အခန်း (၁၉၂၇-၁၉၂၈)
Vol. 133 Ch. 1927-1928
အခန်း(၁၉၂၇)
လေထုထဲတွင် မိုးကြိုးကပ်ဘေး ငြိမ်သက်သွားသည်နှင့် အမျှ ကျန်းချန်၏ ခန္ဓာကိုယ်မှ စွမ်းအားများက တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
သူက ကမ္ဘာ့စွမ်းအား ၈မျိုး၏ စွမ်းအားကို ပိုင်ဆိုင်သော အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။
သူက မျက်စိရှေ့မှ အဖြူအနက် အရှင်နှစ်ပါးကို ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"အဖြူအနက် အရှင်နှစ်ပါး.. ငါအားနည်းနေတုန်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မယ့် မင်းတို့ရဲ့ အကြံအစည် အလုပ်မဖြစ်တော့ဘူး ထင်တယ်"
"ဒီကောင်လေးက အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်သွားခဲ့ပြီ... ငါတို့ သူ့ကို ဆက်လက် ရင်မဆိုင်သင့်တော့ဘူး.. သွားကြစို့"
အရှင်အဖြူက စိတ်ထဲမှ ကြောက်ရွံ့ထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီး ဘေးမှ အရှင်အနက်ကို ပြောလိုက်သည်။
ထို့နောက်တွင် သူတို့က နေရာလွတ်ကို ဖွင့်လှစ်၍ ထွက်ခွာရန် လက်ကို ဆန့်ထုတ်လိုက်သည်။
သူတို့နှစ်ဦး ပူးပေါင်းလိုက်လျှင် အဆင့်နိမ့် နယ်မြေနတ်ဘုရားများကြားတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်။
သို့သော် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော ကျန်းချန်သည် ယခုအခါတွင် အလယ်အလယ် အဆင့် နယ်မြေနတ်ဘုရားများနှင့် အင်အားချင်း တန်းတူ ဖြစ်နေခဲ့ချေပြီ။
အဆင့်နိမ့် နယ်မြေနတ်ဘုရားနှင့် အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရားများ၏ ခြားနားချက်မှာ အလွန်တရာ ကြီးမားလှသည်။
ကျန်းချန်က မဟာကောင်းကင် နတ်ဘုရား အဆင့်တွင် ရှိစဥ်ကတည်းကပင် သူတို့နှစ်ဦးကို တစ်ဦးတည်း ရင်ဆိုင်နိုင်ခဲ့ပြီး အချိန်အတော်ကြာသည်အထိ အရှုံးမပေးခဲ့ရပေ။
ယခု အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရားများနှင့် တန်းတူဖြစ်သည့် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ဖြစ်လာပြီ ဖြစ်ရာ သူတို့ကို နှိမ်နင်းရန် မခက်ခဲတော့ပေ။
ထို့ကြောင့် ဆက်လက် တိုက်ခိုက်နေလျှင် ကျန်းချန်၏ လက်ချက်ဖြင့် အသက်ပါ ဆုံးရှုံးရနိုင်သည့် အခြေအနေ ရှိနေခဲ့သည် မဟုတ်ပါလား။
"ထွက်ပြေးချင်တယ်ပေါ့.. ဟားဟား.. ငါ ကျန်းချန်က လွယ်လွယ်ကူကူ လွှတ်ပေးမယ်များ ထင်နေလား.. ဒီနေရာကို ရောက်လာခဲ့ပြီ ဆိုမှတော့ မင်းတို့ရဲ့ အသက်တွေကို ချန်ထားခဲ့ရလိမ့်မယ်"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး အဖြူအနက် အရှင်နှစ်ပါး ရှိရာ လေထုဘက်သို့ လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။
"ဝုန်း"
