အခန်း (၁၉၂၉-၁၉၃၀)
Vol. 133 Ch. 1929-1930
အခန်း(၁၉၂၉)
ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့် ခန္ဓာကိုယ်နှစ်ပိုင်း ပြတ်သွားသည်နှင့် တစ်ပြိုင်နက် အရှင်အဖြူ၏ ဝိညာဉ်သည် လျင်မြန်စွာ ပေါ်ထွက်လာခဲ့၏။
ကျန်းချန်ကို ကြည့်နေသည့် ဝိညာဥ်၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့ထိတ်လန့်သော အမူအရာများ အထင်းသား ပေါ်လွင်နေခဲ့သည်။
“ကျန်းချန်.. ခွင့်.. ခွင့်လွှတ်ပေးပါ.. ငါရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး မင်းဆီမှာ အစေခံအဖြစ် ခစားပါ့မယ်”
အရှင်အဖြူက ထွက်ပြေးဖို့ မကြိုးစားတော့ဘဲ ကျန်းချန်ကို တောင်းပန်လိုက်သည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားသည့် ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
သူ၏ အင်အားက အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် ကျန်းချန်၏ ဖိနှိပ်မှုကို ခံရမည်သာ ဖြစ်၏။
ယခုမူ ခန္ဓာကိုယ် ပျက်စီး၍ ဝိညာဉ်သာ ကျန်တော့သည် ဖြစ်ရာ ကျန်းချန် ရှေ့ကနေ ထွက်ပြေး လွတ်မြောက်နိုင်မည့် အခြေအနေ လုံးဝ မရှိတော့ပေ။
အသက်ရှင်လိုလျှင် ဒူးထောက် အညံ့ခံခြင်းမှ လွဲ၍ အခြားမျှော်လင့်ချက် မရှိချေ။
မဟုတ်လျှင် သူက ဤလောကမှ လုံးဝ ပျောက်ကွယ်သွားရလိမ့်မည် မဟုတ်ပါလား။
“ငါ့ဆီမှာ အစေခံမယ် ဟုတ်လား.. စိတ်မကောင်းစရာပဲ.. မင်းလို အစေခံ ငါ မလိုအပ်ဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး လက်ဟန်များ ပြုလုပ်လိုက်ရာ ဝိညာဉ်ငြိမ်းသက်ခြင်း စည်းတံဆိပ်သည် အရှင်အဖြူ၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။
“မလုပ်ပါနဲ့”
အရှင်အဖြူက စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
သူက အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကို ခုခံရန်အတွက် သူ၏ ဝိညာဉ်စွမ်းအားကို အစွမ်းကုန် လျင်မြန်စွာ ထုတ်ဖော်လိုက်၏။
သို့သော်လည်း ကျန်းချန်၏ ဝိညာဉ်ငြိမ်းသက်ခြင်း စည်းတံဆိပ်သည် ဝိညာဉ်များကို ချေမှုန်းရန် အထူးတလည် တီထွင်ထားခြင်း ဖြစ်သည်။
ကျန်းချန်က ထိုတံဆိပ်ကို အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့် စွမ်းအားဖြင့် အသုံးပြုလိုက်သည့် အခါ အရှင်အဖြူ၏ ဝိညာဉ်သည် လုံးဝ တားဆီးနိုင်စွမ်း မရှိတော့ပေ။
တခဏအတွင်းမှာပင် အရှင်အဖြူ၏ ဝိညာဉ်သည် ဝိညာဉ်ငြိမ်းသက်ခြင်း စည်းတံဆိပ်၏ စွမ်းအားအောက်တွင် အပြီးအပိုင် ပျက်သုဉ်းသွားခဲ့သည်။
ဤသို့ဖြင့်ပင် ရှေးနတ်ဆိုးနန်းတော်မှ အဖြူအနက် အရှင်နှစ်ပါးဟု ကျော်ကြားသည့် နယ်မြေနတ်ဘုရား နှစ်ပါးစလုံးသည် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့သည်။
“ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အရှင်ဟောင်ယွဲ့နှင့် တိုက်ခိုက်နေသည့် အရှင် ဝိညာဉ်နက်သည် ကျန်းချန်က အဖြူအနက် အရှင်နှစ်ပါးကို ဤမျှအထိ လွယ်ကူစွာ သတ်ဖြတ်လိုက်သည်အား မြင်လိုက်ရလျှင် အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
