သူက ဝမ်ယုကုန်းမြေတိုက်ကြီးကို တစ်ကိုက်တည်းနဲ့ စားနိုင်တယ်
Vol. 13 Ch. 161
အဖြူရောင်ဆံပင်များရှိသော ကျန်းယန်သည် ကျောက်စီကိုကြည့်ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
" ဝမ်ယုကုန်းမြေတိုက်မှာ အနာဂတ်ဆိုတာ မရှိတော့ဘူး။ ဒီမိုရာမျိုးနွယ်ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်တော့လို့ မင်း ငါ့တပည့်လုပ်ပြီး ကန်းလန်ကမ္ဘာကို လိုက်လာတာ ပိုကောင်းတယ်"
"အကြီးအကဲ၊ ကျွန်တော် ငယ်စဉ်ကတည်းက ဆရာမယူဘူးလို့ ကျိန်ဆိုခဲ့ပါတယ်။ ဆရာယူမယ်ဆိုရင်တောင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မျက်နှာမဲ့ဓားနတ်ဘုရားကိုပဲ ယူပါမယ်"
ကျောက်စီ၏ မျက်လုံးများက ခိုင်မာနေသည်။
သူသည် ငယ်စဉ်ကတည်းက မျက်နှာမဲ့ဓားနတ်ဘုရား၏ပုံပြင်များကို နားထောင်ပြီးကြီးပြင်းလာခဲ့ရသူဖြစ်သောကြောင့်
ထိုဒဏ္ဍာရီလာဓားနတ်ဘုရား၏ ခွန်အား၊သတ္တိနှင့်အများအတွက် ပေးဆပ်ရဲသောစိတ်ထားကို လေးနက်စွာ လေးစားကြည်ညိုခဲ့သည်။
"ဟွန့်"
ကျန်းယန်က အေးစက်စွာ နှာမှုတ်လိုက်သည်။
"မင်းဟာ အမြော်အမြင် နည်းလွန်းတယ်။ မင်းတို့ဝမ်ယုကုန်းမြေရဲ့ တာအိုက မပြည့်စုံဘဲ ချို့ယွင်းနေတာမို့ အင်အားအကြီးဆုံး ပုဂ္ဂိုလ်တွေတောင် စိတ်ဝိဉာဉ်အဆင့်ကိုသာ ရောက်နိုင်ကြတယ်။ မျက်နှာမဲ့ဓားနတ်ဘုရားဆိုသူက ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ ထူးချွန်တဲ့ စိတ်ဝိဉာဉ်ကျင့်ကြံသူ တစ်ဦးပဲရှိလိမ့်မယ် ။ ဒါပေမဲ့ ငါကလည်း ဒီဘဝမှာ ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိနေတာပဲ။ ငါ့ရှေ့မှာ အဲ့ဒီမျက်နှာမဲ့ဓားနတ်ဘုရားဆိုတဲ့သူ လာရပ်ခဲ့ရင်တောင် ငါ့ရဲ့ မူလစွမ်းရည်ကို သူဘာများတတ်နိုင်မှာလဲ"
ကျန်းယန်ကို ပြန်မပြောနိုင်မှန်း သိနေခဲ့သောကြောင့် ကျောက်စီသည် ဆိတ်ဆိတ်သာနေခဲ့သည်။
"ဪ၊ ဒါနဲ့ မင်းရဲ့ တတိယအစ်ကိုဟာ သွေးဝတ်ရုံဓားနတ်ဘုရားလို့ခေါ်တဲ့လူနဲ့ တိတ်တိတ်တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမဲ့၊ ဟူးမန်က သူ့ကို လူဝက်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်"
ကျန်းယန်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"လူဝက်လား.."
ကျောက်စီ၏ လက်သည် ခြေဆေးရေဇလုံထဲတွင် တောင့်ခဲသွားပြီး ရေလှိုင်းများ တဖျပ်ဖျပ် ရိုက်ခတ်သွား၏။
သူ၏အမြင်အာရုံကို ရုတ်တရက် မြူခိုးလွှာတစ်ခု ဖုံးလွှမ်းလိုက်သလိုပင် ဖြစ်သွားသည်။သူက မျက်ရည်များဝဲလာသော်လည်း မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထိန်းလိုက်၏။
သူ၏ တတိယအစ်ကို… ။ထိုသူသည် ဖြောင့်မတ်၏ ။ အခြားသူများကို အမြဲ ကူညီလိုသူဖြစ်ကာ ငယ်စဉ်ကဆိုလျှင် သူ့ကို မြင်းစီးသင်ပေးခဲ့သူ ဖြစ်သည်။
ယခုမူ သူသည် လက်များ၊ ခြေထောက်များ အဖြတ်ခံထားရပြီး မျက်လုံးများ အထုတ်ခံရကာ အသံအိုးများကိုလည်း ဖောက်ထွင်းခံရ၍ နားစည်များကိုပါ ထိုးဖောက်ခံထားရသည်အထိ မသန်မစွမ်း ဖြစ်နေရပြီ။
ကျောက်စီသည် ဒေါသ မထွက်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။
ထိုအချိန်မှာပင် ကျန်းယန်၏အသံထွက်ပေါ်လာ၏။
"ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်။ သုံးရက်အတွင်း စိတ်ကျေနပ်စရာ အဖြေတစ်ခု မပေးဘူးဆိုရင် မင်းရဲ့ တတိယအစ်ကိုလို အခြေအနေမျိုးနဲ့ အဆုံးသတ်သွားနိုင်တယ်"
ကျန်းယန်က အေးစက်စွာ ပြောလိုက်သည်။
ကျောက်စီကတော့ ဘာမှပြန်မပြောခဲ့ပါ။။သို့သော် ရေဇလုံထဲတွင်နစ်နေသော သူ၏လက်ကတော့ လက်သီးကိုတင်းကျပ်စွာ ဆုပ်ထားခဲ့လေသည်။
...................
