ငါလည်း ပါမယ်
Vol. 214 Ch. 3230
မိုးကောင်းကင်ကိုးလွှာ၏ အထက်မှာ…
တက္ကသိုလ်ဂိုဏ်းချုပ်သည် တိမ်စိုင်များအထက်မှာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် မတ်တတ်ရပ်နေ၏။ မိုးမြေတာအိုအမှတ်အသား၏ အလင်းရောင်အောက်မှာ သူ့ကို တိုက်ရိုက်ပင် မကြည့်နိုင်ဘဲ သူက လောကကို အုပ်စိုးသည့် နတ်ဘုရားတစ်ပါးနှင့် အမှန်တကယ် တူနေ၏။
“မင်္ဂလာပါ ကောင်းကင်ဘုံဧကရာဇ်”
စုန်းမျိုးနွယ်မှ သက်ရှိများစွာသည် အရင်ဆုံးတုံ့ပြန်ပြီး ရိုသေလေးစားသော အမူအရာများနှင့်အတူ ဒူးထောက် ချလိုက်ကြ၏။
စုန်းများစွာသည် အဆုံးမဲ့အထင်ကြီးလေးစားမှုနှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်ကို ကြည့်နေကြ၏။
တက္ကသိုလ်ဂိုဏ်းချုပ်၏ မျိုးဆက်သွေးတစ်ဝက်သည် မည်သို့ပင်ဆိုစေ စုန်းမျိုးနွယ်မှ ဖြစ်သည်။ ယခု သူက ကောင်းကင်ဘုံဧကရာဇ်ဖြစ်လာပြီး အသစ်စက်စက် ခေတ်တစ်ခေတ်ကို ဖန်တီးလိုက်ကာ သူတို့ကလည်း ဂုဏ်ယူဝင့်ကြွားမှုကို ခံစားနေရ၏။
ယခုမှစ၍ စုန်းမျိုးနွယ်က သေချာပေါက် ထွန်းတောက်လာတော့မည်ကို စဉ်းစားကြည့်ဖို့ မခက်ခဲပေ။
စုန်းမျိုးနွယ်၏ နောက်ဘက်မှာ သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာ၊ အသက်မဲ့ကမ္ဘာနှင့် အဆိပ်ကမ္ဘာမှ ကျင့်ကြံသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ကာ ကောင်းကင်ဘုံဧကရာဇ်၏ ဘွဲ့ကို တိုင်တည်လိုက်ကြ၏။
တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေပြီး သူက ဤအခိုက်အတန့်ကို ပျော်ရွှင်ခံစားနေ၏။
အရင်တုန်းက ကျော်ကြားခဲ့သော ပညာရှင်များနှင့် သူ့ကိုအထင်သေးခဲ့သော လူများက ယခု သူ့ခြေရင်းမှာ ပြားပြားဝပ်နေကြပြီဖြစ်သည်။
သို့သော်လည်း ထိုသည်က မလုံလောက်ပေ။
ကောင်းကင်ဘုံဧကရာဇ်အနေဖြင့် သူသည် လုံလောက်သည့် ရိုသေလေးစားမှုကို ယခုချိန်ထိ မရရှိသေးပေ။
တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ၏ ဘေးပတ်လည်ကို ငုံ့ကြည့်ကာ စစ်ဆေးလိုက်၏။ သူ၏ အကြည့်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဖြတ်သန်းသွားလေသည်။
ထိုအကြည့်တစ်ချက်မျှနှင့် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် စဉ်းစားကြည့်၍ မရနိုင်သော ဖိအားတစ်ရပ်ကို ခံစားလိုက်ရ၏။ ကပ်ဘေးတစ်ခုက နောက်ခဏ၌ ဆင်းသက်လာတော့မည့်အလား သူတို့က မွန်းကျပ်ဖွယ်ရာ ခံစားလာရ၏။
မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားနှင့်အတူ သူ့အနေဖြင့် လောကတစ်ခုလုံးကို ဖျက်ဆီးပြီး ဘီလီယံနှင့်ချီသော သက်ရှိများကို သတ်ဖြတ်ဖို့က အရမ်းကို လွယ်ကူနေပေလိမ့်မည်။
မဟာဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်ရချိန်မှာ သံသရဖူဆောင်းအဘိုးအိုနှင့် အင်မော်တယ်ဧကရီလင်းလုံကဲ့သို့ လူများပင်လျှင် ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
“မင်းတို့တွေ ဘာလို့ ဦးမညွှတ်သေးတာလဲ… မင်းတို့တွေ ဘာကိုဆက်ပြီး မျှော်လင့်စောင့်စားနေတာလဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က မှင်သေသေဖြင့် မေးလိုက်၏။
“မင်းက ငါတို့ကို ဦးညွှတ်စေချင်တယ်ပေါ့… မင်းနဲ့ ထိုက်တန်လို့လား”
ဖုန့်စန်းထျန်က လှောင်ရယ်ကာ အော်ပြောလိုက်၏။
သံသရဖူဆောင်းအဘိုးအိုက တည်တံ့စွာ ပြောလိုက်၏။
“သက်ရှိတွေအားလုံးရဲ့ အချုပ်အနှောင်ကို ချိုးဖျက်ပေးဖို့အတွက် ရှေးဟောင်းမဟာဧကရာဇ်တွေက သူတို့ကိုယ်သူတို့ စွန့်လွှတ်စတေးရမယ်ဆိုရင်တောင် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ခေါင်းမာမာနဲ့ ပါဝင်ဆင်နွှဲခဲ့ကြတယ်… ဒါပေမဲ့ မင်းကတော့ မျိုးနွယ်စုတစ်သောင်းကို ကျွန်ပြုချင်နေတယ်… မင်းက မဟာဧကရာဇ်ဆိုတဲ့ ဘွဲ့နဲ့ လုံးဝ မထိုက်တန်ဘူး”
“အမှန်ပဲ… ငါတို့တွေ အညံ့ခံမှာ မဟုတ်ဘူး”
“ငါတို့က ငါတို့ရဲ့အသက်တွေကို စွန့်လွှတ်စတေးရမယ်ဆိုရင်တောင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက နောက်ဆုံးချိန်ထိ မင်းနဲ့တိုက်ခိုက်မယ်”
ထျန်ဟွမ်ကမ္ဘာ၊ ဓားကမ္ဘာနှင့် နီညိုရောင်မျောက်ဝံကမ္ဘာမှ ပညာရှင်များသာလျှင် မဟုတ်ဘဲ အခြားသောကမ္ဘာများမှ မရေမတွက်နိုင်သော ပညာရှင်များကလည်း ရှေ့သို့ထွက်ကာ ကျယ်လောင်စွာ အော်ပြောလိုက်ကြ၏။
လွန်ခဲ့သည့် နှစ်နှစ်ထောင်ကဆိုလျှင် ကောင်းကင်ဘုံခုံရုံးနှင့် ရင်ဆိုင်ရာမှာ ရှေ့သို့ထွက်လာရဲသည့်လူ သေချာပေါက် များစွာရှိလိမ့်မည် မဟုတ်ပေ။
လွန်ခဲ့သည့် နှစ်နှစ်ထောင်က မဟာဧကရာဇ် အထီးကျန်သိုင်းသခင်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝှမ်း သိုင်းတာအို၏ အမွေအနှစ်ကို ဖြန့်ဝေပေးခဲ့သောကြောင့်သာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် နိုးထလာပြီး ခုခံဆန့်ကျင်ရဲကြခြင်းဖြစ်၏။
တက္ကသိုလ်ဂိုဏ်းချုပ်က မထီတရီ ပြုံးနေ၏။
သူ့အမြင်အရ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အထီးကျန်သိုင်းသခင်က တာအိုကို သင်ကြားပေးခဲ့သည့် အချိန်သည် တိုတောင်းလွန်းလေသည်။
နှစ်နှစ်ထောင်မျှက အကန့်အသတ်ရှိသော ရိုက်ခတ်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။
