ငိုချင်းသံစဉ်
Vol. 214 Ch. 3234
မီးပဒေသာဂမ္ဘီရကျောက်တုံးနှင့် တမလွန်မီးရောင်ဂမ္ဘီရကျောက်တုံးတို့ကပင် တက္ကသိုလ်ဂိုဏ်းချုပ်ကို လုံးဝထိခိုက်ဒဏ်ရာမရရှိစေနိုင်ပေ။
ဆူဇီမိုသည် ဆက်လက်၍ ခေါင်းမာမနေဘဲ သူ၏ လှုပ်ရှားကွက်ကို ပြောင်းလဲလိုက်၏။
သူက စုတ်တံအဖြစ် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကိုသုံးပြီး မင်အဖြစ် ယင်နှင့်ယန်ကိုသုံးကာ ကြယ်တာရာကောင်းကင်ထဲတွင် ထူးဆန်းသောမှော်စာလုံးဆယ့်နှစ်လုံးကို ရေးဆွဲလိုက်၏။
“တင်းခြောက်ပါးနှင့်ကျားခြောက်ပါးဖွဲ့စည်းခြင်း… စိတ်ဝိညာဉ်များနှင့် တစ္ဆေများအားလုံးလွင့်ပျယ်သွားရမည်။”
ဆူဇီမို၏ ရွတ်ဖတ်သံနှင့်အတူ တင်းခြောက်ပါးနှင့်ကျားခြောက်ပါး နတ်ဘုရားဆယ့်နှစ်ပါးက နောက်တစ်ဖန်ဆင်းသက်ရောက်ရှိလာ၏။
သူတို့သည် အမြုတေစိတ်ဝိညာဉ်နှင့် အသွေးအသားကို မပိုင်ဆိုင်သော်လည်း သူတို့၏ အနီးကပ်တိုက်ခိုက်ရည်နည်းလမ်းများက မဟာဧကရာဇ်များနှင့် ယှဉ်နိုင်လေသည်။ သူတို့သည် စွမ်းအားကြီးမားသော ဝင်္ကပါတစ်ခုကို ဖွဲ့စည်းပြီး တက္ကသိုလ်ဂိုဏ်းချုပ်ကို ဝိုင်းပတ်ထားလေသည်။
“ဟမ့်…”
တက္ကသိုလ်ဂိုဏ်းချုပ်က တည်ငြိမ်စွာဖြင့် လှောင်ရယ်လိုက်၏။
ရုတ်တရက် သူ၏ ခန္ဓာကိုယ်ထဲကနေ မရဏအော်ရာတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး သူက လေထဲမှာ လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ထုတ်လိုက်၏။ သူက ကြယ်တာရာကောင်းကင်ကို လက်ညှိုထိုးပြီး မြေပြင်ကို ခြေဆောင့်လိုက်၏။
“ကောင်းကင်ဘုံစက်ဝန်းက မသေမျိုးတွေအတွက် ဂူသင်္ချိုင်းအဖြစ်ထမ်းဆောင်လိမ့်မယ်”
ရုတ်တရက် ဧရာမအုတ်ဂူများက တက္ကသိုလ်ဂိုဏ်းချုပ်၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာ၏။
ထို့နောက် ချက်ချင်းပင် အုတ်ဂူများက ပွင့်ထွက်သွားပြီး အရိုးစုများက တစ်ခုပြီးတစ်ခု လျှောက်လှမ်းထွက်လာ၏။ သူတို့၏ မျက်တွင်းအိမ်ပေါက်များက ညိုမှောင်နေသောအရောင်ဖြင့်တောက်ပနေပြီး သူတို့က မကောင်းဆိုးဝါးဆန်ဆန်သတ်ဖြတ်လိုစိတ်များနှင့်အတူ ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးရှိရာသို့ ပြေးဝင်သွား၏။
သူတို့က သေဆုံးပြီးသား ဧကရာဇ်များ၏ အရိုးစုများသာလျှင်ဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးကို မယှဉ်နိုင်ပေ။ သို့သော်လည်း သူတို့၏ အရေအတွက်က များပြားလွန်းပြိး ကြယ်တာရာကောင်းကင်ထဲရှိ အုတ်ဂူများထဲကနေ သိပ်သည်းများပြားစွာထွက်ပေါ်လာကာ ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးကို ပိတ်ဆို့လိုက်လေသည်။
ဤနည်းလမ်းသည် ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်ကနေ အရင်းခံလာသည်မှာ သိသာသည်။
သို့သော်လည်း ဆူဇီမိုကျင့်ကြံထားသည့် ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်မှာ ဤကဲ့သို့သော နည်းစနစ်များမပါဝင်ပေ။
