နတ်ဆေး ပေါ်ထွက်လာခြင်း
Vol. 2 Ch. 19
ချင်းယွန်ဂိုဏ်း...
ချီရှောင်းတောင်ထိပ်တွင် ဖြစ်သည်။
တာအိုသခင် ချင်းရွှမ်းက တစ်ပတ်လျှင် တစ်ကြိမ်သာ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာပြီး ဟောပြောပို့ချလေ့ရှိရာ တစ်ကြိမ်လျှင် နှစ်နာရီခန့် ကြာမြင့်တတ်သည်။ ထို့နောက် သူ၏ တပည့်များ ကျင့်ကြံစဉ် တွေ့ကြုံရသော မေးခွန်းများကို ဖြေကြားရန် နောက်ထပ် တစ်နာရီ အချိန်ပေးလေ့ ရှိသည်။
ယခုအချိန်တွင် ချီရှောင်းတောင်ထိပ်မှ တပည့်များက သက်တမ်း မခန့်မှန်းနိုင်သော ရှေးဟောင်း ထင်းရှူးပင်ကြီး အောက်တွင် စုဝေးနေကြသည်။ ဟောပြောပို့ချမှု ပြီးဆုံးသွားပြီ ဖြစ်ရာ ယခုတွင် မေးမြန်းရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
လုချန်ထျန်းက ပထမဆုံး မတ်တပ်ရပ်လိုက်ပြီး ထင်းရှူးပင်အောက်ရှိ အစိမ်းရောင် ဝတ်ရုံဝတ် ပုဂ္ဂိုလ်အား ရိုသေလေးစားစွာ ဒူးထောက်လျက် အရိုအသေ ပြုလိုက်သည်။ “ဆရာ။ ဂိုဏ်းချုပ်ကြီးရဲ့ ကိုယ်ပိုင်တပည့် ကျောက်လင်းထျန်းက မှော်ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်တာ ခံရပြီး သူ့ရဲ့ ဒန်တျန် ကြေမွသွားတယ်လို့ ကြားပါတယ်။ ဂိုဏ်းချုပ်ကြီးက အဖြေရှာဖို့ အတော်လေး ငွေကုန်ကြေးကျ ခံနေရတယ်။ ကြေမွသွားတဲ့ ဒန်တျန်ကို ပြန်ပြုပြင်ဖို့ နည်းလမ်းမရှိဘူး ဆိုတာ မှန်ပါသလား။”
ထိုမေးခွန်းက ထင်းရှူးပင်အောက်ရှိ အခြားတပည့်များအကြား ကွဲပြားသော တုံ့ပြန်မှုများကို ဖြစ်စေခဲ့သည်။ ကျောက်လင်းထျန်း တစ်ယောက်တည်း ထိုကံကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရသည် မဟုတ်ပေ။ သူတို့၏ ယခင် ပဉ္စမမြောက် ဂျူနီယာ ညီမလေး လီချင်းရန်လည်း ရှိနေသေးသည်။
တာအိုသခင် ချင်းရွှမ်းက မျက်လုံးကို အနည်းငယ် ဖွင့်လိုက်ပြီး မုတ်ဆိတ်မွေးကို သပ်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ဒန်တျန်ကို ပြုပြင်လို့ မရတာ မဟုတ်ဘူး။ ဒါက သီးခြား ရှေးဟောင်း နတ်ဆေးတစ်မျိုး လိုအပ်ရုံ သက်သက်ပါပဲ။ အဲဒီဆေးသာ ရှိရင် လုံးဝ ပျက်စီးသွားတဲ့ ဒန်တျန်တောင် ပြန်ပြီး ပြုပြင်နိုင်တယ်။ အဲဒါ မရှိရင်တော့ ကောင်းကင်ပေါ် တက်ရသလို ခက်ခဲလိမ့်မယ်...”
“ဘယ်လိုဆေးမျိုးလဲ ဆရာ။”
“ကမ္ဘာဦး ကောင်းကင်ဖာထေး ဆေးလုံးပဲ...” ချင်းရွှမ်းက လေးနက်စွာ ဖြေကြားလိုက်သည်။
လူအုပ်ကြီးက အံ့အားသင့်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး ထိုနာမည်ကို ကြားလိုက်ရုံမျှဖြင့် အံ့သြမှင်တက်မှု လှိုင်းတစ်ခုကို ခံစားလိုက်ရ၏။
တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု...
