← Chapters

နောင်ဘဝသာ ရှိခဲ့ရင်

Vol. 2 Ch. 15

နောင်ဘဝသာ ရှိခဲ့ရင်

Vol. 2 Ch. 15

ထိုက်ရှန်းတောင်‌၌ ငလျင်လှုပ်သွားပြီး ကျောက်လွှာများ ပြိုကျခဲ့သည်။ ကျောက်တုံးကြီးတစ်တုံးက ကေဘယ်ကား လက်မှတ်ရုံရှေ့သို့ ပြုတ်ကျလာပြီး အောက်ဆင်းရန် ပြင်ဆင်နေသော ကေဘယ်ကားတစ်စင်းကို ဖိချေလိုက်သည်။ ကံကောင်းစွာပင် ကေဘယ်ကြိုးလမ်းကြောင်း ကိုယ်တိုင်မှာ ထိခိုက်မှု မရှိခဲ့ပေ။ သို့မဟုတ်ပါက ၎င်းပေါ်ရှိ ခရီးသွားတိုင်း ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

လူများကို ပိုမို၍ တုန်လှုပ်စေခဲ့သည်မှာ ထိုကေဘယ်ကားပေါ်တွင် သေဆုံးသွားသော လူ(၇)ဦးက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ ဖြစ်နေ၏။ အကြီးစား အရောင်းအဝယ်တစ်ခုမှ ဝယ်သူနှင့် ရောင်းသူဘက် နှစ်ဖက်စလုံးမှ အဓိကလူများ ဖြစ်နေခြင်းပင်။ အမှန်တကယ်တွင် ထို(၇)ဦးက မူးယစ်ဆေးဝါး အဖွဲ့အစည်းကြီး နှစ်ခု၏ နောက်ကွယ်မှ ကြိုးကိုင်သူများ ဖြစ်ပြီး သူတို့၏ လက်ထဲတွင် မရေမတွက်နိုင်သော အသက်များ ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

လူအများက ထိုအရာမှာ ထိုက်ရှန်းတောင်နတ်မင်းကြီး၏ လက်ရာ ဖြစ်သည်ဟု ထင်ကြေးပေးကြသည်။ အခြားသူများကမူ ထိုရုတ်တရက် ဖြစ်ရပ်ကို မကြာသေးခင်က ပေါ်ပေါက်ခဲ့သော 'ဖုန်းချန်' အခမ်းအနား တံလျှပ်နှင့် ဆက်စပ်ခဲ့ကြသည်။

...

ထိုအရာ အားလုံးကို ချန်ဟွိုက်အန်က နောက်မှ သိခဲ့ရသည်။

တောင်အောက်သို့ ဆင်းပြီးနောက် သူ ပထမဆုံး လုပ်ခဲ့သည်မှာ လူနာတင်ယာဉ် ခေါ်ခြင်း မဟုတ်။ ပါဝါဘန့်ငှားရန် စတိုးဆိုင် အသေးလေးတစ်ဆိုင်ကို ရှာဖွေခြင်းပင်။ ဖုန်းအားသွင်းနေစဉ် သူက “ပုံရိပ်ယောင် ကောင်မလေး”ဂိမ်းကို အေးအေးဆေးဆေး ဖွင့်လိုက်ပြီး ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ကာ လုံးဝ စိုးရိမ်ပူပန်မှု မရှိသကဲ့သို့ပင် နေ‌နေလိုက်သည်။ သူ့ဘေးမှ ကျန်းလွေ့က အရေးပေါ် ကယ်ဆယ်ရေးကို စိုးရိမ်တကြီး ဖုန်းဆက်နေ၏။

ကျန်းလွေ့က ချန်ဟွိုက်အန်၏ အရိုးများ ကျိုးရခြင်းမှာ သူ့အပြစ်ကြောင့် ဖြစ်သည်ဟု တစ်စိတ်တစ်ပိုင်း ခံစားနေရသည်။

