တမလွန်သွေးပင်လယ်
Vol. 214 Ch. 3227
“ဟီးဟီးဟီး”
ရုတ်တရက် တက္ကသိုလ်ဂိုဏ်းချုပ်က ရယ်မောလိုက်ပြီး ညင်သာစွာ ရေရွတ်လိုက်၏။
“ဆူဇီမို… နောက်ဆုံးတော့ မင်းရှုံးသွားတာပဲ”
သူတို့နှစ်ယောက်ကြား တိုက်ပွဲရလဒ်နှင့်ပတ်သက်၍ သူ့မှာ နက်ရှိုင်းသော စွဲလမ်းမှုတစ်ခု ရှိနေ၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာတုန်းက ဆူဇီမိုသည် တာအိုနှလုံးသားလှေကားမှာ ဒသမမြောက် လှေကားထစ်ကို စုဖွဲ့ခဲ့၏။ သူက ထိပ်ဆုံးကို ရောက်ရှိဖို့ ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်ပြီး ကျဆင်းသွားခဲ့ရ၏။
ဆူဇီမို၏ ဒသမမြောက် လှေကားထစ်က သူ၏ ဉာဏ်ပညာ လှေကားထစ်၏ အထက်မှာ ရှိနေခဲ့၏။
ဒါက သာမန်ကိစ္စတစ်ခုသာ ဖြစ်သော်လည်း သူသည် အဲဒါကို အမြဲတမ်းအမှတ်ရနေပြီး သူ့ရင်ထဲမှာ အထုံးတစ်ခု ဖြစ်လာခဲ့၏။
နောက်ထပ်ရှုံးနိမ့်မှုနှစ်ခုက သူ့ကို ပို၍ပင် တနုံ့နုံ့ခံစားသွားရစေ၏။
သူသည် စတင်ကျင့်ကြံခဲ့ကတည်းက သူသည် လူတစ်ယောက်၏ လက်ထဲမှာ ဤကဲ့သို့ ကြီးမားစွာ ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးပေ။
သူ၏ တွက်ချက်မှုများက ဟာကွက်မဲ့ပြီး သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်နိုင်ကာ အရာရာတိုင်းကို ထိန်းချုပ်နိုင်သည်ဟု သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားထား၏။
သို့သော်လည်း ဆူဇီမို၏ ပေါ်ထွက်လာမှုသည် သူ၏ တွက်ချက်မှုများကို ထပ်တလဲလဲ လွဲမှားစေပြီး သူ့ကို ဆိုးဆိုးရွားရွား ခံစားရစေ၏။
ရှုံးနိမ့်ခဲ့သော ထိုခံစားချက်က သူ၏ ရင်ထဲမှာ အမြဲတမ်း ပုန်းအောင်းနေ၏။
ယနေ့ ဆူဇီမို သူ့ရှေ့မှာ သေဆုံးသွားသည့်အခါမှသာ သူ၏ မချင့်မရဲခံစားချက်များက ပျက်ပြယ်သွားလေသည်။
ဆူဇီမိုက သေဆုံးသွားပြီဖြစ်ပြီး မည်သူကမှ သူ့ကို ထပ်မံ၍ မခြိမ်းခြောက်နိုင်တော့ပေ။
သူသည် ဤနေ့ကို စောင့်ဆိုင်းခဲ့ရသည်မှာ အရမ်းကို ကြာသွားခဲ့လေပြီ။
သူ ပိုင်ဆိုင်သောခေတ်၊ ကောင်းကင်ဘုံဧကရာဇ်ခေတ်က ရောက်ရှိလာပြီ။
တက္ကသိုလ်ဂိုဏ်းချုပ်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မျိုးနွယ်စုတစ်သောင်းသက်ရှိများကို ကြည့်ပြီး မထီတရီပြုံးလိုက်၏။
တကယ်တော့ သူ၏ အနာဂတ်က မဟာကမ္ဘာတစ်ထောင်လောကမှာ ဖြစ်လေသည်။
သို့သော်လည်း သူက မဟာကမ္ဘာတစ်ထောင်လောကကို မတက်လှမ်းခင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများအားလုံး၏ ရင်ထဲမှာ ဖျောက်ဖျက်မရသော အမှတ်အသားတစ်ခုကို ချန်ထားခဲ့ချင်သည်။
