သားသမီး သန်းပေါင်းများစွာရှိသော ဖခင်လေးဖြစ်လာခြင်း
Vol. 13 Ch. 160
ဖုန်ကွေ့တိုင်းပြည်သည် အားနည်းပြီး မြို့သုံးမြို့တည်းသာ ပိုင်ဆိုင်၏။ ထိုမြို့တော် သုံးမြို့ကို ရဲစွမ်းသတ္တိနှင့်ပြည့်ဝသောစစ်သူကြီး ဆယ်ဦးက စောင့်ရှောက်ခဲ့သည်။ ယခုအခါ မှာတော့ စစ်သူကြီးခုနစ်ဦး ကျဆုံးခဲ့ပြီး သုံးဦးသာ ကျန်ရှိလေတော့သည်။
ဆံပင်ဖြူဖြူနှင့် အရပ်အမောင်းမြင့်သော စစ်သူကြီးတစ်ဦးသည် မြို့ရိုးပေါ်တွင်ရပ်လျှက် အဝေးကို ငေးမောကြည့်နေပြီး၊ သူ၏ မျက်နှာက ပင်ပန်းနွမ်းနယ်မှုများကြောင့် ပို၍အိုစာနေ၏။
“စစ်သူကြီးချီ၊ အခြေအနေ ဘယ်လိုရှိသလဲ”
နုပျိုအသံတစ်ခုက သူ့အားမေးလိုက်သည်။ အသံပိုင်ရှင်ဘုရင်မသည် အသက်နှစ်ဆယ်ကျော်အရွယ်ဖြစ်ပြီး ရိုးရှင်းစွာဝတ်ဆင်ထားသော်လည် လှပပြီးတင့်တယ်သည်ကို မြင်သူတိုင်းသိနိုင်သည်။
“ဒီမိုရာတပ်တွေက ကျွန်တော်တို့ထက် အဆပေါင်းများစွာ အင်အားပိုများနေပါတယ်။ အခြေအနေ မကောင်းပါ”
စစ်သူကြီးချီက အမှန်အတိုင်း ပြန်ဖြေသည်။
မြို့ကို ကာကွယ်ရန် စစ်သည်အင်အားနည်းပါးခြင်းသည် သာမန်အချိန်မျိုးတွင် အရေးကြီးသော ပြဿနာတစ်ခု မဟုတ်ပါ။ သို့သော် တိုက်ခိုက်သူများသည် ဒီမိုရာမျိုးနွယ်များ ဖြစ်နေသောအခါမှတော့ ထိုအချက်က အရေးကြီးလာခဲ့သည်။ ဒီမိုရာမျိုးနွယ်ဝင် တစ်ဦးစီတိုင်းသည် ပထမအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဥ်နိုင်သော အစွမ်းထက် စစ်သည်တော်များ ဖြစ်ကြသည်။
အတိတ်ကာလတွင် ကောင်းကင်နှင့်မြေကြီး ပြောင်းလဲမှုကြီးများ ဖြစ်ပေါ်ပြီး သိုင်းပညာများ ထွန်းကားလာပြီးနောက် ဝမ်ယုကုန်းမြေတိုက်ကြီးတွင် အစွမ်းထက်သူများစွာ ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း ၎င်းတို့သည် ဒီမိုရာမျိုးနွယ်နှင့် နှိုင်းယှဥ်ပါက များစွာ လျော့နည်းနေဆဲပင် ဖြစ်လေ၏။
ဖုန်ကွေ့တိုင်းပြည်တစ်ခုလုံးတွင် တတိယအဆင့် ကျင့်ကြံသူ အနည်းငယ်သာ ရှိပြီး လအင်ပါယာမှ ပြန်လာသော လော့ရှီးသာလျှင် စတုတ္ထအဆင့်ခွန်အားရှိသည်။
ကန်းလန်ကမ္ဘာ၏ အဆင့်သတ်မှတ်ချက်များအရ တတိယအဆင့်သည် အမြုတေအဆင့်နှင့် ညီမျှသည်ဟုဆိုနိုင်သည်။
ထို့အပြင် စစ်သားများထဲတွင် ဆယ်ဦးလျှင် တစ်ဦးလောက်ကသာ ကျင့်ကြံသူဖြစ်သည်။
“လော့ရှီးက အကူအညီတွေ ခေါ်နိုင်ခဲ့ပါ့မလား မသိဘူးနော်”
ဘုရင်မလေးက စိတ်ပျက်အားလျော့သော အမူအရာဖြင့် ပြောလိုက်သည်။
စစ်သူကြီးချီသည် မည်သည်ထင်မြင်ချက်မှမပေးဘဲ ဆိတ်ဆိတ်သာနေခဲ့သည်။
လော့ရှီးကမ်းလှမ်းမည့်အခြေအနေများသည် အခြားကမ္ဘာမှ လူများကို စည်းရုံးနိုင်ဖွယ် မရှိချေ ။ ထိုသူများသည် ဒီမိုရာမျိုးနွယ်ထက် ပိုကောင်းမည့်သူများ မဟုတ်နိုင်ပါ။ သူတို့သည်လည်း အင်အားနည်းသော ဒီမိုရာမျိုးနွယ်အငယ်စားများသာဖြစ်ပြီး ကုပ်သွေးစုပ်ရန် ပုံစံတစ်မျိုးဖြင့် ချည်းကပ်လာကြခြင်းသာ ဖြစ်သည်ဟု စစ်သူကြီးချီက ယူဆထားခဲ့သည်။
ဘုရင်မလေး၏ မျက်နှာပေါ်တွင်တော့ အားငယ်နေသော်လည်း ခိုင်မာသောသတ္တိသွေးကို ပြသနေသည်။
“အကူအညီတပ်တွေ မရှိရင်တောင် ကျွန်မတို့ တိုင်းပြည်ကို အသက်နှင့်လဲပြီး ကာကွယ်သွားမယ်”
“ကျွန်တော်မျိုးလည်း ဖုန်ကွေ့တိုင်းပြည်အတွက်၊ ဝမ်ယုကုန်းမြေတိုက်ကြီးအတွက် အသက်စွန့်ဖို့ ဝန်မလေးပါဘူး”
စစ်သူကြီးချီကလည်း ရဲရင့်စွာကြေညာလိုက်သည်။
ယခုစစ်ပွဲသည် တိုင်းပြည်၏ ရှင်သန်ရပ်တည်ရေးအတွက်သာမက ကမ္ဘာကြီးတစ်ခုလုံး၏ ရှင်သန်ရပ်တည်ရေးအတွက်ပါ အရေးပါ၏။ ဝမ်ယုကုန်းမြေတိုက်ကြီးတွင် နေထိုင်နေကြသောလူများသည် ပြည်ပကမ္ဘာသားများ၏ သားကောင်များ ဖြစ်လာကြသည်။
အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးမှာ အစွမ်းကုန် တိုက်ပွဲဝင်ရုံသာ ရှိတော့သည်။
ထိုစဥ် အဝေးတစ်နေရာ ထူးခြားသည့် အသံတစ်ခု ပဲ့တင်ထပ်ကာ ပေါ်ထွက်လာခဲ့၏။
“မင်းတို့ ငါ့အတွက် အသက်စွန့်ဖို့ မလိုအပ်ပါဘူး”
စကားသံနှင့်အတူ မြို့ရိုးပေါ်တွင် လူငါးဦး ရုတ်တရက် ပေါ်လာကြသည်။
စစ်သူကြီးချီ၏ မျက်နှာက တင်းကျပ်သွားပြီး ဘုရင်မလေး၏ ရှေ့မှ ကာကွယ်ကာ သူ၏လက်သည်ဓားရိုးဆီသို့ ရွေ့လျားသွားသည်။
သို့သော် လော့ရှီးကို မြင်လိုက်ရသောအခါ သူ၏မျက်နှာထားက အနည်းငယ် လျော့နည်းသွားသော်လည်း လက်ကိုတော့ ဓားရိုးပေါ်တွင် ဆက်တင်ထားဆဲပင်။
“ဘုရင်မ၊ သူတို့က ကန်းလန်ကမ္ဘာက မဟာမိတ်များ ဖြစ်ပါတယ်”