ချင်းရွှမ်း ဆက်လက်၍ ရှင်းပြလိုက်သည်။
“သတ္တဝါအားလုံး မွေးဖွားလာတဲ့အခါ သူတို့ရဲ့ ဒန်တျန်က သတ်မှတ်ပြီးသား ဖြစ်တယ်။ ပြောင်းလဲလို့ မရတဲ့ ကိန်းသေ တစ်ခုပေါ့။ လူတစ်ယောက်စီရဲ့ ဒန်တျန် အရည်အသွေးက ကွဲပြားပြီးတော့ စိတ်ဝိညာဉ် ချီစွမ်းအင် ဘယ်လောက် သိုလှောင်နိုင်လဲ၊ ဘယ်လောက် သန့်စင်လဲ ဆိုတဲ့အပေါ်မှာ လွှမ်းမိုးမှု ရှိတယ်။ ဒန်တျန်ရဲ့ သက်ရောက်မှုက စိတ်ဝိညာဉ်အမြစ်လောက် မွေးရာပါ ပါရမီအပေါ် သိသာထင်ရှားမှု မရှိပေမဲ့လည်း ကျင့်ကြံမှု အဆင့်မြင့်လာတာနဲ့ ပါရမီနဲ့ ကျင့်ကြံမှုအဆင့်တူတဲ့ ကျင့်ကြံသူ နှစ်ယောက် ယှဉ်ပြိုင်တဲ့အခါ ဒန်တျန် အရည်အသွေး ကွာခြားချက်က ပိုပြီး ထင်ရှားလာတတ်တယ်။”
“ရှေးခေတ် စိတ်ဝိညာဉ် ချီစွမ်းအင် ပေါများကြွယ်ဝခဲ့တုန်းက ဒန်တျန်တွေကို အဆင့် ကိုးဆင့် ခွဲခြားထားခဲ့တယ်။ နဝမအဆင့်က အနိမ့်ဆုံး ဖြစ်ပြီးတော့ ပထမအဆင့်က အမြင့်ဆုံးပေါ့။ ပထမအဆင့် ဒန်တျန်က စိတ်ဝိညာဉ် ချီစွမ်းအင် ပမာဏ အများကြီးကို လက်ခံနိုင်ပြီးတော့ အလျင်အမြန် သန့်စင်နိုင်သလို ပြိုင်ဘက်ကင်းတဲ့ သန့်စင်မှုမျိုးကိုလည်း ရရှိနိုင်တယ်။ အဲဒီခေတ်တုန်းက တပည့်တစ်ယောက်ရဲ့ ဒန်တျန် အရည်အသွေးက သူတို့ရဲ့ အန္တိမအလားအလာကို ဆုံးဖြတ်ပေးတတ်ပြီး ဂိုဏ်းဝင်ခွင့်အတွက် အရေးပါတဲ့ စံနှုန်းတစ်ခု ဖြစ်ခဲ့တယ်။”
“ဒါဆိုရင် ဆရာ... ကျွန်တော့် ဒန်တျန်ကို ဘယ်အဆင့် သတ်မှတ်မလဲ။”
ကျန်းဟန်ရှောင် ယုံကြည်မှုရှိရှိ ရှေ့ထွက်လာပြီး ဗိုက်ကို နှစ်ချက် ပုတ်ပြလိုက်သည်။ သူ့ဒန်တျန်က ထူးချွန်သည်ဟု ယုံကြည်နေ၏။ သူ့ကျင့်ကြံနှုန်းက မြန်ဆန်ပြီး သူ၏စိတ်ဝိညာဉ် ချီစွမ်းအင်က အတော် အားကောင်းသည်။
သို့သော် ချင်းရွှမ်းက သူ့ကို ဘေးစောင်းကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။ “မင်းလား။”
“အဆင့်မဝင်ဘူး...”