ကောင်းကင်ထက်ဝယ် သွေးနီရောင် အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။
ကျိယွမ်နှင့် သူ၏နောက်လိုက်လေးဦးသည် ချွမ်တိုင်းပြည်၏ မြို့တော်အပြင်ဘက်မှ မြို့ရိုးပေါ်သို့ ဆင်းသက်လာခဲ့ကြ၏။
ခဏအကြာတွင် အခြားသူများက သတိထားမိသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများစွာက သူတို့ဆီသို့ ချဉ်းကပ်လာသည်။
ကျိယွမ်က တည်ငြိမ်စွာ လှမ်းကြည့်လိုက်သောအခါ ကန်းလန်ကမ္ဘာမှ အမြုတေအဆင့်ကျင့်ကြံသူ အများအပြားကို တွေ့လိုက်ရ၏။
သူသည် ပျင်းရိနေသောလေသံဖြင့် လိုရင်းကိုသာ မေးသည်။
"ဒီမိုရာမျိုးနွယ်ရဲ့ စစ်စခန်းက ဘယ်မှာလဲ။ ငါ့ဓားက သွေးသောက်ဖို့ စိတ်အားထက်သန်နေပြီ"
ထိုအခိုက်တွင် လူအုပ်ထဲမှ ကျန်းယန်သည် ရှေ့သို့ တိုးလာပြီး လေးစားမှုရှိသော အပြုံးဖြင့် ပြောလိုက်၏။
"သင်က သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်ရမယ် ။ ကျွန်တော်ကတော့ သခင်မမီယာရဲ့ အစ်ကိုဖြစ်သူ၊ အရှင် ယဲ့ချုံးရဲ့ အမိန့်ကို ထမ်းဆောင်နေတဲ့ တမန်တော် ကျန်းယန်ပါ"
"ဟေ"
ကျိယွမ်သည် အံ့သြသွားပြီး ခေတ္တကြောင်သွားသည်။
မီယာလား ။
သူအလင်းနန်းတော်ကို သုတ်သင်ဖို့ သွားစဉ် လမ်းတွင် သူ့ကို ပိတ်ဆို့ ခြိမ်းခြောက်ခဲ့သည့် မာနကြီးသော အမျိုးသမီးကို သတိရလိုက်သည်။
ထိုစဥ်က သူမကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့သည် မဟုတ်ပါလား ။
အခု သူမရဲ့ အစ်ကိုတဲ့လား။
ကျိယွမ်၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲလာခဲ့သည်၊
သူ့ကို သတ်သင့်လား။
သို့သော် မိသားစုဝင်တစ်ဦး၏ လုပ်ရပ်ကြောင့် ထိုမိသားစုတစ်ခုလုံးကို မပတ်သက်သင့်ကြောင်း သူ ပြန်သတိရလိုက်သဖြင့် သူ၏ သတ်ဖြတ်လိုစိတ်သည် မှေးမှိန်သွားခဲ့သည်။
သူသည် အိမ်သားတစ်ယောက်က အပြစ်လုပ်မိသဖြင့် ထိုမိသားစုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းရမည်ဆိုသည့် အယူအဆကို မကြိုက်ပေ။
သူ၏ ညီမကို သတ်ခဲ့သည်ကို သိလျက်နှင့် ကျန်းယန်က လုံးဝ ဒေါသထွက်ပုံ မပေါ်သည်မှာလည်း ထူးဆန်းနေသည်။
ထိုသူသည် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ဆင်ခြင်တုံတရားရှိသော သူများလား။
သို့သော် ဝမ်ယုကုန်းမြေတိုက်ကြီး၏ ဝင်ပေါက်သည် တစ်ခါတစ်ရံမှသာ ပွင့်သည်ကို သူတွေးမိလိုက်သည်။ ကျန်းယန်သည် လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက ဤထဲသို့ ဝင်ရောက်လာခဲ့သူ ဖြစ်နိုင်သည်၊
ထို့ကြောင့် ကျိယွမ်က မီယာကို သတ်ပြီး အလင်းနန်းတော်ကို ဖျက်ဆီးခဲ့သည့် သတင်းသည် သူ့ထံ မရောက်သေးခြင်း ဖြစ်မည်ဟု သူသိလိုက်သည် ။
"အင်း...ငါက ဒီမိုရာမျိုးနွယ်တွေကို သတ်ချင်ရုံပဲ။ နေရာကိုပဲ ပြလိုက်။ ငါ ကိုင်တွယ်လိုက်မယ်"
ကျိယွမ်က အခြားအပိုစကားများပြောချင်စိတ်မရှိပါ။
သူသည် ကျန်းယန်အနားတွင် ကြာကြာနေလျှင် ထိုသူ့ကို သတ်ပစ်ချင်စိတ်များ ပေါက်လာနိုင်မည်ကို စိုးရိမ်သဖြင့် အမြန် ထွက်သွားချင်နေသည်။
"အကြီးအကဲ၊ ဒီမိုရာမျိုးနွယ်ကို ကျွန်တော်တို့ ကိုင်တွယ်နိုင်ပါတယ်။ ကျေးဇူးပြုပြီး တခြားကိစ္စများကို ဆောင်ရွက်ပေးပါ"
ကျန်းယန်က သူ၏အသံကို အနည်းငယ် မြှင့်တင်ပြီး ဆက်ပြောသည်။
"ကျွန်တော်တို့က အရှင်ယဲ့ချုံးရဲ့ အမိန့်နဲ့ ဒီကို ရောက်လာတာ ဖြစ်လို့ နားလည်ပေးဖို့ တောင်းဆိုပါတယ်"
ကျန်းယန်သည် သွေးဝတ်စုံဓားနတ်ဘုရားကို သာမန် စိတ်ဝိဉာဉ်ကျင့်ကြံသူ တစ်ဦးသာဖြစ်နိုင်သည်ဟုထင်မှတ်ထားသဖြင့် သူ၏ လေးစားမှုသည် အကန့်အသတ် ရှိနေသည်။
ကျိယွမ်က တစ်ယောက်တည်းဖြင့် အလင်းနန်းတော်ကို ဖျက်ဆီးခဲ့သည်ကိုသာ သူသိခဲ့လျှင် သို့မဟုတ် ကျိယွမ်၏ ထူးဆန်းသောစရိုက်လက္ခဏာ သို့မဟုတ် အရူးထမှုကို နားလည်ခဲ့လျှင် သူသည် ဤမျှ ရဲရဲတင်းတင်း ပြောဆိုလိမ့်မည် မဟုတ်ပေ။
ကျိယွမ်က ပြုံးလိုက်သည်။
"ငါက အခြားသူတွေကို ကူညီတတ်တဲ့သူပါ။ ပြီးတော့ ဝမ်ယုကုန်းမြေတိုက်ကြီးက ငါ့အိမ်ပဲ။ ကာကွယ်ဖို့အတွက် သူများအပေါ် အားကိုးနေလို့ မဖြစ်ဘူး။ ငါက ပိုင်ရှင်တစ်ယောက်အနေနဲ့ အချောင်မခိုဘဲ အဓိကနေရာက ပါဝင်ရမှာ မဟုတ်လား"
ကျိယွမ်၏ အသံက ယဉ်ကျေးနေ၏။
သူသည် ကျန်းယန်၏ညီမကို သတ်ခဲ့သည်ကို သတိရပြီး လေးစားစွာ ပြောဆိုရန် ကြိုးစားနေခြင်းပင်။
ကျန်းယန်၏ အပြုံးသည် ပိုမို နက်ရှိုင်းလာသည်။ သူက ကျိယွမ်အား မကြည့်ဘဲ ချွမ်တိုင်းပြည်ဘုရင်လက်သို့ လှည့်လိုက်သည်။
"အရှင်မင်းကြီး၊ သူတို့ရဲ့ အကူအညီ လိုအပ်သလားဆိုတာ ကျေးဇူးပြုပြီး ရှင်းပြပေးပါ"
နဂါးဝတ်ရုံဝတ်ထားသော ချွမ်ဘုရင်သည် သိသိသာသာ အိုမင်းကာ နွမ်းလျနေပြီး မျက်လုံးများတွင် ကူကယ်ရာမဲ့ဟန် ရှိနေသည်။
သူက သက်ပြင်းတစ်ချက်ချကာ စကားဆို၏။
"အကြီးအကဲရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီမိုရာမျိုးနွယ်ကို ကျွန်တော်တို့ ကိုင်တွယ်နိုင်ပါတယ်"
ထိုစကားကြောင့် ဘုရင်ကြီး၏ ဘေးတွင်ရှိသော ကျောက်စီသည် စိတ်ပျက်အားငယ်မှု ခံစားလိုက်ရပြီး မိန်းကလေး၏ မျက်နှာသည်လည်း သိသိသာသာ ပျက်ယွင်းသွားသည်။