အရှင်ဝိညာဉ်နက်သည် ကျန်းချန်ကို တားဆီးရန် အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ကာ ရှေးနတ်ဆိုးနန်းတော်ကနေ အဖြူအနက် အရှင်နှစ်ပါးကို ဖိတ်ခေါ်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် သူ မတွေးခဲ့မိသည်မှာ ကျန်းချန်သည် အလွန် အစွမ်းထက်သည့် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်လာပြီး အဖြူအနက် အရှင်နှစ်ပါးကိုပင် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိနေခြင်းပင်။
အဖြူအနက် အရှင်နှစ်ပါး ပူးပေါင်း တိုက်ခိုက်ခဲ့သည့်တိုင် ကျန်းချန်၏ ပေါ့ပါးသော တိုက်ခိုက်မှုဖြင့် အသတ်ခံလိုက်ရ၏။
ယခုအချိန်တွင် ကျန်းချန်ကို တားဆီးဖို့ အသာထား၊ အနည်းငယ် ပေါ့ဆမိသည်နှင့် သူသည်ပင် ဤနေရာတွင် သေဆုံးပျက်စီးရမည့် အန္တရာယ် ရှိနေခဲ့သည်။
"ထွက်ပြေးမှဖြစ်မယ်"
အရှင်ဝိညာဉ်နက်၏ စိတ်ထဲ၌ ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် ဟူသော အတွေးသာ စိုးမိုးနေတော့သည်။
ရှေးနတ်ဆိုးနန်းတော်မှ အဖြူအနက် အရှင် နှစ်ပါးစလုံးသည် သူ့ထက် အင်အားမနိမ့်ကျပေ။
ထိုနှစ်ဦး ပူးပေါင်း တိုက်ခိုက်လျှင် အဆင့်နိမ့် နယ်မြေနတ်ဘုရားများ ကြားတွင်ပင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်၏။
ကျန်းချန်က ထိုနှစ်ဦးကိုပင် အလွယ်တကူ သတ်နိုင်သည် ဆိုလျှင် သူ့ကို သတ်ဖို့လည်း မခက်ခဲလောက်ချေ။
သို့သော် အရှင်ဝိညာဉ်နက်၏ စိတ်ကူးကို အရှင်ဟောင်ယွဲ့က ချက်ချင်း သိရှိလိုက်သည်။
အရှင်ဟောင်ယွဲ့က အရှင်ဝိညာဉ်နက်ကို ထွက်ပြေးခွင့်ပေးရန် ရည်ရွယ်ချက် မရှိခဲ့ဘဲ နယ်မြေနတ်ဘုရား စွမ်းအားများကို အမြင့်ဆုံးအထိ ထုတ်ဖော်ကာ ဟန့်တားလိုက်၏။
သူက အရှင်ဝိညာဉ်နက်ကို ထွက်ခွာရန် အခွင့်အရေး လုံးဝ မပေးခဲ့ချေ။
“ဖယ်စမ်း”
အရှင်ဝိညာဉ်နက်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
“ဟားဟား.. ဝိညာဥ်နက်.. ဒါက မင်းကိုယ်တိုင် ဖန်တီးခဲ့တာပဲ.. ဒီနေ့ ငါတို့ကို သတ်ဖြတ်ဖို့ ကြံစည်ရဲမှတော့ အသက်ရှင်လျက် ထွက်သွားဖို့ စိတ်မကူးနဲ့တော့”
အရှင်ဟောင်ယွဲ့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အရှင်ဝိညာဉ်နက်ကို ဟန့်တားထားလိုက်သည်။
အရှင်ဝိညာဉ်နက်၏ အကြည့်များသည် အလွန် စူးရှလာခဲ့၏။
သူက ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်ကာ အရှင်ဟောင်ယွဲ့ကို နောက်သို့ တွန်းပို့လိုက်ပြီး ချက်ချင်းဆိုသလို နေရာလွတ်ကို ဆွဲဖြဲ၍ ဝင်ရောက်သွားခဲ့သည်။
သို့သော် ထိုအချိန်မှာပင် ကြယ်ဓားစွမ်းအင် တစ်ခုသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီး နေရာလွတ်ကို ချက်ချင်း ရိုက်ချိုးပစ်လိုက်ရာ နေရာလွတ်ထဲ ဝင်ရောက်သွားသည့် အရှင်ဝိညာဉ်နက်၏ ပုံရိပ်သည် ပြန်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် အရှင်ဟောင်ယွဲ့နှင့် ကျန်းချန် တို့ကို ကြည့်ရင်း အရှင်ဝိညာဉ်နက်၏ မျက်နှာအမူအရာသည် အလွန်တရာ အကျည်းတန်လာခဲ့၏။