မိုင်တစ်ရာပတ်လည်ရှိ လေထု တစ်ခုလုံးသည် ချက်ချင်း ပျက်စီးသွားပြီး ဘာမှ မကျန်ရှိတော့သည့် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လက်ညှိုးထိပ်မှ ကြောက်မက်ဖွယ် ဓားစွမ်းအားကြောင့် အဖြူအနက် အရှင်နှစ်ပါး တို့၏ ခန္ဓာကိုယ်များသည် မိုင်တစ်ရာကျော် အထိ အတင်းအကျပ် နောက်သို့ ဆုတ်သွားခဲ့ရသည်။
"ကျန်းချန်.. ငါတို့ ညီအစ်ကို နှစ်ယောက် ဒီနေရာကနေ ထွက်သွားပါရစေ.. မင်းနဲ့ အရှင်ဝိညာဥ်နက်ရဲ့ ကိစ္စတွေမှာ နောက်ထပ် ဝင်မစွက်ဖက်တော့ဘူးလို့ ငါတို့ ကတိပေးတယ်.. ငါတို့ကို ဒီလောက်အထိ ဖိအားမပေးပါနဲ့"
အဖြူအနက် အရှင်နှစ်ပါးက ထိတ်လန့်တကြားဖြင့် ကျန်းချန်ကို အလျင်အမြန် အော်ဟစ် ပြောလိုက်သည်။
အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်ကို ထိုးဖောက်သွားသော ကျန်းချန်သည် ယခုအခါ ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်နေခဲ့ချေပြီ။
ရိုးရှင်းသော လှုပ်ရှားမှု တစ်ခုတည်းကပင် သူတို့နှစ်ဦးကို ဤမျှလောက်အထိ တုန်လှုပ်ဖွယ် ဖိအားကို ပေးနိုင်ခဲ့သည်။
ဤကဲ့သို့သော ခွန်အားမျိုးကို သူတို့ မည်သို့မျှ ခုခံနိုင်မည် မဟုတ်ပေ။
"ငါက မင်းတို့ကို ဖိအားပေးတော့ရော ဘာဖြစ်လဲ"
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီးသည်။
"အရှင်ဝိညာဥ်နက် အတွက် ငါ့ကို လာသတ်ရဲကတည်းက မင်းတို့တွေ ငါ့လက်ထဲမှာ သေဆုံးဖို့ အဆင်သင့် ပြင်ဆင်ထားသင့်တယ်"
“ငါ့ကို မစော်ကားရင် ငါလည်း ပြန်မစော်ကားဘူး.. ဒါပေမဲ့ ငါ့ကို စော်ကားရင်တော့ ဆယ်ဆ ပြန်ပေးဆပ်ရမယ်"
ကျန်းချန်သည် ဘယ်သောအခါမှ နူးညံ့သိမ်မွေ့သူ မဟုတ်ခဲ့ပေ။
စင်စစ် အဖြူအနက် အရှင်နှစ်ပါး သူ၏ မျက်ဝန်းထဲတွင် ပေါ်လာချိန် ကတည်းကပင် အဖြူအနက် အရှင်နှစ်ပါးသည် သေဒဏ်ကျခံရမည့်သူများ ဖြစ်နေခဲ့ချေပြီ။
"အတူတူ ပူးပေါင်းတိုက်ခိုက်ပြီး သူ့ကို ရင်ဆိုင်ကြစို့"
ကျန်းချန်က သူတို့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိကြောင်း အဖြူအနက် အရှင်နှစ်ပါး မြင်လိုက်ရလျှင် သူတို့၏ မျက်ဝန်းထဲတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သူတို့က ရုတ်တရက် ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။
မကြာမီမှာပင် အရှင်အဖြူ၏ ခန္ဓာကိုယ်၌ နတ်ဆိုးစွမ်းအင်များ ပြည့်နှက်လာခဲ့သည်။
သူ၏ နောက်ကျောတွင် အနက်ရောင်မီးလျှံများနှင့် အတူ အနက်ရောင် ဖီးနစ်ငှက် တစ်ကောင် ပေါ်ထွက်လာခဲ့၏။
ဖီးနစ်ဌက်က ကောင်းကင်ကို မော့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤသည်မှာ နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ် စွမ်းအားပင် ဖြစ်သည်။
အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ ထိုးဖောက်သွားသော ကျန်းချန်ကို ရင်ဆိုင်ရန်အတွက် အရှင်အဖြူသည် နယ်မြေနတ်ဘုရား မူလဇစ်မြစ် စွမ်းအားကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