သွေးဝတ်စုံဓားနတ်ဘုရားကို သူမကအကူအညီတောင်းချင်နေသော်လည်း ထိုသို့ဖြစ်မလာနိုင်တော့ပေ။
ကျန်းယန်က အပေါ်စီးက ပြုံးလိုက်သည်။
"သွေးဝတ်စုံဓားနတ်ဘုရား အကြီးအကဲ၊ ကျေးဇူးပြုပြီး အခု ထွက်ခွာပေးပါ"
ကျိယွမ်သည် ဘုရင်အိုကြီးကို တစ်ချက် ကြည့်လိုက်သည်။
"ခင်ဗျားက ခြိမ်းခြောက်ခံနေရတာဆိုရင် မျက်တောင်တစ်ချက် ခတ်လိုက်ပါ"
ဘုရင်အိုကြီး တုန်လှုပ်သွားသည်။ ပုံမှန်အားဖြင့် သူသည် သူငယ်နာရှိပြီး မကြာခဏ မျက်တောင် ခတ်လေ့ရှိသူဖြစ်သည်။ ယခုလိုထားဆန်းသောစကားကို ကြားသောအခါ အကျင့်ပါနေသောကြောင့် မျက်တောင်လေးငါးချက် ခတ်မိလိုက်သည်။
ကျိယွမ်၏ မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားပြီး ဒေါသတကြီး ဟိန်းဟောက်၏။
"မင်းတို့က ဘာကောင်တွေမို့လို့ ဘုရင်ကိုတောင် ခြိမ်းခြောက်ရဲတာလဲ"
ကျိယွမ်၏ ဒေါသမျက်လုံးက ထိုနေရာတွင် ရှိနေသော အမြုတေအဆင့်ကျင့်ကြံသူ ဆယ်ဂဏန်းခန့်ဆီသို့ ဦးတည်သွားသည်။
ဘုရင်ကြီးကတော့ မိမိဘာသာ သူငယ်နာရောဂါကြောင့် မျက်တောင်လေးခတ်လိုက်မိသည်ကို ထိုသူက အဘယ့်ကြောင့် ပြင်းထန်စွာဒေါသထွက်သွားရသနည်းဟု တွေးကာ ထိတ်လန့်နေသည်။
အခြားသူများကလည်း နားမလည်ဖြစ်နေကြ၏။
ရွှီထုန်ချန်းကတော့ မလိုအပ်ဘဲ အာချောင်နေသော ကျန်းယန်အား သနားသလိုကြည့်လေသည်။
ဟိုက နေရာပြလို့ပြောတာကို အသာတကြည့်ပြလိုက်ရင် ပြီးနေတာကို ၊ ဘုမသိ ဘမသိနဲ့ သွားဆွတာကိုး။
သူကကျိယွမ်နောက်သို့ လိုက်ရင်း ဗဟုသုတတော်တော်များများရလာခဲ့သည်။
လူများသည် မလိုအပ်ဘဲ အာမချောင်သင့်ကြောင်း သူသိလာပြီး စကားသိပ်မပြောဖြစ်တော့ပါ။
စစ်မှန်မဟာပညာရှိကျိကျန်းက ထိုအဖွဲ့အားကြည့်ကာ ထိတ်လန့်စွာ မှတ်ချက်ချသည်။
"ငါ လေ့လာထားတဲ့ ဥပဒေအရ ဧကရာဇ်ကို ခြိမ်းခြောက်တာဟာ မျိုးဆက် (၉) ဆက်လုံး သေဒဏ်ပေးနိုင်တဲ့ ရာဇဝတ်မှု ဖြစ်တယ်၊ အောင်မယ်လေး...... မင်းတို့ရဲ့ မိဘတွေနဲ့သားမြေးတွေ… အားလုံး သွားပြီ၊မင်းတို့ တယ်လည်း မိုက်မဲကြတာကိုး "
ထိုနေရာမှ အမြုတေအဆင့်ကျင့်ကြံသူများ၏ မျက်နှာအမူအရာများ အနည်းငယ်ပြောင်းလဲသွားသည်။
ကျန်းယန်သည် အခြေအနေကို ထိန်းချုပ်ရန် သူအားကိုးသော ယဲ့ချုံး၏အမည်ကို အသုံးချလိုက်သည်။
"သွေးဝတ်စုံဓားနတ်ဘုရား ၊ ကျွန်တော်တို့က အရှင်ယဲ့ချုံးရဲ့ အမိန့်နဲ့ ဒီကို ရောက်လာတာပါ။ ကျေးဇူးပြုပြီး ပြန်လည် စဉ်းစားပေးပါ"
ကျိယွမ်က ခေါင်းယမ်း၏။
"စစ်မှန်မဟာပညာရှိကျိကျန်းက ဧကရာဇ်ကို ခြိမ်းခြောက်တာဟာ မျိုးဆက် (၉) ဆက်လုံး သေဒဏ်ပေးနိုင်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဥပဒေအရ မင်းရဲ့ ညီမကလည်း ရာဇဝတ်သားဖြစ်သွားပြီး ၊ သူမက ယဲ့ချုံးရဲ့ အစေခံ ဖြစ်နေတော့ ၊ ယဲ့ချုံးက မင်းရဲ့ မျိုးဆက် (၉) ဆက်ထဲမှာ မပါဝင်ပေမဲ့ သူလည်း ရာဇဝတ်သားနဲ့ပတ်သတ်ရာပတ်သတ်ကြောင်းဖြစ်နေလို့ သူပါဒုက္ခရောက်ပြီ"
ကျိယွမ်က သူ၏အသာစီးရမှုကို အသုံးချကာ ဖိပြောလိုက်သည်။
နောက်ဆုံးတော့ ယဲ့ချုံးကိုအပြစ်ပေးရန် အကြောင်းပြချက်ကို သူ ရသွားခဲ့လေပြီ။
ထိုအရာက သူ့ကို ကိုယ်ကျင့်တရားအရာ အသာစီးရစေ၏။သူက အကြောင်းပြချက်မရှိဘဲ လူမသတ်ချင်ပေ။
ကျိယွမ်၏ စကားကြောင့် ထိုနေရာမှ အမြုတေအဆင့်ကျင့်ကြံသူများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
သူ့ရဲ့ခေါင်းက ပုံမှန်မှဟုတ်ရဲ့လား။
ယင်နတ်ဘုရားတစ်ပါးကိုတောင် မထိလေးစားလုပ်နေတာလေ။
ထိုသူ၏ဦးခေါင်းက ပုံမှန်မဟုတ်ဟုတွေးမိသော်လည်း စိတ်ဝိညာဥ်အဆင့်တစ်ယောက်ကိုတော့ သူတို့ရင်မဆိုင်ရဲကြပါ။
"အကြီးအကဲ၊ ကျွန်တော်တို့က ဒီမိုရာမျိုးနွယ်ကို မသတ်ဖို့တားဆီးနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့… အကြီးအကဲက စိတ်ဝိဉာဉ်ကျင့်ကြံသူ တစ်ဦး ဖြစ်နေပြီး ဒီမှာရှိတဲ့ ဒီမိုရာမျိုးနွယ်တွေကို မဆင်မခြင်လိုက်ပြီးသတ်ဖြတ်မယ်ဆိုရင် သူတို့ရဲ့ စိတ်ဝိဉာဉ်ကျင့်ကြံသူတွေကလည်း အကြီးအကဲကို လိုက်လံ ဖမ်းဆီးကြမှာ သေချာပါတယ်။ အဲဒါဆိုရင် အားလုံးပါဝင်ကုန်ပြီး အခြေအနေတွေဆိုးသွားနိုင်တာကြောင့် သတိထားသင့်ပါတယ်"
ကျန်းယန်က ဒီမိုရာမျိုးနွယ်ဘက်သို့လှည့်ကာ ခြိမ်းခြောက်သည့်သဘောဖြင့် ပြောလိုက်ပြန်သည်။
"ခေါင်းစဥ် မပြောင်းနဲ့တော့ ၊ မရတော့ဘူး၊ မျိုးဆက် (၉) ဆက်လုံး သေဒဏ်ပေးရမယ်၊ ကွပ်မျက်စေ"
ကျိယွမ်သည် သူ၏ သွေးနီရောင်ဓားကို ဆွဲထုတ်လိုက်ရာ သတ်ဖြတ်ခြင်း အရှိန်အဝါသည် ကောင်းကင်ယံအထိပင် ထိုးတက်သွားခဲ့သည်။
ကျန်းယန်၏ မျက်နှာက မှောင်မိုက်သွားသည်။
"အကြီးအကဲ၊ အတည်ပြောနေတာလား"
"ဟွန့်.... မျိုးဆက် (၉) ဆက်ကို အပြစ်ပေးတာကို မပြောနဲ့တော့။ ငါ့အိမ်ကို ငါ သန့်ရှင်းရေးလုပ်တာကို ဟန့်တားတာကိုက ရာဇဝတ်မှု တစ်ခု ဖြစ်နေပြီ ။ မဟုတ်ဘူး၊ မင်းတို့ကလည်း ငါ့အိမ်ထဲက အမှိုက်တွေပဲ၊ သတ်ပစ်သင့်တယ်"
စကားဆုံးသည်နှင့်ကျိယွမ်သည် သူ၏ ဓားတစ်ချက်ခါထုတ်လိုက်ရာ အမြုတေအဆင့်များမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ကြပေ။