ကျန်းဟန်ရှောင် - “…”
ထင်းရှူးပင်အောက်မှ ရယ်သံများ ထွက်ပေါ်လာရာ ကျန်းဟန်ရှောင် အရှက်ရသွားပြီး မြေကြီးထဲသာ တိုးဝင်သွားချင်စိတ် ပေါက်သွားခဲ့သည်။
ထို့နောက် ချင်းရွှမ်း ဆက်ပြောသည်၊ “မင်းတို့ ဘာရယ်နေကြတာလဲ။ မင်းတို့ အများစုလည်း အဆင့်မဝင်ကြဘူး။ လုချန်ထျန်းရဲ့ ဒန်တျန် တစ်ခုတည်းပဲ သတ္တမအဆင့်ကို မမီတမီ ရှိတာ။ စိတ်ဝိညာဉ် ချီစွမ်းအင် ပေါများတဲ့ ရှေးခေတ်တုန်းကသာဆိုရင် မင်းတို့က ဂိုဏ်းရဲ့ ဝိညာဉ်သားရဲတွေရဲ့ အညစ်အကြေးကို သိမ်းဆည်းဖို့လောက်ပဲ တန်ကြမှာ။ အခုလို စိတ်ဝိညာဉ် ခြောက်သွေ့နေတဲ့ ချင်းယွန်ဘုံမှာမို့လို့သာ ဒန်တျန် အရည်အသွေးက စိတ်ဝိညာဉ်အမြစ်တွေ၊ ပြင်ပပစ္စည်းတွေလောက် အရေးမပါတော့တာ။ အဲဒါကြောင့် မင်းတို့တွေက အတွင်းစည်းတပည့်တွေ၊ ကိုယ်ပိုင်တပည့်တွေ ဖြစ်ခွင့်ရနေကြတာ။”
ရယ်မောသံများ တိတ်ဆိတ်သွားပြီး မှုန်မှိုင်းသော မျက်နှာထားများဖြင့် အစားထိုးသွား၏။
သူတို့၏ စိတ်ဓာတ်များကို အပြည့်အဝ ရိုက်ချိုးပြီးနောက် ချင်းရွှမ်းက နောက်ဆုံးတွင် ခေါင်းစဉ်သို့ ပြန်လည် ရောက်ရှိလာသည်။ “ကျင့်ကြံသူ တစ်ယောက်ရဲ့ ဒန်တျန်က သတ်မှတ်ပြီးသားပဲ။ တစ်ခါ ကြေမွသွားရင် ပြန်ပြုပြင်လို့ မရတော့ဘူး။ မြေကြီးပေါ် ဖိတ်ကျသွားတဲ့ ရေကို ပြန်ကောက်လို့ မရသလိုမျိုးပဲ။ ဒါပေမဲ့ ကောင်းကင်ဘုံက မျှော်လင့်ချက် အစအနလေး အမြဲတမ်း ချန်ထားပေးတတ်တယ်။ ရှေးခေတ်တုန်းက အဂ္ဂိရတ်ပညာရှင် တစ်ယောက်က ဒီမျှော်လင့်ချက်ကြိုးမျှင်လေးကို ဖော်ထုတ်ပြီး 'ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး'ကို ဖော်စပ်ခဲ့တယ်။ ဒီနတ်ဆေးက မပြောင်းလဲနိုင်တာကို ပြောင်းလဲ နိုင်အောင် လုပ်ပေးတယ်။ ကြေမွသွားတဲ့ ဒန်တျန်ကို ပြန်လည် ပြုပြင်ပေးနိုင်ရုံသာမက အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်တယ်။ ပြီးတော့ အဲဒါက သေမျိုးအဆင့်ဆေးလုံးရဲ့ အာနိသင်ပဲ ရှိသေးတယ်။ နတ်ဘုရားအဆင့် ဆိုရင် ဘာတွေ စွမ်းဆောင်နိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ။ အဲဒီ ရှေးဟောင်း အဂ္ဂိရတ်ပညာရှင်ပဲ သိလောက်မယ်။”
တပည့်များ အားလုံးက မျှော်လင့်ချက် ရောင်ခြည်များ သန်းလာကြသည်။ အကယ်၍ သူတို့သာ 'ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး' တစ်လုံး ရရှိပြီး ဂိုဏ်းချုပ်ကြီးကို ဆက်သနိုင်ခဲ့လျှင် သူတို့ ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် လုံးဝ စိတ်ပူစရာ လိုတော့မည် မဟုတ်ပေ။