“ကျန်းချန်.. မင်း ငါ့ကို သတ်ချင်ရင် မင်းလည်း ကြီးမားတဲ့ အဖိုးအခ ပေးဆပ်ရလိမ့်မယ်”
အရှင်ဝိညာဉ်နက်က ကျန်းချန်ကို အမုန်းတရားများ ပြည့်နှက်နေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ မျက်ဝန်း၌ ရူးသွပ်သော အမူအရာများ ထင်ဟပ်လာခဲ့သည်။
မကြာမီမှာပင် အရှင်ဝိညာဉ်နက်၏ ခန္ဓာကိုယ်မှ တဂျစ်ဂျစ်မြည်သံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် လျင်မြန်စွာ ဖောင်းကားလာခဲ့သည်။
အလွန်အမင်း ရုန့်ရင်းသော စွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်အတွင်း လှုပ်ရှားနေပုံရ၏။
“သတိထား.. ဝိညာဥ်နက်က သူ့ကိုယ်သူ ဖောက်ခွဲပြီး တိုက်ခိုက်တော့မယ်"
ထိုမြင်ကွင်းကို ကြည့်ရင်း အရှင်ဟောင်ယွဲ့က ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။
နယ်မြေနတ်ဘုရား၏ စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
နယ်မြေနတ်ဘုရားတစ်ပါး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်လျှင် မိုင်ထောင်ချီ နယ်မြေကို သေခြင်း နယ်မြေ အဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။
ဆိုရလျှင် အဆင့်တူ နယ်မြေနတ်ဘုရားပင် သေဆုံးခြင်းမရှိသည့်တိုင် ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်၏။
“ကျန်းချန်.. ဒါက မင်း ငါ့ကို ဖိအားပေးလိုက်လို့ပဲ.. ငါနဲ့အတူ ငရဲကို ကြွဖို့သာ ပြင်ထားလိုက်တော့ ”
အရှင်ဝိညာဉ်နက်သည် ကောက်ကျစ်စွာ ပြုံး၍ လျင်မြန်စွာ ဖောင်းကားလာသည့် ခန္ဓာကိုယ်ဖြင့် ကျန်းချန်ဆီသို့ တိုက်ရိုက် တိုးဝင်လာခဲ့သည်။
ကျန်းချန်၏ ခွန်အားက အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းမှန်း သူသိသည်။
ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်လိုက်လျှင် အခွင့်အရေး လုံးဝ မရရှိဘဲ ကျန်းချန်၏ အလွယ်တကူ အသတ်ခံရမည်သာ။
ထို့ကြောင့် အရှင်ဝိညာဉ်နက်သည် ခန္ဓာကိုယ်ကို ဖောက်ခွဲရန် တုံ့ဆိုင်းမနေဘဲ ခန္ဓာကိုယ်အတွင်းရှိ နယ်မြေ နတ်ဘုရား မူလဇစ်မြစ်ကို စတေးလိုက်ခြင်း ဖြစ်သည်။
သူတို့ တစ္ဆေဂိုဏ်းသည် ဝိညာဉ်နည်းစနစ်များကို အထူးတလည် ကျွမ်းကျင်ကြ၏။
ကိုယ့်ကိုယ်ကိုယ်ကို ဖောက်ခွဲလိုက်ခြင်းဖြင့် ကျန်းချန်ကို သတ်ပစ်နိုင်ခြင်း မရှိခဲ့လျှင်ပင် ကျန်းချန်ကို ခေတ္တ နောက်ဆုတ်စေမည် ဖြစ်ရာ ဤအချိန်တွင် သူ၏ ဝိညာဉ်သည် လျှို့ဝှက် နည်းစနစ်ဖြင့် ထွက်ပြေးရန် အခွင့်အရေး ရနိုင်မည် ဖြစ်သည်။
ယင်းကြောင့် ခန္ဓာကိုယ်ကို ဖောက်ခွဲ၍ စွန့်လွှတ်ခြင်းသည် အရှင်ဝိညာဉ်နက် အတွက် တစ်ခုတည်းသော အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက် ဆိုလည်းမမှားပေ။
“ချုပ်နှောင်စမ်း”
