လူစုံတက်စုံ
Vol. 214 Ch. 3231
ထိုလူ၏ ခန္ဓာကိုယ်က ဖြောင့်မတ်ပြီး သူရဲကောင်းဆန်သောအမူအရာရှိနေ၏။ သူက မီးမောင်းတစ်ခုကဲ့သို့ဖြစ်ပြီး ဝင့်ကြွားသောအော်ရာတစ်ခုကို ထုတ်ဖော်ကာ သူ၏ ပခုံးထက်မှာ အလံတစ်ခုကို တင်ဆောင်လာ၏။
ထိုသူက လင်းကျန့်ကလွဲလျှင် တခြားဘယ်သူရှိဦးမှာလဲ။
အင်မော်တယ်ဧကရီလင်းလုံသည် လင်းကျန့်နှင့် နောက်တစ်ဖန်ပြန်တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး လင်းကျန့်၏ မျက်လုံးထဲမှာ နက်ရှိုင်းသောမျှော်လင့်တောင့်တမှုရှိနေ၏။ သို့သော်လည်း အင်မော်တယ်ဧကရီလင်းလုံ၏ နီရဲနေသောမျက်လုံးများနှင့်မတူဘဲ လင်းကျန့်သည် ဝိညာဉ်တစ်ခု၏ ပုံစံမှာသာဖြစ်ပြီး မငိုနိုင် မျက်ရည်မကျနိုင်ပေ။ သူက အင်မော်တယ်ဧကရီလင်းလုံကို ကြင်နာယုယစွာဖြင့်သာ ကြည့်နေ၏။
“အဖေ…”
လင်းလေနှင့် လင်းလောကလည်း စိတ်လှုပ်ရှားစွာဖြင့် လှမ်းအော်ခေါ်လိုက်၏။
အင်မော်တယ်ဧကရီလင်းလုံက လင်းကျန့်ရှိရာသို့ ပြေးဝင်သွားပြီး လင်းလေနှင့်လင်းလောက အလောတကြီး လိုက်ပါသွားကြ၏။
သူတို့လေးယောက်သည် တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်လိုက်ပြီးနောက် အင်မော်တယ်ဧကရီလင်းလုံ၏ အမူအရာက ပြောင်းလဲသွား၏။
ထိုအခိုက်အတန့်မှသာ သူမလက်ထဲရှိလူမှာ အသွေးအသားလုံးဝမရှိသည်ကို သူမက နားလည်သဘောပေါက်သွားသည်။
“ယောက်ျား… ရှင်က…”
အင်မော်တယ်ဧကရီလင်းလုံ၏ အသံက တုန်ယင်စွာထွက်ပေါ်လာ၏။
လင်းကျန့်က အင်မော်တယ်ဧကရီလင်းလုံကို ကြည့်ပြီးညင်သာစွာပြောလိုက်၏။
“ငါ… ဒီကို.. နောက်ဆုံးအကြိမ်အဖြစ် မင်းတို့ကို အဖော်ပြုပေးဖို့ ရောက်လာတာပဲ”
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ အခြားသောပညာရှင်များကလည်း ထိုသည်ကိုတွေ့မြင်သောအခါ တုန်လှုပ်နေကြ၏။
အရင်တုန်းက တိုက်ပွဲထဲမှာ လင်းကျန့်သေဆုံးသွားသည်ကို လူများစွာက မျက်မြင်တွေ့ထားခဲ့၏။ သို့သော်ယခု လင်းကျန့်သည် ပြန်လည်ရှင်သန်ပြီး နောက်တစ်ဖန်ပေါ်ထွက်လာသည်။ သို့သော်လည်း သိပ်မကြာခင် တစ်စုံတစ်ရာလွဲမှားနေသည်ကို လူတိုင်းက သတိထားမိသွားကြ၏။
လင်းကျန့်က ဝိညာဉ်တစ်ခု၏ ပုံစံမှာသာဖြစ်သည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် လင်းကျန့်၏ ပခုံးပေါ်မှ တိုက်ပွဲအလံကို စိုက်ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
သူ၏ ဝိညာဉ်ပုံစံမှာရှိနေသော လင်းကျန့်က သူ့ကို မခြိမ်းခြောက်နိုင်ပေ။