သူ၏ ကြောက်ခမန်းလိလိ နည်းလမ်းများနှင့် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာနှင့် သွေးသံရဲရဲ သတ်ဖြတ်မှုများနှင့်အတူ အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ခုခံမှုများကို ဖိနှိမ်ဖို့ လုံလောက်လေသည်။
အင်မော်တယ်ဧကရီလင်းလုံက အေးစက်စွာ ပြောလိုက်၏။
“နင်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နင့်ရဲ့တာအိုကို အတည်ပြုပြီး မဟာဧကရာဇ်တစ်ပါးဖြစ်လာပေမဲ့ နင်က မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေရဲ့ ရိုသေလေးစားမှုကို ရရှိဖို့နေနေသာ သူတို့ရဲ့ နှလုံးသားကိုတောင် အနိုင်ရမှာ မဟုတ်ဘူး”
“ဟဲဟဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က ရယ်မောကာ မေးလိုက်၏။
“အဲ့တော့ ဘာဖြစ်လဲ”
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မျိုးနွယ်စုတစ်သောင်း ပူးပေါင်းထားမယ်ဆိုရင်တောင် သူတို့က ငါ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”
နဂါးလောကအရှင်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“မင်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မျိုးနွယ်စုတစ်သောင်းစလုံးကို သတ်ဖြတ်ပြီး မင်းတစ်ယောက်တည်း ကျန်ခဲ့မယ်ဆိုရင် ကောင်းကင်ဘုံဧကရာဇ်ဖြစ်ရတာ ဘာအဓိပ္ပါယ်ရှိဦးမှာလဲ”
“အဲ့လောက်ထိ မလိုပါဘူး”
တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံးပြီး သူ၏ ခေါင်းကို ခါယမ်းလိုက်၏။ သူက လက်တစ်ဖက်ကိုမြှောက်ပြီး ကြယ်တာရာကောင်းကင်ကို လက်ညှိုးထိုးလိုက်၏။
“အခုချိန်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ကမ္ဘာထက်ဝက်ကျော်က ငါ့ကိုထွက်ပြီး ရင်ဆိုင်ရဲတယ်… ကျန်တဲ့ သူတွေကတော့ စောင့်ကြည့်နေကြတုန်းပဲ”
“ငါက ငါ့ရဲ့လက်တစ်ဖက်ကို မှောက်လှန်ပြီး ကမ္ဘာဆယ်ခုကို ဖျက်ဆီးလိုက်မယ်ဆိုရင်... ခန့်မှန်းကြည့်လေ… ကမ္ဘာဘယ်လောက်များများက ငါနဲ့ ရန်သူတွေ ဆက်ပြီးဖြစ်လာရဲဦးမှာလဲ”
သံသရဖူဆောင်းအဘိုးအိုနှင့် အခြားသူများ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
တုံ့ပြန်မှုကို စောင့်မနေဘဲ တက္ကသိုလ်ဂိုဏ်းချုပ်က ဆက်ပြောလိုက်၏။
“ငါက ကမ္ဘာတစ်ရာ ဒါမှမဟုတ် နှစ်ရာကို ဖျက်ဆီးလိုက်မယ်ဆိုရင်ရော… လူဘယ်လောက်များများက ကောင်းကင်ဘုံခုံရုံးကို ဆက်ပြီး ဆန့်ကျင်ရဲဦးမှာလဲ”
အင်မော်တယ်ဧကရီလင်းလုံနှင့် အခြားသူများက နှုတ်ဆိတ်သွားကြ၏။
တက္ကသိုလ်ဂိုဏ်းချုပ်၏ နည်းလမ်းများနှင့်အတူ သူ့အနေဖြင့် သူ့ကိုဆန့်ကျင်သည့်လူတိုင်းကို သတ်ဖြတ်စရာ မလိုအပ်သည်ကို သူတို့၏ ရင်ထဲမှာ သိရှိထားကြ၏။