အဲဒါက အချိန်သိပ်ကြာလိမ့်မည် မဟုတ်ပေ။
လူသားသဘာဝအပေါ် သူ၏ နားလည်နိုင်စွမ်းနှင့်အတူ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို သူ့ထံမှာ အညံ့ခံစေပြီး သူ့ကို သူတို့၏ သခင်အဖြစ် ရိုသေလေးစားကာ သူ၏ အစေခံများ ဖြစ်လာစေဖို့ နှစ်ထောင်ဂဏန်းတချို့ဆို လုံလောက်လေသည်။
သူသည် အရင်တုန်းက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ထိန်းချုပ်ခဲ့သလိုမျိုး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အုပ်စိုးပေလိမ့်မည်။
သူသည် ရှေးဟောင်းမဟာဧကရာဇ်များနှင့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲများ၏ မှတ်တမ်းများအားလုံးကို ဖျောက်ဖျက်ပစ်ပေလိမ့်မည်။
မှတ်ဉာဏ်များအားလုံး၊ အမှန်တရားများအားလုံးနှင့် အရာရာတိုင်းက ပျောက်ကွယ်သွားပေလိမ့်မည်။
သူကတော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ တစ်ဦးတည်းသော နတ်ဘုရားနှင့် မျိုးနွယ်စုတစ်သောင်းသက်ရှိများ၏ အမှတ်အသားရုပ်ပုံလွှာ ဖြစ်လာပေလိမ့်မည်။ မည်သူကမှ သူ့ကို ဆန့်ကျင်ရဲလိမ့်မည် မဟုတ်ပေ။
သူသည် မဟာကမ္ဘာတစ်ထောင်လောကသို့ နောက်ပိုင်းမှာ တက်လှမ်းသွားမည်ဆိုလျှင်တောင် မျိုးနွယ်စုတစ်သောင်းကြားမှာ သူ၏ အဆင့်အတန်းက ဘယ်တော့မှ ယိမ်းယိုင်သွားလိမ့်မည် မဟုတ်ပေ။
သူနှင့် ဖုန့်တူကြားမှာ သဘောထားတိုက်ဆိုင်သောအရာတစ်ခု ရှိနေသည်။
မျိုးနွယ်စုတစ်သောင်းသက်ရှိများကို ရုပ်ပိုင်းဆိုင်ရာ ကျွန်ပြုခြင်းသည် အကြမ်းဖျင်းနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။
သူပြုလုပ်ချင်သည်မှာ သက်ရှိများအားလုံး၏ စိတ်နှလုံးနှင့် အသိစိတ်ကို ကျွန်ပြုလိုခြင်းဖြစ်သည်။
ယခုသူက ဆူဇီမိုကို ကိုင်တွယ်ခဲ့ပြီး မဟာကမ္ဘာတစ်ထောင်လောကကို သူတက်လှမ်းပြီးနောက် သူ့အတွက် သေချာပေါက် ကြီးမားစွာ အသုံးတည့်မည့် ဖန်တီးခြင်းကြာပဒုမ္မာလို ရတနာတစ်ခုကိုလည်း ရရှိနိုင်တော့မည်ဖြစ်သည်။
သူသည် ဖုန့်တူထံမှ မဟာကမ္ဘာတစ်ထောင်လောကနှင့် ပတ်သက်သည့် သတင်းအချက်အလက် အတော်များများကို သိရှိထားပြီဖြစ်သည်။
ထိုနေရာသည် ထူးဆန်းသောအရာပေါင်းစုံနှင့် ပြည့်နှက်နေသော ပိုမိုကျယ်ပြန့်သည့် လောကတစ်ခု ဖြစ်၏။
ဖန်တီးခြင်းကြာပဒုမ္မာသည် အစက ထိုနေရာမှာ ရှိခဲ့သည်။
. . . . . . .