လော့ရှီးက လျင်မြန်စွာ မိတ်ဆက်ပေးသည်။
ဘုရင်မ၏ နုပျိုသော မျက်နှာလေးသည် ထူးခြားသော အပြုံးဖြင့် လင်းလက်သွား၏။
“အားလုံးကို နှုတ်ခွန်းဆက်သပါတယ်”
သူမက သိမ်မွေ့စွာ ကြိုဆို၏။
ကျိယွမ်သည် ငယ်ရွယ်သော ဘုရင်မကို ငဲ့ကြည့်လိုက်ရင်းမှ အမှတ်မထင် ကျင်းလီကို သတိရသွားခဲ့သည်။ ကျင်းလီနှင့်သူ ပထမဆုံး တွေ့ဆုံစဥ်က ဤအသက်အရွယ်ခန့် ရှိခဲ့မည်ဟု ယူဆမိသည်။
ကျိယွမ်၏ အကြည့်က မြို့ရိုးအပြင်ဘက်အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။
“ဒီမိုရာမျိုးနွယ်က ဒီလောက်ပဲ ရှိတာလား”
ကျိယွမ်သည် မြို့ရိုးပေါ်မှနေ၍ အဆုံးမဲ့ ပြန့်ကျဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော ရန်သူစခန်းကို မြင်လိုက်ရသည်။
စစ်သူကြီး ချီသည် “ဒီလောက်ပဲလား” ဟူသော စကား၏ အဓိပ္ပာယ်ကို နားမလည်၍ ဇဝေဇဝါ ဖြစ်နေသည်။
သူက ယဥ်ကျေးစွာမေးမိသည်။
“အကြီးအကဲတို့ရဲ့ နောက်ခံတပ်တွေက ဘယ်အချိန်လောက် ရောက်ရှိလာမလဲမသိဘူး၊ ကျွန်တော်တို့က ရှေ့ပြေးတပ်အဖြစ် တာဝန်ယူပြီး ဒီမိစ္ဆာတွေကို သုတ်သင်လိုပါတယ်”
စစ်သူကြီးချီက ရောက်လာမည့်စစ်ကူတပ်များကိုတွေးကာ အားတတ်နေ၏။
ဘုရင်မလေးသည်လည်း အလွန်ငယ်ရွယ်ပုံရသောကျိယွမ်ကို မျှော်လင့်တကြီး ကြည့်နေခဲ့သည်။
“ ငါ့မှာ အရေးကြီးလုပ်စရာရှိနေတယ်။ဒီနေရာ ဒီမိုရာမျိုးနွယ်တွေကို သတ်ပြီးရင် ကျန်နေတဲ့ တိုင်းပြည်ခြောက်ခုကို ဆက်သွားရမှာ"
ကျိယွမ်၏ စကားကြောင့် စစ်သူကြီး ချီ၏ မျက်လုံးများ ရီဝေသွားခဲ့၏။
ဘုရင်မလေးသည်လည်း မည်သို့ဖြစ်ပျက်နေသည်ကို သိချင်သွားပြီး လော့ရှီးကို လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ကျိယွမ်သည် မိုင်ပေါင်းများစွာကို ထိုးဖောက်၍ အဝေးမှရန်သူစခန်းကို ကြည့်နေ၏။ အရုပ်ဆိုးပြီး သားရဲပုံသဏ္ဌာန်ရှိသော ဒီမိုရာမျိုးနွယ်များကို သူမြင်တွေ့ရသည်။
သူတို့သည် သုံးမီတာခန့် အရပ်ရှည်ပြီး အသားအရေက အမည်းနှင့်အပြာရောင် ရောနှောနေသည်။ သူတို့၏ ကျောပြင်တွင် အကြေးခွံထူများ ဖုံးလွှမ်းနေပြီး ကြီးမားသော ပါးစပ်ပြဲကြီးများထဲမှ အစိမ်းရောင်အရည်များ စိမ့်ထွက်နေသော အစွယ်များကို မြင်နေရ၏။
အထူးခြားဆုံးမှာ သူတို့၏ နဖူးပေါ်ရှိ လောင်ကျွမ်းနေသော မီးလျှံနှင့်တူသည့် သွေးနီရောင် အမာရွတ်ပင်။
ကျိယွမ်က လက်တစ်ဖက်ကို ဖြန့်လိုက်ရာ သွေးနီရောင် ဓားတစ်ချောင်းသည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
သူ၏ မျက်လုံးများက အချိန်မြစ်ကို ဖြတ်ကျော်နေသကဲ့သို့ နက်ရှိုင်းနေ၏။
တစ်ချိန်က ဆီးနှင်းမုန်တိုင်းတစ်ခုတွင် သူသည် လကညာကို ခေါ်ဆောင်ကာ မြို့တစ်ရာမဟာမိတ်အဖွဲ့ကို ချေမှုန်းခဲ့ဖူးသည်။
လျှို့ဝှက်ဆန်းကြယ်လှပါသည်ဆိုသော ဝတ်ရုံနက်အစောင့်အဖွဲ့သားများသည် သူ၏ဓားအောက်တွင် ခွေးသေကောင်များကဲ့သို့ အတုန်းအရုံးလဲကျသေဆုံးခဲ့ရ၏။
ယခုအခါ ဒီမိုရာမျိုးနွယ်သည် သူ၏ဝမ်ယုကုန်းမြေတိုက်ကြီးကို ကျူးကျော်ဝင်ရောက်လာခဲ့သည်။
ဤလောက၏ ကောင်းကင်ဘုံတာအိုတစ်ပါးအနေဖြင့် ကျိယွမ်သည် မတရားကျူးကျော်လာပြီး သူ၏လောကသားများကို သတ်ဖြတ်နေသူများအား သနားညှာတာမှုလုံးဝပြသမည် မဟုတ်ပေ။
ကျိယွမ်က သွေးနီရောင်ဓားကို ကြည့်ကာ သွေးစွန်းနေသောဖုန်မှုန့်များကို သုတ်သင်သကဲ့သို့ ဓားသွားပေါ်တွင် သူ၏လက်ကို ပွတ်ဆွဲလိုက်သည်။
ထိုနေရာရှိ လူတိုင်းသည် ကျိယွမ်၏ လက်ထဲမှ သွေးနီရောင်ဓားပေါ်တွင် အာရုံစိုက်နေကြပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် ကြည်ညိုမှုများ မသိမသာ ပြည့်နှက်နေခဲ့သည်။
သူတို့သည် အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော မိစ္ဆာနတ်ဘုရားတစ်ပါးကို မြင်တွေ့နေရသကဲ့သို့ ခံစားကြရသည်။
သွေးဆာနေသော နတ်ဘုရားသည် ဖုန်ကွေ့တိုင်းပြည်၏ ကယ်တင်ရှင် ဖြစ်နိုင်ပါ့မလား။
သို့သော် ကျိယွမ်သည် ဓားသွားမှ သွေးများကို သုတ်လိုက်သည်နှင့် တောက်ပသော အလင်းရောင်တစ်ခုက မြို့ရိုးပေါ်မှသည် မြို့တော်ကောင်းကင်ယံအထိ ထွက်ပေါ်လာ၏။
ဖုန်ကွေ့ပြည်သူအားလုံးမှာ ထိုအဖြူရောင်အလင်းကို မြင်တွေ့ရပြီး အကြောင်းမသိရဘဲ သူတို့၏ ရင်ထဲတွင် နွေးထွေးမှုကို ခံစားရကာ အလွန်ရင်းနှီးနေသလို ကြည်နူးသွားကြသည်။
၎င်းသည် သူတို့၏ ရှင်ဘုရင် သို့မဟုတ် သူတို့၏ ကိုးကွယ်ရာနတ်ဘုရားကို ကြည့်နေရသကဲ့သို့ပင် ဖြစ်သည်။