တစ်နည်းအားဖြင့်ဆိုသော် သူတွေ့မြင်ခဲ့သည့် ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်က မပြီးပြည့်စုံပေ။
ဖုန့်တူသည် သူနှင့်တိုက်ခိုက်ခဲ့စဉ်က သူသည် ဤကဲ့သို့သောနည်းလမ်းတစ်ခုကို မထုတ်ဖော်ခဲ့ပေ။ ဖုန့်တူသည် အစစ်အမှန်ကိုယ်ကာယခန္ဓာတစ်ခုကို မပိုင်ဆိုင်ထားသောကြောင့် ထူးခြားသောအခြေအနေတစ်ခု ရှိနေခဲ့တာဖြစ်နိုင်လေသည်။
နှစ်ဦးနှစ်ဘက်စလုံးက ပြင်းထန်ကြမ်းတမ်းစွာတိုက်ခိုက်လိုက်ပြီး တစ်ယောက်၏ လှုပ်ရှားကွက်များကိုတစ်ယောက် ချေဖျက်နေကြ၏။ တိုက်ပွဲက ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာ၏။
ဆူဇီမို၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်ခက်ထန်ပြီး သူ့မှာဝှက်ဖဲများစွာရှိနေ၏။ သို့သော်လည်း သူတို့ကို တက္ကသိုလ်ဂိုဏ်းချုပ်က တစ်ခုပြီးတစ်ခု ချေဖျက်ပစ်နေ၏။
တက္ကသိုလ်ဂိုဏ်းချုပ်ကတော့ သူ၏ ဝိညာဉ်က လှုပ်ခတ်ခံထားရပြီး သူက သူ၏ အထွတ်အထိပ်တိုက်ခိုက်ရည်ခွန်အားကို မထုတ်ဖော်နိုင်ပေ။ လောလောဆယ်မှာ သူ့အနေဖြင့် ဆူဇီမိုကို ဖိနှိမ်နိုင်ဖို့ကလည်း ခဲယဉ်းနေ၏။
တိုက်ပွဲက မျှခြေတစ်ခုမှာ လွန်ဆွဲနေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် အလောတကြီးရှိမနေဘဲ သူ၏ အမူအရာက တည်ငြိမ်နေ၏။
သူ၏ စာနာစိတ်မရှိသောလောကကို သူ၏ တာအိုအမှတ်အသားက အားဖြည့်ထောက်ပံ့ပေးထားပြီး သူက တိုက်ပွဲချိန်ကို ဆက်လက်၍ ထိန်းထားနိုင်လေသည်။
ဆူဇီမိုကတော့ သူနှင့်ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် ဤကဲ့သို့သော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်သည်မှာ အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်း၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်သည်။
ဆူဇီမိုမှာ ဘဝသက်တမ်းနှစ်ငါးသန်းသာကျန်တော့သည်။
အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းသည် အသက်တစ်ရှိုက်စာမှာနှစ်တစ်သောင်းကို ကုန်ဆုံးစေ၏။
အသက်တစ်ရှိုက်စာချင်းစီက အလွန်တရာအဖိုးတန်နေ၏။
ဆူဇီမိုက သိပ်ကြာကြာတောင့်ခံနိုင်မည် မဟုတ်ပေ။
အချိန်ကြာမြင့်လေ တက္ကသိုလ်ဂိုဏ်းချုပ်အတွက် ပို၍အကျိုးရှိလေပင်။
ကောင်းကင်ဘုံသို့သွားရာလမ်းများမှာ…။
ရှေးဟောင်းမဟာဧကရာဇ်ရှစ်ပါးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း သူတို့ခေတ်များ၏ ယဉ်ကျေးမှုများကို ကိုယ်စားပြုသည့် ဤတိုက်ပွဲအလံများက လဲကျမသွားပေ။ သူတို့ကို လူများက ကိုင်ဆွဲထားဆဲဖြစ်ပြီး လေထဲမှာ တဖျပ်ဖျပ်လွင့်နေ၏။
အလံကိုကိုင်ထားသောလူက လဲကျသွားမည်ဆိုလျှင် နောက်ထပ်လူတစ်ယောက်က ရှေ့သို့ပြေးလာပြီး ထိုအလံကို ကိုင်ဆွဲပေလိမ့်မည်။
အိပ်မက်တံဆိပ်ပြားထဲကနေ လျှောက်လှမ်းထွက်လာသည့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ ကျင့်ကြံသူများသည် ဝိညာဉ်ပုံစံမှာသာရှိပြီး သိပ်ကြာကြာတောင့်မခံနိုင်ကြပေ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ အရေအတွက်က ပိုမိုလျော့ကျလာနေ၏။
