အခန်း (၁၉၂၁-၁၉၂၂)
Vol. 133 Ch. 1921-1922
အဆတစ်ရာစနစ် စာစဥ်(၁၃၃)
အခန်း(၁၉၂၁)
"မဟာမြေရိုင်း ပါရမီရှင်ပြိုင်ပွဲရဲ့ ပထမအဆင့်မှာ မထင်မှတ်ထားတဲ့ အခြေအနေတွေ ပေါ်ပေါက်လာခဲ့တယ်လား.. ဘယ်လိုကိစ္စတွေ ဖြစ်ပျက်ခဲ့လည်း မသိဘူး"
"ဒီတစ်ကြိမ် ပြိုင်ပွဲမှာ မဟာမြေရိုင်း နတ်ဘုရင် ကိုယ်တိုင် ရောက်လာခဲ့တယ်.. ကြည့်ရတာ တခြား ရည်ရွယ်ချက်တွေ ရှိနေတဲ့ပုံပဲ"
"ဘာကိစ္စမှန်း မသိပေမဲ့ နတ်ဘုရင် ကိုယ်တိုင် ရောက်လာခဲ့တယ် ဆိုတော့ အတော်လေး အရေးကြီးကိစ္စ ဖြစ်မှာတော့ သေချာသလောက်ပဲ"
".............."
မဟာမြေရိုင်း နယ်မြေမှ အင်အားကြီး ပုဂ္ဂိုလ်များစွာ တို့က တီးတိုး ပြောဆိုနေခဲ့ကြသည်။
ကျန်းချန်ကမူ ကောင်းကင်ယံမှ နတ်ဘုရင်ကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
မဟာမြေရိုင်း ပါရမီရှင် ပြိုင်ပွဲ၏ ပထမအဆင့်တွင် စန်းယိုနတ်ဘုရင်သည် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ်ကို ဖြန့်ဝေခဲ့ရာ ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသည့် ပါရမီရှင် အားလုံးနီးပါးသည် ထိုအင်မော်တယ် ကျင့်စဉ်ကို ရရှိခဲ့ကြ၏။
ထိုကိစ္စနှင့် ပတ်သက်၍ မဟာမြေရိုင်း နတ်ဘုရင် မည်ကဲ့သို့ ကိုင်တွယ်မည်ကို ကျန်းချန် သိချင်နေမိသည်။
"ဒီနှစ် မဟာမြေရိုင်း ပါရမီရှင် ပြိုင်ပွဲရဲ့ ပထမအဆင့်မှာ မတော်တဆမှု တချို့ ဖြစ်ပေါ်ခဲ့ပြီး ပြိုင်ပွဲဝင် ပါရမီရှင်လူငယ်တွေ အားလုံးက ထူးဆန်းတဲ့ အရာတစ်ခုကို လက်ခံရရှိခဲ့ကြတယ်"
"တကယ်လို့ ဒီအရာသာ မဟာမြေရိုင်း နယ်မြေမှာ ပျံ့နှံ့သွားမယ် ဆိုရင် နယ်မြေတစ်ခုလုံး အတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်လာစေလိမ့်မယ်"
"ဒါကြောင့် မဟာမြေရိုင်း နယ်မြေ တစ်ခုလုံးရဲ့ ဘေးကင်းလုံခြုံရေး အတွက် ပြိုင်ပွဲဝင် အားလုံးရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ဖို့ ငါ ဆုံးဖြတ်လိုက်တယ်"
ကျန်းချန် အတွေးနက်နေစဥ်မှာပင် မဟာမြေရိုင်း နတ်ဘုရင်၏ ပဲ့တင်ထပ်နေသော အသံက ကောင်းကင်ယံကနေ လေးနက်စွာ ထွက်ပေါ်လာခဲ့သည်။
"မှတ်ဉာဏ်ကို ဖျက်ပစ်မှာလား"
မဟာမြေရိုင်း နတ်ဘုရင်ရဲ့ စကားကို ကြားလျှင် မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်များသည် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
မဟာမြေရိုင်း နတ်ဘုရင် ဆိုလိုသည့်"ထူးဆန်းသည့်အရာ"ကို ပါရမီရှင်အားလုံး ရှင်းရှင်းလင်းလင်း သိကြသည်။
ထိုအရာမှာ သူတို့ မထင်မှတ်ဘဲ ရရှိခဲ့တဲ့ ပြိုင်ဘက်ကင်း ကျင့်စဉ်၊ တစ်နည်းအားဖြင့် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ်ကို ရည်ညွှန်းခြင်းပင်။