ထိုအချိန်မှာပင် ကျယ်လောင်သောအသံသည် နတ်ဘုရားတစ်ပါး၏ ကြေညာချက်ကဲ့သို့ ထွက်ပေါ်လာခဲ့၏။
“ဓားတစ်ချက်ဖြင့် ဖုန်မှုန့်အားလုံး အလင်းဖြစ်စေ။ ဒီမိုရာကို သုတ်သင်၊ တောင်တန်းပေါင်းများစွာ ပန်းများဖြင့် ပွင့်လန်းစေ”
သွေးနီရောင်ဓားသည် ကျိယွမ်၏လက်မှ လွတ်ထွက်ပြီး ကောင်းကင်သို့ တည့်တည့် ပျံတက်သွားသည်။
ဓားမှ အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ထိုမျက်စိကျိန်းစရာ ဓားအလင်းသည် ဒီမိုရာမျိုးနွယ်၏ စခန်းဆီသို့ ပြင်းထန်စွာကျရောက်သည်။
“ရန်သူတိုက်ခိုက်နေပြီ”
စခန်းအတွင်းမှ အရေးတကြီး အော်သံတစ်သံ ထွက်ပေါ်လာပြီး အားလုံးကို သတိပေးလိုက်သည်။
သို့သော် သူတို့အားလုံးက ထိုင်နေရာမှ ထရန်ပြင်လိုက်စဥ်မှာပင် ဓားအလင်းထဲတွင် ပျောက်ကွယ်သွားကြ၏။
အမြုတေအဆင့်ကျင့်ကြံသူများ အပါအဝင် ဒီမိုရာစစ်သည်တော်များ အားလုံးနီးပါးသည် ထိုအလင်းဖြင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
အသက်ရှူချိန်သုံးကြိမ်မျှသော အချိန်အတွင်း၌ ဒီမိုရာစခန်းတစ်ခုလုံး ရှင်းလင်းသွား၏။
ထိုအရာကို မြင်လိုက်ရသူများမှာ အံ့သြမလိုဖြစ်လိုက်စဥ်မှာပင် မီးလောင်နေသော မြေပြင်ပေါ်မှ တောက်ပသော အနီရောင်ပန်းများက အလုအယက် စတင်ပေါက်လာခဲ့ကြသည်။
သွေးစွန်းသွားသော တိုက်ပွဲမြေသည် မျက်စိတစ်မှိတ်အတွင်း လှပသောပန်းပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး လွန်ခဲ့သော စက္ကန့်ပိုင်းလေးက အခြေအနေနှင့် လုံးဝခြားနားသွားခဲ့၏။
ကျိယွမ်သည် ပြုံးလိုက်သည်။
“ငါ့အိမ်ကို လာဖျက်ဆီးရဲရင် မြေသြဇာအဖြစ်နဲ့ နေခဲ့လိုက်ပေါ့”
စစ်မှန်ပဟာပညာရှိကျိကျန်းက သဘောကျစွာ လက်မထောင်ပြသည်။
“အကြီးအကဲက အလကားအဖြစ်မခံဘဲ လိုအပ်သလို အသုံးပြုခြင်းရဲ့ သဘောတရားကို အမှန်တကယ် နားလည်သူပါပဲ”
ကျန်းယာသည် ကျိယွမ်ကို အချိန်အတော်ကြာထိ စကားမပြောနိုင်ဘဲ ကြည့်နေခဲ့သည်။
စစ်သူကြီးချီနှင့် ဘုရင်မလေးတို့၏ မျက်လုံးများသည် ပြူးကျယ်နေပြီး ခန္ဓာကိုယ်များပင် တဆတ်ဆတ်တုန်ယင်နေခဲ့သည်။
ဤမျှ ကြီးမားသော စွမ်းအား... မည်သည့်အဆင့်မျိုး ဖြစ်ပါသနည်း။
ဒဏ္ဍာရီလာ ပဉ္စမအဆင့်ဆိုသောအရာများလား။
လော့ရှီးသည် ကျိယွမ်၏သွေးနီရောင်ဓားကို
သေချာစွာအနီးကပ် ကြည့်လိုက်မိပြီး သူ၏ ရင်ထဲတွင် တစ်စုံတစ်ခုကို သဘောပေါက်သလို ခံစားလိုက်ရ၏။
“အကြီးအကဲရဲ့ဓားနည်းစနစ်ကို.. ရင်းနှီးနေသလိုပဲ”
ကျိယွမ်၏ဓားနည်းစနစ်တွင် လော့ရှီးသည် အမြင့်ဆုံးပုရောဟိတ်မယ်၏ ဓားနည်းစနစ်အငွေ့အသက်များကို မြင်တွေ့လိုက်ရသည် မဟုတ်ပါလား။
“တကယ်လား”
ကျိယွမ်သည် လော့ရှီးကို ငဲ့ကြည့်လိုက်ပြီး သူ၏စိတ်ထဲတွင် လကညာကို ပြန်သတိရမိသွားသည်။သို့သော် လောလောဆယ် ထိုကိစ္စကို မဆောင်ရွက်နိုင်သေးပါ။
“နောက်တိုင်းပြည်ကို သွားကြတာပေါ့”
စကားဆုံးနှင့် ကျိယွမ်က ထိုနေရာမှ ပျောက်ကွယ်သွားသည်။ ကျန်းယာ၊ ကျိယန်း၊ ရွှီထုန်ချန်းနှင့် အခြားသူများသည် ချက်ချင်း ထွက်ခွာသွားပြီး ပျောက်ကွယ်သွားခဲ့ကြ၏။
မြို့ရိုးပေါ်တွင် အံ့အားသင့်နေသော ဘုရင်မလေးနှင့် စစ်သူကြီးချီသာ တွေဝေစွာ တုန်လှုပ်လျှက် ကျန်ရစ်ခဲ့ကြပါသည်။
သူတိူ့သည် အံ့သြလွန်း၍ တုန့်ပြန်ရန်ပင် အချိန်မရှိခဲ့ကြပါ။
“သူက ဒီတိုင်း... ထွက်သွားတာလား”
ဘုရင်မလေးက ဝေခွဲမရစွာ မေးလိုက်သည်။
ထိုသူသည် လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့၏။
အရာအားလုံးသည် အိပ်မက်တစ်ခုလိုပင်။
ကျောက်တုံးထဲက မီးတောက်၊ အိပ်မက်ထဲက ခန္ဓာကိုယ်အလားရှိလေသည်။
မြို့ရိုးအပြင်ဝေးလံသောနေရာမှ လေအဝှေ့တွင် ယိမ်းနွဲ့နေသော ရောင်စုံပန်းပင်လယ်ကြီးကိုသာ မြင်မနေရပါက ၎င်းသည် ထင်ယောင်ထင်မှား ဖြစ်သည်ဟု သူမ ယုံကြည်မိပေမည်။
“မင်းဆရာ လော့ရှီး၊ ဒီအကြီးအကဲကို ဒီကိုခေါ်ဆောင်လာဖို့ ဘယ်လိုတန်ဖိုးကို ပေးခဲ့ရပါသလဲ”
ယခုမှ စစ်သူကြီးချီက စိုးရိမ်တကြီး မေးလိုက်သည်။
ဘုရင်မလေး၏ မျက်နှာတွင်လည်း စိုးရိမ်သောအမူအယာများ ဖြစ်ပေါ်လာသည်။
အခြားကမ္ဘာမှလာသော ဤမျှအစွမ်းထက်သူတစ်ဦးသည် သူတို့ကို အဘယ်ကြောင့် ကူညီရန် သဘောတူခဲ့ရသနည်း။ သူက ကြီးမားသောအဖိုးအခ ရရှိရန် လာဘ်မြင်ခဲ့သောကြောင့်ဖြစ်နိင်သည်။
လော့ရှီးက ခေါင်းယမ်းပြသည်။
“ဘာတန်ဖိုးမှ မပေးခဲ့ရပါဘူး”
"ဟင်..."