သို့သော်လည်း ကောင်းကင်ဘုံသို့သွားရာလမ်းများပေါ်မှာ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများက ပို၍ပို၍ များပြားလာနေ၏။
အမျိုးမျိုးသောနေရာဒေသအသီးသီးမှ မရေမတွက်နိုင်သောသက်ရှိများက လေထဲသို့ရောက်ရှိလာကြ၏။ သူတို့ထဲမှာ ဧကရာဇ်များ၊ အင်မော်တယ်ဘုရင်များ၊ ပကတိစိတ်ဝိညာဉ်များ၊ ကောင်းကင်အင်မော်တယ်များနှင့် ကမ္ဘာမြေအင်မော်တယ်များပင်ပါဝင်ပြီး ကောင်းကင်ဘုံသို့သွားရာလမ်းများပေါ် တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းကာ အနိုင်မခံအရှုံးမပေးသောစိတ်ဝိညာဉ်ဖြင့် ရှေ့သို့ချီတက်နေကြ၏။
“တိုက်.. တိုက်… တိုက်…”
ကောင်းကင်ဘုံသို့သွားရာလမ်းများပေါ်မှာ သူတို့၏ တိုက်ပွဲခေါ်သံများက ကောင်းကင်တစ်ခွင်ညံသွားပြီး စစ်ချီတေးသံများက ပဲ့တင်ထပ်ထွက်ပေါ်လာ၏။
သက်ရှိများစွာသည်သေခြင်းတရားပေါ် သူတို့၏ ကြောက်ရွံ့မှုကို လွှတ်ချထားခဲ့ပြီဖြစ်ပြီး သူတို့၏ ထွက်လမ်းများအားလုံးကို ဖြတ်တောက်ခဲ့လေသည်။
သည်ဘက်မျိုးဆက်မှာ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် ရှေးဟောင်းမဟာဧကရာဇ်ရှစ်ပါး၏ ဦးဆောင်မှုအောက်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများသည် လုံးလုံးလျားလျားနိုးထလာကြပြီဖြစ်သည်။ သူတို့သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲသို့ ဝင်ရောက်ပြီး ကောင်းကင်ဘုံခုံရုံးသို့ ချီတက်နေကြသည်။
သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာ၊ အသက်မဲ့ကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ပညာရှင်များစွာပင်လျှင် ဘက်ပြောင်းလာကြသည်။
ခေတ်အဆက်ဆက်မှ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများသည် နောက်ဆုံးသည်ဘက်မျိုးဆက်မှာ စုစည်းမိလာကြ၏။ ဤသည်က သူတို့၏ သွေးများအသက်များကိုသုံးပြီး ဖန်တီးထားသည့် ငိုချင်းသံစဉ်တစ်ပုဒ်ဖြစ်လာလေသည်။
ခေတ်အဆက်ဆက်မှ ယဉ်ကျေးမှုအမွေအနှစ်များသည် သည်ဘက်မျိုးဆက်မှာ သူတို့၏ နောက်ဆုံးအရောင်အဝါအဖြစ် ဝေဆာဖူးပွင့်လာကြ၏။
ကောင်းကင်ဘုံသို့သွားရာလမ်းကိုးခုပေါ်မှာ အလင်းရောင်က သိပ်သည်းစုဖွဲ့လာပြီး အပေါ်သို့ရစ်ခွေကာ နွယ်တက်သွားသော မီးနဂါးကိုးကောင်ကဲ့သို့ ညကောင်းကင်ယံကို ထိန်ထိန်လင်းနေစေ၏။
ရှေ့ကနေ ချီတက်နေသော ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများသည် အလံဆယ်ခုကို ကိုင်ဆွဲပြီး သူတို့၏ ရင်ဘတ်များကို တဖုန်းဖုန်းထုရိုက်နေ၏။ သူတို့သည် ဧရာမမီးမောင်းများကို ကိုင်မြှောက်ထားသည့်အလားပင်။ သူတို့၏ အကြည့်များက တည်ကြည်ခိုင်မာပြီး သူတို့က ကောင်းကင်ကို မိးရှို့ပြာချရန် မီးတောက်များကို ကိုင်မြှောက်လာကြ၏။
မီးတောက်များသည် တမလွန်အစီအရင်ဝင်္ကပါကို လောင်ကျွမ်းစေပြီး လွင်ပြင်မီး၏ အလျင်အဟုန်နှင့်အတူ အရာရာတိုင်းကို ဖြတ်ကျော်နေ၏။
