အခန်း (၁၉၂၃-၁၉၂၄)
Vol. 133 Ch. 1923-1924
အခန်း(၁၉၂၃)
"မင်းတစ်ယောက်တည်းလား"
အရှင်ဟောင်ယွဲ့က မျက်နှာထက်တွင် မထီမဲ့မြင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အေးစက်စက် ပြောလိုက်သည်။
"အရှင်ဝိညာဥ်နက်.. မင်းသာ ငါ့ရဲ့ ဟန်ယွဲ့နန်းတော် တပည့်ကို တစ်ခုခုလုပ်ဖို့ ကြံစည်နေရင် အဲဒီအရည်အချင်း မင်းမှာ တကယ်ရှိရဲ့လားဆိုတာ အရင်စဉ်းစားသင့်တယ်"
ဟန်ယွဲ့နန်းတော်နှင့် တစ္ဆေဂိုဏ်းတို့သည် အမြဲတစေ အဆင်မပြေခဲ့ကြသော်လည်း အရှင်ဝိညာဥ်နက် ကိုယ်တိုင် လမ်းဖြတ်ဟန့်တားရန် ရောက်လာလိမ့်မည်ဟု အရှင်ဟောင်ယွဲ့ မထင်ထားခဲ့ပေ။
သို့သော် အရှင်ဝိညာဥ်နက်က သူ့ထက် အနည်းငယ်သာ သာလွန်သည်မှာ မှန်သော်လည်း သူ့ကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်လိမ့်မည်တော့ မဟုတ်ပေ။
ထို့အပြင် ကျန်းချန်သည်လည်း နယ်မြေနတ်ဘုရား အဆင့်နှင့် ယှဉ်နိုင်သည့် မဟာကောင်းကင် နတ်ဘုရား ဖြစ်သောကြောင့် အရှင်ဝိညာဥ်နက် အနေဖြင့် သူတို့နှစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်လိုခြင်းမှာ အလွန်အမင်း စိတ်ကူးယဉ် ဆန်လွန်းရာ ကျနေခဲ့သည် မဟုတ်ပါလား။
အရှင်ဝိညာဥ်နက်က ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။
"မပူပါနဲ့.. ငါ တစ်ယောက်တည်း စွမ်းအားနဲ့ မင်းတို့ကို ရင်မဆိုင်နိုင်ဘူးဆိုတာ ငါသိပါတယ်.. ဒါကြောင့် မင်းတို့အတွက် အထူး လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်"
"ဝုန်း.. ဝုန်း.. "
အရှင်ဝိညာဥ်နက် စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ့ အနောက်ဘက်ရှိ လေထုတွင် အားပြင်းသော နေရာလွတ် လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး နယ်မြေနတ်ဘုရား အရှိန်အဝါကို ထုတ်လွှတ်နေသည့် အဖြူအနက် ပုံရိပ်နှစ်ခုသည် ချက်ချင်းဆိုသလို အရှင်ဝိညာဥ်နက်၏ ဘေးနားတွင် ပေါ်လာကြသည်။
"ရှေးနတ်ဆိုးနန်းတော်က အဖြူအနက် အရှင်နှစ်ပါးပါလား"
ရုတ်တရက် ရောက်လာသော နယ်မြေနတ်ဘုရား နှစ်ပါးကို မြင်လိုက်ရလျှင် အရှင်ဟောင်ယွဲ့၏ မျက်ဝန်းများက ပြူးကျယ်သွားခဲ့သည်။
ရုတ်တရက် ပေါ်လာသူနှစ်ဦးမှာ ရှေးနတ်ဆိုးနန်းတော်မှ နယ်မြေနတ်ဘုရား နှစ်ပါး ဖြစ်နေခဲ့၏။
ရှေးနတ်ဆိုးနန်းတော်သည် တစ္ဆေဂိုဏ်းနှင့် အလွန်နီးစပ်သော ဆက်ဆံရေး ရှိကြောင်း အရှင်ဟောင်ယွဲ့ ကြားဖူးခဲ့သည်။
သို့သော်လည်း သူတို့ကို ဟန့်တားရန်အတွက် အရှင်ဝိညာဥ်နက်က ရှေးနတ်ဆိုးနန်းတော်မှ အရှင် နှစ်ပါးကိုပါ ဖိတ်ခေါ်လာခဲ့မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"အရှင်ဝိညာဥ်နက်.. မင်း ဒီတစ်ကြိမ် တော်တော်လေး အရင်းအနှီး စိုက်ထုတ်ထားပုံပဲ"
အရှင်ဟောင်ယွဲ့၏ မျက်ဝန်းများက လေးနက်သွားခဲ့သည်။
သူက တင်းမာသော အမူအရာဖြင့် မေးလိုက်သည်။
"မင်းတို့ တစ္ဆေဂိုဏ်းက ဟန်ယွဲ့နန်းတော်ကို စစ်ကြေညာဖို့အထိ စီစဉ်နေတာလား"
ဤသည်မှာ နယ်မြေနတ်ဘုရား သုံးပါး ဖြစ်သည်။
ယနေ့တွင် သူတို့အနေဖြင့် အနည်းငယ် ပေါ့ဆမိသည်နှင့် ဤနေရာတွင် အမှန်တကယ် ကျဆုံးသွားနိုင်၏။
"ငါက စစ်ပွဲ စချင်တယ် ဆိုတော့ရော မင်းက ဘာတတ်နိုင်မှာမို့လဲ"