ကျန်းချန်က အလျင်စလို ပြေးဝင်လာသော အရှင်ဝိညာဉ်နက်ကို စိုက်ကြည့်ရင်း အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် စွမ်းအား ဖြစ်သည့် ကမ္ဘာ့စွမ်အား ၈မျိုး၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
ကမ္ဘာ့စွမ်အား၈မျိုး၏ စွမ်းအားသည် အရှင်ဝိညာဥ်နက်၏ ပတ်ပတ်လည်တွင် ချက်ချင်းဆိုသလို မျက်စိကျိန်းစရာ အလင်းရောင်များ တောက်ပနေသည့် နေရာလွတ် အတားအဆီးကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို နေရာလွတ် အတားအဆီး၏ စွမ်းအားသည် အရှင်ဝိညာဉ်နက်ကို ခိုင်မာစွာ ချုပ်နှောင်ထားခဲ့၏။
ကျန်းချန်ထံသို့ အလျင်စလို ပြေးဝင်လာနေသော အရှင်ဝိညာဉ်နက်၏ ခန္ဓာကိုယ်သည် အရှိန်အဟုန် ပြင်းပြင်းဖြင့် လှုပ်ရှားနေရာမှ ချက်ချင်း ရပ်တန့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အရှင်ဝိညာဉ်နက်၏ ခန္ဓာကိုယ်အတွင်းမှ နယ်မြေနတ်ဘုရား မူလဇစ်မြစ်သည် အကန့်အသတ် အထိ ဖောင်းကားလာခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်သွားခဲ့၏။
ရုတ်တရက် အရှင်ဝိညာဉ်နက် ပေါက်ကွဲသွားသည့် နေရာကို ဗဟိုပြု၍ ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်လောက်သော အဖျက်စွမ်းအင် မုန်တိုင်းတစ်ခုသည် ရုန့်ရင်းစွာ တိုက်ခတ်လာခဲ့၏။
ထိုအဖျက်စွမ်းအင် မုန်တိုင်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကောင်းကင်နှင့် မြေပြင်သည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
နောက်ဆုံးတွင် ထိုအဖျက်စွမ်းအင် မုန်တိုင်းသည် ပတ်ဝန်းကျင်ရှိ နေရာလွတ် အတားအဆီးကို ရိုက်ခတ်လာခဲ့သည်။
ကျန်းချန်၏ ကမ္ဘာ့စွမ်အား ၈မျိုး၏ စွမ်းအားဖြင့် ပေါင်းစပ်ထားသော နေရာလွတ် အတားအဆီးသည် အသက်ရှူချိန် အနည်းငယ်ခန့်သာ ခံနိုင်ရည် ရှိခဲ့ပြီး အဖျက်စွမ်းအင် မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် လုံးဝ ပျက်စီးသွားခဲ့ရသည်။
သို့ရာတွင် အဖျက်စွမ်းအင် မုန်တိုင်းက ကျန်းချန်၏ နေရာလွတ် အတားအဆီးကို ကျော်လွှားနိုင်ခဲ့သော်လည်း ၎င်း၏ စွမ်းအား အများစုသည် အတားအဆီးအောက်တွင် ပျက်ပြယ်သွားခဲ့ပြီ ဖြစ်၏။
အဆုံးသတ်တွင် လေထုထဲရှိ မိုင်ရာပေါင်း များစွာသို့ ပျံ့နှံ့သွားခဲ့ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
“နယ်မြေနတ်ဘုရားတစ်ပါးရဲ့ သူ့ကိုယ်သူ ဖောက်ခွဲလိုက်တဲ့ စွမ်းအားက မထင်မှတ်လောက်အောင် ကြောက်စရာကောင်းလှချည်လား”
ကျန်းချန်က ကောင်းကင်ယံတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် စွမ်းအင်မုန်တိုင်းကို ကြည့်နေခဲ့၏။
ကံကောင်းသည်မှာ သူက အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သို့ ရောက်ရှိပြီး ဖြစ်နေခြင်းပင်။
သို့မဟုတ်လျှင် အရှင်ဝိညာဉ်နက်၏ ဖောက်ခွဲမှုကြောင့် မသေဆုံးလျှင်ပင် ဒဏ်ရာ အပြင်းအထန် ရရှိမည်မှာ သေချာသည်။
အခန်း(၁၉၂၉) ပြီး၏။
အခန်း(၁၉၃၀)