အစက ဤပြိုင်ဘက်ကင်း ကျင့်စဉ်ကို မိမိတို့ တစ်ဦးတည်းသာ ရရှိခဲ့သည်ဟု ထင်မှတ်ခဲ့ကြ၍ မည်သူမှ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။
ယခုမှပင် ပြိုင်ပွဲဝင် အားလုံးသည် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ်ကို လူတိုင်း ရရှိထားကြမှန်း နားလည်သွားခဲ့ကြ၏။
သို့ရာတွင် ထိုသို့ သိထားသော်လည်း မှတ်ဉာဏ်ဖျက်ဆီးခံရမည်ကို မည်သူမှ လက်မခံချင်ကြပေ။
အကြောင်းရင်းမှာ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ်သည် အဖိုးမဖြတ်နိုင်လောက်အောင် အလွန်တရာ အဖိုးတန်လွန်းသောကြောင့်ပင်။
ကျင့်စဥ်ကို ရရှိခဲ့ပုံက ထူးဆန်းနေသော်လည်း လွယ်လွယ်နှင့် စွန့်လွှတ်ချင်သူ မရှိချေ။
"နတ်ဘုရင်.. ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်ကို ဖျက်ပစ်လိုက်ရင် ကျင့်ကြံခြင်း အုတ်မြစ်ကို ထိခိုက်စေမှာပဲ...ဒါက အနာဂတ်ကျင့်ကြံမှုကိုပါ ထိခိုက်စေနိုင်တာမို့ သက်ညှာပေးပါဦး"
ပါရမီရှင် အချို့က မနေသာတော့ဘဲ အထွန့်တက် ပြောဆိုခဲ့ကြသည်။
"စိတ်မပူနဲ့.. မှတ်ဉာဏ် ဖျက်ပစ်တာက မင်းတို့ကို အနည်းငယ်လေးတောင် မထိခိုက်စေရဘူး"
"ဒါနဲ့ ငါက မင်းတို့နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူးနော်.. မှတ်ဉာဏ်ဖျက်တာကို လက်မခံရင် သေခြင်းတရားနဲ့ပဲ ရင်ဆိုင်ရမယ်"
နတ်ဘုရင်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။
နတ်ဘုရင်၏ စကားကြောင့် ပါရမီရှင်များက အလွန်တရာ မကျေမနပ် ဖြစ်ကြသော်လည်း ဆက်လက် ပြောဆိုရန် မဝံ့ရဲကြတော့ပေ။
ထိုကိစ္စနှင့် ပတ်သက်၍ စကားပြောဆိုရန် ပြင်နေသည့် နယ်မြေနတ်ဘုရား တချို့ပင်လျှင် ဤအချိန်တွင် တိတ်ဆိတ်စွာ နေရန် ရွေးချယ်လိုက်ကြသည်။
မဟာမြေရိုင်းနယ်မြေ၏ တစ်ဦးတည်းသော နတ်ဘုရင်အနေဖြင့် မဟာမြေရိုင်း နတ်ဘုရင်သည် မဟာမြေရိုင်း နယ်မြေ၏ စစ်မှန်သော သခင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိချေ။
နတ်ဘုရင်တစ်ပါး၏ ဆုံးဖြတ်ချက်ကို မည်သူက စောဒက တက်ဝံ့ပါ့မည်နည်း။
ဤအချိန်တွင် နတ်ဘုရင်၏ ဆုံးဖြတ်ချက်ကို မေးခွန်းသွားထုတ်လျှင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
မဟာမြေရိုင်း နတ်ဘုရင်က အချိန်မဆွဲတော့ဘဲ သူ၏ လက်ဖဝါးများကို လှုပ်ရှားလိုက်ရာ တောက်ပသော ရွှေရောင်စွမ်းအင်သည် လက်ဖဝါး နှစ်ဖက်ကြားတွင် ရုတ်တရက် စုစည်းလာခဲ့သည်။
နတ်ဘုရင်က လက်ဟန်များကို အဆက်မပြတ် ပြုလုပ်ခဲ့ရာ ရွှေရောင်စွမ်းအင်သည် အဆုံးသတ်တွင် မီးရှူးမီးပန်း သဖွယ် တောက်ပစွာ ပေါက်ကွဲထွက်သွားခဲ့၏။