သူသည် သူတို့ထဲမှာ တစ်စိတ်တစ်ဒေသကို သွေးသံရဲရဲဖြင့် ဖိနှိမ်ဖို့သာ လိုအပ်လေသည်။ ထိုသို့ဖြင့် အခြားသော သက်ရှိများကို ခြိမ်းခြောက်နိုင်ပေလိမ့်မည်။
တက္ကသိုလ်ဂိုဏ်းချုပ်က ဆက်ပြောလိုက်၏။
“ဒီနေ့ကစပြီး ငါက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတွေရဲ့ မှတ်တမ်းတွေနဲ့ ရှေးဟောင်းမဟာဧကရာဇ်တွေရဲ့ မှတ်တမ်းတွေ အားလုံးကို ဖျောက်ဖျက်ပစ်မယ်… ဘယ်သူကမှ အဲ့ဒီအကြောင်းကို ဆွေးနွေးပြောဆိုခွင့် မရှိစေရဘူး…. အချိန်ကြာလာတာနဲ့ လူဘယ်လောက်များများက သူတို့ကို အမှတ်ရဦးမှာလဲ”
“ဒီနေ့ကစပြီး ငါက ကောင်းကင်ဘုံဧကရာဇ် ဖြစ်လာမယ်… မျိုးနွယ်စုတစ်သောင်းရဲ့ ကံကြမ္မာက ငါ့ရဲ့ အတွေးတစ်ချက်အပေါ်မှာ မူတည်နေလိမ့်မယ်”
“ငါ့ရဲ့စိတ်ဆန္ဒက ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒ ဖြစ်လာမယ်”
“ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒကို ဆန့်ကျင်တာက ကြီးလေးတဲ့ ပုန်ကန်မှုပဲ… သူတို့က ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်ကို သေချာပေါက် ရရှိလိမ့်မယ်”
“အထီးကျန်သိုင်းသခင်က သိုင်းတာအိုရဲ့ အမွေအနှစ်ကို ဖြန့်ဝေပေးခဲ့မယ်ဆိုရင်တောင် ငါက ကောင်းကင်ဘုံဧကရာဇ်ခေတ်မှာ သူတို့အားလုံးကို ဖျောက်ဖျက်ပစ်မယ်”
တက္ကသိုလ်ဂိုဏ်းချုပ်သည် သည်းမခံနိုင်လောက်အောင် မောက်မာသော ပုံစံဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေ၏။ သူ၏ လေသံက အေးစက်နေပြီး သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများသည် ထိုစကားကို ကြားသောအခါ နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ခံစားလာရ၏။
အမှောင်ထု၏ လွှမ်းခြုံမှုအောက်မှာ ထိုမှတ်ဉာဏ်များနှင့် သိုင်းတာအိုစိတ်ဝိညာဉ်သည် အမှောင်ထုထဲမှာ လွင့်ပြယ်သွားနိုင်သည့် အားနည်းသော မီးတောက်များကဲ့သို့ ဖြစ်လာ၏။
ထိုအခိုက်အတန့်မှာ ထိုမီးတောက်များသည် ငြိမ်းသေတော့မည့်ဆဲဆဲဖြစ်၏။
ထိုအခိုက်အတန့်မှာ ညသည် အမှန်တကယ် အမှောင်မိုက်ဆုံး ဖြစ်လာပေလိမ့်မည်။
လင်းရွှမ်ကျီသည် မဟာဧကရီ တမလွန်ကိုးဘုံ၏ အမွေအနှစ်ကုန်းမြေမှာ ပုန်းကွယ်ပြီး သူ၏ အော်ရာကို ရုပ်သိမ်းထား၏။ ယခုချိန်မှာ သူသည် သုန်မှုန်နေသော အမူအရာဖြင့် ဒေါသတကြီးရေးသားနေပြီး ဤအခိုက်အတန့်ကို မှတ်တမ်းတင်နေ၏။
သူသည် ပဟေဠိနန်းတော်၏ တာဝန်ကို သူ၏ ရင်ထဲမှာ အမှတ်ရနေဆဲဖြစ်၏။
သင်ကြားပို့ချမှုကို တည်ထောင်ခြင်း၊ သမိုင်းကို မှတ်တမ်းတင်ခြင်း၊ အကျိုးဆောင်မှုများကို ဆက်လက်ဖန်တီးခြင်းနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
ထိုအရာသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ကမ္ဘာဦးခေတ်နှင့် ရှေးဟောင်းခေတ်တွင် လည်ပတ်ခဲ့သော ဒဏ္ဍာရီများကဲ့သို့ဖြစ်၏။
အမှောင်ထုက ဆင်းသက်လာမည်ဆိုလျှင် အနည်းဆုံးတော့ သူနှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ကျန်ရစ်နေရပေလိမ့်မည်။
အနာဂတ်တစ်နေ့တွင် သူသည် ဤထာဝရညမှာ မျှော်လင့်ချက်တစ်စွန်းတစ်စကို ထုတ်ဖော်ကောင်း ထုတ်ဖော်နိုင်ပေလိမ့်မည်။
“သားတို့တွေကို တစ်ယောက်ယောက် ကယ်တင်ပေးဦးမလား”
လောက၏ ထောင့်တစ်နေရာမှာ ကလေးငယ်တစ်ဦးက သူ့အမေ၏ ရင်ခွင်ထဲမှာ ကြောက်ရွံ့စွာဖြင့် ပုန်းကွယ်နေပြီး အားအင်ချိနဲ့စွာ မေးလိုက်၏။
အမျိုးသမီး၏ အကြည့်က မှေးမှိန်သွားပြီး သူမက နှုတ်ဆိတ်နေ၏။
မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီ သွေးလိပ်ပြာက သေဆုံးသွားပြီဖြစ်ပြီး မည်သူကမှ ထပ်မံ၍ ပေါ်ထွက်လာတော့မည် မဟုတ်ပေ။
“အခုကစပြီး ငါတို့တွေက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းခွင့်ရှိမှာ မဟုတ်တော့ဘူး”
“ငါတို့က ဆက်ပြီး တိုက်ခိုက်ကြဦးမှာလား… ငါတို့က ကောင်းကင်ဘုံခုံရုံးကို ဆက်ပြီးဆန့်ကျင်မယ်ဆိုရင် ရလဒ်က တစ်ခုတည်းပဲရှိတယ်… ဘယ်အရာကမှ ပြောင်းလဲသွားတော့မှာ မဟုတ်ဘူး”
“အမှန်ပဲ… ငါတို့တွေ သေရရုံတင်မကဘူး… ငါတို့ရဲ့ မျိုးဆက်တွေကပါ ကောင်းကင်ဘုံဧကရာဇ်ရဲ့ ကျေးကျွန်တွေ ဖြစ်လာလိမ့်မယ်”
“ငါတို့က အညံ့ခံဖို့ ရွေးချယ်မယ်ဆိုရင် အနည်းဆုံးတော့ ငါတို့ရဲ့အသက်တွေကို ကယ်တင်နိုင်မယ်”
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ငေးငိုင်ပျောက်ဆုံးနေသော အမူအရာများနှင့်အတူ စတင်ယိမ်းယိုင်လာသောလူများ ရှိနေကြပြီဖြစ်၏။
ကမ္ဘာတချို့မှ ပညာရှင်များပင် တဖြည်းဖြည်းခေါင်းငုံ့ပြီး ဒူးထောက်အညံ့ခံဖို့ ပြင်နေကြလေသည်။
သူတို့က ယခုချိန်မှာ ရှေ့ထွက်မည်ဆိုလျှင် တက္ကသိုလ်ဂိုဏ်းချုပ်၏ အညှာအတာမဲ့စွာ ဖိနှိမ်ခြင်းခံရမည်ကို လူတိုင်းက သိရှိထားကြ၏။
မဟာဧကရာဇ်တစ်ပါး၏ ဖိအားအောက်မှာ လူဘယ်လောက်များများက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရဲမှာလဲ။
ထျန်ဟွမ်ကမ္ဘာ၊ ဓားကမ္ဘာနှင့် နီညိုရောင်မျောက်ဝံကမ္ဘာမှ ပညာရှင်များပင် စဉ်းစားကြည့်၍ မရနိုင်သော ဖိအားအောက်မှာ ကျရောက်နေပြီဖြစ်၏။
ထိုစဉ် အမျိုးသမီးတစ်ဦးသည် ရှေ့သို့ထွက်ပြီး သူမ၏ ခန္ဓာကိုယ်က အဆက်မပြတ်မြင့်တက်သွားကာ သူမ၏ လက်ထဲရှိ ဓားနှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်ကို ရင်ဆိုင်လိုက်၏။
“အမေ..”