အရှင်ဝိညာဥ်နက်သည် အေးစက်စက် ပြုံးရင်း ပြောလိုက်သည်။
"မင်းတို့ ဟန်ယွဲ့နန်းတော်ရဲ့ အကြီးအကဲချုပ်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျဆုံးသွားပြီလို့ ငါကြားထားတယ်.. မင်းတို့ကို ဒီနေ့ သတ်ပစ်လိုက်ရင် ဟန်ယွဲ့နန်းတော်ကို စိုးရိမ်စရာ မလိုတော့ဘူး"
"အရှင်ဝိညာဥ်နက်.. မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့"
အရှင်ဟောင်ယွဲ့က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
"မင်းက အဖြူအနက် အရှင်နှစ်ပါးကို ဖိတ်ခေါ်ပြီး ငါ့ကို သတ်ချင်ရင်တောင် ငါက မင်းတို့ကို ကြီးမားတဲ့ အဖိုးအခ တစ်ခု ပေးဆပ်စေမယ်"
"ဟောင်ယွဲ့.. ငါ ပြောပြီးပြီ.. ဒီနေ့ ငါလာတာ ဟန်ယွဲ့နန်းတော်အတွက် မဟုတ်ဘူး"
"ကျန်းချန်က ငါတို့ တစ္ဆေဂိုဏ်းရဲ့ အကြီးအကဲ ယိုထျန်းခွေ့ကို သတ်ခဲ့တဲ့အပြင် နံပါတ်တစ် ပါရမီရှင် ယိုစစ်မင်ကိုလည်း ထပ်သတ်ခဲ့တယ်.. ဒီနေ့ ငါလိုချင်တာ သူ့အသက်ပဲ"
"မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်.. ကျန်းချန်ကို ငါ့ဆီလွှဲအပ်ပြီး ထွက်သွားရင် မင်းနဲ့ ငါ ရန်သူ ဖြစ်စရာ မလိုဘူး"
အရှင်ဝိညာဥ်နက်၏ မျက်ဝန်းများက တည်ငြိမ်နေခဲ့၏။
သူက အမှန်တကယ် စိတ်ရင်းဖြင့် ပြောနေသည်မှာထင်ရှားသည်။
အရှင်ဟောင်ယွဲ့၏ ခွန်အားက မသေးလှသည့် အပြင် မဟာမြေရိုင်း ပါရမီစာရင်းတွင် ပထမနေရာ ရရှိထားသည့် မဟာကောင်းကင် နတ်ဘုရား ကျန်းချန်နှင့် အခြားပါရမီရှင် နှစ်ဦးပါ ပေါင်းစပ်လိုက်လျှင် ဟန်ယွဲ့နန်းတော်၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်တရာ ပြင်းထန်သည်ဟု ဆိုနိုင်၏။
သူက အဖြူအနက် အရှင်နှစ်ပါးကို ခေါ်လာခဲ့သည့်တိုင် ရင်ဆိုင်တိုက်ခိုက်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။
ထို့ကြောင့် အရှင်ဟောင်ယွဲ့က သူ တောင်းဆိုသည်ကို လိုက်လျောလျှင် အရှင်ဝိညာဥ်နက်သည် အရှင်ဟောင်ယွဲ့ကို ရန်သူအဖြစ် သတ်မှတ်တော့မည် မဟုတ်ချေ။
ဤတစ်ကြိမ် ဟန်ယွဲ့နန်းတော်မှ လူများကို လမ်းခရီးတွင် တားဆီးခဲ့သော်လည်း သူ၏ အဓိကပစ်မှတ်မှာ ကျန်းချန် တစ်ဦးတည်းသာ ဖြစ်သည်။
ယိုစစ်မင်ကို သတ်ခဲ့သူမှာ ကျန်းချန် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။
ယိုစစ်မင်သည် တစ္ဆေဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ရုံသာမက ဂိုဏ်း၏ ဘိုးဘေးက အလွန် ချစ်ခင်သူလည်း ဖြစ်သည်။
သူသာ ကျန်းချန်ကို မသတ်နိုင်ခဲ့လျှင် တစ္ဆေဂိုဏ်းသို့ ပြန်ရောက်သည့်အခါ ဘိုးဘေးကို မည်ကဲ့သို့ ရှင်းပြရပါမည်နည်း။
အရှင်ဟောင်ယွဲ့က အေးစက်စက် ပြောလိုက်သည်။
"အရှင်ဝိညာဥ်နက်.. ငါက ငါတို့ ဟန်ယွဲ့နန်းတော်ရဲ့ တပည့်ကို စွန့်ပစ်မှာ မဟုတ်ဘူး.. မင်းရဲ့ ဒီအကြံအစည်ကို စွန့်လွှတ်လိုက်ပါ"
ကျန်းချန်သည် ယခုအခါတွင် ဟန်ယွဲ့နန်းတော်၏ တပည့်တစ်ဦး ဖြစ်ရုံသာမက မဟာမြေရိုင်း ပါရမီရှင် စာရင်းတွင် ပထမ နေရာကို ရရှိထားသည့် အထွတ်အထိပ် ပါရမီရှင် ဖြစ်သည်။
ကျန်းချန်ကို ဆုံးရှုံးလိုက်ရလျှင် ဟန်ယွဲ့နန်းတော် အတွက် ကြီးမားသော နစ်နာဆုံးရှုံးမှု ဖြစ်လာမည်မှာ သေချာ၏။
ထို့အပြင် ကျန်းချန်သည် အရှင်ရွှယ်သောင်း၏ တပည့်လည်း ဖြစ်သည်။