တမလွန်မြစ်၏ အနက်ပိုင်း၊ သွေးပင်လယ်၏ အလယ်ဗဟိုတွင်…
လွန်ခဲ့သည့် နှစ်တစ်ထောင်က သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခဲ့ပြီး သူက အသက်ဓာတ်အားကို ပြန်လည်ရရှိကာ နိုးထလာခဲ့၏။
ယခု နောက်ထပ် နှစ်တစ်ထောင်က ကုန်ဆုံးသွား၏။ သူက လုံးလုံးလျားလျား ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ ဒါ့အပြင် အပျက်အစီးနယ်မြေသည် ရင်းမြစ်ချီဖြင့် ပြည့်နှက်နေ၏။ ပြန်လည်အားဖြည့်သည့် ဖြစ်စဉ်အတွင်း သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုက ခပ်မှန်မှန်တိုးတက်လာ၏။ ဤအခိုက်အတန့်မှာ သူ၏ သိုင်းစကြဝဠာနှင့် အမြုတေသိုင်းလောကကို အဆင့်မြင့်ကျွမ်းကျင်မှု ရရှိသည်အထိ ကျင့်ကြံထားပြီဖြစ်သည်။
သူ၏ တိုက်ခိုက်ရည်ခွန်အားသည် လွန်ခဲ့သည့် နှစ်နှစ်ထောင်ကထက် ပိုမိုမြင့်မားသော အဆင့်တစ်ခုမှာ ရောက်ရှိနေ၏။
အပျက်အစီးနယ်မြေသည် ကြွယ်ဝသော ရင်းမြစ်ချီဖြင့် ပြည့်နှက်နေရုံသာမက သိုင်းတာအိုပင်မခန္ဓာသည် ဤနေရာမှာ သူ၏ ခွန်အား ဖိနှိမ်ခံရသည်ဟု မခံစားရပေ။
ဤနေရာမှာ သူသည် မဟာဧကရာဇ်တစ်ပါးထက် ကျော်လွန်သော စွမ်းအားကို ထုတ်ဖော်နိုင်သည်။
ဤအပျက်အစီးနယ်မြေသည် ကောင်းကင်ဘုံတာအို နိယာမများဖြင့် သက်ရောက်ခြင်းမခံရသည့်အလားပင်။
ဤနေ့မှာ သိုင်းတာအိုပင်မခန္ဓာသည် တရားထိုင်ပြီး ကျင့်ကြံနေစဉ် သူသည် ရုတ်တရက် ရင်တလှပ်လှပ် ခံစားလာရ၏။ သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို ဆတ်ခနဲဖွင့်လိုက်၏။
သူ နိုးထလာပြီးကတည်းက အစစ်အမှန်ခန္ဓာနှစ်ခုသည် ဆက်သွယ်မှု ပျောက်ဆုံးသွားခဲ့၏။ စွမ်းအားတချို့က သူတို့ကို ဖြတ်တောက်ထားသည့်အလားပင်။
သူ့ဘက်မှာတော့ သူသည် မသိသာ မထင်ရှားသော ဆက်သွယ်မှုတစ်ခုကို ဖမ်းမိနိုင်ဆဲဖြစ်၏။
သို့သော်လည်း စောစောက ထိုဆက်သွယ်မှုကလေးကပင် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
တကယ်ဆို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မျိုးနွယ်စုတစ်သောင်းသက်ရှိများ၏ ငိုကြွေးသံများကိုပင် သူက ခပ်ရေးရေးကြားမိနိုင်၏။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက တစ်ခုခုဖြစ်သွားခဲ့လေပြီ။
သိုင်းတာအိုပင်မခန္ဓာက မတ်တတ်ထရပ်ပြီး မလှမ်းမကမ်း သွေးပင်လယ်၏ ဘေးမှာ ထိုင်နေသော အနက်ရောင်ဝတ်အမျိုးသားကို ကြည့်လိုက်၏။ သူက လက်နှစ်ဖက်ကို အနည်းငယ်ယှက်ပြလိုက်၏။