လော့ရှီ၏ စကားများကြောင့် အားလုံး အံ့သြတုန်လှုပ်သွားခဲ့ကြသည်။
ဘာတန်ဖိုးမှ မပေးခဲ့ရဘူးလား။
ကန်းလန်ကမ္ဘာမှ ကျင့်ကြံသူများသည် အကျိုးအမြတ်အတွက်သာ လုပ်ဆောင်ကြသည်ကို မသိသူမရှိပါ။
တစ်ချိန်က ချွမ်တိုင်းပြည်သည် အမြုတေအဆင့် ကျင့်ကြံသူများ၏ အကူအညီရယူရန် မြို့အများအပြားကို ပေးအပ်ခဲ့ရရုံသာမက မင်းသား၊ မင်းသမီးများစွာကိုပါ သူတို့၏ ကျွန်များအဖြစ် ပေးပို့ခဲ့ရဖူးသည်။
ယခုလူငယ်သည် ထိုမျှလောက် စိတ်သဘောထား ကြီးမြတ်နိုင်ပါ့မလား။
“သူက ဝမ်ယုကုန်းမြေတိုက်ကြီးဟာ သူ့ရဲ့အိမ်လို့တော့ ပြောခဲ့တယ်”
“ပြီးတော့ သူ့အိမ်ကို မလိုချင်တဲ့ ဧည့်သည်တွေ ရောက်လာရင် သူကိုယ်တိုင် နှင်ထုတ်ရမယ်လို့လည်း ပြောခဲ့သေးတယ်"
လော့ရှီးစကားကြောင့် အားလုံးပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
ဘုရင်မလေး၏ မျက်လုံးများတွင် သိလိုစိတ်များ တောက်ပလာသည်။
“ဒီအကြီးအကဲဟာ ကျွန်မတို့ ဝမ်ယု ကုန်းမြေတိုက်ကြီးကများ ဖြစ်နေမလား”
စစ်သူကြီးချီသည် ခေါင်းညိတ်ခြင်း ခေါင်းခါခြင်းမပြုနိုင်ဘဲ အတွေးနက်နေ၏။
ဒါများ ဖြစ်နိုင်ပါ့မလား။
လော့ရှီး၏ မျက်လုံးများကလည်း လေးနက်လာသည်။
“သူ ခုနက သုံးခဲ့တဲ့ဓားက... ရင်းနှီးနေသလိုပဲ။ သူက တကယ်တော့ ဘယ်သူလဲ”
....................
ကောင်းကင်ယံတစ်လျှောက် အလင်းတန်းများ ပျံသန်းနေသည်။
ကျိယွမ် ပြသခဲ့သော ဓားအစွမ်းကြောင့် လူတိုင်း တိတ်ဆိတ်နေကြသည်၊ အားလုံးက အံ့အားသင့်နေဆဲရှိ၏။
ကျန်းယာသည် မထိန်းနိုင်တော့ဘဲ စတင်စကားဆိုလာသည်။
“ကျွန်မ အကြံပြုချက်တစ်ခု ပေးပါရစေ”
ကျိယွမ်သည် ပျံသန်းနေရာမှ သူမအားကြည့် သည်။
“ပြောပါ”
ထိုမိန်းမပျိုသည် ချမ်းသာသော စပွန်ဆာမမ ဖြစ်သည်၊ သူမကို ရင်းနှီးအောင်ကပ်ပေါင်းထားရန်လို၏။။
“နောက်ကို မထွက်ခွာခင် သူတို့ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို တောင်းဆိုသင့်တယ်”
ကျန်းယာသည် ဤလောက၏ နည်းစနစ်များကို စုဆောင်းရန်အတွက် အဓိက လိုက်ပါလာခြင်း ဖြစ်သည်။ထို့ကြောင့် ထိုကိစ္စကို သတိမမေ့ပါ။
ကျိယွမ်သည် ချက်ချင်း နောင်တရသွားခဲ့ပြီး ကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။
သေစမ်း ၊ ငါက အထာကျကျနဲ့ထွက်လာလိုက်တာ ၊ အရေးကြီးတာကို မေ့ရော။
လောကတွင် အထာကျတိုင်းလည်း မကောင်းဟု သူသင်ခန်းစာရသွား၏။
ကျန်းယာ စုဆောင်းနိုင်သော နည်းစနစ်နည်းလေလေ၊ သူပြန်ရမည့်အရာကလည်း နည်းလေ ဖြစ်သည်။သူမ များများရမှ သူလည်းများများရမည် မဟုတ်ပါလား။
“စောစောက သတိပေးသင့်တာ”
ကျိယွမ်သည် ဖုန်ကွေ့တိုင်းပြည်ကို လွမ်းဆွတ်တမ်းတစွာ ပြန်ကြည့်လိုက်သော်လည်း ယခုအခါ ဖုန်ကွေ့ကို မမြင်နိုင်လောက်အောင်ပင် ဝေးကွာနေလေပြီ။
သူပြန်မသွားနိုင်ပါ။
သူသည် ဒီမိုရာမျိုးနွယ်များကို အမြန်ဆုံး သတ်ဖြတ်ရန် လိုအပ်နေသည်။
သူတို့ကို သတ်ဖြတ်ခြင်းက ဤလောက၏တာအိုကို ပြန်လည် ထိန်းချုပ်နိုင်ရန် လိုအပ်သော အချိန်ကို တိုတောင်းစေကြောင်း သူတွေ့ခဲ့ရ၏။
ထို့ကြောင့် သူသည် သွေးများက မြစ်များလို စီးဆင်းသည်အထိ ဆက်လက် သတ်ဖြတ်နေရမည် ဖြစ်သည်။
အဓိကအချက်အနေဖြင့် သူ့အား ဒီမိုရာမျိုးနွယ်၏ ယင်နတ်ဘုရားများသတိမထားမိခင် ဤလောက၏ တာအိုကို ပြန်လည် ထိန်းချုပ်နိုင်ရန် ရည်ရွယ်ထားသည်။ ထိုသို့ဆိုလျှင် သူသည် ထိုနတ်ဘုရားများနှင့် ရင်ဆိုင်ရန် ပိုမို ယုံကြည်မှု ရှိလာမည် ဖြစ်သည်။
ထို့နောက် ကျိယွမ်နှင့် အဖော်များသည် ငါးရက်လုံးလုံး အနားမယူဘဲ ခရီးဆက်ကာ နေရာတိုင်းတွင် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။
တိုင်းပြည်ခုနှစ်ခု၌ ဒီမိုရာမျိုးနွယ်တစ်သိန်းနီးပါးကို ကျိယွမ်သည် ဓားချက်တစ်ချက်တည်းဖြင့် သုတ်သင်ခဲ့သည်။
ထို့အပြင်သူသည် ပထမအကြိမ်လို အလျင်စလို ထွက်ခွာခြင်း မပြုတော့ပါ။ သူက တိုင်းပြည်တစ်ခုသို့ ရောက်ရှိတိုင်းသို့ ဒေသခံအုပ်ချုပ်သူများအား နည်းစနစ်များကို အရင်ဆုံး စုဆောင်းစေခဲ့သည်။ ထိုတိုင်းပြည်တစ်ခုမှ ဒီမိုရာမျိုးနွယ်များကို အဆုံးသတ်ပြီးသည်နှင့် စုဆောင်းခိုင်းထားသော နည်းစနစ်များစုံသည်အထိ နာရီအနည်းငယ်ကြာ နေထိုင်ပြီးမှသာ နောက်တိုင်းပြည်သို့ ဆက်လက် ရွေ့ပြောင်းခဲ့သည်။
ကျိယွမ်အတွက် ဒီမိုရာမျိုးနွယ်များကို သတ်ဖြတ်ခြင်းသည် ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်တွင် သူဂိမ်းကစားခဲ့သော အတိတ်ဟောင်းများကို သတိရစေသည်။
ဒီမိုရာမျိုးနွယ်ဝင်တစ်ဦးစီကို သတ်လိုက်တိုင်း သူသည် ဤလောက၏ တာအိုကို ပြန်လည် ထိန်းချုပ်နိုင်ရန် ပိုမိုနီးစပ်လာသည်ဟုလည်း ခံစားရသည်။