ထို့နောက် ရွှေရောင်အလင်းများ အဖြစ် ကျဆင်းလာပြီး မဟာမြေရိုင်း နယ်မြေမှ ပါရမီရှင် များစွာ၏ စိတ်ဝိညာဉ်ထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်ကမူ တည်ငြိမ်စွာဖြင့်ပင် ထိုရွှေရောင်အလင်းကို သူ့စိတ်ထဲသို့ ဝင်ရောက်စေရန် ခွင့်ပြုလိုက်၏။
နတ်ဘုရင်က ပါရမီရှင်များ၏ မှတ်ဉာဏ်ကို ဖျက်ပစ်ရန် ဆုံးဖြတ်လိုက်သောကြောင့် သူ့အနေဖြင့် ခုခံနေစရာ အကြောင်းမရှိပေ။
ယင်းက တကယ်တမ်းတွင် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ်သည် စန်းယို နတ်ဘုရင်၏ ထောင်ချောက် ဖြစ်နေသောကြောင့်ပင်။
ထို့အတွက် နတ်ဘုရင်က မှတ်ဉာဏ်ကို ဖျက်ပစ်ခြင်းသည် ကောင်းမွန်သော ကိစ္စတစ်ခုပင် မဟုတ်ပါလား။
စင်စစ် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ်၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်း၏။
ထိုကျင့်စဉ်ကို ကျင့်လျှင် အဆုံးသတ် မကောင်းနိုင်မှန်း သိရှိထားသော်လည်း မှတ်ဉာဏ်ထဲတွင် ရှိနေခဲ့လျှင် ကျန်းချန်အနေဖြင့် သူ၏ အသိစိတ်ကို အမြဲတစေ ထိန်းသိမ်းနိုင်လိမ့်မည်ဟု အာမ မခံနိုင်ပေ။
အကယ်၍ သူက စိတ်လွတ်သွားပြီး အင်မော်တယ် ကောင်းကင် နတ်ဘုရား ကျင့်စဉ်ကို ကျင့်ကြံမိခဲ့လျှင် အကျိုးဆက်များက ဆိုးရွားလာနိုင်ပေသည်။
ကျန်းချန်က မှတ်ဉာဏ်အဖျက်ခံရန် အသင့်ဖြစ်နေစဥ် ရုတ်တရက် သူ့နားထဲတွင် စနစ်၏ သတိပေးချက်က ထွက်ပေါ်လာခဲ့သည်။
"ဒင်.. နတ်ဘုရင် စွမ်းအားနဲ့ သင့် မှတ်ဉာဏ် ဖျက်ပစ်တာကို စနစ်က အလိုအလျောက် ပိတ်ဆို့ပေးလိုက်ပါပြီ"
ကျန်းချန်က ချက်ချင်းဆိုသလို အံ့အားသင့်သွားခဲ့၏။
ဤအချိန်မျိုးတွင် စနစ်က ပေါ်လာပြီး နတ်ဘုရင်၏ မှတ်ဉာဏ် ဖျက်ဆီးသည့် စွမ်းအားကို ပိတ်ဆို့ပေးလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ကျန်းချန် စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်သည်။
အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ်နှင့် ပတ်သက်သည့် မှတ်ဉာဏ်က ပျောက်ကွယ်သွားလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း စနစ်က ထိုမှတ်ဉာဏ်ကို ထိန်းသိမ်းပေးခဲ့၏။
ရုတ်တရက် ကျန်းချန်က အရေးကြီးသည့် မေးခွန်းတစ်ခုကို စတင် တွေးမိလိုက်သည်။
ယင်းမှာ သူက စနစ်ကို အသုံးပြုပြီး မှတ်ဉာဏ်ကို ထိန်းသိမ်းနိုင်ခဲ့သလို တခြား ပါရမီရှင်များလည်း အထူးနည်းလမ်း တချို့ဖြင့် ထိန်းသိမ်းနိုင်ဖွယ် ရှိနေသည် ဆိုသောအချက်ပင်။
ဆိုရလျှင် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ် ထွက်ပေါ်လာခြင်းသည် စန်းယို နတ်ဘုရင် စီစဥ်ထားသည့် ထောင်ချောက် တစ်ခုသာ ဖြစ်သည်။