ချက်ချင်းဆိုသလို ဦးခေါင်း ဆယ့်ခြောက်လုံး မြေပေါ်သို့ တဖုတ်ဖုတ်ပြုတ်ကျသွားသည်။
သူတို့၏ ဝိဉာဉ်များပင် မကျန်အောင် သတ်ဖြတ်ခံလိုက်ရလေ၏။
အမြုတေအဆင့်များသည် တိုင်းတစ်ပါးမြေ၌ ဒီမိုရာမျိုးနွယ်၏လက်ချက်ကြောင့်မသေဘဲ ကန်းလန်သားအချင်းချင်းအသတ်ခံရမည်ဟု တွေးပင်မတွေးမိခဲ့ကြပါ။
မြေပြင်ပေါ်မှခေါင်းပြတ်နေသောအလောင်းများကို မြင်သောအခါ ကျောက်စီသည် အလွန် ဝမ်းသာသွားသည်။
"ချွမ်တိုင်းပြည်ကို ကယ်တင်ပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်"
ကျောက်စီသည် မဆိုင်းမတွပင် မြေပေါ်တွင် ဒူးထောက်လိုက်ပြီး ကျိယွမ်အားဂါရဝပြု၏။
ပတ်ဝန်းကျင်တွင်ရှိနေသော ချွမ်တိုင်းပြည်မှ လူများကလည်း သွေးဝတ်စုံဓားနတ်ဘုရားကို ကျေးဇူးတင်သောမျက်နှာများဖြင့် ဒူးထောက်လိုက်ကြသည်။
ကျိယွမ်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး လူတိုင်းကို မတ်တပ်ရပ်စေလိုက်သည်။
သူ့အားဒူးထောက်ခြင်းကို သူသဘောမကျပါ။
"ငါ ဒီမိုရာမျိုးနွယ်ကို သတ်တော့မယ်။ သူတို့ရဲ့ တည်နေရာကို ငါ့ကို ပေးပါ။ ပြီးတော့ ငါ လေ့ကျင့်ရေး နည်းစနစ်တွေ လိုအပ်တယ်၊ များများရလေ ကောင်းလေပဲ"
ဘုရင်အိုကြီးက လေးစားစွာဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ အကြီးအကဲအတွက် ချက်ချင်း ပြင်ဆင်ပေးပါ့မယ်"
ကျိယွမ်က ခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်မှ အလောင်းများကို တစ်ချက်ကြည့်ပြီးနောက် ကျောက်စီကို ကြည့်လိုက်သည်။
"မင်းရဲ့ ဓားက တော်တော်လေး ကောင်းတယ်။ ငါ ခဏလောက် ငှားလို့ရမလား"
ကျောက်စီသည် အံ့သြသွားသော်လည်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဓားကို ကမ်းပေးလိုက်သည်။
"ကျေးဇူးပြုပြီး ကြိုက်သလိုသုံးပါ အကြီးအကဲ"
ကျိယွမ်သည် ဓားကိုယူကာ ၎င်း၏ ထုလုပ်ထားပုံကို စစ်ဆေးကြည့်ရင်းမှ ထူးဆန်းသော ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသည်။
"ဒီဓားက…သာမန်ဓားမဟုတ်ပါဘူး"
ကျောက်စီသည် သူ၏ဓားကို ဂုဏ်ယူစွာ ရှင်းပြလိုက်သည်။
"ဒီဓားကို မျက်နှာမဲ့ဓားနတ်ဘုရားရဲ့ ဓားပုံစံနဲ့ တူအောင် ထွင်းထုထားတာပါ"
"မျက်နှာမဲ့ဓားနတ်ဘုရားလား"
ကျိယွမ်မှာ ရုတ်တရက် အံ့အားသင့်သွားပြီး လွမ်းဆွတ်မှုလှိုင်းတစ်ခု သူ၏နှလုံးသားကို ရိုက်ခတ်သွားသည်။
နှစ်ပေါင်းများစွာက အဖြစ်အပျက်များကို ယနေ့တိုင် မှတ်မိနေကြလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။
ကျိယွမ်သည် သူ၏လက်ထဲမှဓားကို တစ်ချက်ပြန်ကြည့်လိုက်ပြီး သွေးနီရောင် စွမ်းအင်လှိုင်းတစ်ခုကို ၎င်းထဲသို့ ထည့်သွင်းလိုက်သည်။
ထို့နောက် ဓားက သူ၏လက်ထဲမှ လွတ်ထွက်သွားကာ နန်းမြို့တော်၏ အဓိကလမ်းမကြီးပေါ်သို့ ရောက်ရှိသွားပြီး မှတ်တိုင်တစ်ခုအလား ထိုးစိုက်သွားသည်။
ကျိယွမ်က ထိုဓားကိုကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။
"ကန်းလန်ကမ္ဘာက ကျင့်ကြံသူတွေ၊ ဒီဓားကို ဖြတ်ကျော်လာရဲတဲ့ဘယ်သူမဆို သနားညှာတာခြင်းမရှိ သတ်ပစ်မယ်"
သူ၏ အသံသည် ဥပဒေ၏စည်းမျဥ်းများကို သယ်ဆောင်ထားသည့်အလား နက်ရှိုင်း၏။
သွေးဓားသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ရင်း သတိပေးချက်တစ်ခုအဖြစ် လမ်းမကြီးတစ်နေရာ၌ ရပ်တည်နေသည်။
ကျိယွမ်သည် အရှင်ယဲ့ချုံးနှင့် သူ၏ ရန်ငြိုးတွင် ဤတိုင်းပြည်ကို မပတ်သက်စေလိုပေ။
နောက်လိုက် အများအပြားကို သတ်ဖြတ်ခဲ့သောကြောင့် အရှင်ယဲ့ချုံး၏ ကျန်ရှိနေသော နောက်လိုက်များသည် ချွမ်တိုင်းပြည်ကို လက်စားချေရန် ကြိုးပမ်းလာမည်ကို သူ စိုးရိမ်သဖြင့် တားမြစ်စည်းအဖြစ် ဓားကို ချန်ထားခဲ့ခြင်း ဖြစ်သည်။
ထိုသွေးဓားသည် ၎င်းကို ဖြတ်ကျော်ရဲသော စိတ်ဝိဉာဉ်ကျင့်ကြံသူများကို အလွယ်တကူ သတ်ပစ်နိုင်သည်။
အကယ်၍ ပိုမို အစွမ်းထက်သော ကျင့်ကြံသူများကို စေလွှတ်မည့်အချိန်ရောက်လျှင်တော့ ကျိယွမ်ကလည်း ဝမ်ယုကုန်းမြေ၏ ကောင်းကင်ဘုံတာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်လောက်ပြီ ဖြစ်သောကြောင့် ပြဿနာမရှိတော့ပါ။
လမ်းမပေါ်မှ ဓားကိုကြည့်နေရင်းမှ ကျောက်စီသည် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။
"အကြီးအကဲက မျက်နှာမဲ့ဓားနတ်ဘုရားနဲ့ လကညာသူတော်စင်မယ်တို့ရဲ့ ပုံပြင်တွေကိုလည်း ကြားဖူးမယ်လို့ ထင်မထားဘူး"
"ဟမ်"
ကျိယွမ်သည် သူ၏မျက်ခုံးကို ပင့်လိုက်မိသည်။
ငါနဲ့ယွဲ့နုလေးတို့အကြောင်းက ခေါင်းစဥ်တွေဘာတွေနဲ့တောင် ဖြစ်နေပြီလား။
"အဲ့ဒီတုန်းက မြို့ပေါင်းတစ်ရာမဟာမိတ်ကာလမှာ မျက်နှာမဲ့ဓားနတ်ဘုရားကို ရန်သူ အမြောက်အမြား ဝိုင်းရံထားတုန်း သူက သူ့ဓားကို လကညာမိန်းကလေးကို ပေးခဲ့တယ်။ သူမက နှင်းတွေထဲမှာ တစ်ယောက်တည်း ရပ်နေပြီး စစ်တပ် ထောင်ပေါင်းများစွာရဲ့ ရှေ့မှာ 'ဒီဓားကို ဖြတ်ကျော်တဲ့သူမှန်သမျှကို သနားညှာတာခြင်းမရှိ သတ်ပစ်မယ်' လို့ ကြေညာခဲ့တယ်။ မြို့ပေါင်းတစ်ရာ မဟာမိတ်ထဲက မဆင်မခြင် လူမိုက်တချို့က ဓားပေါ်ကနေ လှမ်းကျော်ဖို့ ရဲခဲ့ကြပြီး သူတို့အားလုံးကို တစ်ချက်တည်းနဲ့ သုတ်သင်ပစ်ခဲ့တယ်"