မည်သို့ဆိုစေ ထိုအရာက အတွေ့အကြုံရမှတ်နှင့်မတူသော်လည်း တိုးတက်ခြင်းတစ်မျိုးဖြစ်သောကြောင့် သူ့က်ုစိတ်အားတက်ကြွစေ၏။
ယခုအချိန်၌ တိုင်းပြည်ခုနှစ်ခုထဲမှ နောက်ဆုံးတိုင်ပြည်တစ်ခု၏ နန်းတော်တစ်နေရာတွင် ကျိယွမ် တည်ငြိမ်စွာ ရပ်နေသည်။ သွေးနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် ကျိယွမ်သည် ထူးဆန်းနေသလို ဆွဲဆောင်မှုလည်း ရှိနေသည်။
ကျန်းယာကပင် ကျိယွမ်အား ထူးဆန်းသလိုကြည့်လာပြီး သူမသည် ကြီးမြတ်သော မိစ္ဆာတစ်ပါးကို ကြည့်နေရသကဲ့သို့ ခံစားလာရသည်။
ရွှီထုန်ချန်းလည်း သူမကဲ့သို့ ခံစားရကာ ယခင်ကထက်ပင် ပိုကြောက်ရွံ့လာမိသည်။
ကျိကျန်းကတော့ စိတ်ထဲရှိလျှင် ထုတ်ပြောလိုက်ရမှ ကျေနပ်သူပီသစွာ သိချင်လာလျှင်တန်းမေး၏။
“အကြီးအကဲ၊ အကြီးအကဲရဲ့သွေးစွမ်းအင်အရှိန်အဝါက အလွန်ကြောက်စရာကောင်းအောင်ပြင်းထန်နေတာ၊ အသက်ဘယ်လောက်များများ ယူခဲ့ဖူးလဲ"
ကျိယွမ်က ခေါင်းခါ၏။
“မမှတ်မိတော့ဘူး။ ရေတွက်ဖို့လည်း မလွယ်တော့ဘူး ထင်တာပဲ"
သူ၏အဖြေကြောင့် သွေးဝတ်စုံဓားနတ်ဘုရားသည် အမှန်တကယ် ကြီးမြတ်သော နတ်ဆိုးတစ်ပါးဖြစ်သည်ဟု ကျန်းယာ ပို၍ ယုံကြည်စေခဲ့သည်။
ထိုသို့သော နတ်ဆိုးတစ်ပါးသည် နေရာတစ်ခုတွင် ရပ်နေရုံမျှဖြင့် ကျင့်ကြံသူများတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေမည်ဖြစ်ပြီး သာမန်လူများဆိုလျှင် အိပ်မက်ဆိုးများ ခံစားရကာ သူ့ကို ရှောင်ရှားကြပေလိမ့်မည်။
သို့သော် သူမမြင်နေခဲ့ရသောမြင်ကွင်းများသည် သူမ ကြားဖူးခဲ့သော နတ်ဆိုးများနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။
သာမန်လူများနှင့် မင်းမှုထမ်းများသည် ကျိယွမ်ကို မကြောက်ရွံ့ကြသည့်အပြင် ကြည်ညိုလေးစားမှုနှင့်အတူ နွေးထွေးမှု အပြည့်ဖြင့် ကြည့်နေကြ၏။
သွေးဝတ်စုံဓားနတ်ဘုရားက သူတို့ကို ကယ်တင်ခဲ့သည်က တစ်ပိုင်းဖြစ်သည်။ လူဆိုသည်မှာကြောက်စရာရှိလျှင် ကြောက်ကြမည်သာ။
သို့သော် ကျန်းယာသည် ဤလူများ၌ ထိုသို့သော ကြောက်ရွံ့မှုကို မတွေ့ရပါ။
သူတို့သည် သွေးဝတ်စုံဓားနတ်ဘုရား၏ သွေးစွမ်းအင်များကို မြင်နေကြရသည်တိုင်သူ့ကို နတ်ဆိုးတစ်ပါးအဖြစ် မမြင်ကြဘဲ သူရဲကောင်းတစ်ဦးအဖြစ် မြင်နေကြ၏။
“အကြီးအကဲ၊ ဒါတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ တော်ဝင်မိသားစုရဲ့ တန်ဖိုးအရှိဆုံး လျှို့ဝှက်နည်းစနစ်တွေ အပါအဝင် ကျွန်တော်တို့မှာရှိတဲ့ နည်းစနစ်တွေ အကုန်လုံးပါပဲ”
ဝေ့တိုင်းပြည်ဘုရင်က လောကွတ်ပြုသည့် အမူအရာဖြင့် ကျင့်ကြံခြင်းပညာများကို ပေးအပ်ခဲ့သည်။
ခန်းမကြီးထဲတွင်ရှိနေသော အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးသည် ကျိယွမ်ကို လေးစားစွာ ကြည့်နေကြ၏။
ကျန်းယာသည် နန်းတွင်းမှ ကလေးအချို့ကလည်း သွေးဝတ်စုံဓားနတ်ဘုရားကို လေးစားမှု အပြည့်ဖြင့် ခန်းစည်းတင်းတိမ်များကြားမှ ချောင်းကြည့်နေသည်ကို သတိပြုမိသည်။
သူမသည် စိတ်ရှုပ်ထွေးမှုများစွာဖြင့် ကျိယွမ်အား ကြည့်မိလေသည်။
ဒီကလူတွေကပဲ တစ်ခုခုမှားယွင်းနေတာလား၊ဒါမှမဟုတ် ငါကပဲ တစ်ခုခုလွဲနေတာလား။
ကျန်ယာအတွေးနက်နေစဥ်မှာပင် ကျိယွမ်သည် သူရထားသောနည်းစနစ်များကို
သူမထံ ပေးလိုက်သည်။
ကျန်းယာလည်း သူမ၏အတွေးကိုဖြတ်ကာ ၎င်းတို့ကို သူမ၏ သိုလှောင်အိတ်ထဲသို့ အလျင်အမြန် သိမ်းဆည်းလိုက်၏။
ကျိယွမ်သည် မြေပုံတစ်ခု ထုတ်ယူကာ သေချာကြည့်နေရင်းမှ မေးသည်။
“ချွမ်တိုင်းပြည်မှာ ဒီမိုရာမျိုးနွယ်တွေ တော်တော်များလား"
ချွမ်တိုင်းပြည်သည် ဝေ့တိုင်းပြည်မြို့တော်မှ မိုင်တစ်ထောင်ခန့် ဝေးသည်။
လအင်ပါယာသို့ ရောက်ရန်အတွက် ကျိယွမ်သည် ချွမ်တိုင်းပြည်ကို ဖြတ်သန်းသွားရမည်ဖြစ်သည်။
“အများကြီး ရှိပါတယ်”
ဝေ့ဘုရင်က ခေါင်းညိတ်ပြီးနောက် ရိုသေစွာသတိပေး၏။
“အကြီးအကဲ၊ ချွမ်တိုင်းပြည်မှာ ကန်းလန်ကမ္ဘာကကျင့်ကြံသူတွေ အများကြီး ရှိပါတယ်။ ဒီကျင့်ကြံသူတွေက အကြီးအကဲလို စိတ်သဘောထား ကြီးမြတ်သူတွေ မဟုတ်ကြပါဘူး။ အကယ်၍ အကြီးအကဲက ဒီမိုရာမျိုးနွယ်တွေကိုသတ်ဖို့ သွားမယ်ဆိုရင်... သူတို့နဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်”
ဝေ့ဘုရင်က ထိုသတိပေးချက်ကို အကြောင်းမဲ့ပေးခဲ့ခြင်း မဟုတ်ပါ။
ချွမ်တိုင်းပြည်သည် ဒီမိုရာမျိုးနွယ်နှင့် ရင်ဆိုင်ရန် အမြုတေအဆင့် ကျင့်ကြံသူများစွာ၏အကူအညီကို ရယူရန် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ရသည်။