“စီနီယာ... ကျုပ်မှာ လုပ်စရာကိစ္စတစ်ခု ရှိလာလို့ ကျုပ်အခုပဲ သွားနှင့်ပါတော့မယ်”
ဤနှစ်များအားလုံးမှာ သိုင်းတာအိုပင်မခန္ဓာသည် အပျက်အစီးနယ်မြေကနေ ထွက်ခွာမသွားခဲ့ပေ။ ပထမအချက် - ဤနေရာက သူ၏ ကျင့်ကြံမှုကို တိုးမြှင့်ပေးနိုင်၏။
ဒုတိယအချက် - အနက်ရောင်ဝတ်အမျိုးသား၏ အတွေးအကြံကို သူက မသိရဘဲ မဆင်မခြင်မပြုမူရဲပေ။
သူသည် အနက်ရောင်ဝတ်အမျိုးသားနှင့် ဆက်သွယ်ပြောဆိုဖို့ ကြိုးစားကြည့်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။
ဤတစ်ခေါက်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် ကြီးကြီးမားမား အပြောင်းအလဲတစ်ခု ဖြစ်ပွားနေသည်ကို သူက အာရုံခံမိသောအခါ သိုင်းတာအိုပင်မခန္ဓာသည် ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။ သူက အနက်ရောင်ဝတ်အမျိုးသားကို သတင်းပေးပြီးနောက် လှည့်ထွက်လိုက်၏။
“မင်း ဒီမှာနေတာ ပိုကောင်းလိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာက လှည့်ထွက်ပြီး သွေးပင်လယ်ကို ဖြတ်ကျော်တော့မည့်ဆဲဆဲမှာပင် အနည်းငယ်ခြောက်သွေ့အက်ကွဲနေသော အသံတစ်သံက သူ၏ နောက်ဘက်ကနေ ထွက်ပေါ်လာ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်သည်။
အနက်ရောင်ဝတ်အမျိုးသားက ဘာကိုဆိုလိုတာလဲ…
အဲဒါက အကြံပေးတာလား… သို့မဟုတ် သတိပေးနေတာလား…
သို့မဟုတ် အဲဒါက ခြိမ်းခြောက်မှုတစ်ခုလား…
သိုင်းတာအိုပင်မခန္ဓာက အနက်ရောင်ဝတ်အမျိုးသားကို လှည့်ကြည့်လိုက်၏။ သူက ဖြေရှင်းချက်တစ်ခုကို စောင့်ဆိုင်းနေသည့်အလားပင်။
“မင်းက အဲဒီမှာရှိတဲ့ အခြေအနေကို စိုးရိမ်နေတယ်ဆိုရင် ငါ မင်းကို အကြမ်းဖျင်းပြောပြပေးနိုင်တယ်”
အနက်ရောင်ဝတ်အမျိုးသား၏ လေသံက တည်ငြိမ်နေပြီး ပြီးခဲ့သည့် နှစ်နှစ်ထောင်အတွင်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဖြစ်ပျက်ခဲ့သည့်အရာများကို အကြမ်းဖျင်း ပြန်ပြောပြလိုက်၏။
သူသည် စောစောက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဆူဇီမို၊ ဖုန့်တူ၊ ငရဲအရှင်နှင့် တက္ကသိုလ်ဂိုဏ်းချုပ်အကြား တိုက်ပွဲအကြောင်းကိုပင် သိရှိနေ၏။
အနက်ရောင်ဝတ်အမျိုးသားသည် အပျက်အစီးနယ်မြေမှာ တစ်ချိန်လုံးနေထိုင်ပြီး ဤနှစ်များအားလုံးမှာ လှုပ်ရှားသွားလာခဲ့ခြင်း မရှိပေ။ သို့သော်လည်း သူက အရာရာတိုင်းကို သိရှိနေ၏။