ကျောက်စီသည် သူအလွန်လေးစားရသော နတ်ဘုရားအကြောင်းကို စိတ်အားထက်သန်စွာ ပြောပြလိုက်သည်။
ဝေးကွာသောအတိတ်မှ အမှတ်ရစရာများ ပြန်ပေါ်လာသောအခါ ကျိယွမ်၏ မျက်နှာအမူအရာသည် နူးညံ့သွားသည်။
"မင်း ဒီအသေးစိတ် အချက်အလက်တွေကို ဘယ်လို သိတာလဲ"
"မျက်နှာမဲ့နတ်ဘုရားကိုးကွယ်သူများဂိုဏ်းက အဖွဲ့ဝင်တိုင်း သိပါတယ်။ ကျွန်တော်တို့ထဲမှာ နတ်ဘုရားရဲ့ ဒီအကြောင်းကို မသိတဲ့သူမရှိပါဘူး"
ကျောက်စီ၏အဖြေကြောင့် ကျိယွမ်ပင်တုန်လှုပ်သွားသည်။
မျက်နှာမဲ့ဓားနတ်ဘုရားကိုးကွယ်သူများဂိုဏ်းက ဘယ်တုန်းက ပေါ်လာခဲ့တာလဲ။
ငါကဘယ်အချိန်တုန်းက နတ်ဘုရားဖြစ်သွားပါလိမ့်။
"ကျွန်တော့်ရဲ့ တတိယအစ်ကိုကလည်း မျက်နှာမဲ့ဓားနတ်ဘုရားကို ကိုးကွယ်သူပါ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ… အဲ့ဒီလူတွေက သူ့ကို လူဝက်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်"
ကျောက်စီ၏ အသံသည် ဒေါသဖြင့် တုန်ရီနေပြီး သူ၏ အစ်ကိုသည် အမြုတေကျင့်ကြံသူများလက်ထဲတွင် ကြေကွဲဖွယ် ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရသည်ကို ပြန်အမှတ်ရကာ ဝမ်းနည်းလာ၏။
သွေးဝတ်စုံဓားနတ်ဘုရားသာ စောစောရောက်လာခဲ့ရင် အရမ်းကောင်းမှာပဲ။
ကျိယွမ်က ကျောက်စီကိုကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"သူ့ကို ငါ့ဆီ ခေါ်ခဲ့။ ငါ ကြည့်ပေးမယ်"
မျက်နှာမဲ့ဓားဂိုဏ်းရဲ့နောက်လိုက်များက သူ၏ ပရိသတ်များဖြစ်ကြသည် ။ သူတို့၏ အကိုးကွယ်ခံ စံပြပုဂ္ဂိုလ်အနေနဲ့ သူတို့အတွက် ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးရန် တာဝန်ရှိသည်ဟု သူခံစားရသည်။
ကျောက်စီ၏ မျက်နှာသည် မျှော်လင့်ချက်ဖြင့် ဝင်းပသွားသည်။
"ဟုတ်ကဲ့၊ ခဏလေးစောင့်ပေးပါအကြီးအကဲ"
သူကလျှင်မြန်စွာပြေးလွှားသွား၏။
ခဏအကြာတွင် စစ်သားများစွာနှင့်အတူ သူက ကုတင်တစ်ခုကို သယ်ဆောင်လာခဲ့သည်။ ထိုကုတင်ပေါ်တွင် လက်နှင့်ခြေ လေးဖက်လုံး အဖြတ်ခံထားရပြီး ခန္ဓာကိုယ်ကို မှတ်မိဖို့ မလွယ်ကူအောင် ပုံပျက်ပန်းပျက် ဖြစ်နေသော လူတစ်ယောက် လှဲလျောင်းနေသည်။
ကျိယွမ်သည် ထိုမင်းသား၏ ခန္ဓာကိုယ်ပေါ်တွင် သူ၏လက်ကို ညင်သာစွာ တင်လိုက်၏။
သူ၏အမူအယာက မဟာကရုဏာရှင်ဦးလို လေးနက်နေပြီး ချက်ချင်းဆိုသလို မင်းသား၏ အသားနှင့် အရိုးများသည် အံ့မခန်း မြန်နှုန်းဖြင့် ပြန်လည် ဖြစ်ပေါ်လာသည်။ သူ၏ ပြတ်တောက်နေသော အသံအိုးများနှင့် ထုတ်ယူထားသော မျက်လုံးများသည်လည်း ပြန်လည် ပြည့်စုံလာ၏။
ကျောက်စီသည် မယုံနိုင်သလိုကြည့်နေရင်းမှ အလွန် ကျေးဇူးတင်မိပြီး သူ၏ စိတ်နှလုံးသည် စကားလုံးများဖြင့် ဖော်ပြရန် မတတ်နိုင်လောက်အောင် ခံစားချက်များဖြင့် ပြည့်လျှံနေသည်။
ဘေးတွင်ရှိသော ကျန်းယာသည် ကျိယွမ်ကို အံ့သြစွာ ကြည့်လိုက်သည်။
"သွေးဝတ်စုံဓားနတ်ဘုရား အကြီးအကဲက ဆေးပညာမှာလည်း ဒီလောက် ထူးချွန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
အစွမ်းထက်သော ကျင့်ကြံသူများသည် သူတို့၏ ဝိဉာဉ်စွမ်းအင်ကို အသုံးပြု၍ အခြားသူများကို ကုသပေးလေ့ရှိသည်မှာ သာမန်ပင် ဖြစ်သော်လည်း ကျိယွမ် အသုံးပြုခဲ့သည့် နည်းလမ်းသည် သူမ နားမလည်နိုင်သော အရာတစ်ခု ဖြစ်နေသည်။ ၎င်းသည် ကျင့်ကြံခြင်းကို အသုံးပြု၍ ကုသခြင်းမျိုးမဟုတ်ဘဲ အထူးဆေးပညာ နည်းစနစ် တစ်မျိုး ဖြစ်ပုံရသည်။
"ငါက ဆေးပညာမှာ မကျွမ်းကျင်ပါဘူး။ ဒီကမ္ဘာကြီးက ငါ့ဟာ ဖြစ်လို့ လူတစ်ယောက်ရဲ့ ဒဏ်ရာတွေကို ပြန်ကောင်းအောင် လုပ်ပေးဖို့လောက်က အရမ်း ရိုးရှင်းတယ်"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ဆက်ရှင်းပြလိုက်၏။
"ငါ့ရဲ့ တကယ့် ကျွမ်းကျင်မှုကတော့ ကျင့်ကြံခြင်း နည်းစနစ်တွေကို ပြုပြင်မွမ်းမံတာပဲ"
ကျန်းယာသည် သူ၏ စကားကြောင့် အံ့အားသင့်သွားခဲ့သည်။ ကျိစယ်တောင်ထိပ်မှ ကျိယွမ်သည်လည်း နည်းစနစ်များကို ပြုပြင်မွမ်းမံရာတွင်လည်း ကျွမ်းကျင်ကြောင်း သူမ သတိရလိုက်မိ၏။
တစ်ခါတရံ၌ တိုက်ဆိုင်မှုများသည် မယုံနိုင်စရာပင်။
သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်များ ကြီးမားစွာကွာခြားမှု မရှိခဲ့လျှင် သူမသည် သူ့ကို ကျိယွမ်ဟုပင် မှားယွင်းစွာ ထင်မှတ်မိပေမည်။
သို့သော် ကျိယွမ်သည် အခြေတည်အဆင့်သာရှိသောကြောင့် ဖြစ်နိုင်စရာတော့ မရှိပါ။
ထိုအချိန်တွင် ကျိယွမ်၏ စိတ်အာရုံထဲသို့ နူးညံ့ပြီး နားဝင်ချိုသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။
"သွေးဝတ်စုံဓားနတ်ဘုရား၊ ကျွန်မ ရှင်နဲ့ စကားပြောလို့ ရမလား"
ကျိယွမ်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
ယင်နတ်ဘုရားလား။
ဟုတ်ပါသည်၊ သူ့အားစကားပြောလ်ိုက်သူသည် သေချာပေါက် ယင်နတ်ဘုရားတစ်ပါး ဖြစ်လေ၏။
"မင်းတို့အားလုံး ဒီမှာနေပြီး ငါ့ကို စောင့်နေ။ ငါ မကြာခင် ပြန်လာခဲ့မယ်"