အကယ်၍ သူသာ ခုနက ရက်စက်သော စကားများ မပြောခဲ့လျှင် ချန်ဟွိုက်အန် ထိုက်ရှန်းတောင်ကို တက်ရန် ထိုမျှ ဇွတ်အတင်း လုပ်ခဲ့မည် မဟုတ်ပေ။

“ငါ့ရဲ့ပုံရိပ်ယောင်ကောင်မလေး ဘာလုပ်နေလဲ ကြည့်ရမယ်။”

ဂိမ်းပွင့်လာသည်နှင့် တပြိုင်နက် ချန်ဟွိုက်အန်က အသိပေးချက်များဖြင့် ဗုံးကြဲခံလိုက်ရ၏။

[ သင့်တွင် အသက်ရှင်ရန် ရက်ပေါင်း ၁၃၀ ကျန်ရှိသည် ]

[ သင်၏ ပုံရိပ်ယောင် ကောင်မလေး 'လီချင်းရန်'က သားရဲအုပ် အသေးလေး တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံနေရသည် ]

[ သင်၏ ပုံရိပ်ယောင် ကောင်မလေး 'လီချင်းရန်' ပြင်းထန်စွာ တိုက်ခိုက်နေသည်... ]

[ သင်၏ ပုံရိပ်ယောင် ကောင်မလေး 'လီချင်းရန်' ဒဏ်ရာရသွားပါပြီ ]

[ သင်၏ ပုံရိပ်ယောင် ကောင်မလေး 'လီချင်းရန်' ဒဏ်ရာ အပြင်းအထန် ရသွားပြီ ]

ဘာလားဟ...

ချန်ဟွိုက်အန်၏ နှလုံးသား တင်းကျပ်သွား၏။

တောင်တက်ခရီးတိုလေး သွားလိုက်ရုံနဲ့ လီချင်းရန် ဘယ်လိုလုပ် ဒဏ်ရာရသွားတာလဲ။ ညသန်းခေါင်ကြီး သားရဲအုပ် ဘယ်က ရောက်လာတာလဲ။

မိစ္ဆာသားရဲတွေရဲ့ ညဘက်ကျက်စားတဲ့ အလေ့အထနဲ့ ကိုက်ညီရင်တောင် ဒါက ဂိမ်းတစ်ခုပဲလေ။ ဇာတ်ကောင်တွေက မအိပ်ကြဘူးလား။

သူက အားလုံးကို အမြန် ပိတ်လိုက်ရာ ရင်ကွဲစရာ မြင်ကွင်းတစ်ခု ပေါ်လာ၏။

အိမ်က မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးလုနီးပါး ဖြစ်နေသည်။ လီချင်းရန်က မိစ္ဆာသားရဲများ၏ အလောင်းများ ဝိုင်းရံလျက် သွေးအိုင်ထဲတွင် ဒူးထောက်နေ၏။ သူ၏ ခေါင်းက ငိုက်စိုက်ကျနေပြီး မည်းနက်သော ဆံနွယ်များက မျက်နှာကို ဖုံးကွယ်ထားသည်။ သူ၏ လက်ထဲတွင် ကျိုးပဲ့နေသော ဓားတစ်လက် ကိုင်ထားပြီး “ငွေဖြည့်ဆုကြေး”မှ ရရှိခဲ့သော အဝတ်အစားအသစ်စက်စက်ကို ဝတ်ဆင်ထားသော်လည်း တစ်ချိန်က ကျက်သရေရှိသော ဝတ်ရုံမှာ ယခုတော့ ကုတ်ခြစ်ရာများဖြင့် ပြည့်နေသည်။ စုတ်ပြဲနေသော အဝတ်စများအောက်တွင် ဒဏ်ရာများက ကြောက်မက်ဖွယ် ကောင်းပြီး သွေးများဖြင့် ပြည့်နေ၏။

[ သင်၏ ပုံရိပ်ယောင် ကောင်မလေး 'လီချင်းရန်' စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည် ]

“အ‌တော်လေးကို နီးနေပြီ... ဒါပေမဲ့ ငါ... စီနီယာကို... နောက်ဆုံး တစ်ခေါက်တောင်... မတွေ့လိုက်ရဘူး...”