ထိုကျင့်စဉ်ကို ဖြန့်ဝေပြီးနောက်တွင် မဟာမြေရိုင်း နတ်ဘုရင်က ထိုကိစ္စအား ကိုင်တွယ်ရန် မှတ်ဉာဏ် ဖျက်ပစ်လိမ့်မည်ကို မတွေးမိဘဲ မနေလောက်ချေ။
မှတ်ဉာဏ် ဖျက်ပစ်လိုက်ရုံဖြင့် စန်းယိုနတ်ဘုရင်၏ အစီအစဥ်ကို ဖျက်ဆီးနိုင်မည် ဆိုလျှင် စန်းယိုနတ်ဘုရင်၏ စီမံကိန်းသည် ရိုးရှင်းလွန်းရာ ကျနေလိမ့်မည် မဟုတ်ပါလား။
မဟာမြေရိုင်း နတ်ဘုရင်က ဤနည်းလမ်းဖြင့် ပါရမီရှင်များ၏ မှတ်ဉာဏ်ကို ဖျက်ဆီးလိုက်သော်လည်း အင်မော်တယ် ကောင်းကင် နတ်ဘုရား ကျင့်စဉ် ထွက်ပေါ်လာခြင်းကို မတားဆီးနိုင်မှန်း ကျန်းချန် ရုတ်တရက် သဘောပေါက်လိုက်သည်။
စန်းယိုနတ်ဘုရင်၏ အသေးစိတ်ကျသော အစီအစဥ်ကို ဤမျှလောက်ထိ လွယ်လွယ် မချိုးဖျက်နိုင်လောက်ပေ။
ထိုသို့တွေးမိလျှင် ကျန်းချန်က အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရင်ပြင်ပေါ်ရှိ အခြားသူများကို အကဲခတ်ကြည့်လိုက်သည်။
ပါရမီရှင်များက မှတ်ဉာဏ် ဖျက်ပစ်ခံလိုက်ရ၍ မျက်ဝန်းတွင် တွေဝေသော အမူအရာများ ဖြစ်ပေါ်နေသည်ကို သူ တွေ့လိုက်ရသည်။
သို့သော်လည်း ကျန်းချန်သည် ထူးခြားသော အမူအရာရှိသည့် လူတစ်ဦးကို သတိပြုမိလိုက်သည်။
ထိုလူက ဟန်ယွဲ့နန်းတော်မှ ကုန်းလင် ဖြစ်၏။
သူ့မျက်နှာ အမူအရာက မကြာသေးခင်ကမှ မှတ်ဉာဏ် ဆုံးရှုံးသွားခဲ့သူ တစ်ဦးလို ဖြစ်နေသော်လည်း မျက်ဝန်းထဲမှ စိတ်လှုပ်ရှားသော အရိပ်အယောင်ကို ကျန်းချန် ရှင်းလင်းစွာ ခံစားမိခဲ့သည်။
"ဒီကောင် ဟန်ဆောင်နေတာပဲ"
သံသယဖြစ်စရာ မလိုလောက်အောင်ပင် နတ်ဘုရင် စွမ်းအားသည် ကုန်းလင်၏ မှတ်ဉာဏ်ကို ဖျက်ပစ်ရန် မအောင်မြင်ခဲ့ပေ။
"ဒီကောင်က နတ်ဘုရင် စွမ်းအားကို ဘယ်လိုနည်းလမ်းနဲ့များ ပိတ်ဆို့ထားနိုင်တာလဲ"
ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
နတ်ဘုရင်အဆင့်၏ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားနှင့် အတူတူ ဖြစ်ပြီး နယ်မြေနတ်ဘုရားများပင် လုံးဝ ခုခံနိုင်စွမ်းမရှိပေ။
"ကုန်းလင်က ဘယ်လို ပိတ်ဆို့နိုင်ခဲ့တာလဲ.. ဒါမှမဟုတ်... ဒါက စန်းယိုနတ်ဘုရင်ရဲ့ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ်နဲ့ ဆက်စပ်နေတာများလား"
ဤအခိုက်အတန့်တွင် ကျန်းချန်သည် အလွန်တရာ သတိထားနေသော အမူအရာဖြင့် ကုန်းလင်ကို စူးစိုက်ကြည့်လိုက်သည်။
အခန်း(၁၉၂၁) ပြီး၏
အခန်း(၁၉၂၂)