အရှင်ဝိညာဉ်နက်၏ ခန္ဓာကိုယ် ပေါက်ကွဲအား လုံးဝငြိမ်သက်သွားချိန်တွင် ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခုသည် လေထုထဲတွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် အရှင်ဝိညာဉ်နက်၏ ကိုယ်ပွား ရာပေါင်းများစွာသည် အရပ်မျက်နှာအနှံ့သို့ ပြေးလွှားသွားကြသည်။
မည်သည့် ကိုယ်ပွားက အရှင်ဝိညာဉ်နက်၏ အစစ်အမှန် ခန္ဓာကိုယ် ဖြစ်ကြောင်း ကျန်းချန် ကိုယ်တိုင်ပင် ခွဲခြားမသိနိုင်ခဲ့ပေ။
ကျန်းချန်က လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ဓားစွမ်းအင် ဒါဇင်ပေါင်း များစွာသည် လေထုထဲတွင် ပေါက်ကွဲထွက်လာခဲ့ပြီး အရှင်ဝိညာဉ်နက်၏ ကိုယ်ပွား အများစုကို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်ခဲ့သည်။
သို့သော်လည်း အစစ်အမှန် ဝိညာဥ်ခန္ဓာကိုယ် ကိုမူ မထိခဲ့ပေ။
ကျန်ရှိသော ကိုယ်ပွားများသည် အရပ်မျက်နှာ အနှံ့သို့ ပြေးလွှားသွားကြပြီး မျက်စိတစ်မှိတ်အတွင်း အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။
"ဟူး.. ငါနည်းနည်း ပေါ့ဆမိတာ ဝိညာဥ်နက် လွတ်သွားခဲ့ပြီ"
အရှင်ဝိညာဥ်နက်၏ မှေးမှိန် ပျောက်ကွယ်သွားသည့် ကိုယ်ပွား ပုံရိပ်များကို ကြည့်ရင်း ကျန်းချန် ခေါင်းတခါခါဖြင့် သက်ပြင်းချလိုက်သည်။
ဝိညာဉ်လမ်းစဥ်သည် လမ်းစဥ် သုံးထောင်ထဲတွင် အနက်ရှိုင်းဆုံး ပညာရပ် တစ်ခု ဖြစ်သည်မှာ မငြင်းနိုင်ပေ။
တစ္ဆေဂိုဏ်းသည် မဟာမြေရိုင်းနယ်မြေတွင် ဝိညာဉ်လမ်းစဥ်နှင့် ပတ်သက်၍ အထူးချွန်ဆုံး နယ်မြေနတ်ဘုရားဂိုဏ်းဖြစ်သည်။
ထို့ကြောင့် တစ္ဆေဂိုဏ်း၏ နယ်မြေနတ်ဘုရား ဖြစ်သော အရှင် ဝိညာဉ်နက်သည် ဝိညာဉ်လမ်းစဥ်တွင် အလွန်မြင့်မားသော အဆင့်အထိ ရောက်ရှိနေပြီး ဝိညာဥ် အထူးပြု ကိုယ်ခံပညာရပ်များကို ကျွမ်းကျင်မည်မှာ သံသယဖြစ်ဖွယ်ရာ မရှိချေ။
အရှင်ဝိညာဉ်နက် အသုံးပြုသွားသည့် ဝိညာဉ် ကိုယ်ခံပညာရပ်သည် "စိတ်တစ်ခု ကိုယ်ပွားသုံးထောင် ပြောင်းလဲခြင်း" ဟူသည့် ကိုယ်ခံပညာရပ် ဖြစ်သည်။
အရှင်ဝိညာဥ်နက်က အဆင့်ကုန်ထိ မကျင့်နိုင်သေးသော်လည်း အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့် ဖြစ်သည့် ကျန်းချန်၏ ခွန်အားဖြင့်ပင် ထိုကိုယ်ခံပညာရပ်ကို အသုံးပြုထားသော အရှင်ဝိညာဥ်နက်အား တားဆီးရန် ခက်ခဲခဲ့သည်။
"တစ္ဆေဂိုဏ်းသားတွေက ထူးဆန်းတဲ့ သူတွေချည်းပဲ...သူတို့မှာ အသက်ကယ် နည်းလမ်းပေါင်းစုံ ရှိနေတာမို့ အပြီးအပိုင် သတ်ပစ်ဖို့ မလွယ်ဘူး"
"ဘာပဲဖြစ်ဖြစ် ဝိညာဉ်နက်က အသက်မသေဘဲ လွတ်မြောက်သွားရင်တောင် သူ့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်ဖို့ နှစ်ရာချီ ကြာမြင့်မှာ သေချာတယ်"
အရှင်ဟောင်ယွဲ့က ကျန်းချန်ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
နယ်မြေနတ်ဘုရား သုံးပါး၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို ရင်ဆိုင်ရစဉ်က အရှင်ဟောင်ယွဲ့သည် ဤတစ်ကြိမ်တွင် တကယ့် အသက်ဘေးနှင့် ကြုံတွေ့ရပြီဟု ထင်မှတ်ခဲ့သည်။