ကျန်းချန် တစ်ခုခု ဖြစ်ခဲ့လျှင် အရှင်ရွှယ်သောင်း အမျက်ဒေါသ ထွက်မည်မှာ သေချာသလောက်ပင်။
ထိုပုဂ္ဂိုလ်သည် သူတို့ ဟန်ယွဲ့နန်းတော်၏ ကွယ်လွန်သွားပြီ ဖြစ်သော အကြီးအကဲချုပ်ပင် အလွန် လေးစား ကြောက်ရွံ့ရသူ ဖြစ်သည်။
ကျန်းချန်ကိုသာ လက်လွှဲပေးလိုက်လျှင် တစ္ဆေဂိုဏ်း၏ ပယောဂ မပါဘဲ ဟန်ယွဲ့နန်းတော်သည် အရှင်ရွှယ်သောင်း လက်ချက်ဖြင့် ပျက်စီးသွားပေလိမ့်မည်။
"ဟောင်ယွဲ့.. ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ.. မင်းက သေခြင်းတရားကိုပဲ လိုလားတယ် ဆိုမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့"
"အဖြူအနက် အရှင်နှစ်ပါးတို့.. ကျေးဇူးပြုပြီး ကျန်းချန်ကို ငါ့အတွက် ဖမ်းဆီးပေးပါ"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် အရှင်ဝိညာဥ်နက် ထံမှ မိုင်ထောင်ချီ လေထုကို လွှမ်းမိုးထားသည့် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားသည် အရှင်ဟောင်ယွဲ့ ဆီသို့ ပြင်းထန်စွာ သက်ရောက်လာခဲ့၏။
"ကျန်းချန်.. မင်းဆီမှာ မင်းရဲ့ဆရာကို ဆင့်ခေါ်နိုင်တဲ့ နည်းလမ်းရှိတယ် ဆိုတာ ငါသိတယ်.. မြန်မြန် မင်းရဲ့ဆရာကို ဆင့်ခေါ်လိုက်တော့"
အရှင်ဟောင်ယွဲ့၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို လျှို့ဝှက်စွာ အသံပို့လွှတ်၍ အလျင်အမြန် ပြောလိုက်သည်။
နယ်မြေနတ်ဘုရား သုံးပါး၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရချိန်တွင် အရှင်ရွှယ်သောင်းထံ အကူအညီ တောင်းခံမှသာ အသက်ရှင်သန်နိုင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပါလား။
စကားဆုံးသည်နှင့် အရှင်ဟောင်ယွဲ့က စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ အရှင်ဝိညာဥ်နက် နှင့် ထပ်မံ ရင်ဆိုင်လိုက်၏။
အရှင်ဟောင်ယွဲ့၏ လျှို့ဝှက် အသံပို့လွှတ်မှုကို ကြားလိုက်ရသော်လည်း ကျန်းချန်သည် သူ့ရှေ့မှ အဖြူအနက် အရှင်နှစ်ပါးကို တည်ငြိမ်စွာသာ စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်နှာအမူအရာက အနည်းငယ်မျှပင် ပြောင်းလဲမှု မရှိခဲ့ပေ။
သူ့တွင် သူ့ဆရာကို ဆင့်ခေါ်နိုင်သည့် နည်းလမ်း ရှိသည်မှာ မှန်သော်လည်း ယခုအချိန်တွင် မလိုအပ်သေးချေ။
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲသို့ ဝင်မပြိုင်မီကသာ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရလျှင် ကျန်းချန်သည် အခက်အခဲနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
သို့သော် ယနေ့ကျန်းချန်သည် ယခင် ကျန်းချန် မဟုတ်တော့ပေ။
သူက နယ်မြေနတ်ဘုရား အဆင့် အဖြူအနက် အရှင်နှစ်ပါးလောက်ကို အဘယ်အတွက် ဂရုစိုက်စရာ လိုအပ်ပါမည်နည်း။
ကျန်းချန်က အဖြူအနက် အရှင်နှစ်ပါးကို စိုက်ကြည့်လိုက်ချိန်တွင် တစ်ဖက်မှ အဖြူအနက် အရှင် နှစ်ပါးသည်လည်း ကျန်းချန်ကို စူးစိုက် ကြည့်နေခဲ့ကြသည်။
"အရှင်ဝိညာဥ်နက်.. ဒီလို ကောင်လေး တစ်ယောက်ကို ရင်ဆိုင်ဖို့ အတွက် ငါတို့ နှစ်ယောက်လုံးကို ခေါ်ခဲ့တာက နည်းနည်း မလွန်လွန်းဘူးလား"
အနက်ရောင်အဝတ်အစားကို ဝတ်ဆင်ထားသည့် အရှင်အနက်က မဲ့ပြုံးပြုံးလိုက်ပြီး ဘေးနားမှ အရှင်အဖြူကို လှည့်ကြည့်ကာ ပေါ့ပါးစွာ မေးလိုက်သည်။
