ချန်ဟွိုက်အန်က ပါရမီရှင်တစ်ယောက်များလား...
Vol. 2 Ch. 17
အမှန်ပင်။ ထိုပြင်းပြသော ခံစားချက်က ထင်ယောင်ထင်မှား မဟုတ်ပေ။
၎င်းက ချန်ဟွိုက်အန်အား သူ၏ အပြစ်ရှိသော လက်များကို မထိန်းချုပ်နိုင်အောင် ဖြစ်စေခဲ့သည်။
သူက ငွေအပ်တစ်စုံကို ဆွဲယူလိုက်ပြီး သူ့ဘေးမှ အဘိုးအိုကို တစ်ချက် ကြည့်လိုက်ကာ ဆိုးရွားသော အပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ် ပေါ်လာ၏။ ထိုအပြုံးတွင် မိုက်မဲခြင်း၊ တဏှာစိတ်၊ မာနထောင်လွှားခြင်း၊ ဂရုမစိုက်ခြင်းတို့ ရှိနေပြီး အရေးအကြီးဆုံးမှာ စိတ်အား ထက်သန်မှု ၈၈% ရောနှောနေခြင်းပင်။
ထို့နောက် သူက၏ အပ်ဘူးကို ဖွင့်လိုက်သည်။
အတွင်း၌ ငွေအပ် ၃၆ချောင်း ရှိနေ၏။ သူ၏ လက်ချောင်းများက အပ်ထိပ်များကို ပွတ်သပ်လိုက်ရာ ရင်းနှီးသော ခံစားချက်တစ်ခုက သူ၏ကိုယ်ထဲသို့ ဖြတ်သန်း စီးဆင်းသွားသည်။ သူ့ကောင်မလေး၏ လက်ချောင်းများကို ပွတ်သပ်နေရ သကဲ့သို့ပင်။
“တောင်းပန်ပါတယ်...”
ချန်ဟွိုက်အန်က ဘေးနားမှ အဘိုးအိုဘက်သို့ လှည့်ပြီး တိတ်တဆိတ် လက်အုပ်ချီ တောင်းပန်လိုက်သည်။
ထို့နောက် သူက ငွေအပ်တစ်ချောင်းကို ယူလိုက်ပြီး လက်ကို ပြောင်းပြန်ကိုင်ကာ သူ့ခြေထောက်သူ ထိုးစိုက်လိုက်သည်။
တခြားသူ သုံးထားသောအပ်ကို သုံးပြီး ကိုယ့်ခြေထောက်ကိုယ် ထိုးစိုက်ခြင်းက… အပ်အတွက် NTR လိုမျိုး မဖြစ်နေဘူးလား...
ထိုအရာက အဘိုးအိုနှင့် အပ်များကိုပါ သူ၏ နက်နက်ရှိုင်းရှိုင်း တောင်းပန်မှုကို ဖော်ပြသော နည်းလမ်းပင်။
အဘယ်ကြောင့် သူက အဘိုးအိုကို မထိုးဘဲ ကိုယ့်ဘာသာကိုယ် ထိုးစိုက်ရသနည်း....