အခြားတစ်ဖက်မှ အရှင်အနက်သည်လည်း လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။
သူသည်လည်း နယ်မြေနတ်ဘုရား မူလဇစ်မြစ် စွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်၏။
သူ၏ ကျောဘက်တွင် မိုင်ပေါင်းထောင်ချီ ကျယ်ပြန့်သော အနက်ရောင် နတ်ဆိုးပင်လယ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နယ်မြေနတ်ဘုရား နှစ်ပါးသည် ကျန်းချန်ကို သတ်ဖြတ်ရန်အတွက် သူတို့၏ အပြင်းထန်ဆုံး တိုက်ကွက်များကို ထုတ်ဖော်ရင်း နယ်မြေနတ်ဘုရား မူလဇာစ်မြစ် စွမ်းအားကို တစ်ပြိုင်နက်တည်း နီးပါး ထုတ်သုံးလိုက်ကြသည်။
"ဝုန်း"
နယ်မြေနတ်ဘုရား နှစ်ပါး၏ ကြောက်မက်ဖွယ်ရာ ကောင်းသော မူလဇာစ်မြစ် စွမ်းအားသည် ကမ္ဘာမြေကိုပင် ပြိုလဲစေပြီး လောကတစ်ခုလုံးကို ကသောင်းကနင်း ဖြစ်စေရန် လုံလောက်၏။
ဆဋ္ဌမအဆင့် ကောင်းကင် နတ်ဘုရားတစ်ပါး ပင်လျှင် အဖြူအနက် အရှင်နှစ်ပါး၏ နယ်မြေနတ်ဘုရား မူလဇစ်မြစ်စွမ်းအားနှင့် ထိတွေ့မိလျှင် ချက်ချင်း ဘာမှမကျန်ရှိတော့သည်အထိ ပျက်စီးသွားနိုင်ပေသည်။
နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ် စွမ်းအားသည် နယ်မြေနတ်ဘုရားများနှင့်သာ သက်ဆိုင်သည့် စွမ်းအား ဖြစ်ပြီး မဟာကောင်းကင် နတ်ဘုရားများကသာ ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
"မောင်လေးကျန်းက နယ်မြေနတ်ဘုရား နှစ်ပါးရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပါ့မလား"
အဖြူအနက် အရှင်နှစ်ပါး ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် တိုက်ခိုက်မှုကို ကြည့်ရင်း ယွဲ့ဝူရွှမ်း၏ လှပသော မျက်ဝန်းလေးတွင် စိုးရိမ်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
အဖြူအနက် အရှင်နှစ်ပါး၏ တိုက်ခိုက်မှုသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ကျန်းချန်က အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်သော်လည်း ကျန်းချန်၏ စွမ်းအားက မည်သည့် အတိုင်းအတာ အထိ အစွမ်းထက်မှန်း ယွဲ့ဝူရွှမ်း မသိသေးပေ။
လောကကိုပင် ဖျက်ဆီးနိုင်လောက်သော ဤတိုက်ခိုက်မှုကို ကျန်းချန်က အထွတ်အထိပ် ကောင်းကင် နတ်ဘုရား စွမ်းအားဖြင့် တားဆီးနိုင်ရန် စိတ်ထဲတွင် ဆုတောင်းရုံသာ တတ်နိုင်ခဲ့သည်။
အဖြူအနက်အရှင်နှစ်ပါး၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် အလွန်ပင် အေးဆေး တည်ငြိမ်နေခဲ့၏။
သူက ရှောင်တိမ်းခြင်းမရှိဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့၏။
ထိုအချိန်မှာပင် တောက်ပသော ရှစ်ရောင်ခြယ် နတ်အလင်းတန်းသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