သို့သော်လည်း တိုက်ပွဲအလံမှာရေးထားသည့် ‘အထီးကျန်သိုင်းသခင်’ဟူသောစကားလုံးက သူ့ကိုပျာပျာသလဲဖြစ်စေ၏။ တစ်စုံတစ်ရာက သူ၏ ထိန်းချုပ်မှုကနေ လွတ်ထွက်နေသည့်အလားပင်။
သူက ဤခံစားချက်ကို သဘောမကျပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က လျှို့ဝှက်အတတ်တစ်ခုကို လှည့်ပတ်လိုက်ပြီး သူ၏ မျက်လုံးထဲမှာ ဂမ္ဘီရအလင်းနှစ်ခုက တောက်ပလာ၏။ သူတို့သည် ငရဲအရှင်သေဆုံးသွားရာနီရဲနေသော ကြယ်စင်စုများကြား ဝင်ရောက်ပြီး လိုက်လံရှာဖွေနေ၏။
ငရဲအရှင်က သေဆုံးသွားသော်လည်း များပြားသော အသွေးအသားပမာဏတစ်ခုက ဖိတ်စင်ပြန့်ကျဲပြီး ကြယ်စင်စုများက နီရဲနေ၏။
ဆူဇီမိုကတော့ သူသည် ကောင်းကင်ဘုံကိုးလွှာနှင့်တိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီးနောက် နီရဲနေသော ကြယ်စင်စုများကြားမှာ သေဆုံးသွားခဲ့၏။
ဆူဇီမိုသည် သေချာပေါက် သေသွားလိမ့်မည်ဟု တက္ကသိုလ်ဂိုဏ်းချုပ်က သေချာပြောနိုင်ခဲ့ပြီး သူက လိုက်လံရှာဖွေဖို့ကို အလောတကြီးရှိမနေခဲ့ပေ။
ခဏမျှရှာဖွေပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်က တုန်လှုပ်သွား၏။
နီရဲနေသော ကြယ်စင်စုများကြားမှာ ဆူဇီမို၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရတော့ပေ။
ဆူဇီမိုသည် သူ၏ မျက်စိအောက်ကနေ ရုတ်တရက်ပျောက်ကွယ်သွားသည်။
ထိုစဉ်မှာပင် နောက်ထပ်အံ့အားတသင့်ရေရွတ်သံက အဝေးကနေပေါ်ထွက်လာ၏။
တက္ကသိုလ်ဂိုဏ်းချုပ်က လှည့်ကြည့်လိုက်သည်။
လင်းကျန့်၏ နောက်ဘက်မှာ ပုံရိပ်များက တစ်ခုပြီးတစ်ခုပေါ်ထွက်လာကြ၏။ သူတို့ထဲမှာ သူတို့၏ ဘဝသက်တမ်းကို လောင်ကျွမ်းစေခဲ့သည့် ဓားကမ္ဘာမှ ပိန်ပိန်အဖိုးအိုနှင့် ဝဝအဖိုးအို၊ ကောင်းကင်ဘုံကိုးလွှာနှင့်တိုက်ခိုက်ခြင်းကို ထုတ်ဖော်ခဲ့သည့် မျောက်ဝံအိုကြီးနှင့် သားရဲဧကရီအမြီးကိုးချောင်းတို့က ပေါ်ထွက်လာပြီး တိုက်ပွဲဝင်အလံများကို ကိုင်ဆွဲထားကြ၏။
ဤလူများအားလုံးသည် လွန်ခဲ့သည့်နှစ်နှစ်ထောင်က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သေဆုံးခဲ့သူများဖြစ်သည်။
သို့သော်ယခု ဤပညာရှင်များသည် ဝိညာဉ်ပုံစံဖြင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ နောက်တစ်ဖန်ဆင်းသက်လာကြ၏။ အထီးကျန်သိုင်းသခင်နှင့် သွေးလိပ်ပြာဟူသော တိုက်ပွဲဝင်အလံနှစ်ခုက လောကမှာ တလူလူလွင့်နေပြီး အော်ဟစ်အားပေးသံများ ပို၍ပင် ထွက်ပေါ်လာ၏။