သူ ရူးနေ၍လား။ သူ့တွင် ထူးဆန်းသော ခံစားချက်နှင့် သိချင်စိတ် အနည်းငယ် ရှိနေသော်လည်း တခြားသူတွေကို တွေ့ကရာ လိုက်ထိုးခြင်းကို သူ လုပ်မည် မဟုတ်ပေ။ သို့သော် ကိုယ့်ဘာသာကိုယ် ထိုးစိုက်ခြင်းက သူ၏လိပ်ပြာကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေမည် မဟုတ်။
နောက်ဆုံးတော့ ငါက ဘယ်လိုပဲဖြစ်ဖြစ် သေမှာပဲလေ။ ကိုယ့်ဘာသာကိုယ် စမ်းကြည့်တာပေါ့။
သူ့အကြည့်က ခြေထောက်ပေါ်သို့ ကျရောက်သွား၏။ အပ်စိုက်မှတ် ကွန်ရက်တစ်ခု သူ့မျက်လုံးရှေ့မှာ ခပ်ရေးရေး ပေါ်လာပြီး ဂိမ်းထဲတွင် သူ မြင်ခဲ့ရသည့် ပုံကြမ်းများနဲ့ ထပ်တူကျနေသည်။ သူ့လက်ချောင်းများက လျှပ်စီးလက်သလို လှုပ်ရှားနေပြီး အပ်များက တိမ်တိုက်များနှင့် စီးဆင်းနေသော ရေကဲ့သို့ပင် ချောမွေ့စွာ ပျံသန်းနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အပ် ၃၆ချောင်းစလုံး သူ၏ ညာဘက် ခြေထောက်တွင် စိုက်ဝင်နေပြီ ဖြစ်သည်။
ချန်ဟွိုက်အန်က အသက်ကို ပြင်းပြင်း ရှူပြီး အောင့်ထားလိုက်သည်။
နောက်တစ်ဆင့်အနေနဲ့ သူက အပ်တစ်ချောင်းစီရဲ့ အနက်ကို ချိန်ညှိပြီး အပ်အဆုံးကို လှည့်သည်။ ထို့နောက် သူ့ခြေထောက်ပေါ်မှ အပ်စိုက်မှတ်များကို လှုံ့ဆော်ပေးသည်။ ပုံမှန် ရေသန့်ဘူးကိုင်လျှင်ပင် တုန်နေတတ်သော သူ၏လက်က အခု ကျောက်ဆောင် တစ်ခုလို တည်ငြိမ်နေ၏။
ခဏကြာသော် အပ်စိုက်ခြင်း ပြီးစီးသွားခဲ့သည်။
ချန်ဟွိုက်အန်က အပ်များကို ဘူးထဲ ပြန်ထည့်ပြီး မူလနေရာမှာ ပြန်ထားလိုက်၏။
ရင်ထဲက ထူးဆန်းသော ယားယံမှုက နောက်ဆုံး ငြိမ်ကျသွားခဲ့သည်။
“ဟူး...အများကြီး သက်သာသွားပြီ။” သူက ကျေနပ်စွာဖြင့် လက်ကို ပွတ်လိုက်ပြီး ထွက်ခွာသွားသည်။
ဒဏ်ရာရထားသော ခြေထောက်က ညာဘက်ဖြစ်ရာ ထိုနေရာကိုသာ သူ အပ်စိုက်ခဲ့ခြင်းပင်။
ယခုအချိန်တွင် သူ့ခြေထောက်ပေါ်မှ သွေးခြေဥများ မှိန်ဖျော့လာနေပြီ ဖြစ်သည်။ အရိုးများက လွဲနေသေး ဖြစ်သော်လည်း အရိုးကျိုးသည်နှင့် ပတ်သက်ပြီး အဓိက စိုးရိမ်ရသည်က ကျိုးခြင်းမဟုတ်ဘဲ နောက်ဆက်တွဲ ဖြစ်လာသော တစ်ရှူးပျက်စီးမှုနဲ့ သွေးခြေဥခြင်းတို့ပင်။ ရောင်ရမ်းခြင်းကို လျှော့ချရန်က အရေးကြီး၏။
အပ်စိုက်ကုထုံး အချိန်က ဆယ်မိနစ်ပင် မကြာလိုက်ပေ။ သို့သော် ရလာဒ်များ ရှင်းနေသည်။ ရောင်ရမ်းခြင်း လျော့ကျသွားပြီး သွေးခြေဥလည်း နည်းပါးသွားခဲ့သည်။
ချန်ဟွိုက်အန် ကိုယ်တိုင်ပင် မယုံနိုင် ဖြစ်နေ၏။
“နေပါဦး။ ဒီဂိမ်းက တကယ်ကြီး ဒီလောက်ထိ ကြမ်းနေတာလား....”