ကျိယွမ် ထိုနေရာရောက်လာပြီး နယ်မြေလည်းမတောင်း ၊ ရတနာပစ္စည်းများလည်းမတောင်းဘဲ ကျင့်ကြံခြင်းနည်းစနစ်လောက်သာတောင်းကာ ဒီမိုရာမျိုးနွယ်များကို ရှင်းလင်းပစ်ပါက ယခင်က ကူညီခဲ့သော အမြုတေဆင့်ကျင့်ကြံသူများကို စော်ကားသလို ဖြစ်စေနိုင်၏။
ထိုအခါ သူတို့သည် ကျိယွမ်ကို မုန်းတီးလာနိုင်သည်။
“ရပါတယ်။ ငါက ကျိုးကြောင်းဆင်ခြင်တတ်တဲ့သူ တစ်ယောက်ပါ။ ကျိုးကြောင်းဆင်ခြင်မှုနဲ့သူတို့ကို သေချာပေါက် စည်းရုံးပါ့မယ်”
ကျိယွမ်သည် ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။
“အကြီးအကဲရဲ့ ကျိုးကြောင်းဆင်ခြင်မှုက အမြင့်ဆုံးနှင့်အမှန်ဆုံး ဖြစ်မှာသေချာတယ်၊ ကျွန်တော် လုံးဝသဘတူပါတယ်"
မဟာပညာရှိကျိကျန်းကတော့ ကျိယွမ်အား အပြတ်အသတ်ထောက်ခံ၏။
ကျန်းယာကတော့ စကားမပြောနိုင်ဘဲ ဖြစ်နေခဲ့သည်။
ဒီလိုလုပ်တာကို ကျိုးကြောင်းဆင်ခြင်မှုလို့ တကယ် ခေါ်တာလား။
ဒါက သတ်ဖြတ်ပြီးခေါင်းပုံဖြတ်တာနဲ့ ပိုတူနေတာလေ။
သွေးဝတ်သုံဓားနတ်ဘုရားနောက်သို့ လိုက်ပြီးနောက် စစ်မှန်မဟာပညာရှိကျိကျန်းပင် လွှမ်းမိုးခံရလိမ့်သွားနိုင်သည်ဟုပင် သံသယဝင်လာ၏။
ကျိကျန်း၏ဆရာသာ သူ့တပည့်လမ်းလွဲနေသည်ကို တွေ့ပါက အမျက်ဒေါသ ထွက်ပြီး တံခါးပိတ်ကျင့်ကြံနေရာမှပင် ထွက်လာနိုင်မလား မပြောတတ်ပေ။
ရွှီထုန်ချန်းကတော့ ကျိယွမ်၏တရားမျှတမှုကို ပိုသိနေသဖြင့် စကားတစ်ခွန်းပင် ဝင်မဟ ခဲ့ပါ။
ထိုအချိန်တွင် ကျိယွမ်သည် နန်းတော်ထဲမှ ဘုရင်နှင့်တကွ မင်းမှုထမ်းများကို ကြည့်ကာ ပေါ့ပေါ့ပါးပါး စကားဆိုသည်။
"အားလုံးကို နှုတ်ဆက်ခဲ့တယ်”
ဝေ့ဘုရင်၏ မျက်လုံးများက ချက်ချင်းပင် တွန့်ဆုတ်မှုများဖြင့် ပြည့်နှက်သွားသည်။
“အကြီးအကဲ... ကောင်းမွန်စွာ သွားပါ”
သူကဝမ်းနည်းစွာ ပို့သ၏။
မှူးမတ်များနှင့် နန်းတော်အစောင့်များသည် ကျိယွမ်ကို ကြည့်နေကြပြီး အချို့သည် မျက်ရည်များပင်ကျနေကာ အချို့က အလွန် ပင်နှမြောတသဖြစ်နေကြသည်။
၎င်းတို့၏ ကိုယ်ပိုင်ဖခင် ထွက်ခွာသွားသည့်အလား ခံစားနေကြရသည်၊ မဟုတ်ပါ ဖခင်ထက်ပင် ပိုမို ရင်းနှီးသောသူတစ်ဦး ထွက်ခွာသွားသကဲ့သို့ ဖြစ်နေကြသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ကျန်းယာမှာ စဥ်းစားမရအောင် ထူးဆန်းသွားရသလို
သူမ၏ အရေပြားပေါ်တွင်ပင် ကြက်သီးမွေးညင်းများ ထသွားခဲ့၏။
အဘယ့်ကြောင့် ယခုလိုဖြစ်နေရသည်ဆိုတာကို သူမ နားမလည်နိုင်ပါ။
ဒီလူတွေရဲ့ စိတ်ခံစားမှုတွေ... အရမ်း ပြင်းထန်နေတာလား။ပြီးတော့ သူတို့က ဟန်ဆောင်ဝမ်းနည်းနေပုံလည်း မရဘူး၊ ဒီလိုလုပ်ဖို့ တကယ်လိုအပ်ရဲ့လား။
“သွားကြမယ်”
ကျိယွမ်သည် အောက်မှလူများကို နောက်ပြန်လှည့်မကြည့်တော့ဘဲ ကျန်းယာနှင့်တကွ အခြားသူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။
သူတို့ ထွက်ခွာသွားသောအခါ နန်းတော်တစ်ခုလုံး ငိုရှိုက်သံများဖြင့် ပြည့်နှက်သွားပြီး ယခင်ကမျက်ရည်မကျအောင် ထိန်းထားသူများကပင် ငိုကြွေးနေကြတော့သည်။
ကျန်းယာသည် ထိုအသံများကြောင့် စိတ်ထဲတွင်မနေနိုင်တော့ဘဲ မေးမိသည်။
“အကြီးအကဲ... ဘာကြောင့် သူတို့က အကြီးအကဲကို ဒီလို ဆက်ဆံနေကြတာလဲ”
၎င်းသည် အလွန် ထူးဆန်းလွန်းနေသောကြောင့် သူမအလွန်သိချင်နေသည်။
“ဘာဖြစ်လို့လဲဆိုတော့ ငါ သူတို့ကို ကယ်တင်ခဲ့လို့ပေါ့”
ကျိယွမ်က လက်တွေ့ကျသောအဖြေကို ပေးလိုက်၏။
ကျန်းယာက မယုံကြည်ပါ။
ကြီးမြတ်သော နတ်ဆိုးတစ်ပါးက သူမကို ကယ်တင်ခဲ့ပါက ကျေးဇူးတင်မည်ဖြစ်သော်လည်း ကြောက်ရွံ့မှုက ပိုများနေပေလိမ့်မည်။
သို့သော် ဝမ်ယုကုန်းမြေတိုက်ကြီးမှ လူများ၏ မျက်လုံးများတွင် သွေးဝတ်စုံ ဓားနတ်ဘုရားကို ဖခင်တစ်ဦးသဖွယ် မြင်နေကြ၏။
ထိုအရာက သဘာဝမကျသောအရာတစ်ခုဖြစ်နေပြီး သူမနားမလည်နိုင်ပါ။
ကျန်းယာက သူ၏စကားကို မယုံကြည်သည်အား မြင်သောအခါ ကျိယွမ်စိတ်မကောင်းသလို ညည်းတွားလိုက်သည်။
“ငါ့ဘဝကလည်း အသက်နှစ်ဆယ်တောင် မပြည့်သေးခင်မှာ သားသမီးသန်းပေါင်းများစွာရှိတဲ့ အဖေတစ်ယောက် ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"
ဤလောက၏ တာအိုတစ်ဦးအနေဖြင့် ကျိယွမ်သည် ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်တွင်ရှိနေသော သက်ရှိအားလုံးကို သူ၏ သားသမီးများအဖြစ် သတ်မှတ်နိုင်သောကြောင့် သူ၏စကားက မမှားခဲ့ပါ။
ကျန်းယာက ကျိယွမ်အား ဘာတွေပြောနေလဲဟူသော မျက်လုံးများဖြင့်ကြည့်၏။
ကျိကျန်းကတော့ ထုံးစံအတိုင်းခေါင်းညိတ်ပြန်သည်။
“ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဘဝတစ်ခုရဲ့ အမွေခံရနိုင်တဲ့အချက်တွေက ဘီလျံပေါင်းများစွာ ရှိပါတယ်။ သီအိုရီအရဆိုရင် မိတ်ဖက်နှစ်ဦးလုံး လိုက်ဖက်ညီနေရင် တစ်ပြိုင်နက်တည်း သားသမီး ဘီလျံတစ်ရာအထိတောင် ရနိုင်ပါတယ်။ ကျွန်တော်လည်း ဒါကို လေ့လာနေခဲ့တာ ကြာပြီ။ ကျွန်တော့်ရဲ့ အမြုတေနှစ်ခုနည်းလမ်းက အနာဂတ်မှာ တိုးတက်မှု မရှိဘူးဆိုရင် ကျွန်တော့်ရဲ့ မျိုးဆက် ထောင်ပေါင်းများစွာကို ကမ္ဘာထဲကို လွှတ်ပေးလိုက်ပါတော့မယ်”
သူ၏လေ့လာမှုကနက်နဲလွန်း၍ သာမန်လူများကြားလျှင် ရူးသွားနိုင်လောက်၏။
ကျိယွမ်သည် စစ်မှန်မဟာပညာရှိကျိကျန်းအပေါ် ပို၍ပင် လေးစားမိသည်။
ဒါက သာမန် ဉာဏ်ပညာ မဟုတ်ဘူး၊ သမုဒ္ဒရာတွေခန်းခြောက်ပြီး တောင်တွေကိုတောင် ရွှေ့ပြောင်းနိုင်မဲ့သူမျိုးရဲ့ ဉာဏ်ပညာ ပဲ ၊ ရိုးရှင်းမှုရဲ့ နောက်ကွယ်မှာ နက်နဲတဲ့ည
ဉာဏ်ပညာရှိနေတာ လူတွေမသိကြဘူး။
“စစ်မှန်မဟာဉာဏ်ပညာရှိကျိကျန်းက တော်တော်များများကို သိပါပေတယ်”
ကျိယွမ်သည် မချီးကျူးဘဲမနေနိုင်တော့ပါ။
ဤလောကသားများ နားမလည်နိုင်သော စပန်းနှင့်အိုဗန်များအကြောင်း အခြေခံသဘောတရားကို ထိုသူက သိနေသည်မဟုတ်ပါလား။
ကျိကျန်းက သူ၏စကားကိုဆက်လေသည်။
“အမှန်တရားက နေ့စဥ်ဘဝထဲမှာ ဝှက်ထားပါတယ်။ ဒါကို ရှာဖွေတွေ့ရှိဖို့ မျက်လုံးတစ်စုံနဲ့ အနှစ်ချုပ်သုံးသပ်တတ်ဖို့ ကျွမ်းကျင်မှု လိုအပ်တယ်။ ဥပမာအနေနဲ့ ...ကျွန်တော်သဘောပေါက်တာက နေ့တိုင်း နေ့တစ်ဝက်လောက် အာသီသကနေ ရှောင်ကြဥ်ရင်၊ ဘဝတစ်ဝက်စာ ရှောင်ကြဥ်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကာမဂုဏ် လိုက်စားသူလို့ သတ်မှတ်ခံရသူတွေဟာ တကယ်တော့ အဲဒီလောက် မဆိုးပါဘူး၊ သူတို့က တကယ်တမ်းဆိုရင် ဘဝတစ်ဝက်လောက်တောင်မကဘူး အချိန်အတော်ကြာ ရှောင်ကြဥ်နေကြတာပါပဲ”
ကျိယွမ်က သဘောကျစွာ ခေါင်းညိတ်မိသည်။
“ဟုတ်တယ် ..တာအိုလမ်းစဥ်က ရိုးရှင်းတယ်”
ကျိယွမ်က ကျိကျန်းကို အားကျပြီး တစ်လက်စတည်းမှာ သူ၏အတွေ့အကြုံအရ ရှာဖွေတွေ့ရှိထားသော အမှန်တရားကို ထုတ်ဖော်၏။
"ငါလည်း ရိုးရှင်းတဲ့တာအိုအမှန်တရားတစ်ခုကို မကြာသေးခင်က ရှာတွေ့ခဲ့တယ် "
ကျိကျန်းက ကျိယွမ်အား လင်းလက်သောမျက်လုံးများဖြင့်ကြည့်လာသည်။ ကျန်းယာနှင့် ရွှီထုန်ချန်းတို့ပင် နားစွင့်လိုက်မိကြ၏။
ကျိယွမ်က သူတွေ့ရှိထားသော အမှနိတရားကို ပြောလိုက်သည်။
"ငါတို့ရဲ့လူ့လောကကြီးမှာ အသက်အရှည်ဆုံးနေရသူတွေက များသောအားဖြင့် လူအိုတွေချည်းပဲ ၊ ဒီတာအိုလမ်းစဥ်ကို ဘယ်သူကမှ မချိုးဖြတ်နိုင်ဘူး ၊ ဘယ်လောက်အံသြဖို့ကောင်းလဲ"
"သြော်..."
ကျန်းယာမှာ နားထောင်မိသည့် နားရွက်များကိုသာ ဖြတ်ပစ်လိုက်ချင်တော့သည်။
လူအိုတွေက အသက်ပိုရှည်တယ်တဲ့လား။ ဘယ်လောက်တောင် နက်နဲလှတဲ့ တာအိုကိုတွေ့ခဲ့တာပါလိမ့်။
ကျိကျန်းကတော့ ကျိယွမ်အား လေးစားသလိုကြည့်ကာ ခေါင်းညိတ်၏။
"တကယ်က်ုစစ်မှန်တဲ့ တာအိုပဲ၊ တာအိုဆိုတာ နေ့စဥ်ဘဝမှာပဲ ရှိတာမဟုတ်လား၊ အကြီးအကဲက ဒီလိုနက်နဲတဲ့တာအိုကိုတောင် နားလည်နိုင်မှတော့ ဒီလိုအစွမ်းထက်နေတာ အံ့သြစရာမရှိတော့ပါဘူး။"
ရွှီထုန်ချန်းကတော့ ဘုန်ကြီးရူးနှင့်လှေလူး လို လိုက်ဖက်နေသော ထိုနှစ်ဦးကိုကြည့်ကာ စကားပြောချင်စိတ်များပင် ပျောက်ဆုံးသွားသည်။
ကျိယွမ်က ကျိကျန်း၏ အားပေးစကားကြောင့် ကျေနပ်သွားပြီး နောက်ထပ်တာအိုတစ်ခုကို ဆွေးနွေးရန်စိတ်ကူးရသွား၏။
ထိုအချိန်မှာပင် ကျန်းယာ၏ အသံကထွက်ပေါ်လာသည်။
“အကြီးအကဲ...ဝမ်ယုကုန်းမြေတိုက်ကြီးဟာ တကယ်ပဲ အကြီးအကဲရဲ့ အိမ်လား”
သူမက တမင်မေးလိုက်ခြင်းဖြစ်၏ ။
မဟုတ်ပါက သူတို့သည် နောက်ထပ် နက်နဲသောတာအိုများကို ထပ်မံဆွေးနွေးနေပါက သူမအမှန်တကယ်ပင် နားရွက်ဖြတ်ချင်စိတ်များ ပေါက်လာနိင်ပါသည်။
“ဟုတ်တယ်”
ကျိယွမ်က ခေါင်းညိတ်ပြလိုက်သည်။
“အကြီးအကဲ... အကြီးအကဲကို ဝမ်ယုကုန်းမြေတိုက်ကြီးမှာ မွေးဖွားခဲ့တာများ ဖြစ်နေမလား”
ကျန်းယာသည် သွေးဝတ်စုံဓားနတ်ဘုရားကို ပထမဆုံးတွေ့ဆုံစဥ်က တိုက်ပွဲအား သတိရသွားခဲ့သည်။
ထိုသူ၏ မူလစွမ်းရည်က ကန်းလန်ကမ္ဘာနှင့် အနည်းငယ်မကိုက်ညီဟု သူမ ခံစားခဲ့ရသည် မဟုတ်ပါလား။
“ တစ်ဝက်မှန်တယ်လို့ပဲပြောရမယ်၊ ငါ့ ရဲ့ ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို ဒီမှာစတင်တည်ဆောက်ခဲ့တာပါ "
ကျိယွမ်သည် ထို့သို့ပြောပြီးနောက် အတိတ်ကိုလွမ်းဆွတ်နေဟန်ဖြင့် ကောင်းကင်အားမော့ကြည့်လေ၏။
“ကောင်းကင်ဘုံတာအိုအုတ်မြစ်လား”
ကျန်းယာသည် ထိုဝေါဟာရကြောင့် ဝေခွဲမရ ဖြစ်သွားခဲ့သည်။
သူမသည် ကျိယွမ်ကို ပို၍ သေသေချာချာ ကြည့်ရှုပြီး တစ်ခုခုကို ခွဲခြားသိမြင်ရန် ကြိုးစားသော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပါ။
...............