"မင်းအရင် တိုက်မလား ဒါမှမဟုတ် ငါအရင်တိုက်ရမလား"
"အနက်.. မပေါ့ဆစမ်းနဲ့.. နှစ်ယောက်လုံး ပူးပေါင်း တိုက်ခိုက်တာ အကောင်းဆုံးပဲ"
"ဒီကောင်လေးက မဟာမြေရိုင်းပါရမီရှင် စာရင်းရဲ့ အဆင့်သတ်မှတ်ချက်မှာ ပထမရထားပြီး မဟာမြေရိုင်း နတ်ဂိုဏ်းရဲ့ မိုကျင့်လဲ့ ကိုပါ လွှမ်းမိုးနိုင်ခဲ့တဲ့ မဟာကောင်းကင် နတ်ဘုရားပဲ.. ဒီလို ပုဂ္ဂိုလ်မျိုးကို ရင်ဆိုင်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး"
အရှင်အဖြူက လေးနက်စွာ ပြောလိုက်သည်။
သူတို့နှစ်ဦး ပူးပေါင်းမှသာ ထိုကောင်လေးကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ၏ ပင်ကိုသိစိတ်က သတိပေးနေခဲ့သည်။
"ဟမ့်.. တခြားသူရဲ့ ဂုဏ်သတင်းကို ချီးမွမ်းပြီး ဘာလို့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ချရမှာလဲ.. မဟာကောင်းကင် နတ်ဘုရားက ဘာမို့လို့လဲ.. ကြည့်နေလိုက်.. ဒီကောင်လေးကို ငါ့ရဲ့ခြေဖဝါးအောက်မှာ ပြားပြားဝပ်တဲ့အထိ ချေမှုန်းပြမယ်"
အရှင်အနက်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး သူ၏ စွမ်းအားဖြင့် ဧရာမ နတ်ဆိုးခြေသည်းကို ဖန်တီးကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
မဟာကောင်းကင် နတ်ဘုရားများသည် နယ်မြေနတ်ဘုရားများကို ရင်ဆိုင်နိုင်သည်ဟု ဆိုကြသော်လည်း ရင်ဆိုင်နိုင်ရုံမျှသာ ဖြစ်သည်။
နှစ်သန်းပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သော ဝါရင့်နယ်မြေနတ်ဘုရား တစ်ပါး အနေဖြင့် သူက မဟာကောင်းကင်နတ်ဘုရား တစ်ပါးကို အဘယ် အကြောင်းကြောင့်နှင့်မှ မနိုင်စရာ အကြောင်းမရှိပေ။
"ဝုန်း"
ဧရာမခြေသည်းကြီးက မိုင်ရာပေါင်းများစွာ အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်လာခဲ့ပြီး ကျန်းချန်ဆီ သက်ရောက်လာခဲ့၏။
သို့သော် ကျန်းချန်က လက်ညှိုးကို အသာအယာဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်းသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး အရှင်အနက်၏ ဧရာမ ခြေသည်းကို အမှုန့်ဖြစ်သည်အထိ ချေမှုန်းလိုက်သည်။
ယင်းနောက်တွင် သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာဖြင့် အရှင်အနက်ကို စိုက်ကြည့်လိုက်၏။
သူ၏ မောက်မာသော အသံသည် လေသံထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"မင်းရဲ့ အဖော်ပြောတာ မှန်တယ်.. မင်းတစ်ယောက်တည်းက ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး.. မင်းတို့နှစ်ယောက် အတူတူသာ တက်လာခဲ့ပါ"
အခန်း(၁၉၂၃) ပြီး၏
အခန်း(၁၉၂၄)
“လေလုံးထွားလိုက်တဲ့ကောင်”
ကျန်းချန်က သူ့ကို လုံးဝ ဂရုမစိုက်သည်အား မြင်လျှင် အရှင်အနက်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ နတ်ဆိုးလက်သီးချက်သည် လေထုကို ဖျက်ဆီးပစ်နိုင်လောက်သည့် ခွန်းအားဖြင့် ကျန်းချန်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။
ကျန်းချန်ကလည်း တုံ့ဆိုင်းမနေဘဲ ကမ္ဘာစွမ်းအား ၇မျိုး၏ စွမ်းအားကို အသုံးပြုကာ လက်သီးချက်ဖြင့် ပြန်လည် ရင်ဆိုင် တိုက်ခိုက်လိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း.."