“နောက်လကျရင် ရှေးဟောင်း လျှို့ဝှက်နယ်မြေ အငယ်စားတစ်ခုက ကျုံးကျိုးမှာ ပွင့်လာလိမ့်မယ်။ အဲဒီမှာ မိစ္ဆာသားရဲတွေအတွက် စစ်မြေပြင်တွေတင် မကဘူး။ ရှေးဟောင်း ကျင့်ကြံသူတွေရဲ့ ဂူတွေလည်း ရှိတယ်လို့ ပြောတယ်။ အဲဒီမှာ ဒီလိုနတ်ဆေးမျိုး ရှာတွေ့နိုင်မလား။” လုချန်ထျန်း၏ မျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပနေသည်။ သတ္တမအဆင့် ဒန်တျန် ပိုင်ရှင်တစ်ဦးအနေဖြင့် ဆေးလုံးကို ရရှိခြင်းက သူ့ကို ဆဋ္ဌမအဆင့် သို့မဟုတ် ပဉ္စမအဆင့်သို့ မြှင့်တင်ပေးနိုင်လေသည်။
“ကံစမ်းကြည့်ကြပေါ့...” ချင်းရွှမ်း ခေါင်းညိတ်လိုက်သည်။ သူက သိပ်ပြီးတော့ မျှော်လင့်ချက် မထားပေ။ ထိုသို့ ဆေးလုံးမျိုးက ရှေးခေတ်ကတည်းကပင် ရှားပါးခဲ့သည်။ လျှို့ဝှက်နယ်မြေ အငယ်လေးထဲတွင်မူ ပြောစရာပင် မလိုပေ။ သို့သော်လည်း နယ်မြေကို စူးစမ်းလေ့လာခြင်းက တန်ဖိုးရှိသော အတွေ့အကြုံနှင့် အရင်းအမြစ်များကို ရရှိစေနိုင်သဖြင့် သူတို့ကို စိတ်ဓာတ်မကျစေချင်ခဲ့ပေ။
“ဒီနေ့ ဟောပြောမှုက ဒီမှာပဲ ပြီးဆုံးသွားပြီ။ ဂူကို ပြန်ကြတော့။”
ချင်းရွှမ်းက တပည့်များကို ပြန်လွှတ်ရန် လက်ကို ဝှေ့ယမ်းလိုက်၏။
သို့သော် ထိုအချိန်၌ပင်—
ဝုန်း...
အစိမ်းရောင် အလင်းတိုင်ကြီးတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားပြီး ဝမ်ချင်းတောင် အထက်ရှိ တိမ်တိုက်များကို ထိုးဖောက်သွားခဲ့သည်။ ၎င်းက ဆက်လက် မြင့်တက်သွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသော နတ်ဘုရား တိုင်လုံးကြီးသဖွယ် ကောင်းကင်ကို ကွဲအက်သွားစေ၏။
ချင်းယွန်ဘုံရှိ ကျင့်ကြံသူတိုင်းက ထိတ်လန့်တကြား မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
“စိတ်ဝိညာဉ် အလင်းတန်းက တိုင်လုံးကြီး ဖြစ်နေတယ်။ ဆေးအနံ့တွေက လေထုထဲမှာ ပြည့်နှက်နေတယ်။ နတ်ဆေးတစ်လုံး ပေါ်ထွက်လာပြီ...”
“ဝမ်ချင်းတောင် ဘက်ကနေ လာတာပဲ။ သွားကြစို့။ ငါတို့ အချိန်မီ ရောက်နိုင်လောက်တယ်။”
“ဘယ်လိုဆေးမျိုး ဖြစ်မလဲ။ ငါသာ ရခဲ့ရင် ငါ့ကျင့်ကြံမှုက သေချာပေါက် အရှိန်အဟုန်နဲ့ တိုးတက်သွားမှာ...”