ဒါက ဂိမ်းသက်သက် မဟုတ်တော့ဘူး။
တကယ် အသုံးဝင်တဲ့ အရာတစ်ခုခုကို သင်ပေးနေတာလား။
သို့ပေမဲ့ လူတိုင်း သင်ယူနိုင်သည်တော့ မဟုတ်ပေ။ တစ်ကြိမ်တည်း စမ်းရုံဖြင့် အပ်စိုက်ကုထုံး ပညာများကို ပုံတူကူးပြီး ပုံကြမ်းများကို မှတ်မိနိုင်သူ ဘယ်နှယောက် ရှိနိုင်မည်နည်း...
သို့ရာတွင်… ယခင်က သူ့မှတ်ဉာဏ်မှာ အမြဲပင် ဆိုးရွားခဲ့သည် မဟုတ်ပါလား။
ဒါက နည်းနည်းတော့ ထူးဆန်းလာပြီ။
ချန်ဟွိုက်အန် ခဏလောက် စဉ်းစားလိုက်၏။ ရုတ်တရက် သူ့မျက်လုံးများ အရောင်လက််သွားပြီး သဘောပေါက် သွားသလို လက်ခုပ်တီးလိုက်၏။
“အဟား... ငါ သဘောပေါက်ပြီ။ ဟားဟားဟား...”
ဆေးရုံခန်း အပြင်ဘက်တွင် ဒေါက်တာဝူနှင့် ဒေါက်တာကျန်းတို့ အတူတူ လမ်းလျှောက်ရင်း ချန်ဟွိုက်အန်အကြောင်း ဆွေးနွေးနေကြ၏။
“ဒီလူငယ်လေးက စိတ်ရောဂါ ရာဇဝင်မရှိတဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်ပါ။ သူ့ဦးနှောက်မှာ ပြဿနာရှိနေတယ်ဆိုတာ သေချာလို့လား။”
ဒေါက်တာဝူက ချန်ဟွိုက်အန်၏ ဖိုင်ကို ဖတ်ပြီးပြီ ဖြစ်၍ ဒေါက်တာကျန်း၏ သုံးသပ်ချက်ကို သံသယဝင်နေသည်။
“ဟားဟားဟား။ ဒါ ကင်ဆာကြောင့်ပဲ။ လျှို့ဝှက်ဆန်းကြယ်တဲ့ ကင်ဆာဆဲလ်တွေက ငါ့ရဲ့ မျိုးဗီဇ အလားအလာတွေကို ဖွင့်ပေးလိုက်ပြီ။ ငါက ပါရမီရှင် တစ်ယောက်ပဲ...”
ထူးဆန်းသော ရယ်သံ တိုးတိုး တစ်ခု အခန်းထဲမှ ထွက်ပေါ်လာသည်။
“ကြည့်ပါလား...” ဒေါက်တာကျန်းက လက်ကာပြကာ အခန်းဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။
ဒေါက်တာဝူ - “…”
ဒီလူငယ်လေးက ထိုက်ရှန်းတောင်ထိပ်မှာ တံလျှပ်ကို မြင်ပြီးတော့ စိတ်ဒဏ်ရာ နည်နည်း ရသွားတဲ့ပုံပဲ။ ဆေးဘက်ဆိုင်ရာ အကူအညီ တကယ်ပဲ လိုအပ်နေပြီ။
“လူငယ်လေး…” ဒေါက်တာဝူက အခန်းထဲသို့ ဝင်လိုက်သည်။
“ဒေါက်တာ။ ကျွန်တော်က နေမကောင်း မဖြစ်ပါဘူး။ ဆေးရုံဆင်းချင်တယ်။ ဒါမှမဟုတ် ဆရာတို့မှာ ပါဝါဘန့် ရှိလား။ ရှိရင်တော့ ကျွန်တော် နည်းနည်းလောက် ဆက်နေဦးမယ်။”
“…”
ဒေါက်တာဝူက မျက်နှာတွင် လေးနက်မှု အပြည့်ဖြင့် ရှိနေသော ကုတင်ပေါ်မှ လူငယ်ကို စိုက်ကြည့်ရင်း သူ့အား ဆေးပမာဏ တိုးပေးသင့် မသင့် စတင် စဉ်းစားနေခဲ့သည်။
သို့သော် ဒေါက်တာကျန်းက ချန်ဟွိုက်အန်၏ ခြေထောက်တွင် ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိထားမိပြီး ငြိမ်သက်သွားသည်။
“ဟေ့။ မင်းခြေထောက်က ဘာဖြစ်သွားတာလဲ...”