မဟာမြေရိုင်းနတ်ဘုရင်က နတ်ဘုရင် စွမ်းအားကို အသုံးပြု၍ ပါရမီရှင် ရာပေါင်းများစွာ၏ မှတ်ဉာဏ်များကို ဖျက်ဆီးပြီးနောက်တွင် ချက်ချင်းဆိုသလို ရွှေရောင်အလင်းတန်း အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံသန်း ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်နှင့် အခြားသူများ ရပ်နေသည့် ပြိုင်ပွဲ ကျင်းပရာ နေရာသည် ပလ္လင်သုံးဆယ့်ခြောက်ခုနှင့် အတူ ခြေရာလက်ရာမကျန်အောင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန် ပြုံးမိလိုက်သည်။
မဟာမြေရိုင်း နတ်ဘုရင်သည် မှတ်ဉာဏ်ဖျက်ဆီးသည့် ၎င်း၏ နည်းလမ်းကို အလွန်အမင်း ယုံကြည်မှုရှိပြီး ထိုမှတ်ဉာဏ်ကို မည်သူမျှ ထိန်းသိမ်းထားနိုင်မည် မဟုတ်ဟု ထင်နေခဲ့၏။
စန်းယိုနတ်ဘုရင်က မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်များစွာကို လက်နက်အဖြစ် အသုံးချပြီး အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ဖြန့်ဝေလိုက်ခြင်းသည် တကယ်တမ်းတွင် မဟာမြေရိုင်း နတ်ဘုရင်နှင့် ကစားပွဲ တစ်ပွဲ ကစားလိုက်ခြင်းသာ။
ထိုပွဲတွင် စန်းယိုနတ်ဘုရင်သည် သိသိသာသာ အသာစီးရခဲ့သည်။
မဟာမြေရိုင်းနတ်ဘုရင်၏ ပေါ့ဆမှုသည် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံး အတွက် ကြောက်မက်ဖွယ် အကျပ်အတည်း တစ်ခုဆီ ဦးတည်သွားစေမည်ဟု ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့သည်။
သို့သော် ကျန်းချန်က ဤအကြောင်းကို မဟာမြေရိုင်း နတ်ဂိုဏ်းသို့ သွားရောက် အသိပေးရန် အစီအစဉ် မရှိပေ။
သူက မဟာမြေရိုင်း ပါရမီရှင် စာရင်း၏ ထိပ်ဆုံးနေရာမှ ပါရမီရှင် ဖြစ်နေသော်လည်း သူ၏ စကားမှာ အရာ ရောက်လိမ့်မည် မဟုတ်၍ သူကိုယ်တိုင် သွားပြောပြလျှင်ပင် မဟာမြေရိုင်း နတ်ဂိုဏ်းမှလူများက ယုံကြည်မည် မဟုတ်ချေ။
ထို့အပြင် ကျန်းချန်သည် မှတ်ဉာဏ် ထိန်းသိမ်းနိုင်ခဲ့သည့် သူ့ အဖြစ်ကို ထုတ်ဖော်လိုစိတ် မရှိခဲ့ပေ။
ဆိုရလျှင် နတ်ဘုရင် စွမ်းအားကို ပိတ်ဆို့နိုင်ခြင်းသည် မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခုပင်။
ထိုဖြစ်ရပ်ကို ထုတ်ဖော်လိုက်သည်နှင့် မလိုအပ်ဘဲ ဖြေရှင်းရမည့် ပြဿနာများကို သူ့ဘာသာသူ ဖန်တီးမိသလို ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
ကျန်းချန်ထံတွင် မဟာမြေရိုင်းနယ်မြေ အတွက် စိုးရိမ်ပူပန်သော စိတ်မျိုး လုံးဝ မရှိပေ။
ဟန်ယွဲ့နန်းတော်သို့ ပြန်ရောက်ပြီးလျှင် သူက အရှင်ရွှယ်သောင်းနှင့် အတူ နတ်ကုန်းမြေတိုက်ကြီးသို့ သွားရောက်ရန် ဆုံးဖြတ်ထားခဲ့သည်။
သူအမေနှင့်အတူ မဟာမြေရိုင်း နယ်မြေကနေ ထွက်သွားသ၍ မဟာမြေရိုင်း နယ်မြေတွင် မည်သို့သောကိစ္စ ဖြစ်နေပါစေ၊ သူ့နှင့် မသက်ဆိုင်တော့ပေ။