လီချင်းရန်က သေခါနီးပြီဟု ခံစားနေရ၏။

သူက မျက်နှာကြက်ရှိ အပေါက်မှတဆင့် အပြင်ဘက် ကောင်းကင်ကို ကြည့်ရန် ခေါင်းကို မနည်း မော့လိုက်သည်။ သူ၏ ဖြူဖျော့ပြီး ပိန်ချုံးနေသော မျက်နှာတွင် သွေးရောင် မရှိတော့ဘဲ တစ်ချိန်က တောက်ပခဲ့သော မျက်ဝန်းများမှာ စက္ကန့်တိုင်း မှိန်ဖျော့လာကာ သူ၏ အမြင်က မီးခိုးရောင်အဖြစ် ပြောင်းလဲလာသည်။

ထိုကမ္ဘာကြီးထဲ ၁၉နှစ်တာ ကာလတွေ အရာအားလုံးက ခါးသီးမှုများနှင့် ပြည့်နှက်နေခဲ့သည်။

အဖေက စစ်မြေပြင်မှာ သေဆုံးခဲ့ပြီး အမေက ရန်သူ့နိုင်ငံ လုပ်ကြံသတ်ဖြတ်သူများ၏ အဆိပ်ခတ်ခြင်းကို ခံခဲ့ရသည်။

သူက ချင်းယွန်ဂိုဏ်းသို့ ဝင်ရောက်ပြီး မိဘများအတွက် လက်စားချေခွင့် ရရှိလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ရွှံ့နွံတစ်ခုမှ အခြားတစ်ခုသို့ ခုန်ဆင်းမိသလိုသာ ဖြစ်နေခဲ့သည်။

ကျင့်ကြံခြင်းလောက၏ တင်းကျပ်သော စည်းမျဉ်းများက သေမျိုးတို့၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းကို တားမြစ်ထား၏။ သို့သော် ထိုစည်းမျဉ်းများက သာမန်ကျင့်ကြံသူများကို ချည်နှောင်ရန် သံကြိုးများသဖွယ်သာ ဖြစ်နေသည်။

ထိုစည်းမျဉ်းများကို ကျော်လွှားရန် ဆုံးဖြတ်ပြီးနောက် သူက တစ်နေ့တွင် မိဘများ၏ မငြိမ်းချမ်းသော ဝိညာဉ်များကို ငြိမ်းချမ်းမှု ပေးနိုင်ရန် ကြိုးပမ်းရင်း ကျင့်ကြံခြင်းတွင် သူ၏ နှလုံးသားနှင့် ဝိညာဉ်ကို နှစ်မြှုပ်ထားခဲ့သည်။

သို့သော် ယခု သူက ဂိုဏ်းမှ ထုတ်ပယ်ခံလိုက်ရပြီး သူ၏ ဒန်တျန်နှင့် စိတ်ဝိညာဉ်အမြစ် ပျက်စီးသွားခဲ့ရာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားခဲ့သည်။

စာကလေးတစ်ကောင် မျက်နှာကြက် အပေါက်ကို ဖြတ်ပျံသွားရာ သူ၏ မှိန်ဖျော့သော မျက်လုံးများထဲ လက်ခနဲ ဖြစ်သွားသည်။

တိုတောင်းသော ၂ရက်အတွင်း “စီနီယာ”နှင့် ကုန်ဆုံးခဲ့သော အခိုက်အတန့်တိုင်းက သူ၏ စိတ်ထဲ ထင်ရှားစွာ ပေါ်လာသည်။ သူက တစ်ခါမှ ကိုယ်ထင် မပြလာခဲ့သော်လည်း ကိုယ်ကျိုးမဖက်သော ကြင်နာမှုနှင့် နွေးထွေးမှုကို ပြသခဲ့သည်။

“ဒီဘဝမှာ... ချင်းရန်က စီနီယာရဲ့ ကျေးဇူးကို ပြန်ဆပ်နိုင်ဖို့ အင်အားမကျန်တော့ပါဘူး... အဟွတ် အဟွတ် အဟွတ်...”