ထို ရှစ်ရောင်ခြယ် နတ်အလင်းတန်းက "ပျက်သုန်းခြင်း နယ်မြေ" အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။
နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ် စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နေသည့် အဖြူအနက် အရှင်နှစ်ပါးနှင့် ရင်ဆိုင်ရာတွင် ကျန်းချန်သည် အချိန်ဖြုန်းလိုခြင်း မရှိပေ။
ထို့ကြောင့် သူက အထွတ်အထိပ် ကောင်းကင်နတ်ဘုရား စွမ်းအားဖြင့် ပျက်စီးခြင်း နယ်မြေကို ချက်ချင်း ဖန်တီးလိုက်ခြင်းပင်။
ကျန်းချန်က သူ၏ ဦးခေါင်း အထက်ကနေ ဖိနှိပ်ရန် ရောက်ရှိလာသည့် နယ်မြေနတ်ဘုရား နှစ်ပါး၏ စွမ်းအားကို မော့ကြည့်လိုက်ကာ ပျက်စီးခြင်း နယ်မြေကို ကောင်းကင်ယံသို့ တိုက်ရိုက် မြှင့်တင်၍ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း"
ဥက္ကာခဲများ အချင်းချင်း တိုက်မိသကဲ့သို့ ကျယ်လောင်သော အသံကြီးသည် တစ်လောကလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
နှိုင်းယှဉ်၍ မရလောက်အောင် တောက်ပသော နတ်အလင်းများသည် အရပ်လေးမျက်နှာသို့ လွင့်စင်ကာ လေထုတစ်ခုလုံးကို စုတ်ပြဲစေခဲ့သည်။
ထိုနတ်အလင်းက မြေပြင်ပေါ်၌လည်း ပေထောင်ပေါင်းများစွာ အရွယ်အစားရှိသော တွင်းနက်ကြီးများ ဖြစ်ပေါ်စေခဲ့၏။
ထိုစွမ်းအင်ကြောင့် တောင်ပေါင်းများစွာ ပြိုကျကာ မိုင်သုံးထောင်ရှည်သော မြစ်များပင်လျှင် ခြောက်ခမ်းသွားခဲ့သည်။
"ဝုန်း"
ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်လောက်သော အဖျက်စွမ်းအင် မုန်တိုင်း တစ်ခုသည် မိုင်တစ်ထောင်ကျော် အချင်းဝက်ရှိ နေရာလွတ်ကို ဖြတ်၍ တိုက်ခတ်သွားခဲ့သည်။
ယွဲ့ဝူရွှမ်း နှင့် ကုန်းလင်တို့ပင် ထိတ်လန့် တုန်လှုပ်သွားကြပြီး လခြမ်းသင်္ဘောကို မိုင်ရာချီ ဆုတ်ခွာစေခဲ့ရသည်။
ယင်းနောက်တွင် လေထုထဲမှ အခြေအနေကို ကြည့်ကာ သူတို့၏ မျက်ဝန်းများတွင် ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့တော့သည်။
အခန်း(၁၉၂၇) ပြီး၏
အခန်း(၁၉၂၈)
လေထုထဲမှ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် နေနှင့်လပင် ဗြောင်းဆန်သွားခဲ့ပြီး နေရာလွတ် တစ်ခုလုံး အဆက်မပြတ် ပြိုကျ ပျက်စီးနေခဲ့သည်။
ခဏအကြာတွင် ထိုမြင်ကွင်းများ ငြိမ်သက် ပျောက်ကွယ်သွားပြီး ပုံရိပ်သုံးခု ပေါ်လာခဲ့သည်။
အရှင်အဖြူ၏ ပါးစပ်မှ သွေးများ စီးကျနေသည်။
သူ၏ အဖြူရောင်ဝတ်ရုံမှာလည်း သွေးများဖြင့် ပေပွလျက်ရှိကာ အသက်ရှူနှုန်းက အလွန်တရာ အားနည်းနေခဲ့၏။
သူ့အနီးမှ အရှင်အနက်၏ တစ်ကိုယ်လုံးတွင်လည်း သွေးအလိမ်းလိမ်း ဖြစ်နေပြီး ခန္ဓာကိုယ်မှာ ပြိုကွဲလုနီးပါး ဖြစ်နေသည်။
ထိုအဖြူအနက်အရှင် နှစ်ပါးနှင့် ဆန့်ကျင်ဘက်ပင်၊ ကျန်းချန်က တည်ငြိမ်အေးဆေးစွာဖြင့် မားမားမတ်မတ် ရပ်နေခဲ့၏။