နှစ်ဦးသား အပြန်အလှန် ရင်ဆိုင် တိုက်ခိုက်ကြပြီး မည်သူမျှ နောက်ဆုတ်ခြင်း မရှိပေ။
တောက်ပသည့် ခုနစ်ရောင်ခြယ် လက်သီးချက်နှင့် နတ်ဆိုးစွမ်းအင်များဖြင့် တောက်ပနေသော အနက်ရောင် လက်သီးတို့သည် လေထဲတွင် အဆက်မပြတ် ရင်ဆိုင်နေခဲ့ကာ ကျယ်လောင်သော ပေါက်ကွဲသံများကို ဖြစ်ပေါ်စေခဲ့သည်။
လေထုကိုပင် ပြိုပျက်စေနိုင်သည့် လက်သီးချက်၏ စွမ်းအင် မုန်တိုင်းများသည် ကောင်းကင်ယံတခွင် လှုပ်ရှား ပျံ့နှံ့သွားခဲ့သည်။
တခဏအတွင်း သူတို့ နှစ်ယောက်သည် လေထုထဲတွင် ဆယ်ကွက်မက ထိပ်တိုက် ရင်ဆိုင် ပြီးစီးခဲ့သည်။
အချိန်ကြာလာလေလေ ပိုမို၍ အသာစီးရလာသော ကျန်းချန်သည် အဆုံးသတ်တွင် အရှင်အနက်ကို ပေတစ်ထောင်ခန့် အကွာထိ လွင့်ထွက်သွားအောင် ထိုးလွှတ်လိုက်၏။
----------------
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ မတိုင်မီ ကတည်းကပင် ကျန်းချန်သည် ကမ္ဘာ့စွမ်အား ၇မျိုး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော မဟာကောင်းကင် နတ်ဘုရား ဖြစ်ခဲ့သည်။
ဤပြိုင်ပွဲ၏ ပထမအဆင့်တွင် သူက ပိုင်လီရွှယ်ဖုန်း ပျားရည်ကို ရရှိခဲ့သည့်အပြင် အထွတ်အထိပ် နတ်အလင်းတန်း၏ ကောင်းချီးကိုလည်း ခံယူရရှိခဲ့သည်။
အဆုံးသတ်တွင် မဟာမြေရိုင်း ပါရမီရှင်စာရင်း၏ ထိပ်ဆုံးနေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီး မဟာမြေရိုင်း နတ်ဘုရင် စားသောက်ပွဲတွင်လည်း မဟာမြေရိုင်း နတ်ဘုရင်ထံမှ ငရဲကိုးပါးနဂါး အသားကို လက်ခံရရှိခဲ့သည်။
ဆိုရလျှင် ကျန်းချန်က ဝိညာဉ်လမ်းစဉ် ဥပဒေသ မူလစွမ်းအားကို ကမ္ဘာ့စွမ်အား အဖြစ် မပြောင်းလဲရသေးသော်လည်း ခွန်အားကမူ အလွန်တရာ အစွမ်းထက်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မဟာမြေရိုင်း နယ်မြေမှ ဝါရင့် အဆင့်နိမ့် နယ်မြေနတ်ဘုရားဖြစ်သည့် အရှင်အနက် ပင်လျှင် ကျန်းချန်၏ ဖိအားပေးမှုကို ခံခဲ့ရသည်။
“ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ”
အရှင်အနက်သည် ခန္ဓာကိုယ်အတွင်း မတည်မငြိမ် ဖြစ်နေသော စွမ်းအင်များကို ထိန်းချုပ်ရင်း ကျန်းချန်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
နှစ်သန်းပေါင်းများစွာ အသက်ရှင်ခဲ့သည့် ဝါရင့် နယ်မြေနတ်ဘုရား တစ်ပါးဖြစ်သော အရှင်အနက်သည် မဟာကောင်းကင် နတ်ဘုရားများနှင့် တိုက်ခိုက်ခဲ့ဖူးသည်။
မဟာကောင်းကင် နတ်ဘုရားများသည် နယ်မြေနတ်ဘုရားများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း သာမန် မဟာကောင်းကင် နတ်ဘုရားများကမူ သူ၏ ဖိအားပေးမှုအောက်တွင် အသက်ပင် ပျက်စီး ဆုံးရှုံးသွားနိုင်ဖွယ် ရှိ၏။
သို့သော် သူ့ရှေ့မှ လူငယ်ကမူ သူ့ကို ပြတ်ပြတ်သားသား အသာစီး ရနေခဲ့သည်။
“ဒီကောင်လေးကို ရင်ဆိုင်ဖို့ မလွယ်ဘူးလို့ ငါ အစကတည်းက ပြောခဲ့သားပဲ.. အခုတော့ မင်း ယုံပြီ မဟုတ်လား”