ကျိယွမ်က ခေတ္တစဉ်းစားပြီးနောက် ထိုသို့ပြောကာ သူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။
သူသည် ဝမ်ယုကုန်းမြေတိုက်ကြီး၏ တာအိုကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိသေးခင်မှာ ယင်နတ်ဘုရားတစ်ပါးက သတိထားမိသွားခဲ့လေပြီ။ထိုအရာက သူခန့်မှန်းထားသောအချိန်ထက် များစွာစောနေခဲ့လေ၏။
ငါ့ဘဝကလည်း ကံဆိုးချက် ၊ သူတို့က ဘာလို့ဒီလောက်မြန်မြန်ကြီး ရောက်လာရတာလဲ။
သို့သော် ကျိယွမ်က သူ့တွင် နင်းထောင်လေး ရှိနေသေးသည်ကို သတိရလိုက်ရာ သူ့၏စိုးရိမ်စိတ်က သက်သာသွားပြီး ယုံကြည်မှု တိုးလာခဲ့သည်။
အသက်ရှူချိန်ဆယ်ကြိမ်ခန့်ကြာပြီးနောက် ကျိယွမ်သည် ရေကန်တစ်ခု၏ ဘေးသို့ ရောက်ရှိသွားသည်။
ရေကန်ဘေးတွင် စိမ်းလန်းစိုပြေသော သစ်ပင်များ ပေါက်ရောက်နေပြီး နှင်းကဲ့သို့ ဖြူစင်သန့်ရှင်းသော အဖြူရောင် ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦးက တည်ငြိမ်စွာရပ်နေ၏။ သူမ၏ မျက်နှာကို မြူခိုးများဖြင့် ဖုံးကွယ်ထားသဖြင့် မျက်နှာသွင်ပြင်ကို ခွဲခြားသိမြင်နိုင်ခြင်း မရှိပေ။
[သူမသည် အနည်းငယ် နက်နဲဆန်းကြယ်သော အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းသည် ယင်နတ်ဘုရား အဆင့်၊ ကောင်းကင်ဘုံ ဖြတ်ကျော်လမ်း၏ ပထမအဆင့်ကို ရောက်ရှိနေသည်]
သူ၏မျက်လုံးများက အချက်အလက်ကို အတည်ပြုပြီးနောက် ကျိယွမ်သည် ထိုယင်နတ်ဘုရားသည် ဝမ်ယုကုန်းမြေတိုက်ကြီးမှ မဟုတ်ဘဲ ကန်းလန်ကမ္ဘာမှ ဖြစ်ကြောင်း သိလိုက်ရသည် ။
"နင်က ဘယ်သူလဲ၊ အရှေ့ပိုင်းဒေသရဲ့ အုပ်စိုးရှင်လား။ငါ့ဆီက ဘာလိုချင်တာလဲ"
ကျိယွမ်က အဓိကကို မေးလိုက်သည်။
အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးသည် ကျိယွမ်ကို ကြည့်ပြီး ခေါင်းခါ၏။
"ကျွန်မက အရှေ့ပိုင်းဒေသက အုပ်စိုးရှင် မဟုတ်ပါဘူး။ ကျွန်မ ရှင့်ကို ဒီမိုရာမျိုးနွယ်တွေကို သတ်ဖြတ်နေတာ ရပ်တန့်ဖို့ တိုက်တွန်းချင်လို့ ရောက်လာခဲ့တာပါ"
"ဪ"
ရန်သူမဟုတ်မှန်းသိရသဖြင့် ကျိယွမ် စိတ်အေးသွားသလို အနည်းငယ် စိတ်ဝင်စားသွားပြီး ထိုအမျိုးသမီး၏ ပုံပန်းသဏ္ဍာန်ကို ပို၍ သိချင်လာခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် သူမသည် သူ့၏ဘဝတွင် ပထမ တွေ့ဆုံဖူးသည့် ယင်နတ်ဘုရားတစ်ပါး ဖြစ်လေ၏။
"ဝမ်ယုကုန်းမြေတိုက်ကြီးထဲက ဒီမိုရာမျိုးနွယ်ထဲမှာ ယင်နတ်ဘုရားငါးပါး ရှိတယ်၊ အဲဒီအထဲက နှစ်ပါးဟာ ကောင်းကင်ဘုံ ဖြတ်ကျော်လမ်းရဲ့ ဒုတိယအဆင့်ကို ရောက်နေကြပြီ ။ ရှင်သာ ဒီမိုရာမျိုးနွယ်တွေကို အခုလို ဆက်လက်သတ်ဖြတ်နေမယ်ဆိုရင် သူတို့က ရှင့်ကို မကြာခင် သတိထားမိလာမှာပဲ။ အဲဒါတို သူတို့က ရှင့်ကို ဖမ်းဆီးဖို့ ထွက်လာကြလိမ့်မယ်"
အဖြူရောင်ဝတ်စုံဝတ် ယင်နတ်သမီးက တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။
ကျိယွမ်ကတော့ အလွန်သေချာသောယုံကြည်မှု ရှိနေပုံဖြင့် တုန့်ပြန်၏။
"လာကြပါစေ၊ သူတို့ ပေါ်လာတဲ့အခါ ကြမှဘယ်သူက ဘယ်သူ့ကို ဖမ်းဆီးမလဲဆိုတာ ကြည့်ရသေးတာပေါ့"
ထိုအချိန်ရောက်လျှင် သူသည် ဤလောက၏ကောင်းကင်ဘုံတာအိုကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်သည်။ သူ၏ စွမ်းအားသည် အလွန် တိုးတက်လာမည် ဖြစ်ပြီး ထိုယင်နတ်ဘုရား ငါးပါးက သူ့ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ မယုံကြည်ပါ။
ထိုအချိန်ရောက်လျှင် သူ၏ ဝိဉာဉ်စွမ်းအင် အပြည့်အဝ ပြန်လည် ရရှိလာနိုင်ပြီဖြစ်သောကြောင့် ကြယ်တာရာအမြုတေနှင့် နင်းထောင်ပါရှိသေးသည်။ ပထမတစ်ခေါက်လာစဥ်ကပင် နင်းထောင်က ယင်နတ်ဘုရားဆယ်ပါးလောက်ကို အလွယ်တကူသတ်ဖြတ်နိုင်၏။ယခု နှစ်ပေါင်းထောင်ချီကြာနေပြီ မဟုတ်ပါလား။
ဒီလိုအနေအထားကြီးနဲ့ငါက ဘယ်သူကိုကြောက်နေရဦးမှာလဲ။ကြောက်စရာရှိရင် သူတို့ကကြောက်သင့်တာ မဟုတ်ဘူးလား။
ကမ္ဘာတစ်ခုရဲ့တာအိုကို သူ့ကမ္ဘာထဲကိုလာပြီး ယှဥ်ပြိုင်နေချင်ကြသူများကို လူမိုက်ဟုခေါ်ရမလား သတ္တိကောင်းသည်ဟု ချီးမွမ်းရမလား မပြောတတ်တော့ပေ။
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ မျက်နှာသည် ခံစားချက်မဲ့သလို တည်ငြိမ်နေဆဲဖြစ်သည်။
"ရှင်က အစွမ်းထက်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ ယင်နတ်ဘုရားငါးပါးကို ရင်ဆိုင်ရရင်တော့… ရလဒ်က မသေချာဘူး"
"ငါ့ကိုယ်ငါ့ ယုံကြည်တယ်"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး သက်ပြင်းချလိုက်သည်။
"ဒါနဲ့ ဒီကိစ္စက ခင်ဗျားနဲ့ဘယ်လိုပတ်သတ်နေလို့လဲ ၊ အကြောင်းမဲ့တော့ ဒီကိုရောက်လာမယ်မထင်ဘူး"
ယင်နတ်သမီးတစ်ပါးသည် အကြောင်းမဲ့သပ်သပ်ဖြင့် သူ့ကို ဂရုစိုက်လိမ့်မည်ဟု သူ မယုံကြည်ပါ။
"ကျွန်မ ဒီကမ္ဘာထဲကို အရေးကြီးတဲ့ ကိစ္စတစ်ခု အောင်မြင်ဖို့ တိတ်တဆိတ် ခိုးဝင်လာခဲ့တာပါ"
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ရှင်းပြသည်။
"ရှင်သာ အဲဒီ ယင်နတ်ဘုရား ငါးပါးကို ဆက်ပြီး ရန်စနေမယ်ဆိုရင် ကျွန်မရဲ့ အစီအစဉ်တွေကို ပျက်စီးစေနိုင်တယ်"
"သြော် ...ဒီလိုကိုး..."