သူက လက်နှစ်ဖက်ကို နောက်ပစ်လျက် လေထုထဲတွင် ဝင့်ကြွားစွာ ရပ်ရင်း အဖြူအနက် အရှင် နှစ်ပါးကို အထင်အမြင်သေးစွာ စိုက်ကြည့်နေခဲ့သည်။
သူ့ပုံစံက မည်သူမျှ အနိုင်ယူ ချေမှုန်း၍ မရသော စစ်နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူနေသည်။
ဤပြင်းထန်သော တိုက်ပွဲကြီးတွင် ကျန်းချန်သည် ဒဏ်ရာ တစ်စက်မျှ မရခဲ့ပေ။
သူ၏ ဆံပင်၊ အဝတ်အစားများပင် တွန့်ကြေမှု မရှိဘဲ ပုံမှန်အတိုင်း ရှိနေဆဲ ဖြစ်သည်။
ယွဲ့ဝူရွှမ်းတို့က ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေခဲ့ကြသည်။
သူတို့က မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
မဟာကောင်းကင်နတ်ဘုရား များထက် သာလွန်သည့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့် ပုဂ္ဂိုလ်များက အလွန်တရာ ကြောက်မက်ဖွယ် အစွမ်းထက်ကြောင်း သူတို့ သိထားကြသည်။
သို့သော်လည်း ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
နယ်မြေနတ်ဘုရား နှစ်ပါးက အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသော်လည်း ကျန်းချန်၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုအောက်တွင် အလွယ်တကူ နှိမ်နင်းခံလိုက်ရသည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့် ပုဂ္ဂိုလ်များသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
"အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် ဆိုတာ အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရားတွေနဲ့ ယှဉ်နိုင်တဲ့ အဆင့်လို့ မပြောရဘူး.. တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို ထိတ်လန့်စရာပဲ
ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ပြီးနောက်တွင် အရှင်ဟောင်ယွဲ့သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။
သူတို့က အရှင်ဝိညာဉ်နက် အပါအဝင် နယ်မြေနတ်ဘုရား သုံးပါး၏ ပိတ်ဆို့တားမြစ်မှုကို ရင်ဆိုင်ရခြင်းကြောင့် သေဘေးနှင့် ကြုံတွေ့ခဲ့ရသည်။
သို့သော်လည်း ကျန်းချန်က သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် အခြေအနေကို ပြောင်းပြန် လှန်ပစ်နိုင်လိမ့်မည်ဟု အရှင်ဟောင်ယွဲ့ မမျှော်လင့်ထားခဲ့ပေ။
တိုက်ပွဲအတွင်း ကျန်းချန်က ကောင်းကင် နိယာမများကို လျစ်လျူရှုကာ ကပ်ဘေးကိုပင် ပြန်လည် ဆုတ်ခွာစေပြီး အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သို့ တက်လှမ်းခဲ့သည်။
ယင်းနောက်တွင် မိုးကြိုးပစ်ချသည့် အလား မြန်ဆန်သော အရှိန်အဟုန်ဖြင့် အဖြူအနက် အရှင် နှစ်ပါးကို တစ်ချက်တည်း နှိမ်နင်းလိုက်၏။
ယခုအခါ မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးကို ကြည့်လျှင်ပင် ကျန်းချန်ကို ယှဥ်နိုင်စွမ်းရှိသည့် ကျင့်ကြံသူများမှာ လက်ချိုးရေတွက်၍ပင် ရနေခဲ့ပြီ ဖြစ်သည်။