သို့သော် သေရေးရှင်ရေး အချိန်တွင် ကျန်းချန်သည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကို တိုက်ရိုက် ထိုးဖောက်သွားမည်ဟု မမျှော်လင့်ခဲ့ပေ။
ကျန်းချန်က အဖြူအနက် အရှင်နှစ်ပါးကို သတ်နိုင်ခဲ့သည့်အပြင် အရှင်ဝိညာဉ်နက်ကိုပါ သေလုနီးပါး တိုက်ခိုက်နိုင်ခဲ့၏။
အရှင်ဝိညာဉ်နက်၏ ဝိညာဉ်က လွတ်မြောက်သွားခဲ့သော်လည်း ယင်းမှာ အရေးမကြီးတော့ပေ။
နယ်မြေနတ်ဘုရား သုံးပါး၏ တားဆီးမှုကြားမှ အသက်ရှင်ခွင့်ရခြင်းသည်ကပင် အလွန်တရာ ကံကောင်းသည့် ကိစ္စ ဖြစ်သည် မဟုတ်ပါလား။
ကျန်းချန်က ဤကိစ္စအတွက် အချိန်ဖြုန်းမနေတော့ဘဲ တိုက်ရိုက် ပြောလိုက်သည်။
"ခုနက တိုက်ခိုက်မှုက အတော်လေး ပြင်းထန်တယ်.. တခြား ကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်တာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ ကျွန်တော်တို့ မြန်မြန် ထွက်သွားရအောင်"
"ကောင်းပြီ"
အရှင်ဟောင်ယွဲ့က သဘာဝကျစွာပင် ကန့်ကွက်စရာ မရှိခဲ့ပေ။
သူတို့နှစ်ဦးက လခြမ်း စစ်သင်္ဘောပေါ်သို့ အလျင်အမြန် ပြန်ရောက်လာကြပြီး နောက်တွင် လခြမ်း စစ်သင်္ဘောသည် ချက်ချင်းဆိုသလို အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ဟန်ယွဲ့နန်းတော်ရှိရာ အရပ်သို့ ဦးတည် ပျံသန်းသွားခဲ့သည်။
နောက်ပိုင်းခရီးစဉ်တွင် ကျန်းချန်တို့ အဖွဲ့သည် အတားအဆီးများ ထပ်မံ ကြုံတွေ့ခြင်း မရှိတော့ဘဲ မကြာမီမှာပင် ဟန်ယွဲ့နန်းတော်သို့ ချောမောစွာ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
ဟန်ယွဲ့နန်းတော်သို့ ရောက်သည်နှင့် ကျန်းချန်က အရှင်ရွှယ်သောင်း ဆီသို့ ဦးစွာ သွားရောက်ကာ မဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲတွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် တင်ပြခဲ့သည်။
"ချစ်တပည့်.. မဟာမြေရိုင်း ပါရမီရှင် အစည်းအဝေးမှာ မင်း အခွင့်အလမ်းကောင်းတွေ ရရှိမယ်လို့ ဆရာ မျှော်လင့်ခဲ့ပေမဲ့ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကို တစ်ခါတည်း ထိုးဖောက်သွားလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး.. ဒီတစ်ကြိမ် မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲ အတွက် မဟာမြေရိုင်း နတ်ဘုရင်က အတော်လေး အကုန်အကျခံခဲ့တာပဲ"
အရှင်ရွှယ်သောင်းက အလွန်တရာ ကျေနပ်သည့် အပြုံးဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားသော ပုဂ္ဂိုလ်သည် ထာဝရဟင်းလင်ပြင်၏ ဗဟိုရှိ နတ်ကုန်းမြေတိုက်မှာပင် ရှားပါးသော ပါရမီရှင် ဖြစ်၏။
ယခုအခါ ကျန်းချန်သည် နတ်ကုန်းမြေတိုက်ရှိ စစ်မှန်သော ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရန်ပင် အရည်အချင်း ပြည့်မီသွားခဲ့ချေပြီ။