“မင်းတို့တွေ…”
သံသရဖူဆောင်းအဖိုးအိုက ဝဝအဖိုးအိုနှင့် ပိန်ပိန်အဖိုးအိုကို တွေ့မြင်သောအခါ သူကလည်း လှုပ်ရှားယိမ်းယိုင်သွားပြီး လှမ်းအော်ခေါ်လိုက်၏။
ပေါ်ထွက်လာသောပညာရှင်များက ပိုမိုများပြားလာပြီး တိုက်ပွဲဝင်အလံနှစ်ခု၏ နောက်ဘက်မှာ မတ်တတ်ရပ်ကာ ကြမ်းကြုတ်ခက်ထန်သောစစ်တပ်နှစ်တပ်ကို ဖွဲ့စည်းပြီး ကောင်းကင်ဘုံခုံရုံးကို လက်ညှိုးထိုးနေကြ၏။
“ဟမ့်…”
တက္ကသိုလ်ဂိုဏ်းချုပ်က ထိုသည်ကို တွေ့မြင်သောအခါ သူ့မှာ အထင်အမြင်သေးသောအမူအရာတစ်ခုရှိလာပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းတို့တွေက ရှုံးနိမ့်ဝိညာဉ်ဖြစ်နေတာကိုမပြောနဲ့ မင်းတို့က အသွေးအသားနဲ့ပြန်လည်ရှင်သန်လာမယ်ဆိုရင်တောင် ဘာအလှည့်အပြောင်းကိုမှ ဖြစ်လာစေမှာမဟုတ်ဘူး”
တက္ကသိုလ်ဂိုဏ်းချုပ်က တကယ်ပင် ယုံကြည်မှုရှိနေသည်။
ဝိညာဉ်ပုံစံမှာရှိသော ဤသက်ရှိတစ်အုပ်စုသည် တိုက်ခိုက်ရည်ခွန်အားများစွာကို မထုတ်ဖော်နိုင်ပေ။
သူသည် လက်တစ်ချက်ဝေ့ယမ်းရုံနှင့် သူတို့ကို မရေမတွက်နိုင်အောင် သတ်ဖြတ်နိုင်ပြီး သူ့အတွက် ခြိမ်းခြောက်မှုများစွာမရှိပေ။
“ဟုတ်ပါ့မလား”
အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
ဆူဇီမိုက အဖြူရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံနှင့်အတူ လောကမှာ ပြန်လည်ပေါ်ထွက်လာ၏။ သူ၏ ထိခိုက်ဒဏ်ရာများက သက်သာပျောက်ကင်းသွားပြီး သူ၏ မျက်လုံးက ဝင်းလက်တောက်ပနေကာ သိပ်သည်းပြင်းထန်သောသတ်ဖြတ်လိုစိတ်နှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်ကို စိုက်ကြည့်နေ၏။
ဆူဇီမို၏ ပေါ်ထွက်လာမှုက အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ပညာရှင်များစွာကို အားတက်သရောဖြစ်သွားစေ၏။
လင်းကျန့်နှင့် တခြားသူများနှင့်မတူဘဲ ဆူဇီမို၏ သွေးချီက သန်မာပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကြက်ထား၏။ သူ၏ အော်ရာက စွမ်းပကားကြီးမားပြီး သူသည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့်ယှဉ်လျှင် အရေးနိမ့်ခြင်းမရှိပေ။
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က အလွယ်တကူသေဆုံးမှာမဟုတ်ဘူးလို့ ငါသိသားပဲ”
“မဟာဧကရာဇ်နှစ်ပါးခေတ်က မပြီးဆုံးသေးဘူး”