ချွမ်တိုင်းပြည်တွင်ဖြစ်သည်။
ငယ်ရွယ်သော မင်းသားတစ်ပါးသည် ခြေဆေးရေဇလားကို သယ်ဆောင်လာ၏။
သူ၏မျက်နှာသည် မည်သည့်ခံစားချက်မှ မရှိသလို ပုံမှန်အတိုင်း ရှိနေသည်။
သူ၏အနီးမှကပ်ပါလာသော မိန်းကလေးတစ်ဦးက သူ့အားမေးလိုက်သည်။
“အစ်ကို၊ ဘာလို့ ဆရာ ကျန်းယန်ရဲ့ အကြံဉာဏ်ကို နားမထောင်တာလဲ။ အဲဒါဆိုရင် အခုလို အရှက်ရစရာ ခံစားနေရမှာ မဟုတ်ဘူး”
လွန်ခဲ့သော ခြောက်လခန့်က ချွမ်တိုင်းပြည် အကျပ်အတည်း ကြုံတွေ့ရ၏ ။ ဒီမိုရာမျိုးနွယ်တပ်များ တိုက်ခိုက်လာသောအခါ ချွမ်ဘုရင်သည် ကန်းလန်ကမ္ဘာမှ အမြုတေအဆင့် ကျင့်ကြံသူများထံ အကူအညီတောင်းရန် ကိုယ်တိုင် သွားရောက်ခဲ့ရသည်။
နောက်ဆုံးတွင် သူတို့သည် မြို့တော်ငါးမြို့ကို ပေးအပ်ရပြီး မင်းသား၊ မင်းသမီး ကိုးဦးကိုလည်း ကျွန်များအဖြစ် ပေးပို့ခဲ့ရ၏။
ထိုသူများထဲတွင် ကျန်းယန်အမည်ရှိသော အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးက ကျောက်စီကို သဘောကျပြီး သူ့ကို တပည့်အဖြစ် ခေါ်ယူလိုခဲ့သည်။
သို့သော် ကျောက်စီက ငြင်းပယ်ခဲ့ရာ ကျန်းယန်ကို ဒေါသထွက်စေပြီး ယခုကဲ့သို့ အရှက်ရဖွယ်ကိစ္စများကို လုပ်စေခဲ့ခြင်းပင်။
“ညီမလေး၊ ငါက မျက်နှာမဲ့ ဓားနတ်ဘုရားကို အလေးစားဆုံးဆိုတာ နင်သိပါတယ်။ ငါက မျက်နှာမဲ့ဓားနတ်ဘုရား ကိုးကွယ်သူများအဖွဲ့ထဲ ဝင်ပြီးသား ဖြစ်နေပြီ။ အခုချိန်မှာ ဘက်ပြောင်းလို့ မဖြစ်ဘူး”
လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ခန့်က မျက်နှာမဲ့ဓားနတ်ဘုရား ကိုးကွယ်သူများ အဖွဲ့ စတင် ထွန်းကားလာခဲ့သည်။
မျက်နှာမဲ့ဓားနတ်ဘုရား ကိုးကွယ်သူများ အဖွဲ့သည် မျက်နှာမဲ့ ဓားနတ်ဘုရားကို ကိုးကွယ်ကြသည်။
ဒဏ္ဍာရီအရ ရှေးခေတ်ကာလတွင် ပြင်ပကမ္ဘာမှနတ်ဆိုးများက ဝမ်ယုကုန်းမြေကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ပြည်သူလူထုအား ဒုက္ခများစွာ ပေးခဲ့သည်။
ရှေးဟောင်းစီးချောင်သစ်ပင်ကြီးအောက်တွင် ပြင်ပနတ်ဆိုးများကို ခုခံတော်လှန်ခဲ့သော ဝမ်ယုတိုက်ကြီးမှ တိုင်းသူပြည်သား သန်းပေါင်းများစွာ ကြိုးပေးခံခဲ့ရသည်။
ထိုအချိန်တွင် မျက်နှာမဲ့ဓားနတ်ဘုရားသည် လူထု၏ ဆင်းရဲဒုက္ခကိုမကြည့်ရက်တော့ဘဲ သူ၏ဓားကို ဆွဲကိုင်ကာ တစ်ယောက်တည်းနှင့် ပြင်ပနတ်ဆိုးသုံးထောင်အား တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ထိုနတ်ဆိုးများ အားလုံးကိုအနိုင်ယူခဲ့သော်လည်း သူ၏အသက်ကိုပါ စွန့်လွှတ်ခဲ့ရ၏။
ထိုမျှလေးစားအားကျဖွယ် ဓားနတ်ဘုရားကို ကိုးကွယ်နေသောကျောက်စီအတွက် သာမန်လူများကို ဆရာတင်ရန်မဖြစ်နိုင်ပါ။
သူ၏စကားကြောင့် မိန်းကလေး၏ မျက်နှာက စိတ်မချမ်းသာဖြစ်သွားသည်။
"ဝမ်ယုကုန်းမြေတိုက်ကြီးမှာ ဒုတိယ မျက်နှာမဲ့ ဓားနတ်ဘုရား မရှိနိုင်ဘူး”
အမှန်ဆိုရလျှင် မျက်နှာမဲ့ ဓားနတ်ဘုရား၏ ဒဏ္ဍာရီသည် အလွန်အိုဟောင်းလွန်းနေပြီဖြစ်ကာ ထိုမိန်းကလေးက ထိုအဖြစ်အပျက်များအား အမှန်တကယ် ဖြစ်သည်ဟုပင် မယုံကြည်ပါ။
သို့သော် သူမသည် အခြားအရာတစ်ခုခုကို သတိရသွားပြီး မျက်လုံးများ လင်းလက်သွားသည်။
“အစ်ကို၊ ဒီမိုရာမျိုးနွယ်ကို သုတ်သင်ခဲ့တဲ့ သွေးဝတ်စုံဓားနတ်ဘုရားအကြောင်း ကြားဖူးလား။ သူက.. ချွမ်တိုင်းပြည်ကို ကယ်တင်ဖို့ ကျွန်မတို့ကို ကူညီနိုင်မယ်လို့ ထင်လား"
ကျောက်စီသည် ပြန်မဖြေဘဲ သက်ပြင်းရှည်ကြီးသာ ချလိုက်သည်။
ကျန်းယန်၏စကားများမှတစ်ဆင့် ကန်းလန်ကမ္ဘာမှ အရှေ့ပိုင်းဒေသဆိုသောနေရာ၏အာဏာတည်ဆောက်ပုံကို သူသိပြီး ဖြစ်ပါသည်။
အုပ်စိုးရှင်သုံးဦးရှိပြီး အမြင့်ဆုံး ထိပ်တန်း အင်အားကြီးများ ဖြစ်ကြသည်။
သူတို့၏ လက်အောက်ခံများထဲမှာပင်လျှင် ပဉ္စမအဆင့်ရှိသူ ရာပေါင်းများစွာ ရှိနေ၏။
သွေးဝတ်စုံဓားနတ်ဘုရားသည် သူတို့၏ ဖော်ပြချက်အရ ပဉ္စမအဆင့်တွင်သာ ရှိသည်ဟု သိရသည်။
ထို့ကြောင့် မဖြစ်နိုင်ဟုသာ တွေးမိသည်။
ထို့နောက် သူသည် အခန်းတစ်ခုရှေ့သို့ရောက်ရှိလာသဖြင့် တံခါးကို ခေါက်ပြီးနောက် ခြေဆေးရေဇလားကို သယ်ဆောင်ကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။
အမြုတေအဆင့်ကျင့်ကြံသူ ကျန်းယန်က ကျောက်စီကို ပြုံးရယ်ကာ ကြည့်လိုက်သ၏။
“သွေးဝတ်စုံဓားနတ်ဘုရားက မင်းတို့ကို ကူညီနိုင်မယ်လို့ တကယ် ထင်နေတာလား”
------------