ကျန်းချန်ကြောင့် အရှင်အနက် နောက်သို့ လွင့်ထွက်သွားသည်ကို မြင်လျှင် အရှင်အဖြူသည် အရှင်အနက် ဘေးသို့ ချက်ချင်း ရောက်လာပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
သူတို့နှစ်ဦးစလုံးသည် သာမန် အဆင့်နိမ့် နယ်မြေနတ်ဘုရားများ မဟုတ်ကြသလို ကျန်းချန်သည်လည်း သာမန် မဟာကောင်းကင် နတ်ဘုရားတစ်ပါး မဟုတ်ချေ။
အရှင်အဖြူသည် မဟာမြေရိုင်းနတ်ဂိုဏ်းမှ မိုကျင့်လဲ့ကို ကိုယ်တိုင် မြင်တွေ့ဖူးပြီး မိုကျင့်လဲ့၏ ခွန်အားကို ရှင်းရှင်းလင်းလင်း နားလည်ထားသူ ဖြစ်သည်။
သူ့အနေဖြင့် မိုကျင့်လဲ့ကို တိုက်ခိုက်လျှင်ပင် အသာစီးရရန် မလွယ်ကူနိုင်ဟု တွက်ဆထားသည်။
သို့သော် ကျန်းချန်ကမူ မဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲတွင် မိုကျင့်လဲ့ကိုပင် အနိုင်ယူခဲ့သည်။
အထူးသဖြင့် မဟာမြေရိုင်း နတ်ဘုရင် စားသောက်ပွဲကို ကြုံတွေ့ပြီးနောက်တွင် ကျန်းချန်၏ ခွန်အားသည် ပိုမို၍ပင် မြင့်မားလာဖွယ် ရှိ၏။
ထို့ကြောင့် အရှင်အနက်သည် ကျန်းချန်၏ ပြိုင်ဘက် မဖြစ်နိုင်သည်မှာ သဘာဝကျပေသည် မဟုတ်ပါလား။
“အချိန်မဖြုန်းနဲ့တော့.. ပူးပေါင်းပြီး တိုက်ကြစို့”
အရှင်အဖြူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
ထို့နောက် သူက စွမ်းအားများကို ချက်ချင်းဆိုသလို စုစည်းလိုက်၏။
“မောင်လေးကျန်း.. ငါတို့ လာကူမယ်”
ကျန်းချန်ကို အဖြူအနက် အရှင်နှစ်ပါး ပူးပေါင်း၍ တိုက်ခိုက်တော့မည်ကို မြင်လျှင် ယွဲ့ဝူရွှမ်းသည် လခြမ်း စစ်သင်္ဘောပေါ်မှ ပျံသန်း၍ ထွက်လာခဲ့ကာ အကူအညီပေးရန် အသင့် အနေအထား ပြင်ဆင်လိုက်သည်။
ယွဲ့ဝူရွှမ်း သာမက ကျန်းချန်နှင့် အစေး သိပ်မကပ်သော ကုန်းလင် ပင်လျှင် ဝင်ရောက်ကူညီရန် အသင့်ဖြစ်နေခဲ့၏။
အဖြူအနက် နယ်မြေနတ်ဘုရား နှစ်ပါး၏ ဝိုင်းရံ တိုက်ခိုက်မှုအောက်တွင် ကျန်းချန်သာ ကျဆုံးသွားခဲ့လျှင် ယနေ့ သူတို့ထဲတွင် မည်သူကမျှ ဤနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်မှန်း ကုန်းလင်က ရှင်းလင်းစွာ နားလည်ထားခဲ့သည်။
“မလိုဘူး အမယွဲ့.. အဆင့်နိမ့် နယ်မြေနတ်ဘုရား နှစ်ပါးလောက်က ကျွန်တော့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
ကျန်းချန်က ယွဲ့ဝူရွှမ်းနှင့် ကုန်းလင် တို့ကို လက်ဆန့်၍ ဟန့်တားလိုက်သည်။
သူက သူ၏ရှေ့မှ အဖြူအနက် အရှင်နှစ်ပါးကို စိုက်ကြည့်နေခဲ့၏။
သူ၏ မျက်ဝန်းများတွင် တိုက်ပွဲဝင်လိုစိတ်များ အထင်းသား ပေါ်လွင်နေခဲ့သည်။
ယွဲ့ဝူရွှမ်းနှင့် ကုန်းလင်တို့ နှစ်ဦးစလုံးသည် မဟာမြေရိုင်း ပါရမီရှင် စာရင်းမှ ကျင့်ကြံသူများ ဖြစ်သည့်အတွက် အလွန်ပင် အစွမ်းထက်ကြသည်။
သို့သော်လည်း အဖြူအနက် နယ်မြေနတ်ဘုရား နှစ်ပါးထဲမှ တစ်ပါးကိုပင် ရင်ဆိုင်ရန် မလွယ်ကူနိုင်ချေ။
အနည်းငယ် ပေါ့ဆမိသည်နှင့် နှစ်ဦးစလုံး ကျဆုံးမည့် အန္တရာယ်လည်း ရှိနေခဲ့၏။
ကျန်းချန်၏ လက်ရှိခွန်အားအရ သူ၏ရှေ့မှ အဖြူအနက် အရှင်နှစ်ပါးကို ကြောက်ရွံ့နေစရာ မလိုအပ်ပေ။