“စောစောတုန်းက မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က ဆံပင်တွေဖြူဖွေးလာရုံပဲ… ဒါပေမဲ့ သူ့မျက်နှာက အိုစာမသွားဘူး… တစ်ခုခု ထူးဆန်းနေတယ်လို့တော့ ငါခန့်မှန်းမိခဲ့တယ်”
“ဒါပေမဲ့ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က သူ့ရဲ့ထိခိုက်ဒဏ်ရာကနေ သက်သာပျောက်ကင်းလာမယ်ဆိုရင်တောင် သူက ဧကရာဇ်အသေးနယ်ပယ်မှာပဲ ရှိနေဦးမယ်… သူက တက္ကသိုလ်ဂိုဏ်းချုပ်နဲ့ မယှဉ်နိုင်သေးဘူး”
“အဲဒါတော့ ဟုတ်တယ်… တက္ကသိုလ်ဂိုဏ်းချုပ်က ဘာပဲပြောပြော မဟာဧကရာဇ်တစ်ပါးဖြစ်နေပြီ… သူက လောကမှာ ပြိုင်ဘက်ကင်းတည်ရှိမှုပဲ”
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝန်းမှာ ထွက်ပေါ်လာသောအသံများကိုကြားရသောအခါ တက္ကသိုလ်ဂိုဏ်းချုပ်က အေးအေးဆေးဆေးပြုံး၍ပြောလိုက်၏။
“ကဲ… မင်းလည်းကြားတယ်နော် မင်းက မင်းရဲ့ဒဏ်ရာတွေသက်သာပျောက်ကင်းပြိး ပြန်ရောက်လာမယ်ဆိုရင်တောင် ငါ့ကိုမယှဉ်နိုင်သေးဘူး”
“ဆူဇီမို… မင်း သေရတော့မယ်”
ဆူဇီမိုက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
သိပ်သည်းလေးလံသောနှလုံးသားနှင့်အတူ သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒီနေ့တိုက်ပွဲမှာ မင်းရင်ဆိုင်ရမှာက ငါတစ်ယောက်တည်း မဟုတ်ဘူး”
တက္ကသိုလ်ဂိုဏ်းချုပ်က မျက်ခုံးအနည်းငယ်သာပင့်ပြီး စိတ်အနှောက်အယှက်ဖြစ်မသွားပေ။
ယခုအချိန်မှာပင် အခြေအနေက သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေသေး၏။
“ငါ့ရဲ့အမွေအနှစ်ကိုရပြီးတဲ့နောက် နင်က… တကယ်ပဲဆန့်ကျင်ဘက်တွေကို ပြုလုပ်ပြီး ကောင်းကင်ဘုံခုံရုံးကို ပြန်တည်ဆောက်ချင်တယ်ပေါ့လေ… နင်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မဟာဧကရာဇ်တစ်ပါးဖြစ်ဖို့ ထိုက်တန်လို့လား”
အမျိုးသမီးတစ်ယောက်၏ အေးစက်နေသောအသံက ထွက်ပေါ်လာ၏။
နောက်ခဏ၌ လေဟာနယ်က ပြိုကျသွား၏။ ပြန့်ကားသွားသော ရောင်လျှံစက်ဝန်းထဲကနေ အနက်ရောင်ဝတ်အမျိုးသမီးတစ်ဦးက လျှောက်လှမ်းထွက်လာပြီး ထက်ရှသောအကြည့်နှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်ကို ကြည့်နေ၏။
အနက်ရောင်ဝတ်အမျိုးသမီးကို တွေ့မြင်သောအခါ တက္ကသိုလ်ဂိုဏ်းချုပ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
“မ..မဟာ…”
တက္ကသိုလ်ဂိုဏ်းချုပ်အသံက တုန်ယင်နေပြီး သူ့မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုက ပေါ်ထွက်လာ၏။