"ကျန်းချန်.. ငါတို့ ညီအစ်ကို နှစ်ယောက်က အရှင်ဝိညာဥ်နက်ရဲ့ အဆွယ်ကောင်းမှုကြောင့်သာ မင်းကို တိုက်ခိုက်မိတာပါ.. ငါတို့ကို သတ်ဖို့အထိ လိုအပ်လို့လား"
အရှင်အဖြူက သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို ထိန်းချုပ်ထားရင်း ကြောက်ရွံ့သော အမူအရာဖြင့် ပြောလိုက်သည်။
"ငါတို့ ရှေးနတ်ဆိုးနန်းတော်က မဟာမြေရိုင်းနယ်မြေ ထဲမှာ နယ်မြေနတ်ဘုရား သုံးပါးမက ရှိတဲ့ ဂိုဏ်းအနည်းငယ်ထဲက တစ်ခုပဲ.. ဂိုဏ်းမှာ အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရား တစ်ပါးလည်း ရှိတယ်.. မင်း တကယ်ပဲ ငါတို့ ရှေးနတ်ဆိုး နန်းတော်နဲ့ ရန်သူ ဖြစ်ချင်တာလား"
အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ကျန်းချန်သည် အလွန်တရာ အစွမ်းထက်လှသည်။
သူတို့ နှစ်ဦး ပူးပေါင်းတိုက်ခိုက်လျှင်ပင် ကျန်းချန် ရှေ့တွင် ခုခံနိုင်စွမ်း လုံးဝနီးပါး မရှိသည်ကို သူတို့ သိ၏။
"မင်းတို့ ငါ့ကို သတ်ဖို့ ကြံစည်ရဲကတည်းက အသတ်ခံရဖို့ပါ အသင့်ပြင်ထားရမယ်လို့ ငါ ပြောခဲ့ပြီးပြီ"
"ရှေးနတ်ဆိုးနန်းတော်နဲ့ ရန်သူ ဖြစ်တော့ရော ဘာဖြစ်လဲ"
"မင်းတို့ နှစ်ယောက်လောက်ကို မပြောနဲ့.. မင်းတို့ ရှေးနတ်ဆိုးနန်းတော်က အလယ်အလတ် အဆင့် နယ်မြေနတ်ဘုရားက ငါ့ကို လာတိုက်ခိုက်ရင်တောင် ငါ့အနေနဲ့ သတ်ဖြတ်ဖို့ တွေဝေနေမှာ မဟုတ်ဘူး"
ကျန်းချန်၏ နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
စကားသံ ဆုံးသည်နှင့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ လေထု တစ်ခုလုံးကို လွှမ်းမိုးထားသည့် ကြယ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဧရာမ ဓားကြီးတစ်လက် ပေါ်ထွက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုဧရာမဓားကြီးသည် အဖြူအနက် အရှင် နှစ်ပါး၏ ဦးခေါင်း အထက်မှ လေထုကို ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ပစ်လိုက်သည်။
ရှေးနတ်ဆိုးနန်းတော်သည် မဟာမြေရိုင်းနယ်မြေ၏ ထိပ်ဆုံးအဆင့် နယ်မြေ နတ်ဘုရား ၅ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သည်။
ကျန်းချန် သိထားသလောက် ရှေးနတ်ဆိုးနန်းတော်တွင် နယ်မြေနတ်ဘုရား ငါးပါးထက် မနည်း ရှိသည့်အပြင် အလွန်အစွမ်းထက်သော အလယ်အလတ် အဆင့် နယ်မြေနတ်ဘုရားတစ်ပါးလည်း ရှိ၏။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သို့ မတက်ရောက်မီ အချိန်ကတည်းကပင် ကျန်းချန်သည် အလယ်အလတ် အဆင့် နယ်မြေနတ်ဘုရားများကို မကြောက်ရွံ့ခဲ့ပေ။
ယခု သူက အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်၏ ခွန်အားကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ ရှေးနတ်ဆိုးနန်းတော်မှ အလယ်အလတ် အဆင့် နယ်မြေနတ်ဘုရား ဖြစ်နေလျှင်ပင် သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ချေ။