"မဟာမြေရိုင်းနတ်ဘုရင် ချီးမြှင့်တဲ့ ငရဲကိုးပါး နဂါးသားရဲ အသားက ဒီလောက်တောင် ကောင်းကင်ကို ဆန့်ကျင်နေတဲ့ အကျိုးသက်ရောက်မှု ရှိမယ်လို့ တပည့်လည်း မထင်ထားခဲ့ဘူး"
ကျန်းချန်က ပြုံးလိုက်ပြီး ချက်ချင်းပင် စူးစမ်းစွာ မေးလိုက်သည်။
"ဆရာ.. အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ် ကိစ္စကို ဆရာ ဘယ်လိုမြင်လဲ"
"မင်းရဲ့စကားအရဆိုရင် အင်မော်တယ် ကောင်းကင် နတ်ဘုရား ကျင့်စဥ်က စန်းယိုနတ်ဘုရင် စီစဉ်ထားတဲ့ ကစားပွဲတစ်ပွဲ ဖြစ်နိုင်တယ်"
"စန်းယို နတ်ဘုရင် ဖြန့်ဝေထားတဲ့ ကျင့်စဥ်က အင်မော်တယ် ကောင်းကင် နတ်ဘုရား ကျင့်စဥ်ကို အခြေခံထားတဲ့ လမ်းလွဲကျင့်စဥ် တစ်ခုပဲ ဖြစ်ရမယ်"
"အဲဒီ ကျင့်စဥ်ကို အဆင့်တစ်ခု အထိ ကျင့်ကြံပြီးရင် ရလဒ်က နှစ်ခုပဲ ရှိလိမ့်မယ်.. အဲဒီ ရလဒ်က စန်းယို နတ်ဘုရင်ရဲ့ ထိန်းချုပ်မှုကို ခံရတာ ဒါမှမဟုတ် သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အဖြစ် ပြောင်းလဲသွားတာပဲ"
"မင်းအနေနဲ့ မှတ်ဉာဏ်ကို ထိန်းသိမ်းထားနိုင်တာက မင်းရဲ့ အနှိုင်းမဲ့ နတ်ခန္ဓာနဲ့ ဆက်စပ်မှု ရှိလောက်တယ်.. ဒါ့အပြင် ကုန်းလင်က အင်မော်တယ် ကောင်းကင် နတ်ဘုရား သိုင်းကို ကျင့်ကြံထားတာ ဖြစ်နိုင်ခြေရှိတယ်.. အင်မော်တယ် ကောင်းကင် နတ်ဘုရား ကျင့်စဥ်က စန်းယိုနတ်ဘုရင်ရဲ့ မျိုးစေ့ ဖြစ်နိုင်တယ်.. ကုန်းလင်က ဒီကျင့်စဥ်ရဲ့ စွမ်းအားနဲ့ မဟာမြေရိုင်း နတ်ဘုရင်ရဲ့ မှတ်ဉာဏ်ဖျက်ဆီးမှုကို ဆန့်ကျင်နိုင်ခဲ့တာ ဖြစ်မယ်"
အရှင်ရွှယ်သောင်းက လေးနက်စွာ ရှင်းပြလိုက်သည်။
ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန်တစ်ယောက် ရင်ထဲ အေးခနဲ ဖြစ်သွားခဲ့သည်။
"ဒါဆို စန်းယို နတ်ဘုရင်က တကယ်ပဲ ပြန်လည် ဝင်စားတော့မှာပေါ့"
အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်သည် မည်သည့် ကျင့်ကြံသူကို မဆို အလွန်တရာ ဆွဲဆောင်နိုင်သည့် ကျင့်စဉ် ဖြစ်သည်။
မဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် ပါရမီရှင် ရာပေါင်း များစွာထဲတွင် ကုန်းလင် နည်းတူ ထိုကျင့်စဥ်အား ကျင့်ကြံထားသူများ ရှိနေမည်ကို ကျန်းချန် သံသယမရှိပေ။
မဟာမြေရိုင်း နတ်ဘုရင်က မှတ်ဉာဏ်များကို ဖျက်ဆီးခြင်းဖြင့် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို မည်သူမှ ကျင့်ကြံ၍ မရစေရန် တားမြစ်ခဲ့သော်လည်း လုံးဝ ရှုံးနိမ့်ခဲ့ရပြီ ဖြစ်သည်။
"စန်းယိုနတ်ဘုရင်က မျိုးစေ့တွေကို ဖြန့်ကျဲခဲ့ပေမဲ့ ဒီမျိုးစေ့တွေ အမြစ်တွယ်ဖို့ နှစ်ရာချီ အချိန်ယူရမှာ ဖြစ်လို့ အချိန်တိုအတွင်းတော့ သူ ပြန်လည် ဝင်စားလာနိုင်မှာ မဟုတ်သေးဘူး"
အရှင်ရွှယ်သောင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းပင် ကျန်းချန် အံ့အားသင့်စေမည့် စကားကို ဆိုလိုက်သည်။
"ငါရဲ့ ခန့်မှန်းချက်သာ မမှားရင် စန်းယိုနတ်ဘုရင် ကိုယ်တိုင်တောင် နယ်ရုပ် တစ်ရုပ် ဖြစ်နိုင်တယ်"
ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားပြီး သူ၏ မျက်ဝန်းထဲတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