အင်မော်တယ်ဧကရီလင်းလုံက ဤလူကို တွေ့မြင်သောအခါ သူမကလည်း အံ့အားတသင့်ရေရွတ်လိုက်၏။
“မဟာဧကရီ ကောင်းကင်ဘုံကိုးလွှာ ဆန်းကြယ်အပျိုစင်”
သူတို့နှစ်ယောက်သည် တစ်ခါက မဟာဧကရီကောင်းကင်ဘုံကိုးလွှာဆန်းကြယ်အပျိုစင်၏ အမွေအနှစ်ကိုရရှိခဲ့ပြီး အနက်ရောင်ဝတ်အမျိုးသမီးကို မှတ်မိသိရှိကြလေသည်။
ထိုစကားလုံးပေါ်ထွက်လာသည့်ခဏမှာပင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အုန်းအုန်းကျက်ကျက်ဖြစ်သွားစေ၏။
မဟာဧကရီကောင်းကင်ဘုံကိုးလွှာဆန်းကြယ်အပျိုစင်… ဒဏ္ဍာရီများထဲမှ ရှေးအကျဆုံးမဟာဧကရာဇ်။
သူမသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နောက်တစ်ဖန်အမှန်တကယ်ပေါ်ထွက်လာခဲ့လေပြီ။
မဟာဧကရီ ကောင်းကင်ဘုံကိုးလွှာဆန်းကြယ်အပျိုစင်၏ နောက်ဘက်မှာ ရှေးကျပုံရသော ကြီးမားသည့်ကျင့်ကြံသူစစ်တပ်တစ်တပ်က တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာကြ၏။ ခေါင်းဆောင်ဖြစ်သူက ‘ကောင်းကင်ဘုံကိုးလွှာ’ဟူသောစာလုံးရေးထိုးထားသည့် တိုက်ပွဲဝင်အလံတစ်ခုကို ကိုင်ဆွဲထား၏။
တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ စိတ်ကို အလျင်အမြန်တည်ငြိမ်စေလိုက်၏။
မဟာဧကရီကောင်းကင်ဘုံကိုးလွှာဆန်းကြယ်အပျိုစင်နှင့် ဤကျင့်ကြံအုပ်စုကလည်း ဝိညာဉ်ပုံစံမှာသာရှိသည်ကို သူက နားလည်သဘောပေါက်သွားသည်။
သူတို့က ဝိညာဉ်ပုံစံမှာသာရှိနေသရွေ့ သူ့အပေါ် ခြိမ်းခြောက်နိုင်စွမ်း များစွာမရှိပေ။
နောက်ခဏ၌ အခြားတစ်ဘက်မှာ လေဟာနယ်က ပြိုကျပြီး ဒုတိယမြောက်ရောင်လျှံစက်ဝန်း ပေါ်ထွက်လာ၏။
သဘာဝအလျောက်ညှို့ငင်ဖမ်းစားနိုင်သော အဖြူရောင်ဝတ်အမျိုးသမီးတစ်ဦးပေါ်ထွက်လာပြီး သူမ၏ ပြုမူလှုပ်ရှားမှုတိုင်းက ညှို့ငင်ဖမ်းစားနိုင်စွမ်းဖြင့် ပြည့်နှက်နေ၏။
သူမ၏ နောက်ဘက်မှာ နောက်ထပ်စစ်တပ်တစ်တပ်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်လာပြီး သူတို့ကြားမျာ ယက္ခိုသ်များစွာပါဝင်နေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ယက္ခိုသ်ပညာရှင်များက ရောက်ရှိလာသူကို တွေ့မြင်သောအခါ သူတို့က တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာဖြင့် ခေါ်လိုက်၏။
“မဟာဧကရီ တမလွန်ကိုးဘုံ”
မဟာဧကရီတမလွန်ကိုးဘုံ၏ အဆင့်အတန်းသည် သူတို့၏ စိတ်များထဲမှာ အမြဲတမ်းစွဲထင်နေပြီးသာဖြစ်၏။ ယန့မှာ သူတို့သည် သူမ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို မြင်တွေ့ရလေပြီ။ ယက္ခိုသ်များစွာက ထိုအချက်ကို မယုံကြည်နိုင်ကြပေ။