သူက ခါးကိုင်းသွားပြီး မျက်ရည်များနှင့် ရောနှောနေသော သွေးများကို အန်ထုတ်လိုက်သည်။ နီရဲသော အရည်များက သူ၏ နှုတ်ခမ်းထောင့်မှ တစက်စက် စီးကျလာ၏။

“နောင်ဘဝသာ ရှိခဲ့ရင်...”

သူ၏ အားနည်းချက်ကို အာရုံခံမိသော မိစ္ဆာသားရဲတစ်ကောင်က သူ့ကို ဆုတ်ဖြဲပစ်ရန် ခုန်အုပ်လိုက်သည်။

ထိုအခိုက်အတန့်တွင် မိုးကြိုးအလင်းတန်း မရေမတွက်နိုင်အောင် ကောင်းကင်မှ ဆင်းသက်လာ၏။

ဂျိန်း..ဂျိန်း..ဂျိန်း...

မျက်စိကျိန်းမတတ် မိုးကြိုးပစ်ချက်များက အရာအားလုံးကို ချေမှုန်းပစ်လိုက်ပြီး အိမ်ပတ်ဝန်းကျင်ကို တောက်လောင်နေသော အဖြူရောင် မီးငရဲအဖြစ် ပြောင်းလဲပစ်လိုက်သည်။

အနီးအနားရှိ လျှို့ဝှက် အခင်းအကျင်းအတွင်း ပုန်းအောင်းနေသော စုန်ကျောင်းကျောင်းသည် ထိုမြင်ကွင်းကို အလွန်အမင်း တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။

သူ ခုနက ဘာကို မြင်လိုက်ရတာလဲ။

မိုးကြိုးမီး အဆောင် အမြောက်အမြား ကောင်းကင်မှ ကျဆင်းလာပြီး မိစ္ဆာသားရဲများအပေါ် ပျက်စီးခြင်း ရွာကျနေ၏။

အဲဒါက ဘယ်သူ့ရဲ့ အဆောင်တွေလဲ။ လီချင်းရန်ရဲ့ဟာတွေလား။

ဈေးအပေါဆုံး မိုးကြိုးမီး အဆောင် တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ ပေးရပြီး ထိုတိုက်ခိုက်မှုက အဆောင် သောင်းနဲ့ချီ ကုန်ကျနေပြီ ဖြစ်သည်။

တစ်ခုတည်းသော ရှင်းပြချက်မှာ လီချင်းရန်၏ နောက်ကွယ်မှ တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်လိုက်ခြင်းပင်။

ဒါပေမဲ့ ဘယ်သူ ဖြစ်နိုင်မလဲ။

ဧရိယာတစ်ခုလုံးကို လွှမ်းခြုံနေသော မိုးကြိုးမုန်တိုင်းကို စိုက်ကြည့်ရင်း စုန်ကျောင်းကျောင်း၏ မျက်နှာ ဖြူဖျော့သွား၏။

မညှာမတာ တိုက်ခိုက်မှု ဆက်လက် ဖြစ်ပွားနေသည်။ မိုးကြိုးမီး အဆောင် ဒါဇင်ပေါင်းများစွာ မဟုတ်‌ပေ၊ ရာပေါင်းများစွာက တန်ဖိုးမရှိသော ပစ္စည်းအစုတ်များကဲ့သို့ ကျဆင်းလာပြီး အိမ်အတွင်းနှင့် အိမ်ပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲတိုင်းကို သုတ်သင်ပစ်လိုက်သည်။ ၎င်းတို့၏ အလောင်းများပင် မကျန်ရစ်တော့ဘဲ ပြာအဖြစ် လောင်ကျွမ်းသွားကြသည်။