စန်းယိုနတ်ဘုရင်သည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်ရာ မည်သူက သူ့ကို နယ်ရုပ်အဖြစ် အသုံးချနိုင်ပါမည်နည်း။
"နတ်ဘုရင်အဆင့်က နတ်ဘုရားနယ်မြေမှာ အထွတ်အထိပ်ကို ရောက်နေပြီ ဆိုပေမဲ့ ကျင့်ကြံခြင်းလမ်းစဥ်ရဲ့ အဆုံးသတ် မဟုတ်သေးဘူး"
"ရှေးကာလက နတ်ဘုရားနယ်မြေမှာ နတ်ဘုရင်အဆင့်ထက် သာလွန်တဲ့ ကျင့်ကြံသူတွေ ရှိခဲ့တယ်လို့ ဆိုကြတယ်"
"စန်းယိုနတ်ဘုရင်ရဲ့ ကျင့်စဥ်က နတ်ဘုရင် အဆင့်ကိုတောင် ကျော်လွန်သွားခဲ့ပြီ.. ဒီလို ကျင့်စဥ်ကို ဖန်တီးခဲ့တဲ့သူက သာမန်ပုဂ္ဂိုလ် တစ်ဦး ဘယ်လိုမှ မဖြစ်နိုင်ဘူး"
အရှင်ရွှယ်သောင်းသည် နတ်ကုန်းမြေတိုက်၏ အစွမ်းထက် အင်အားစုမှ ဆင်းသက်လာသူ ဖြစ်၍ အရှင်ရွှယ်သောင်း၏ အတွေ့အကြုံ ဗဟုသုတများမှာ သာမန်ထက် များစွာ ထူးခြားလှသည်။
ရှင်းလင်းစွာဆိုရလျှင် နတ်ကုန်းမြေတိုက်ရှိ နတ်ဘုရင်အဆင့် ထိပ်တန် အင်အားစုပင် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ဖန်တီးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် အင်မော်တယ် ကောင်းကင် နတ်ဘုရား ကျင့်စဥ်ကို ဖန်တီးပြီး စန်းယို နတ်ဘုရင်ထံ ပေးပို့ခဲ့သူတွင် ရည်ရွယ်ချက် တချို့ ရှိကောင်း ရှိနေနိုင်၏။
အရှင်ရွှယ်သောင်း၏ စကားများကို ကြားလိုက်ရလျှင် ကျန်းချန် မှင်တက်သွားခဲ့သည်။
စန်းယိုနတ်ဘုရင်က အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ဖြင့် လူအများကို ထိန်းချုပ်နိုင်ခဲ့လျှင် ထိုသိုင်းပညာကို ဖန်တီးသူက စန်းယိုနတ်ဘုရင် ပြန်လည် မထိန်းချုပ်နိုင်ဟု မည်သူ ပြောနိုင်ပါမည်နည်း။
နတ်ဘုရင်အဆင့်ထက် သာလွန်သော တစ်စုံတစ်ယောက်သည် နတ်ဘုရင်အဆင့် ကျင့်ကြံသူကို နယ်ရုပ်အဖြစ် အသုံးချနေပါသလော။
ကျန်းချန် တွေးမိလေလေ ခေါင်းကိုက်ချင်လေလေ ဖြစ်လာခဲ့၏။
"တော်ပြီ.. ဒီအကြောင်းကို ခေါင်းရှုပ်ခံပြီး စဉ်းစားမနေနဲ့တော့.. ဒီကျင့်စဥ်ရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေပါစေ.. ဒါက မင်းနဲ့ငါ ကိုင်တွယ်နိုင်မယ့် ကိစ္စ မဟုတ်ဘူး"
အရှင်ရွှယ်သောင်းက လက်ကို ဝှေ့ယမ်းကာ ကျန်းချန်ကို ပြောလိုက်သည်။
"ချစ်တပည့်...ဆရာ မကြာခင် နတ်ကုန်းမြေတိုက်ကို ပြန်တော့မယ်...မင်း ဆရာနဲ့အတူ တစ်ခါတည်း လိုက်ခဲ့မလား"
ကျန်းချန်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
"ဒီလောက်ထိ မြန်မြန်သွားတော့မလို့လား ဆရာ"
"အင်း.. ပြန်ဖို့ အချိန်တန်ပြီ"
အရှင်ရွှယ်သောင်း၏ အိုမင်းသော မျက်ဝန်းများတွင် ခံစားချက်များ ရောပြွန်းနေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုနှစ်က ကိစ္စတစ်ခုကြောင့် နတ်ကုန်းမြေတိုက်ကနေ သူ ထွက်ပြေးခဲ့ရသည်။
ယခု နှစ်ပေါင်း တစ်သောင်းပင် ကြာမြင့်ခဲ့ချေပြီ။
"ကျွန်တော် ကိစ္စတချို့ လုပ်စရာရှိသေးတယ် ဆရာ"
အခန်း(၁၉၃၀) ပြီး၏