သူ ခုနက ဒေါက်တာဝူကို သွားရှာနေစဉ် ချန်ဟွိုက်အန်၏ ခြေသလုံး အရိုးကျိုးသော နေရာတွင် မည်းနက်နေသော သွေးခြေဥကြီး ရှိနေခဲ့သည်ကို သေသေချာချာ မှတ်မိနေခဲ့သည်။ မကုသဘဲ ထားထားရင် တစ်ရှူး သေသည်အထိ ဖြစ်သွားနိုင်၏။
သို့သော် အခုတွင် ရောင်ရမ်းခြင်းက သိသိသာသာ လျော့ကျသွားပြီး သွေးခြေဥကလည်း သိပ်မဆိုးတော့။
ဒေါက်တာ၏ အကြည့်ကို သတိထားမိသော ချန်ဟွိုက်အန်က ခြေထောက်ကို အလိုလို ပြန်ရုတ်လိုက်ပြီး ဟန်မပျက် ရယ်လိုက်သည်။ “ကျွန်တော်က ငယ်ငယ်ကတည်းက ခံနိုင်ရည်ရှိတယ်။ ပြန်ကောင်းတဲ့ နေရာမှာ မွေးရာပါ ပါရမီ ပါတာလေ။”
ရောင်ရမ်းခြင်းကို သူ၏ လျှို့ဝှက်အပ်စိုက်ကုထုံးနဲ့ လျှော့ချလိုက်သည်ဟု ပြောရန် လုံးဝ မဖြစ်နိုင်ပေ။ သူ လျှင်ပင် မည်သူမှ ယုံကြည်မည် မဟုတ်။ ပြဿနာ ပိုတက်ရုံသာ ရှိပေမည်။
ဆရာဝန်များကို သူ့၏ အပ်စိုက်လက်ရာ ပြသရန် ဆိုသည်ကတော့ လုံးဝ မဖြစ်နိုင်ပေ။
ဘေးကုတင်မှ အဘိုးအိုက စမ်းသပ်ခံကောင်းတစ်ခု ဖြစ်နိုင်သော်လည်း စိတ်ရောဂါဆောင်ကို ဆွဲခေါ်မသွားခင် စတင်ခွင့် ရနိုင်မည်လား ဆိုသည်မှာ မသေချာပေ။
ထို့အပြင် သူ့အပေါ် အလုပ်ဖြစ်၍ တခြားလူအပေါ် အလုပ်ဖြစ်မည် ဟူသော အာမခံချက်လည်း မရှိ။
ဒီခေတ်ကြီးမှာ လမ်းကူးတဲ့သူကို ကူညီတာတောင် ဥပဒေအရ အကျိုးဆက်တွေ စိတ်ပူနေရတာ။ လူတစ်ယောက်ကို အပ်နဲ့ လိုက်ထိုးဖို့ကို ပြောမနေနဲ့။
ဒေါက်တာကျန်း အကြာကြီး စဉ်းစားသော်လည်း အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေသည်။
အနည်းဆုံးတော့ ချန်ဟွိုက်အန် ခြေထောက်ရှိ အရိုးအကျိတ်က မပျောက်သွားသေးပေ။ အကယ်၍ ပျောက်သွားခဲ့လျှင် ဒေါက်တာကျန်း အနေနဲ့ ထိုကိစ္စကို အထက်လူကြီးဆီ တင်ပြရုံကလွဲပြီး ရွေးချယ်စရာ ရှိမည် မဟုတ်ပေ။
“မောင်ရင်။ မင်းရဲ့ ကင်ဆာကို ကုသဖို့ နည်းလမ်းရှာဖို့ လိုတယ်။ လျစ်လျူရှုထားရင် အဆုံးသတ် ကောင်းလာမှာ မဟုတ်ဘူး...”
“ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ပိုက်ဆံမှ မရှိတာ။” ချန်ဟွိုက်အန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
“အာမခံ မဝယ်ထားဘူးလား။”
“ဟင့်အင်း..”
“မိဘတွေရော...”
“မရှိတော့ဘူး...”
“…ဟူး...”
ဒေါက်တာကျန်း တိတ်ဆိတ်သွားခဲ့သည်။ မေးခွန်းတိုလေး အနည်းငယ် မေးပြီးနောက် သူသည်ပင် စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။
အတွေ့အကြုံရှိသော ဆရာဝန်တစ်ဦးအနေဖြင့် ချန်ဟွိုက်အန်ကဲ့သို့ အမှုပေါင်းများစွာကို သူ မြင်တွေ့ခဲ့ဖူး၏။ မှီခိုစရာ ဘာမှမရှိဘဲ မလွဲမသွေ ဖြစ်လာမည့် အရာကို စောင့်ဆိုင်းရန်မှတပါး ရွေးချယ်စရာ မရှိသော လူနာများပင်။
သို့သော် သူ့လိုမျိုး အခြေအနေအပေါ် ထိုမျှ ဂရုမစိုက်သလို ဖြစ်နေသည့် လူနာမျိုးက ရှားပေသည်။
“ဒေါက်တာ။ ကျွန်တော့် အခြေအနေကို ကျွန်တော် သိပါတယ်။ ဈေးကြီးတဲ့ ကုသမှုတွေကို မတတ်နိုင်ဘူး။ ကျိုးနေတဲ့ ခြေထောက်ကိုပဲ ပုံမှန်ဖြစ်အောင် ကုပေးပါ။”
ဒေါက်တာကျန်း ခေါင်းညိတ်လိုက်သော်လည်း ထပ်ပြီးပြောသည်။ “ရန်ပုံငွေရှာဖို့ အကူအညီလိုရင် ငါ့ကို ပြောပါ။ နည်းနည်းလောက် ကူညီပေး နိုင်မှာပါ။”
“ကျေးဇူးတင်ပါတယ် ဒေါက်တာ။ ကျွန်တော် ပိုက်ဆံ လုံလုံလောက်လောက် ရှာနိုင်ခဲ့ရင် သေချာပေါက် ကောင်းကောင်းမွန်မွန် ကုသမှု ခံယူပါ့မယ်။”
ချန်ဟွိုက်အန်နှင့် ဒေါက်တာကျန်း စကားပြောနေစဉ် ဒေါက်တာဝူက တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
လူငယ်လေး၏ အတွေးများက ရှင်းလင်းနေပြီး မျက်လုံးများက တောက်ပနေ၏။ စိတ်ရောဂါ လက္ခဏာ မရှိပေ။ တစ်ခုခု ရှိလျှင်ပင် သူက အနည်းငယ် ဒရာမာခင်းရုံသာ ဖြစ်သည်။
စိတ်ငြိမ်ဆေးကို အလကား သုံးမိတော့မလို့။ ကံကောင်းသွားတယ်။
ချန်ဟွိုက်အန်က မွန်းလွဲပိုင်းအထိ ဆေးရုံတွင် နေနေခဲ့သည်။
သူ၏ ကျိုးနေသော ခြေထောက်အတွက် လုပ်ထုံးလုပ်နည်း တစ်ခုကို ခံယူခဲ့ပြီး ယခုအခါ ကျောက်ပတ်တီ စည်းထားပြီ ဖြစ်သည်။
ဆရာဝန်များက စောင့်ကြည့်ရန်အတွက် ဆေးရုံတက်ဖို့ အကြံပြုသော်လည်း ငွေကြေးကို အကြောင်းပြ၍ သူ ငြင်းခဲ့သည်။ မသွားခင်တွင် သူက ဆေးရုံဘေးရှိ ဆေးဆိုင်မှ ငွေအပ်တစ်စုံ ဝယ်ယူခဲ့သည်။
“ပါဝါဘန့်...ပါဝါဘန့်...”