မိုးကြိုးပစ်ခြင်း ရပ်တန့်သွားရာ အိမ်က ပျက်စီးခြင်း မရှိသော်လည်း ပတ်ဝန်းကျင် ဧရိယာမှာ မိုးကြိုးပစ်ချက်များကြောင့် ဖြစ်ပေါ်လာသော တွင်းပေါင်းများစွာ ကျန်ရစ်ခဲ့သည်။

အိမ်ထဲတွင် လီချင်းရန်က သွေးအိုင်ထဲ၌ သတိလစ် မေ့မြောနေ၏။ သူ့ကို ဖုံးအုပ်ထားသော ရွှေရောင်ဒိုင်းကာတစ်ခုက ပတ်ဝန်းကျင်မှ မီးတောက်များကို တားဆီးထား၏။

“ဒီ...ဒီနေရာက အန္တရာယ်များတယ်”

စုန်ကျောင်းကျောင်းက သူ၏ ရင်ထဲ မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

ရုတ်တရက် မိုးကြိုးမီး အဆောင် တစ်ခုက သူ၏ အပေါ်တွင် ပေါ်လာခဲ့သည်။

တောက်ပနေသော အဆောင်က ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေပြီး ၎င်း၏ ငွေရောင် စာလုံးများက ဖိနှိပ်သော ခမ်းနားကြီးကျယ်မှုကို ထုတ်လွှတ်နေ၏။

“နတ်ဘုရားအဆင့် အဆောင်လား...”

သူ၏ မျက်လုံးများ မယုံနိုင်စွာ ပြူးကျယ်သွားသည်။

နတ်ဘုရားအဆင့် မိုးကြိုးမီး အဆောင်က သူ့ကို ပစ်မှတ်ထားနေ၏။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်ကိုလား။

သူ့ကို မည်သို့ တွေ့သွားကြောင်း တွေးနေစရာ မလိုတော့။

အဆောင်များကို အမှိုက်လို ပေါ့ပေါ့ပါးပါး ပစ်နိုင်သူ တစ်ယောက်အတွက် သူ၏ လျှို့ဝှက် အခင်းအကျင်းက ကလေးကစားစရာ တစ်ခုမျှသာ။

“ဟား... ဟားဟား...”

သူ ခါးသက်စွာ ရယ်လိုက်မိ၏။

နောက်တစ်စက္ကန့်တွင်—

ဂျိန်း...

စည်ပိုင်းလောက် ထူသော မိုးကြိုးတစ်ချက် ပစ်ချလိုက်ပြီး သူ၏ အခင်းအကျင်းကို ဖျက်ဆီးပစ်ကာ သူ့ကို ဗလာနတ္ထိ ဖြစ်သွားစေသည်။

...

မြေပုံပေါ်မှ အနီရောင် အမှတ်အသားများ အားလုံး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရမှ ချန်ဟွိုက်အန် နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာ ရသွား၏။

ထိုက်ရှန်းတောင်ပေါ်တွင် အရိုးကျိုးခြင်းနှင့် ကျောက်တုံးများ ပြုတ်ကျခြင်းကို ရှောင်တိမ်းရခြင်းကပင် သူ့ကို ထိုမျှလောက် ဖိအား မဖြစ်စေခဲ့။

“ချီးပဲကွာ။ ဒီဂိမ်းက ရန်သူ တိုက်ခိုက်တာကို သတိပေးချက် ပေးလို့ မရဘူးလား။ ခဏလေး ထွက်လိုက်တာနဲ့ အခြေစိုက်စခန်းက ခြုံခိုတိုက်ခိုက်ခံရတယ်။”