ထိုစဉ် ယွဲ့ဝူရွှမ်းက ပြုံးရယ်၍ ရှေ့သို့ တိုးလာခဲ့ပြီး ကျန်းချန်ကို ဂုဏ်ပြုလိုက်သည်။
"မောင်လေး ကျန်းချန်.. သိပ်မကြာခင်မှာ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်လာတော့မယ့် အတွက် ဂုဏ်ပြုပါတယ်"
မဟာမြေရိုင်းနယ်မြေတွင် ကမ္ဘာ့စွမ်းအား ၇မျိုး၏ စွမ်းအားကို ပိုင်ဆိုင်သော မဟာကောင်းကင် နတ်ဘုရားများသည် အလွန်တရာ ရှားပါးလှပြီး နှစ်ပေါင်း တစ်ထောင် အတွင်း အနည်းငယ်မျှသာ ပေါ်ထွက်လာလေ့ ရှိသည်။
ထို့အပြင် ကမ္ဘာ့စွမ်းအား ၈မျိုး၏ စွမ်းအားကို ပိုင်ဆိုင်သော အထွတ်အထိပ် ကောင်းကင် နတ်ဘုရားများ ဆိုလျှင် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ချေပြီ။
ယနေ့ခေတ် မဟာမြေရိုင်းနယ်မြေတွင် အထွတ်အထိပ်ကောင်းကင် နတ်ဘုရားများ ပေါ်ပေါက်မလာသည်မှာ အနည်းဆုံး နှစ်ပေါင်း ထောင်သောင်းချီ ကြာမြင့်ခဲ့ပြီဟု ယူဆရသည်။
ကျန်းချန်သည် မဟာကောင်းကင် နတ်ဘုရား ဖြစ်သည့် အပြင် ယခုအခါ ဝိညာဉ်လမ်းစဉ် ဥပဒေသ၏ မူလစွမ်းအားကိုပင် နားလည်နေပြီ ဖြစ်၍ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်မှာ လက်တစ်ကမ်းမျှသာ လိုအပ်တော့၏။
ယွဲ့ဝူရွှမ်း၏ စကားကို ကြားလျှင် ကျန်းချန် အံ့အားသင့်သွားသည်။
ယွဲ့ဝူရွှမ်းသည်လည်း မှတ်ဉာဏ်ကို ကာကွယ်ရန်အတွက် အထူးနည်းလမ်း တစ်ခုခုကို အသုံးပြုခဲ့ပါသလော။
ထိုစဉ် ပတ်ဝန်းကျင်ရှိ ပါရမီရှင်များထံမှ မှတ်ချက် စကားသံများ ထွက်ပေါ်လာသည်။
"နတ်ဘုရင်အဆင့်ရဲ့ စွမ်းအားက တကယ်ကို မယုံနိုင်စရာပဲ"
"အမှန်ပဲ.. မဟာမြေရိုင်း နတ်ဘုရင်က ပထမအဆင့်က မှတ်ဉာဏ်တွေကိုပဲ တိတိကျကျ ဖျက်ပစ်ခဲ့တယ်"
"..............."
ထိုစကားကို ကြားလိုက်ရလျှင် မဟာမြေရိုင်းနတ်ဘုရင်၏ စွမ်းအားကို ကျန်းချန် အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။
သူက ပြုံး၍ ယွဲ့ဝူရွှမ်းအား ပြောလိုက်သည်။
"အစ်မယွဲ့လည်း အကျိုးကျေးဇူး အများကြီး ရခဲ့တာပဲလေ.. ကျွန်တော်က နည်းနည်းပိုပြီး ကံကောင်းသွားရုံပါ"
စန်းယိုနတ်ဘုရင်၏ ကျင့်စဥ်ကြောင့် ပါရမီရှင် အားလုံး၏ မှတ်ဉာဏ်များကို မဟာမြေရိုင်းနတ်ဘုရင်က ဖျက်ပစ်လိုက်ရ၍ မဟာမြေရိုင်းနတ်ဘုရင်သည် စားသောက်ပွဲတွင် ပြန်လည် ဖြည့်ဆည်းပေးခဲ့သည်မှာ ထင်ရှား၏။
ထို့ကြောင့် ယခုတစ်ကြိမ် မဟာမြေရိုင်း နတ်ဘုရင် စားသောက်ပွဲတွင် မဟာမြေရိုင်း နတ်ဘုရင် ချီးမြှင့်ခဲ့သည့် ဆုလာဘ်များက ပို၍ပင် တန်ဖိုးကြီးမားခဲ့သည်။
အထူးသဖြင့် မဟာမြေရိုင်း ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ဦး ရရှိခဲ့သော ငရဲကိုးပါး နဂါးသားရဲ၏ အသားတစ်ပိုင်းသည် သူတို့ကို အကန့်အသတ်များအား ကျော်လွန်စေရန် အထောက်အပံ့ပေးနိုင်သည့် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သောကြောင့်ပင်။