ဆိုရလျှင် ယနေ့ခေတ် မဟာမြေရိုင်းနယ်မြေ တွင် မဟာမြေရိုင်းနတ်ဂိုဏ်းမှ လွဲလျှင် ချင်းမင်ဓားဂိုဏ်းနှင့် အခြားထိပ်တန်း နယ်မြေနတ်ဘုရား ဂိုဏ်းများကိုပင် ကျန်းချန်သည် လုံးဝ စိုးရိမ်ပူပန်နေတော့မည် မဟုတ်ပေ။
သို့ဖြစ်ရာ ရှေးနတ်ဆိုးနန်းတော် ဆိုလျှင် စကားထဲပင် ထည့်ပြောနေစရာ မလိုတော့ချေ။
ကြယ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ကျန်းချန်၏ ဧရာမဓားကြီးကို မြင်လိုက်ရလျှင် အဖြူအနက် အရှင် နှစ်ပါးသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
အစောပိုင်းက နယ်မြေနတ်ဘုရား မူလဇစ်မြစ် စွမ်းအားကို စုစည်းကာ တိုက်ခိုက်ခဲ့စဥ် ကျန်းချန်၏ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့် စွမ်းအားဖြင့် ဖိနှိပ်မှုအောက်တွင် သူတို့သည် ခန္ဓာကိုယ် တစ်ခုလုံး၌ ပြင်းထန်သော ထိခိုက်ဒဏ်ရာများကို ခံစားခဲ့ရသည်။
အထူးသဖြင့် အနည်းငယ် အားနည်းသည့် အရှင်အနက်သည် ယခုအခါတွင် ခန္ဓာကိုယ် ပြိုကွဲလုနီးပါး ဖြစ်နေပြီး တိုက်ခိုက်ရေးစွမ်းအားမှာ လုံးဝနီးပါး ကုန်ဆုံးသွားခဲ့ချေပြီ။
ဤအချိန်တွင် ဧရာမဓားကြီးကို မြင်လိုက်ရလျှင် သူ့တို့နှစ်ဦးစလုံးသည် သေခြင်းတရားက လက်တစ်ကမ်း အလိုသို့ ရောက်နေပြီမှန်း ချက်ချင်း ခံစားလိုက်ရသည်။
အဖြူအနက် အရှင်နှစ်ပါးသည် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ လည်ချောင်းကို ခြစ်၍ အသားကုန် ကြုံးဝါးလိုက်ကာ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော နယ်မြေနတ်ဘုရား စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။
"ကောင်းကင်နတ်ဆိုး ဖီးနစ်အသိုက်"
"ဆန်းကြယ်မြူခိုး မရဏ ပင်လယ်"
ကြုံးဝါးသံနှစ်သံက ကမ္ဘာတစ်ဝန်းလုံး ပဲ့တင်ထပ်သွားခဲ့၏။
အရှင်အဖြူ၏ နောက်တွင် ကောင်းကင်နတ်ဆိုး ဖီးနစ်အသိုက်ပုံစံ မူလကမ္ဘာ တစ်ခု ပေါ်ပေါက်လာသည်။
အရှင်အနက်၏ နောက်တွင်မူ အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော မရဏပင်လယ် ပေါ်လာခဲ့၏။
သေခြင်းတရားကို အဆုံးအဖြတ်ပေးမည့် အချိန် ရောက်လာသောအခါ အဖြူအနက် အရှင် နှစ်ပါးသည် တွေဝေခြင်းမရှိတော့ဘဲ သူတို့၏ နယ်မြေနတ်ဘုရား မူလကမ္ဘာကို တိုက်ရိုက် ထုတ်ဖော် အသုံးပြုလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် သူတို့ နှစ်ဦး၏ ပုံရိပ်များသည်လည်း သူတို့ ထုတ်ဖော်ထားသည့် မူလကမ္ဘာ အတွင်းသို့ ဝင်ရောက် ပေါင်းစပ်သွား၏။
ထိုအခိုက်အတန့်မှာပင် ကျန်းချန်၏ ခုနစ်ကြယ် ကောင်းကင် ဓားသိုင်းဖြင့် စုစည်းထားသော ဧရာမဓားကြီးသည် အဖြူအနက် အရှင် နှစ်ပါး၏ မူလကမ္ဘာဆီသို့ ကျရောက်လာခဲ့သည်။
"ဝုန်း.."