ချီရှောင်းတောင်ထိပ်တွင် ချင်းရွှမ်း၏ မျက်လုံးများ ပွင့်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူက အစိမ်းရောင် အလင်းတန်းဆီသို့ ပျံသန်းသွားပြီး ချင်းယွန်ဂိုဏ်း၏ အခြား အဓိကတောင်ထိပ်များမှ စွမ်းအားကြီး ကျင့်ကြံသူများလည်း လိုက်ပါသွားကြသည်။
ဝမ်ချင်းတောင် အနီးရှိ အရည်အချင်းရှိသော ကျင့်ကြံသူ အားလုံး ချက်ချင်းပင် လှုပ်ရှားလိုက်ကြသည်။
[ နတ်ဘုရားအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေး ဆေးလုံးကို ရှာဖွေတွေ့ရှိပါပြီ။ ကောင်းကင် နိမိတ်လက္ခဏာကို ဖုံးကွယ်ရန် ၁၈ ယွမ် ပေးချေလိုပါသလား ]
“ဟာ့..” ချန်ဟွိုက်အန်က ဖုန်းမှ အသိပေးချက်ကို စိုက်ကြည့်ရင်း ပါးစပ်တွန့်သွား၏။
ဟုတ်ပါတယ်။ ဒီလိုကောင်းကင်နိမိတ်လက္ခဏာကြီးက ရတနာရှိတယ်လို့ ကြေငြာနေတဲ့ နီယွန်ဆိုင်းဘုတ်ကြီးလို ထင်ရှားနေတာပဲကိုး။
မြေပုံပေါ်တွင် မရေမတွက်နိုင်သော အနီစက်များ ပေါ်လာပြီး သူ့နေရာဆီသို့ စုဝေးလာကြသဖြင့် ချန်ဟွိုက်အန် ကျောချမ်းသွားသည်။ ကံကောင်းစွာဖြင့် ဂိမ်းဖန်တီးသူများက သူ ယွမ်၉သောင်းကျော် သုံးစွဲပြီးပြီဖြစ်၍ သဘောထားကြီးပုံရသည်။ သူ့ကို နောက်ထပ် သုံးစွဲရန် တွန်းအားမပေးတော့။
သို့တိုင် သူက စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ဖုံးကွယ်တာကို အလကား ပေးလို့ မရဘူးလား။
အံကြိတ်ရင်းနှင့် ချန်ဟွိုက်အန်က ၁၈ယွမ် ပေးချေလိုက်သည်။
[ ကောင်းကင်နိမိတ်လက္ခဏာကို ဖုံးကွယ်နေသည် ]
အစိမ်းရောင် အလင်းတိုင်ကြီး ပျောက်ကွယ်သွားသလို လေထုထဲမှ ဆေးအနံ့လည်း ပျောက်ကွယ်သွား၏။
ဝမ်ချင်းတောင်သို့ ရောက်ခါနီးပြီဖြစ်သော ချင်းရွှမ်းက လေထဲတွင် ရပ်တန့်သွားပြီး အံ့အားသင့် မှင်တက်သွားသည်။ သူ၏ နတ်ဘုရားအာရုံဖြင့် မိုင်ပေါင်းများစွာ ပတ်လည်ကို ရှာဖွေလိုက်သော်လည်း ဘာမှ မတွေ့ခဲ့ရပေ။
“အဲဒါ လီချင်းရန် မဟုတ်ဘူးလား။” တဲအိမ်လေးထဲရှိ သူ၏ ယခင် ပဉ္စမမြောက်တပည့်ကို မှတ်မိလိုက်ပြီး ချင်းရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။ “ဝမ်ချင်းတောင်မှာ နေနေရင် ဂိုဏ်းထဲ ပြန်ရောက်မယ်လို့ ထင်နေတာလား။”
သူက ခေါင်းခါလိုက်ပြီး အေးစက်စွာ ရယ်မောလျက် လျစ်လျူရှုလိုက်သည်။ ထို့နောက် ဆေးလုံးကို ရှာမတွေ့သဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ချင်းယွန်ဂိုဏ်းသို့ ပြန်လှည့်သွားခဲ့သည်။
မည်သူမှ မသိလိုက်သည်မှာ ချင်းယွန်ဘုံကို တုန်လှုပ်စေခဲ့သော နတ်ဆေးလုံးက ယခုအခါ သာမန် သစ်သား စားပွဲတစ်လုံးပေါ်တွင် ရှိနေခြင်းပင်။ ထောင့်တစ်နေရာတွင် ကောင်မလေးတစ်ယောက် တုန်ရီလျက် ထိုင်နေပြီး လုံးဝကို ကြောက်လန့်တကြား ဖြစ်နေ၏။