ထို့ကြောင့်လည်း သူက ယွဲ့ဝူရွှမ်းတို့၏ အကူအညီကို ငြင်းဆန်လိုက်ခြင်းပင်။
“ဟားဟား.. မဟာမြေရိုင်းပါရမီရှင် စာရင်းရဲ့ ပထမနေရာကို ရခဲ့တဲ့ ပါရမီရှင်လို့ မပြောရဘူး.. မင်းက တကယ်ကို အစွမ်းထက်တာပဲ”
"ငါတို့နှစ်ယောက်လုံးကို လုံးဝ အရေးမစိုက်တဲ့ မင်းရဲ့ စွမ်းရည်ကို ငါ ကြည့်ချင်သေးတယ်"
စကားဆုံးသည်နှင့် အရှင်အဖြူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော မီးလျှံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နတ်ဘုရားနှင့် နတ်ဆိုးတို့ ပေါင်းစပ် မွေးဖွားလာသကဲ့သို့ အနက်ရောင် မီးလျှံများဖြင့် လွှမ်းခြုံသွားခဲ့သည်။
သူ၏ ကျောဘက်တွင် ဧရာမ အနက်ရောင် ဖီးနစ်ငှက် တစ်ကောင် ပေါ်ထွက်လာခဲ့ပြီး ကြောက်မက်ဖွယ် ရုန့်ရင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
ထိုအရှိန်အဝါက လေထုတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။
အရှင်အဖြူ နံဘေးရှိ အရှင်အနက်သည်လည်း ပြင်းထန်သော အနက်ရောင် နတ်ဆိုးစွမ်းအင်များကို ထုတ်ဖော်လိုက်၏။
တခဏအတွင်း ထိုအနက်ရောင် နတ်ဆိုးစွမ်းအင်များသည် လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင် မြူခိုးပင်လယ် အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။
“ခုနစ်စင်ကြယ် ကောင်းကင်ဓားသိုင်း ”
ကျန်းချန်က လက်ထဲတွင် ကောင်းကင်မီး နတ်ဓားကို ကိုင်ဆွဲကာ ဦးခေါင်းအထက်မှ ခုနစ်စင်ကြယ်ကို လှုံ့ဆော်လိုက်၏။
အဆုံးသတ်တွင် ကြယ်စွမ်းအားများသည် ဧရာမ ကောင်းကင်ဓား အဖြစ်သို့ ပြောင်းလဲသွားပြီး အဖြူအနက် အရှင် နှစ်ပါးကို ဦးတည် တိုက်ခိုက်လိုက်သည်။
"ဝုန်း"
ကြောက်မက်ဖွယ် အဖျက်စွမ်းအင် မုန်တိုင်းကြီးသည် ကောင်းကင်ယံတစ်ခွင် ချက်ချင်း ပျံ့နှံ့သွားခဲ့၏။
အဖျက်စွမ်းအင် မုန်တိုင်းကြီး၏ ရိုက်ခတ်မှုအောက်တွင် ယွဲ့ဝူရွှမ်းနှင့် ကုန်းလင်တို့ နှစ်ဦးစလုံးသည် မိုင်တစ်ရာခန့် အကွာရှိ လခြမ်း သင်္ဘောဆီသို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။
သူတို့က လခြမ်း သင်္ဘောပေါ်မှ ကာကွယ်ရေး အစီအရင်၏ အကူအညီဖြင့် အဖျက်စွမ်းအင် မုန်တိုင်း၏ ဖိအားကို လျော့ချနိုင်ခဲ့၏။
အခြားတစ်ဖက်တွင်မူ အရှင်ဟောင်ယွဲ့သည် ကျန်းချန်အား အဖြူအနက် အရှင်နှစ်ပါးက ဝိုင်းရံတိုက်ခိုက်နေသည်ကို မြင်လျှင် ချက်ချင်းပင် စိုးရိမ်ပူပန်သွားခဲ့သည်။
သို့သော်လည်း သူက ယခုအခါတွင် အရှင် ဝိညာဥ်နက်၏ ထိန်းချုပ်မှုကို ခံနေရ၏။
သူက အလွန်အမင်း စိုးရိမ်ပူပန်နေသော်လည်း ကျန်းချန် ဘက်သို့ လှည့်ကြည့်ရန်ပင် အချိန်မရပေ။
ယခုအခါတွင်မူ ကျန်းချန်၏ ဆင့်ခေါ်ချက်ကို လက်ခံရရှိပြီး အရှင်ရွှယ်သောင်း အမြန်ဆုံး ရောက်ရှိလာရန်သာ ဆုတောင်းနေရတော့သည်။
သို့မဟုတ်လျှင် ယနေ့တွင် သူတို့အားလုံးသည် အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ် ရှိ၏။
"ဝုန်း.. ဝုန်း.. ဝုန်း.."