" အဲ့ဒီအတွက်တော့ တောင်းပန်ပါတယ်"
ကျိယွမ်က စိတ်ရင်းမှန်ဖြင့် ပြန်ဖြေလိုက်သော်လည်း သူ၏အစီအစဥ်ကိုတော့ နောက်ဆုတ်ရန်မရှိပါ။
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် သူ့ကို အချိန်အတော်ကြာ ကြည့်နေပြီး အတနိကြာမှ ထပ်ပြောလိုက်၏။
"ရှင် ကပ်ဘေးဒုက္ခကြီးအကြောင်းကို သိလား"
"နည်းနည်းတော့ သိတယ်"
ကျိယွမ်က ခေါင်းညိတ်လိုက်သော်လည်း
အမှန်တကယ်တော့ သူသည် ဘာမှ မသိသလောက် ဖြစ်သည်။
သူများကပ်ဘေးဆိုလို့သာ လိုက်ပြီးကပ်ဘေးနေရသော်လည်း ထိုအရာက ဖြူသလား မည်းသလား ၊ ပုသလား ရှည်သလားပင် သူမသိခဲ့ပါ။
"မဟာကပ်ဘေးဒုက္ခကြီး ရောက်လာတော့မယ်။ ကျွန်မတို့လို ယင်နတ်ဘုရားတွေတောင် ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့
ဝမ်ယုကုန်းမြေကို ထွက်ပြေးလာပြီး ကျွန်မတို့ရဲ့ ကျင့်ကြံခြင်းကိုစတေးပြီးကြိုးစားရင်တောင် အချိန်အနည်းငယ်လောက်ပဲ ရမယ်၊ ပြီးရင် သေကြမှာပဲ"
သူမ၏လေသံတွင် အနာဂတ်အတွက် စိုးရိမ်မှုနှင့်အတူ စိတ်ပျက်အားငယ်မှုများ ထင်ဟပ်နေ၏။
"နည်းနည်း ဆက်ပြောပြပါဦး"
ကျိယွမ်က သိချင်နေသူဖြစ်သောကြောင့် တိုက်တွန်းလိုက်သည်။
"လောလောဆယ် ကျွန်မ ကန်းလန်ကမ္ဘာကနေ လွတ်မြောက်ဖို့၊ ကပ်ဘေးကို လုံးဝ ရှောင်ရှားဖို့ နည်းလမ်းတစ်ခုကို တွေ့ရှိထားတယ်။ ရှင်ကသာ ကျွန်မကို အလုပ်တစ်ခု ကူညီပေးမယ်ဆိုရင် အဲဒီ လမ်းကို ရှင်နဲ့ ဝေမျှဖို့ ဆန္ဒရှိပါတယ်"
အဖြူရောင်ဝတ်စုံအမျိုးသမီးက စိတ်ရင်းမှန်ဖြင့် ကမ်းလှမ်းလိုက်သည်။
သူမသည် ကန်းလန်ကမ္ဘာမှ ယင်နတ်ဘုရားများထဲမှ မည်သူ့ကိုမျှ မယုံကြည်ပါ၊ သွေးဝတ်စုံဓားနတ်ဘုရားကိုလည်း မယုံကြည်ပေ။ သို့သော် ထိုသူသည် ဝမ်ယုကုန်းမြေကုန်းမြေတိုက်ကြီးတွင် ရမ်းကားနေပြီး သူမ၏ အစီအစဉ်များကိုပျက်ဆီးစေနိုင်သော အခြေအနေဖြစ်လာသောကြောင့် သူမက ဆက်လက်ပုန်းကွယ်မနေတော့ဘဲ ကိုယ်ထင်ပြခဲ့ရခြင်းပင်။
ကျိယွမ်က သူ၏ မျက်ခုံးကို တွန့်ချိုးလိုက်ပြီး အဓိကအချက်ကို မေးလိုက်၏။
"ကပ်ဘေးဒုက္ခကြီးက အဲဒီလောက် အစွမ်းထက်လား"
အဖြူရောင်ဝတ်စုံအမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
"သူသာ ဆန္ဒရှိရင် ဝမ်ယုတိုက်ကြီးတစ်တိုက်လုံးကို တစ်ကိုက်တည်း မျိုချနိုင်တယ်"
သို့သော် သူမက အခြားအချက်များကိုတော့ ထည့်မပြောခဲ့ပါ။
ဝမ်ယုကုန်းမြေတိုက်ကြီး၏ တာအိုသည် ချို့ယွင်းနေသဖြင့် လွယ်ကူသော ပစ်မှတ်တစ်ခု ဖြစ်နေခြင်းဖြစ်သည်။ ဤကမ္ဘာ၏တာအိုကသာ မပျက်စီးခဲ့လျှင်တော့ အင်အားအကြီးဆုံး သတ္တဝါများပင်လျှင် ၎င်းကို ဝါးမျိုရန် ရုန်းကန်ရမည်မှာ သေချာ၏။
ထို့အတူ အားနည်းသောကမ္ဘာတစ်ခု၏တာအိုကိုသာ သာမန်ယင်နတ်ဘုရားများ လက်လှမ်းမီနိုင်သော်လည်း ပိုမို အစွမ်းထက်သော ကမ္ဘာများ၏တာအိုများကတော့ ယန်နတ်ဘုရားအဆင့် ရှိသူများကိုပင် ရှုပ်ထွေးစေနိုင်သည်။
ကျိယွမ် အံ့အားသင့်သွားသည်။
"အဲဒီလောက်တောင် အစွမ်းထက်တယ်ပေါ့"
ဝမ်ယုကုန်းမြေတိုက်ကြီးက မသေးငယ်ပါ။ထို့ကြောင့် ၎င်းကို တစ်ကိုက်တည်း မျိုချနိုင်သည်ဟု စဉ်းစားမိသောအခါ.....