မတော်တဆ အခြေအနေများ မရှိသ၍ မဟာမြေရိုင်းနတ်ဘုရင် ပေးအပ်ခဲ့သည့် အဆိုပါ ငရဲကိုးပါး နဂါးသားရဲ၏ အသားသည် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားလေးပါးနှင့် မဟာကောင်းကင်နတ်ဘုရား ခြောက်ပါးကို ဖန်တီးနိုင်ပေလိမ့်မည်။
ဤကဲ့သို့သော အတုမရှိ ရတနာမျိုးကို ယခင်က ကျင်းပခဲ့သော မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲများတွင် မတွေ့မြင်ခဲ့ရပေ။
ထို့ကြောင့် ပါရမီရှင် ၃၆ ဦးလုံးသည် ယခုနှစ်တွင် ကြီးမားသော ကောင်းချီးကို ရရှိခဲ့သည်ဟု ဆိုရပေမည်။
"ကဲ.. ဟန်ယွဲ့နန်းတော်ကို ပြန်ဖို့ ပြင်ဆင်ကြစို့"
သူတို့နှစ်ဦး စကားပြောနေစဉ် အရှင်ဟောင်ယွဲ့က ပြုံးရွှင်သော မျက်နှာထားဖြင့် သူတို့အနီးသို့ ရောက်လာခဲ့သည်။
အရှင်ဟောင်ယွဲ့သည် ယခုတစ်ကြိမ် မဟာမြေရိုင်း ပါရမီရှင် ပြိုင်ပွဲ၏ ရလဒ်ကို အလွန်တရာ ကျေနပ်အားရနေခဲ့၏။
တပည့်ဖြစ်သူ ပိုင်ရှင်းကျန့် ပထမအဆင့်တွင် ကျဆုံးသွားခဲ့သော်လည်း ဟန်ယွဲ့နန်းတော်မှ သုံးဦးက မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါဝင်နိုင်ခဲ့သည်။
အထူးသဖြင့် ကျန်းချန်သည် မိုကျင့်လဲ့ကိုပင် ကျော်လွန်ကာ မဟာမြေရိုင်း နတ်ဂိုဏ်းကိုပါ လွှမ်းမိုး၍ အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။
ယင်းမှာ ဟန်ယွဲ့နန်းတော် အတွက် တကယ်ကို ဂုဏ်ယူစရာ ကိစ္စ တစ်ရပ် ဖြစ်၏။
ထို့ပြင် မတော်တဆမှုများ မရှိသ၍ နောက်တစ်ကြိမ် မဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲတွင် ဟန်ယွဲ့နန်းတော်သည် နေရာ ၂၀ အပြည့် ရရှိမည်ဖြစ်ပြီး ပါရမီရှင်များစွာကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။
ရလဒ်အနေဖြင့် ဟန်ယွဲ့နန်းတော်သည် လျင်မြန်သော တိုးတက်မှုများကို ရရှိလာပေတော့မည်။
အရှင်ဟောင်ယွဲ့က အချိန်မဆွဲတော့ဘဲ လခြမ်း စစ်သင်္ဘောကို ချက်ချင်း ဆင့်ခေါ်ကာ ကျန်းချန် တို့ကို တင်ဆောင်၍ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
----------------
ကျန်းချန် တို့အဖွဲ့ ထွက်ခွာသွားပြီးနောက်တွင် တစ္ဆေဂိုဏ်းမှ အရှင်ဝိညာဉ်နက်သည် ကျန်းချန်တို့ ထွက်သွားသည့် လမ်းကြောင်းကို စူးစိုက်ကြည့်နေခဲ့သည်။
သူ၏မျက်ဝန်းများတွင် အေးစက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
"ကျန်းချန်.. ဟန်ယွဲ့နန်းတော်.. ငါမင်းတို့ကို အလွယ်တကူ အလွှတ်ပေးမှာ မဟုတ်ဘူး"
.................