နယ်မြေနတ်ဘုရား ငါးဦး၏ တိုက်ပွဲသည် ကောင်းကင်ကိုပင် တုန်ခါသွားစေခဲ့ပြီး ကြောက်မက်ဖွယ် အဖျက်စွမ်းအင်လှိုင်းများသည် အရပ်မျက်နှာ အနှံ့သို့ ဆက်လက် ပျံ့နှံ့နေခဲ့သည်။
ရန်သူနှစ်ဦးကို တစ်ဦးတည်း ရင်ဆိုင်နေရသော ကျန်းချန်သည် တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝ နီးပါး ထုတ်သုံးနေရ၏။
"နတ်ဘုရင်ကျင့်စဥ်၊ နတ်ခန္ဓာပုံရိပ်၊ တတိယမြောက် သိုင်းစွမ်းအားပုံရိပ်"
ဝါရင့် နယ်မြေနတ်ဘုရား နှစ်ပါး၏ ဝိုင်းရံ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် အနည်းငယ်မျှပင် မလျှိုထားရဲဘဲ သူ၏ နည်းစနစ် အားလုံးကို ချက်ချင်း အသုံးပြုခဲ့သည်။
သို့ရာတွင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက ထူးခြားလွန်းသည့်တိုင် အဖြူအနက် အရှင်နှစ်ပါးသည် သာမန် နယ်မြေနတ်ဘုရားများ မဟုတ်၍ ရင်ဆိုင်ရ ခက်နေခဲ့၏။
ထိုနှစ်ဦးသည် မဟာမြေရိုင်း နယ်မြေတွင် နာမည် ကျော်ကြားသော ဝါရင့် နယ်မြေနတ်ဘုရားများ ဖြစ်သည့် အပြင် သွေးသား တော်စပ်သည့် ညီအစ်ကို နှစ်ဦးလည်း ဖြစ်သည်။
ထိုနှစ်ယောက် ပူးပေါင်းလိုက်သည်နှင့် တိုက်ခိုက်ရေး စွမ်းအားက အလွန်အမင်း ထိတ်လန့်ဖွယ်ရာ အဆင့်သို့ ရောက်ရှိသွားပြီး မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးမှာပင် ယှဉ်ပြိုင်နိုင်သူ အလွန်တရာ နည်းပါး၏။
ကျန်းချန်က အစွမ်းကုန် တိုက်ခိုက်နေသော်လည်း အရာမထင်ခဲ့ပေ။
အဆုံးသတ်တွင် ကျန်းချန်သည် အဖြူအနက် အရှင်နှစ်ပါး၏ လက်ချက်ဖြင့် မီတာထောင်ချီ အကွာအဝေးထိ လွင့်စင်သွားခဲ့သည်။
သူ၏ ပါးစပ်ထောင့်တွင်လည်း သွေးစ အနည်းငယ် စွန်းထင်းနေခဲ့၏။
သူက ပါးစပ်ထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။
အဖြူအနက် အရှင်နှစ်ပါးကို ကြည့်နေသော သူ၏ မျက်ဝန်းထဲတွင် ခိုင်ကြည်သော အကြည့်တစ်ခု ရှိနေခဲ့၏။
အဖြူအနက် အရှင် နှစ်ပါး၏ ပူးပေါင်း တိုက်ခိုက်မှုသည် အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်သည်။
၎င်းတို့ကို မဟာကောင်းကင် နတ်ဘုရား စွမ်းအားဖြင့် နှစ်ယောက် တစ်ယောက် ရင်ဆိုင်တိုက်ခိုက်ရန်မှာ တကယ်တမ်းတွင် လွယ်ကူသော အလုပ် မဟုတ်ကြောင်း သူ သိလိုက်၏။
အခန်း(၁၉၂၄) ပြီး၏