ရွှစ်…
ဒုတိယမြောက်တိုက်ပွဲအလံက အဖြူရောင်ဝတ်အမျိုးသမီး၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး ‘တမလွန်ကိုးဘုံ’ဟူသောစာလုံးကို ရေးထိုးထား၏။
ထို့နောက် ချက်ချင်းပင် တတိယမြောက်ရောင်လျှံစက်ဝန်းက ကြယ်တာရာကောင်းကင်ထဲမှာ ပေါ်ထွက်လာ၏။
အရပ်အမောင်းမြင့်မား၍ တုတ်ခိုင်သန်မာသောပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာပြီး သူတို့၏ ရင်ဘတ်များကို တဖုန်းဖုန်းထုရိုက်ကာ သူတို့၏ ခြေများကိုဆောင့်နင်း၍ ကောင်းကင်ထက်ကိုမော့ကာ ဟိန်းဟောက်နေကြ၏။
သူတို့၏ ခေါင်းဆောင်က သားမွေးဖြူများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးများက သိပ်သည်းပြင်းထန်သောတိုက်ပွဲဝင်စိတ်ဝိညာဉ်နှင့်အတူ နီရဲနေ၏။
“မဟာဧကရာဇ်တိုက်ပွဲ…”
နီညိုရောင်မျောက်ဝံကမ္ဘာမှ ဧကရာဇ်များစွာက အံ့အားတသင့်အော်ခေါ်လိုက်ကြ၏။
တိုက်ပွဲအလံက လောကမှာ ပေါ်ထွက်လာ၏။
စတုတ္ထမြောက်ရောင်လျှံစက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။
ဓားတစ်လက်နှင့်တူသော အဖြူရောင်ဝတ်အမျိုးသားတစ်ဦးက ပေါ်ထွက်လာ၏။
“မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံ…”
ဓားကမ္ဘာက တုန်လှုပ်သွားကြ၏။
ထို့နောက် မဟာဧကရာဇ်အလင်း၊ မဟာဧကရာဇ်အမှောင်နှင့် မဟာဧကရာဇ်ကြယ်တာရာတို့က သူတို့၏ စစ်တပ်များကို ဦးဆောင်ပြီး အိပ်မက်တံဆိပ်ပြားထဲကနေ ထွက်ခွာကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်လာကြ၏။
အလင်းကမ္ဘာနှင့် ကြယ်တာရာကမ္ဘာမှ မရေမတွက်နိုင်သောပညာရှင်များက စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်ကြ၏။
“ငါတိုလည်းလာပြီဟေ့”
နောက်ဆုံးမှာ မဟာဧကရာဇ်အနန္တက ပေါ်ထွက်လာပြီး ဟိန်းဟောက်လိုက်၏။
ကောင်းကင်ဘုံကိုးလွှာ၊ တမလွန်ကိုးဘုံ၊ တိုက်ပွဲ၊ အထွတ်အထိပ်ကောင်းကင်ဘုံ၊ အလင်း၊ အမှောင်၊ ကြယ်တာရာ၊ အနန္တ၊ အထီးကျန်သိုင်းသခင်နှင့် သွေးလိပ်ပြာ။
တိုက်ပွဲအလံဆယ်ခုက လောကမှာ ပေါ်ထွက်လာပြီး ခေတ်အဆက်ဆက်ယဉ်ကျေးမှုများကို သယ်ဆောင်ထားကာ ညကိုအလင်းပေးနေသည့် တောက်လောင်သောမီးမောင်းဆယ်ခုကဲ့သို့ဖြစ်နေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အလွန်တရာစိတ်လှုပ်ရှားတက်ကြွလာကြသည်။