သိုင်းတာအိုပင်မခန္ဓာက ထိုစကားကို ကြားသောအခါ တုန်လှုပ်သွား၏။
သူသည် အပျက်အစီးနယ်မြေမှာ နိုးထလာပြီးနောက် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ ဖြစ်ပျက်ခဲ့သည့်အရာများကို လုံးဝ မသိရှိခဲ့ပေ။ တျဲယွဲ့၏ သေဆုံးမှု၊ မဟာအဝီစိ ဖျက်ဆီးခံရမှု၊ ငရဲအရှင် ပြန်ရောက်လာမှုနှင့် တက္ကသိုလ်ဂိုဏ်းချုပ် မဟာဧကရာဇ်တစ်ပါး ဖြစ်လာခြင်းကိုလည်း သူ မသိရှိပေ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အန္တရာယ်ကို အာရုံခံမိသွားပြီး သိုင်းတာအိုပင်မခန္ဓာက ဆက်လက်၍ တွေဝေမနေတော့ပေ။ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သွေးပင်လယ်ကို ဖြတ်ကျော်ကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်သွားဖို့ ပြင်လိုက်၏။
အပျက်အစီးနယ်မြေနှင့် သွေးပင်လယ်၏ အထက်မှာ စွမ်းအားအဟန့်အတားတချို့ ရှိနေပုံရ၏။
ဤနေရာမှာ လေဟာနယ်ကို မဆုတ်ဖြဲနိုင်ဘဲ သူက လှုပ်ရှားမှုနည်းစနစ်ကိုသာ မှီခိုနိုင်လေသည်။
သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာသည် သွေးပင်လယ်၏ အစပ်ကို ရောက်ရှိလာ၏။ သူက အပြင်ဘက်သို့ လျှောက်လှမ်းထွက်တော့မည့်ဆဲဆဲမှာပင် သူသည် ကြီးမားသော အန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်တရက်ခံစားမိလိုက်၏။
သူ၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးလာ၏။
ဤခံစားချက်က သူနှင့် ရင်းနှီးမှုရှိနေ၏။
၎င်းသည် မဟာကမ္ဘာတစ်ထောင်လောကကနေ လာခြင်းဖြစ်၏။
နှစ်နှစ်ထောင်ကြာပြီးနောက် ကောင်းကင်ဘုံကပ်ဘေး၏ လိုက်လံတိုက်ခိုက်မှုက ယခုချိန်ထိ ပျောက်ကွယ်မသွားသေးပေ။
သူသည် သွေးပင်လယ်၏ အပြင်ဘက်ကို ခြေတစ်လှမ်းထွက်ရဲသည်နှင့် မဟာကမ္ဘာတစ်ထောင်လောကမှလာသော ကောင်းကင်ဘုံကပ်ဘေးက ချက်ချင်းပင် ဆင်းသက်လာမည်ကို သိုင်းတာအိုပင်မခန္ဓာက သေချာပြောနိုင်၏။
“မင်းက မဟာကမ္ဘာတစ်ထောင်လောကရဲ့ စောင့်ကြည့်ခြင်းခံနေရပြီ… မင်းက တမလွန်သွေးပင်လယ်ရဲ့ အပြင်ဘက်ကို ခြေတစ်လှမ်းထွက်တာနဲ့ သတ်ဖြတ်ခံရလိမ့်မယ်”
သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ဘေးနားသို့ ရောက်ရှိလာသည့်အလား အနက်ရောင်ဝတ်အမျိုးသား၏ လေသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။