လင်းလေနှင့် လင်းလောက လှမ်းအော်ခေါ်လိုက်၏။
“အင်မော်တယ်ဧကရီလင်းလုံ…”
အခြားသော ပညာရှင်များကလည်း တုန်လှုပ်သွားကြ၏။
အင်မော်တယ်ဧကရီလင်းလုံက ဆုံးဖြတ်ပြတ်သားသော အမူအရာနှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်ကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“ကောင်းကင်ဘုံကိုးလွှာကို ချိုးဖျက်ဖို့အတွက် ငါ့ယောက်ျားက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ အသက်ပေးခဲ့ရတယ်… နင်က ကောင်းကင်ဘုံခုံရုံးကို ပြန်ပြီးတည်ဆောက်ချင်တယ်ဆိုရင် သူ့ဝိညာဉ်နဲ့ ငါ့လက်ထဲက ဓားကို ခွင့်ပြုချက်တောင်းမှပေါ့”
လင်းကျန့် သေဆုံးသွားသည့်အချိန်မှစ၍ အင်မော်တယ်ဧကရီလင်းလုံ၏ နှလုံးသားက သေဆုံးသွားခဲ့ပြီဖြစ်၏။
သူမသည် လင်းကျန့်နောက်သို့ လိုက်လိုလေသည်။
သူမအတွက်တော့ သေဆုံးခြင်းက လွတ်မြောက်သွားသည့် ပုံစံတစ်ခုနှင့် ပိုတူနေ၏။
“အမေ… ကျုပ်တို့လည်း ပါမယ်”
လင်းလေနှင့် လင်းလောက လေထဲသို့ ပျံတက်လာပြီး အင်မော်တယ်ဧကရီလင်းလုံ ရှိရာသို့ ပျံသန်းလာ၏။
“ငါတို့လည်း လိုက်မယ်”
သံသရဖူဆောင်းအဘိုးအိုနှင့် အခြားသော ကမ္ဘာတချို့မှ ပညာရှင်များစွာ၊ စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးများ၊ ညဝိညာဉ်၊ ကျားနှင့် အခြားသူများကလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ထွက်လာကြ၏။
“ငါတို့တွေ သေရမယ်ဆိုတော့ ဘာဖြစ်လဲ… ဘယ်သူက ထာဝရရှင်သန်နိုင်မှာလဲ”
“ငါတို့တွေက ခြံမွေးတိရစ္ဆာန်တွေလို ကျွန်ပြုခံရပြီး အကျဉ်းချခံထားရမယ်ဆိုရင် ထာဝရရှင်သန်တော့ရော ဘာအဓိပ္ပါယ်ရှိမှာလဲ”
မရေမတွက်နိုင်သော လူများက လေထဲသို့ ပျံတက်လာပြီး အင်မော်တယ်ဧကရီလင်းလုံနှင့်အတူ ရပ်တည်လိုက်ကြ၏။
“လင်းလုံ… ငါလည်း ပါမယ်”
ကျယ်လောင်သော အော်ဟစ်သံများကြားမှာ ထောက်လှမ်းဖို့ မဖြစ်နိုင်သလောက်နီးပါးဖြစ်သော နက်ရှိုင်းသော အသံတစ်သံ ရှိနေ၏။
သို့သော်လည်း အင်မော်တယ်ဧကရီလင်းလုံက ရုတ်တရက် တုန်ယင်သွားပြီး သူမ၏ မျက်လုံးများက နီရဲလာ၏။
အဲ့ဒါက ထင်ယောင်ထင်မှား စိတ်ခံစားချက်တစ်ခုလား…
အင်မော်တယ်ဧကရီလင်းလုံက ဝမ်းနည်းစွာဖြင့် ပြုံးလိုက်၏။
အဲ့ဒါက သူမ မသေခင် ထင်ယောင်ထင်မှား စိတ်ခံစားချက်တစ်ခု ဖြစ်သည်ဆိုလျှင်တောင် လုံလောက်လေသည်။
ထိုသို့တွေးနေသော်လည်း အင်မော်တယ်ဧကရီလင်းလုံက အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ဆဲဖြစ်၏။
နောက်ခဏ၌ သူမက နေရာမှာတင် မှင်တက်၍ မျက်ရည်များက စီးကျလာ၏။