အဆုံးမဲ့ အပြာရောင် ကောင်းကင်ယံတွင် ကြီးမားသော ငွေရောင် စစ်သင်္ဘောတစ်စင်းသည် ငွေရောင်ဥက္ကာပျံကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းနေခဲ့သည်။
ကျန်းချန်က သင်္ဘောအတွင်းရှိ အခန်းတစ်ခန်းတွင် တင်ပလ္လင်ခွေ၍ ထိုင်ကာ ယခုနှစ် မဟာမြေရိုင်း နတ်ဘုရင် စားသောက်ပွဲမှ ရရှိသည့် အကျိုးအမြတ်များကို စုပ်ယူ ချေဖျက်နေ၏။
ဤပွဲတော်တွင် ကျန်းချန်သည် ကမ္ဘာ့စွမ်အား ၇မျိုး၏ စွမ်းအားများ တိုးတက်လာခဲ့သည် သာမက ဝိညာဉ်လမ်းစဉ်ဥပဒေသကိုပါ ပြီးပြည့်စုံသော အဆင့်ထိ တစ်ထိုင်တည်း နားလည် သဘောပေါက်ခဲ့သဖြင့် မည်သည့် အချိန်တွင်မဆို အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ ခြေချနိုင်ပြီ ဖြစ်သည်။
ဆိုရလျှင် မဟာမြေရိုင်း ပါရမီရှင်ပြိုင်ပွဲ မတိုင်မီကထက် ကျန်းချန်၏ ခွန်အားက ဆယ်ဆကျော် အထိ တိုးတက်လာခဲ့သည်။
မဟာကောင်းကင် နတ်ဘုရား အဆင့်သည် သာမန် နယ်မြေနတ်ဘုရားကို ယှဥ်တိုက်နိုင်ပြီး အထွတ်အထိပ် ကောင်းကင်နတ်ဘုရားများကမူ နယ်မြေနတ်ဘုရားများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
"ငါရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် သာမန်အဆင့် နယ်မြေနတ်ဘုရားတွေကို သတ်ပစ်ဖို့ မခက်ခဲတော့ဘူး"
ကျန်းချန်၏ မျက်ဝန်းများက တောက်ပလာခဲ့သည်။
သူ့မျက်နှာထက်တွင် ပြင်းထန်သော ယုံကြည်မှုများ ပေါ်လွင်နေခဲ့၏။
"ဝုန်း"
ထိုအချိန်တွင် နားကွဲမတတ် ကျယ်လောင်သော ဆူညံသံ တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လခြမ်း စစ်သင်္ဘော တစ်စင်းလုံးသည် ပြင်းပြင်းထန်ထန် ထိမှန် ခံလိုက်ရသကဲ့သို့ တုန်ခါသွားခဲ့သည်။
"တစ်ယောက်ယောက်က စစ်သင်္ဘောကို တိုက်ခိုက်နေတာလား"
ကျန်းချန် အံ့အားသင့်သွားပြီးနောက် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ စစ်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ ချက်ချင်း ရောက်ရှိလာသည်။
သူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လခြမ်း စစ်သင်္ဘောပေါ်သို့ ကြောက်မက်ဖွယ် အဖျက်စွမ်းအင် မုန်တိုင်းတစ်ခု တိုက်ခတ်လာခဲ့သည်။
ကျန်းချန်က လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး သူ့ဆီသို့ ဦးတည်လာသော အဖျက်စွမ်းအင် မုန်တိုင်းကို ချက်ချင်း ချေဖျက်လိုက်ကာ အရှေ့ဘက်ကို လှမ်းကြည့်လိုက်သည်။
ထိုအခါ အရှင်ဟောင်ယွဲ့က အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ တစ်ဦးနှင့် တိုက်ခိုက်နေသည်ကို သူ တွေ့လိုက်ရသည်။
"အရှင်ဝိညာဉ်နက်ပါလား"
ကျန်းချန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားခဲ့သည်။
ဤအနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူသည် ကျန်းချန်နှင့် မစိမ်းသည့် တစ္ဆေဂိုဏ်း၏ ခေါင်းဆောင် အရှင်ဝိညာဉ်နက် ဖြစ်၏။
အရှင်ဝိညာဉ်နက်က သူတို့ကို လာရောက် သတ်ဖြတ်မည်ဟု သူ ထင်မထားခဲ့ပေ။
"ဟောင်ယွဲ့.. ငါ ဒီနေ့ လာတာ ကျန်းချန် အတွက်ပဲ.. ကျန်းချန်ကိုသာ လက်လွှဲပေးရင် ငါမင်းတို့ကို အသက် ချမ်းသာပေးမယ်"
ကောင်းကင်ယံတွင် ရပ်နေသော အရှင်ဝိညာဉ်နက်သည် တိုက်ကွက် တစ်ကွက်ကို ထုတ်ဖော်ကာ အရှင်ဟောင်ယွဲ့ကို နောက်ဆုတ်သွားစေခဲ့သည်။
ထို့နောက်တွင် အရှင်ဝိညာဥ်နက်၏ သတ်ဖြတ်လိုစိတ် လွှမ်းမိုးနေသော အသံသည် လောကတစ်ခွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
အခန်း(၁၉၂၂) ပြီး၏