့် သူ၏ ပုံရိပ်ယောင် ကောင်မလေးကို ဝင်ကြည့်ရန် အချိန်ပိုရစေ၏။
ဘဏ်ထဲတွင် ယွမ်၁သိန်း ၁သောင်း ရှိနေသဖြင့် ချန်ဟွိုက်အန်က သူ၏ ရွေးချယ်စရာများကို စဉ်းစားလိုက်သည်။ ခြေဖြတ်ကုသပြီးလျှင်ပင် အသက်ရှင်နိုင်ခြေ နည်းပါးသော ဓာတုကုထုံးကဲ့သို့ ကုသမှုများအပေါ် ငွေဖြုန်းခြင်းက တန်နိုင်ပါ့မလား။ သို့မဟုတ် ကျန်ရှိသော အချိန်လေးကို ဒီအတိုင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ရမည်လား။
သူ စဉ်းစားနေစဉ် ကျန်းလွေ့နှင့် အခြားသူများက သူ့ကို လူပြည့်ကျပ်နေသော ကေဘယ်ကား ဘူတာရုံသို့ ကူညီပို့ဆောင်ပေးကြ၏။
ချန်ဟွိုက်အန် တက်တော့မည့် အချိန်တွင် သူ၏ အဆောင်ကြိုး အကြောင်းပြချက်မရှိ ပြတ်သွားပြီး မြေပေါ်သို့ ကျသွားသည်။
သူ ကောက်ယူရန် ငုံ့လိုက်စဉ် နှေးနှေးကွေးကွေး လှုပ်ရှားမိသဖြင့် ကေဘယ်ကားထဲတွင် ရှိနှင့်ပြီးသော တက်တူးထိုးထားသော အမျိုးသားများထံမှ စိတ်ဆိုးဒေါသထွက်ပြီး စော်ကားသော စကားများ ထွက်ပေါ်လာ၏။
ရုတ်တရက်—
ဘုန်း...
ထိုက်ရှန်းတောင်အောက်ရှိ မြေပြင်က ပြင်းထန်စွာ လှုပ်ခါသွား၏။
ချန်ဟွိုက်အန် ဟန်ချက်ပျက်သွားပြီး လက်မှတ်ရုံ ခန်းမဆီသို့ လိမ့်သွားကာ ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။
“သတိထား...”
အပျက်အစီးများက မိုးရွာသလို ကျဆင်းလာပြီး ဖန်ကွဲသံများနှင့် မြေပြင်တုန်ခါစေသော ကျောက်တုံးများ ပြုတ်ကျသံများ ရောနှောလျက် အော်ဟစ်သံများ ပဲ့တင်ထပ်သွားတော့သည်။