ဤသွေးပင်လယ်ကို တမလွန်သွေးပင်လယ်ဟုခေါ်ဆိုကြောင်း သိုင်းတာအိုပင်မခန္ဓာက ပထမဆုံးအကြိမ် သိရခြင်းလည်းဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက သုန်မှုန်သွားပြီး သူ၏ မျက်လုံးက တဖျတ်ဖျတ်လက်သွား၏။
သူသည် သွေးပင်လယ်ထဲကို လှမ်းဝင်မည်ဆိုလျှင် သူက သေရမည်သာမက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကဆီ ခန့်မှန်း၍မရသော ကပ်ဘေးတစ်ခုကိုပါ ယူဆောင်မိပေလိမ့်မည်။
ကောင်းကင်ဘုံကပ်ဘေး နောက်ဆုံးအကြိမ် ဆင်းသက်လာတုန်းက ၎င်းသည် သုံးဘုံလောက၏ အဟန့်အတားကို ကြေမွပျက်စီးစေပြီး ဗြဟ္မာတစ္ဆေမိခင်၏ ကျင့်ကြံမှုက ကြီးမားစွာ မြင့်တက်လာကာ တျဲယွဲ့ကို သတ်ဖြတ်နိုင်ခဲ့၏။
မဟာအဝီစိက ပျက်စီးပြီး ငရဲအရှင်က လွတ်မြောက်သွားခဲ့သည်။
သူသည် တမလွန်သွေးပင်လယ်ကနေ ထွက်ခွာမည်ဆိုလျှင် သူသည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် မျက်နှာချင်းမဆိုင်ရခင် အရင်သေရပေလိမ့်မည်။
သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အန္တရာယ်ကို မဖြေရှင်းပေးနိုင်ရုံသာမက သုံးဘုံလောက၏ အဟန့်အတားက နောက်တစ်ဖန် ကြေမွပျက်စီးသွားပေလိမ့်မည်။ ထိုအချိန်မှာ မည်ကဲ့သို့သော ကပ်ဘေးများ ဆင်းသက်လာမည်ကို မသိနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှစဉ်းစားပြီးနောက် တစ်ဖက်သို့လှည့်ကာ အပျက်အစီးနယ်မြေရှိရာသို့ ပြန်ရောက်လာ၏။ သူက အနက်ရောင်ဝတ်အမျိုးသား၏ ဘေးကို ရောက်ရှိလာသောအခါ လက်နှစ်ဖက်ကိုယှက်ပြီး မေးလိုက်၏။
“စီနီယာ... ကျုပ်ကို မဟာကမ္ဘာတစ်ထောင်လောကက စောင့်ကြည့်နေတယ်လို့ အခုပဲ ခင်ဗျားပြောခဲ့တယ်… ကျုပ်အဲဒီကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်နိုင်မလဲ”
“ဟေး ဟေး”
အနက်ရောင်ဝတ်အမျိုးသားက ထူးဆန်းစွာ ရယ်မောလိုက်၏။
“ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲ ငါသိရင် ငါက ဒီလိုမျိုးနေရာမှာ ဘာလို့ ရှိနေမှာလဲ”
ထိုတုံ့ပြန်မှုကို ကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက ရင်ထဲမှာ နင့်ခနဲဖြစ်သွားပြီး ထိုအတွေးကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်၏။
အနက်ရောင်ဝတ်အမျိုးသားကဲ့သို့ ထူးခြားအံ့မခန်း ပညာရှင်တစ်ဦးပင်လျှင် ဤနေရာကနေ ထွက်ခွာမသွားနိုင်ပေ။
ပြီးခဲ့သည့် ခေတ်တချို့၊ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲများတွင် ဤလူ၏ မည်သည့်အငွေ့အသက်ကိုမှ မတွေ့မြင်ခဲ့ရသည်မှာ အံ့သြစရာမရှိတော့ပေ။