ကျယ်လောင်သော အသံက ထွက်ပေါ်လာခဲ့ပြီး လေထု တစ်ခွင်လုံး မိုင်ထောင်ချီ အထိ တုန်ခါသွားသည်။
အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ ထိုးဖောက်ပြီးနောက်တွင် နတ်ဘုရင်အဆင့် ကိုယ်ခံပညာရပ် ဖြစ်သည့် ခုနစ်စဥ်ကြယ် ကောင်းကင် ဓားသိုင်းသည် ကျန်းချန်၏ လက်ထဲတွင် စိတ်ကူးပင် မယဉ်နိုင်လောက်သည်အထိ စွမ်းအားကြီးမားလာခဲ့သည်။
အဖြူအနက်အရှင် နှစ်ပါးက ဤအချိန်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိထားသည်ကို အသာထား၊ သူတို့၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် ကျန်းချန်၏ ဤပြင်းထန်သော တိုက်ခိုက်မှုကို တားဆီးနိုင်မည် မဟုတ်ပေ။
"ကလစ်.."
တခဏတာမျှပင် မကြာလိုက်ဘဲ အဖြူအနက် အရှင် နှစ်ပါး၏ မူလကမ္ဘာသည် ကျန်းချန်၏ ဧရာမ ဓားကြီး အောက်တွင် ကျိုးပဲ့သံများ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို မျက်စိဖြင့် မြင်နိုင်သော အက်ကွဲကြောင်းများသည် ပင့်ကူအိမ်သဖွယ် မူလကမ္ဘာ နှစ်ခုပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
အရှင်အနက်၏ ဆန်းကြယ်မြူခိုး မရဏပင်လယ်သည် ဧရာမဓားကြီး၏ စွမ်းအားကို ခံနိုင်ရည် မရှိတော့ဘဲ ပေါက်ကွဲသံနှင့်အတူ လေထုထဲတွင် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။
ထို ဆန်းကြယ်မြူခိုး မရဏပင်လယ်ထဲတွင် ရှိနေသော အရှင်အနက်သည်လည်း ဧရာမဓားကြီး၏ စွမ်းအားကို ဆက်လက် ခုခံနိုင်စွမ်း မရှိဘဲ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပေါက်ကွဲထွက်သွားပြီး သွေးတိမ်တိုက် အဖြစ် ပြောင်းလဲကာ မြေပြင်ထက်သို့ ကျဆင်းသွားခဲ့သည်။
အခြားတစ်ဖက်တွင်လည်း အရှင်အဖြူ၏ ကောင်းကင်နတ်ဆိုး ဖီးနစ်အသိုက်သည် ခံနိုင်ရည် အကန့်အသတ် အထိ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပြီး အသိုက်ပေါ်တွင် ရှေးဟောင်းသားရဲကြီး၏ ပါးစပ်ကဲ့သို့ ဧရာမ အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်။
အဆုံးသတ်တွင်မူ ကောင်းကင်နတ်ဆိုး ဖီးနစ်အသိုက်သည်လည်း ပြိုကျ ပျက်စီးသွားခဲ့ပြီး အရှင်အဖြူ၏ ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် အရှင်အဖြူ၏ မျက်ဝန်းထဲ၌ တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေ၏။
သူက ကြိုးပြတ်သွားသော စွန်တစ်ကောင် ကဲ့သို့ ပေထောင်ချီ အကွာအဝေးထိ နောက်ပြန် လွင့်စဉ်သွားခဲ့သည်။
"ဖူး"
အရှင်အဖြူက သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
သူက ကျန်းချန်ကို လှည့်၍ပင် မကြည့်တော့ဘဲ ပြိုကွဲမတတ် ပျက်စီးနေသည့် ခန္ဓာကိုယ်ကို အားယူကာ ကြောက်လန့်နေသည့် ငှက်တစ်ကောင်ပမာ ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးလိုက်သည်။
သို့သော် အရှင်အဖြူ ထွက်ပြေးသည့် အခိုက်အတန့်မှာပင် အရှင်အဖြူ၏ အရှိန်အဟုန်ထက် ဆယ်ဆပိုမို မြန်ဆန်သော ဓားစွမ်းအင် တစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းကာ သက်ရောက်လာခဲ့သည်။
"ရွှစ်"
အရှင်အဖြူ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ဓားစွမ်းအင်က အရှင်အဖြူ၏ ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်ရောက်သွားပြီး နှစ်ပိုင်း ဖြတ်တောက်ပစ်လိုက်သည်။
အခန်း(၁၉၂၈) ပြီး၏