အပြင်ရောက်သည်နှင့် တပြိုင်နက် ချန်ဟွိုက်အန်က ဆာလောင်နေသော ဝံပုလွေ တစ်ကောင်ကဲ့သို့ ပတ်ဝန်းကျင်ရှိ ဆိုင်များကို လိုက်လံကြည့်ရှုနေပြီး မျက်လုံးများ အရောင်တောက်နေ၏။
သူ ပါဝါဘန့် လိုအပ်နေသည်။
မွန်းလွဲပိုင်း တစ်ခုလုံး သူက ဂိမ်းထဲ မဝင်ရသေးပေ။
လီချင်းရန် သားရဲ တိုက်ခိုက်ခြင်း ထပ်ခံရလျှင် မည်သို့ ဖြစ်မည်နည်း။ သူ တွေးပင် မတွေးရဲခဲ့။
ထို့အပြင် သူက ဂိမ်းထဲတွင် ယွမ် ၆သောင်းနီးပါး ရင်းနှီးထားပြီးပြီ ဖြစ်သည်။ အကယ်၍ သူ့ဇာတ်ကောင်သာ အဖျက်ခံလိုက်ရလျှင် ဒေါသထွက်ပြီး ဆေးရုံ ဒုတိယထပ်မှ ခုန်ချမိပေလိမ့်မည်။
“အဲဒီ ပါဝါဘန့်ကို လွှတ်လိုက်စမ်း...”
ကျောင်းသူလေးတစ်ဦး၏ ကြောက်လန့်နေသော အကြည့်အောက်တွင် ချိုင်းထောက် ကိုင်ထားသော ချန်ဟွိုက်အန်က ရှေ့သို့ ပြေးသွားပြီး စားသောက်ဆိုင် အားသွင်းစခန်းမှ နောက်ဆုံးကျန်သော ပါဝါဘန့်ကို အပိုင်သိမ်းလိုက်သည်။
သူက ဖုန်းကို အားသွင်းပြီး ဂိမ်းထဲ ဝင်လိုက်၏။
ဟူး....
လီချင်းရန်က ရွှမ်ကျားအခင်းအကျင်း ထဲတွင် သတိလစ်နေဆဲ ဖြစ်သော်လည်း လုံခြုံနေသည်။
ပါဝါဘန့်ကို ပါးစပ်တွင် ကိုက်ထားပြီး လက်တစ်ဖက်တွင် ချိုင်းထောက်၊ အခြားလက်တစ်ဖက်တွင် ဖုန်းကို ကိုင်ထားရင်း ကျောင်းသူလေး၏ ကြောင်တောင်တောင် အကြည့်အောက်တွင် စားသောက်ဆိုင်ရှိ စားပွဲတစ်လုံးဆီသို့ ချန်ဟွိုက်အန် တရွတ်တိုက် လျှောက်သွားလိုက်သည်။
“သူဌေး။ ခေါက်ဆွဲခြောက် သုံးပန်းကန်။”
“ရပါပြီ။ ကြက်ဥ ထည့်ဦးမလား။”
“မထည့်တော့ဘူး။ ဟင်းရည်လေး ထည့်ပေးပါ...”
“ရပါပြီ...”
ကြက်ဥက သုံးယွမ်တောင်။ မတန်ဘူး။
ဟင်းရည်က အလကားပဲ။ သေချာပေါက် တန်တာပေါ့။
လောလောဆယ် လီချင်းရန် သတိမေ့မြောနေသည်ကို စောင့်ဆိုင်း၍ ရ၏။
ချန်ဟွိုက်အန်က 'ကံတရားငါးကြင်းကန်'ကို ဖွင့်လိုက်သည်။
အာမခံဆု ရရှိရန်အတွက် အကြိမ် ၅၀၀ လိုနေသေး၏။
“ချီးပဲ။ ကံဆိုးလိုက်တဲ့ငါ။”
နှာခေါင်းရှုံ့လိုက်ရင်း “E-Payမှ ငွေနှုတ်ခြင်း” စာတန်းနှင့်အတူ မဲနှိုက်ရန် မျက်နှာပြင်ကို သူ နှိပ်လိုက်၏။
သူ အကုန်ပုံအောလိုက်လေပြီ။