သူ'ကံတရားငါးကြင်းကန်'ကို အကြိမ် ၅၀၀ လှည့်လိုက်ရုံသာ ရှိသေးသည်။ ဆုလက်ဆောင်များမှာ ဝိညာဉ်ကျောက်တုံးများ၊ မိုးကြိုးမီး အဆောင်များ၊ သို့မဟုတ် အသံပို့ အဆောင်များ ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးများက သိပ်အဆင်မပြေသော်လည်း မိုးကြိုးမီးနှင့် အသံပို့ အဆောင်များက ရင်းနှီးရကျိုး နပ်၏။

၎င်းတို့အနက် ပရီမီယံနှင့် ထိပ်တန်းအဆင့် အဆောင် အများအပြား ပါဝင်ပြီး နတ်ဘုရားအဆင့်နှစ်ခုပင် ပါဝင်ခဲ့သည်။

ခုနကပင် သူသည် အနီးအနားတွင် ပုန်းအောင်းနေသော ဉာဏ်များသည့် ဘော့စ်အသေးစားကို သတ်ရန် နတ်ဘုရားအဆင့် အဆောင် တစ်ခုကို အသုံးပြုလိုက်၏။

ထို့ပြင် သူက ထိပ်တန်းအဆင့် ရတနာ တစ်ခုဖြစ်သော 'ပိုးချည်မျှင်ဓား' ကိုလည်း ရရှိခဲ့သည်။

ထိပ်တန်းအဆင့် ပစ္စည်းကိရိယာများက တန်ဖိုးမဖြတ်နိုင်ပေ။ အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူများ အသုံးပြုလေ့ရှိသော လက်နက်များ ဖြစ်နိုင်၏။

သို့သော် ယခုက အမြတ်အစွန်း တွက်ချက်ရမည့် အချိန် မဟုတ်။

ချန်ဟွိုင်အန်က လေးနက်သော အမူအရာဖြင့် လီချင်းရန်၏ ဇာတ်ကောင်ကို နှိပ်လိုက်သည်။

[ အခြေအနေ = အပြင်းအထန် ဒဏ်ရာရထား။ စိုးရိမ်ရ ]

[ ကျင့်ကြံခြင်း တိုးတက်မှု = ၁၄၅၆/၄၉၉၉ (ပဉ္စမအလွှာ) ]

[ ကျန်ရှိသော သက်တမ်း = မိနစ်ပိုင်း ]

[ ချစ်ခင်မှု = ၃၅ (လေးစားအားကျမှု)။]

“ဟာ့… ဒဏ်ရာက ဒီလောက် ပြင်းနေမှတော့ လုပ်သင့်တဲ့ နည်းလမ်းမှန်က ဆေးတိုက်ဖို့ပဲ။”

ချန်ဟွိုက်အန်က လစဉ်ကြေးပေးသွင်းမှု ဆုလာဘ်မှ ရရှိသော ထိပ်တန်း နတ်ဘုရားအဆင့် မဟာပြန်လည်ထူထောင်ရေး ဆေးလုံးကြီးကို သိုလှောင်လက်စွပ်ထဲမှ ဆွဲထုတ်ပြီး သူ၏ ပါးစပ်အနားသို့ ရွှေ့လိုက်သည်။

သို့သော်လည်း အသိပေးချက် တစ်ခု ပေါ်လာ၏။

[ သင်၏ပုံရိပ်ယောင်ကောင်မလေး 'လီချင်းရန်'သည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး ဆေးလုံးကို မမျိုချနိုင်။ ဆေးတိုက်ခြင်း မအောင်မြင်ပါ ]

ဂိမ်း၏ လက်တွေ့ဆန်မှုနှင့် ယုတ္တိဗေဒကို လိုက်နာမှုက လွန်လွန်းအားကြီးနေသည်။

ချန်ဟွိုက်အန် တီးတိုး ရေရွတ်လိုက်၏။

“ဂိမ်းရေးဆွဲတဲ့သူတွေက ဒီဂိမ်းကို နိုင်ငံ့ဝန်ထမ်း စာမေးပွဲ ဖြေနိုင်ဖို့အထိ မှန်းထားကြတာလားဟ…”

All Chapters