ထိုအရာက ကျိယွမ်၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေသည်။
သူ၏ ခိုင်မာသောယုံကြည်မှုပင် ခေတ္တခဏ တုန်လှုပ်သွားသည်။
"အဲဒီလောက် အစွမ်းထက်တယ်ဆိုရင် နေကိုပါ မျိုချနိုင်မလား"
ကျိယွမ်က အသံတုန်ရီစွာဖြင့် မေးလိုက်သည်။
ထိုသတ္တဝါသည် နေကိုပင် ဝါးမြိုနိုင်လောက်အောင် အစွမ်းထက်ပါက သူသည် ၎င်းကို ရင်ဆိုင်ဖို့ လုံးဝ အဆင်သင့် မဖြစ်သေးသည်မှာ သေချာနေလေပြီ။
ထိုမျှ အစွမ်းထက်သော သတ္တဝါတစ်ကောင်သည် သူ၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသည်။
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ကျိယွမ်၏မေးခွန်းကို ကြားသောအခါ ရယ်မောလိုက်သည်။
"ရှင် နောက်နေတာလား။ စကြဝဠာ အများအပြားကိုတောင် ပုံရိပ်ထင်နိုင်တဲ့ သတ္တဝါတစ်ပါး၊ ဥပမာ မဟာအုပ်စိုးရှင်အဆင့်တစ်ပါးကတောင် နေကို မျိုချနိုင်ဖို့ မဖြစ်နိုင်ပါဘူး"
ကျိယွမ်သည် ထိုစကားကို ကြားသောအခါ စိတ်သက်သာရာ ရသွားသလို ရင်ဖိ၏။
သို့သော် သူသည် စိုးရိမ်ပူပန်မှု အချို့ကို ဆက်လက် ခံစားနေရဆဲ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ၏ ကြယ်တာရာအမြုတေသည် အခြား စကြဝဠာတစ်ခုတွင် ရှိနေသည်မဟူတ်ပါလား။
"မဟာကပ်ဘေးဒုက္ခကြီးက ရာစုနှစ် အနည်းငယ်အတွင်းမှာပဲ ရောက်လာတော့မယ်။ ဒီဘုံကနေ ထွက်ခွာဖို့ စတင် ပြင်ဆင်သင့်ပါတယ်။ မဟုတ်ရင်တော့…"
အဖြူရောင် ဝတ်စုံအမျိုးသမီးသည် ထပ်မံ ၍ သက်ပြင်းချလိုက်သည်။
"မဟာကပ်ဘေးအန္တရာယ်ကြီးက အချိန်ပိုစောပြီး ရောက်လာနိုင်လား"
ကျိယွမ်က နောက်ထပ်တစ်ခု မေးလိုက်သည်။
"မဖြစ်နိုင်ဘူး"
အဖြူရောင်ဝတ်စုံအမျိုးသမီးသည် ယုံကြည်မှုရှိစွာ ပြန်ဖြေ၏။
"သူက ထိုင်းမှိုင်းနေတဲ့ အခြေအနေမှာ ရှိနေတယ်၊ တော်တော်နဲ့ နိုးထလာဖို့မရှိသေးဘူး"
ကျိယွမ် အနည်းငယ် ရင်အေးသွားသည်။
"ဒါဆို ကောင်းတာပေါ့။ ရာစုနှစ် အနည်းငယ်ဆိုတဲ့အချိန်က ငါ့ရဲ့အမြုတေအတွက် ကြယ်အနည်းငယ်ကို ထပ်ပြီးဝါးမြိုဖို့ လုံလောက်တယ်။ အဲ့ဒီအချိန်ကျရင် ငါမပြောနဲ့ ငါ့သမီးရှိရင်တောင် ငါ့ထက် စွမ်းအား ပိုမြင့်လာနိုင်တယ်။ ငါ စိတ်မပူတော့ဘူး"
အဖြူရောင်ဝတ်စုံအမျိုးသမီးသည် ကျိယွမ်အား မမြင်ဖူးသူလို ကြညိ့မိသည်။
သွေးဝတ်ရုံ ဓားနတ်ဘုရားသည် အနည်းငယ် ရူးသွပ်နေကြောင်း သူမ ကြားဖူးသော်လည်း ၎င်းသည် ဤမျှအခြေအနေဆိုးမည်ဟု ထင်မထားခဲ့ပါ ။
ယခုအခါမှ ထိုသူက မည်မျှဆင်ခြင်တုံတရားကင်းမဲ့နေသည်ကို သိလိုက်ရ၏။လောကများစွာကို ပျက်စီးစေနိုင်သော ကပ်ဘေးဆိုးကြီးကိုပင် သူကပေါ့ပေါ့တန်တန်သဘောထားကာ ပြောနေသည် မဟုတ်ပါလား။
"ဒီဘုံကနေ ထွက်ခွာဖို့ ရှင် ကျွန်မနဲ့ မပူးပေါင်းမှာ သေချာရဲ့လား"
အဖြူရောင်ဝတ်စုံ အမျိုးသမီးက သူ၏စကားကို အတည်ပြုရန် ထပ်မံ မေးလိုက်သည်။
"ကန်းလန်ကမ္ဘာက ငါ့ရဲ့ ဒုတိယအိမ်ဖြစ်ပြီး ဝမ်ယုကုန်းမြေက ငါ့ရဲ့ တတိယအိမ်ပဲ။ ငါ အခုလောလောဆယ်တော့ ထွက်ခွာဖို့ အစီအစဉ် မရှိသေးဘူး"
ကျိယွမ်က သူ၏သဘောထားကို ပြန်ဖြေလိုက်သည်။
အဖြူရောင်ဝတ်စုံအမျိုးသမီး၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင် ပေါ်လာသည်။
"အဲဒါက ရှင့်ရဲ့ ရွေးချယ်မှုဆိုရင်တော့ ကျေးဇူးပြုပြီး သတိနဲ့ ဆက်လုပ်ပါ။ ရှင့်ရဲ့ ယင်နတ်ဘုရားအဆင့် စွမ်းအားကို မထုတ်ဖော်မိအောင် အတတ်နိုင်ဆုံးကြိုးစားရင် သူတို့လည်း ရုတိတရက်သတိမထားမိလောက်ဘူးထင်ပါတယ်"
"ကောင်းပါပြီ"
ကျိယွမ်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်၏။
" မေးခွန်းတစ်ခု မေးလို့ရမလား"
ယင်နတ်ဘုရားတစ်ပါးနှင့် တွေ့ဆုံရန်က လွယ်ကူသောအရာမဟုတ်ပေ။ထို့ကြောင့် သူသည်ရနိုင်သမျှ အချက်အလက်များကို စုဆောင်းချင်သည်။
"အင်း မေးပါ"
"ကျွန်တော်က ဝမ်ယုကုန်းမြေတိုက်ကြီးရဲ့ တာအိုကို ကျွန်တော့်ရဲ့အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားတဲ့သူပါ။ ဒါကြောင့် ဒီလောကရဲ့ တာအိုကို အပြည့်အဝပြန်ပြီး တည်ဆောင်နိုင်ရင် ကျွန်တော် ဘယ်လောက် အစွမ်းထက်လာမလဲ"
အဖြူရောင်ဝတ်စုံအမျိုးသမီးက ကျိယွမ်အား မမြင်ဖူးသလို ထပ်ကြည့်၏။
"ဒီလိုမျိုး တာအိုအုတ်မြစ်အကြောင်း ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့… ကမ္ဘာတစ်ခုအတွင်းမှာ မွေးဖွားလာတဲ့ ဘယ်တာအိုမဆို သူ့ကိုယှဉ်ပြိုင်ဖို့ ဆိုရင် အနည်းဆုံး မဟာအုပ်စိုးရှင်တစ်ပါး လိုအပ်တယ်။ ကမ္ဘာငယ်လေးတစ်ခုရဲ့ တာအိုကိုတောင် သာမန်ယင်နတ်ဘုရား တွေက အလွယ်တကူ ကိုင်တွယ်လို့ မရဘူး၊ မဟာအုပ်စိုးရှင်တစ်ပါးမှ ရလိမ့်မယ်"
" ကမ္ဘာတွေဟာ စွမ်းအားချင်း ကွာခြားကြသလို မဟာအုပ်စိုးရှင်တွေကလည်း ကွာခြားကြတယ်။ သူတို့အားလုံးက ကမ္ဘာတစ်ခုရဲ့ တာအိုကို ထိန်းချုပ်နိုင်ကြတာ မဟုတ်ဘူး။ အချို့ အစွမ်းထက်တဲ့ကမ္ဘာရဲ့တာအိုတွေဆိုရင် ယန်နတ်ဘုရားအဆင့်ရှိသူတွေတောင် လက်လှမ်းမမီအောင် အစွမ်းထက်တယ်"
ကျိယွမ်က အံ့အားသင့်သွားပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ဒါဆို ကျွန်တော် ဘယ်လောက် အစွမ်းထက်လာမလဲ"
ယင်နတ်ဘုရားအမျိုးသမီးက ပြုံးကာခေါင်းယမ်းလိုက်သည်။
"အဲ့ဒါတော့ ကျွန်မလည်းမသိဘူး"
------------------