တမလွန်အစီအရင်ဝင်္ကပါသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ ကျင့်ကြံသူအုပ်စု၏ ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ အချိန်မရွေးလဲပြိုကျတော့မည့်ဆဲဆဲဖြစ်သည်။
တကယ်တမ်းမှာ အစက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ပေါင်းစည်းထားသော မိုးမြေတာအိုအမှတ်အသားက ပြေလျော့ကာ မှေးမှိန်လာခဲ့ပြီဖြစ်၏။
တက္ကသိုလ်ဂိုဏ်းချုပ်သည် အမှန်တကယ်ပင် သူ၏ တာအိုကို အတည်ပြုထားပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရာဇ်တစ်ပါးဖြစ်လာသည်။ သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများအားလုံးသည် ယခုအချိန်မှာ နိုးထလာကြပြီဖြစ်၏။ သူတို့က သူ့ကို ဆန့်ကျင်နေသည်နှင့်အမျှ သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လေကနှင့် စတင်၍ ကွဲလွဲဆန့်ကျင်မှုဖြစ်ပေါ်လာပေလိမ့်မည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုကိုသာမက သည်ဘက်မျိုးဆက်ရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများအားလုံးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
သူသည် ခေတ်အဆက်ဆက်မှ မျိုးနွယ်စုတစ်သောင်းသက်ရှိများနှင့် တိုက်ခိုက်နေရခြင်းလည်းဖြစ်၏။ သူသည် ခေတ်အဆက်ဆက်မျိုးနွယ်စုတစ်သောင်းတည်ဆောက်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရင်ဆိုင်နေရခြင်းဖြစ်၏။
သူသည် ရှေးဟောင်းခေတ်များမှစတင်၍ ဘီလီယံနှင့်ချီသော သက်ရှိများ၏ စိတ်စွမ်းအားနှင့် တိုက်ခိုက်နေရခြင်းဖြစ်သည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ပုံရိပ်ယောင်ဆန်သော တည်ရှိမှုတစ်ခုမဟုတ်ပေ။
အသက်များ၊ အသွေးအသားများ၊ ထွန်းတောက်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များနှင့် အနိုင်မခံအရှုံးမပေးသော စိတ်စွမ်းအားတို့ဖြင့် ယနေ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဖန်တီးထားခြင်းဖြစ်သည်။
လောကမှာ ဆူဇီမိုနှင့် တက္ကသိုလ်ဂိုဏ်းချုပ်ကြားတိုက်ပွဲက ဆက်လက်၍ ဖြစ်ပွားနေဆဲပင်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမို၏ ဘဝသက်တမ်းက လျော့ကျလာပြီး သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်းအိုမင်းလာခဲ့ပြီဖြစ်၏။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် သေခါနီးဆဲဆဲအဖိုးအိုတစ်ဦးကဲ့သို့ သူ့ထက်ပင် များစွာပိုမိုအိုစာသည့်ပုံပေါက်နေ၏။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမို၏ မျက်နှာပေါ်မှ တဖြည်းဖြည်းတိုးလာသော အရေးအကြောင်းများကို တွေ့မြင်သောအခါ သူ၏ မျက်လုံးများက တဖြည်းဖြည်းဝိုင်းစက်လာပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ထွက်လာ၏။
“မင်းမှာ အချိန်သိပ်မကျန်တော့ဘူး”
တိုက်ပွဲထဲမှာ တက္ကသိုလ်ဂိုဏ်းချုပ်က အေးအေးဆေးဆေးစကားပြောနိုင်ဆဲဖြစ်၏။
ဆူဇီမို၏ မျက်လုံးထဲမှာ အညံ့ခံလိုသော သို့မဟုတ် နောက်ဆုတ်လိုသော မည်သည့်အရိပ်အယောင်မှ မရှိပေ။
သူက နောက်ဆုံးအခိုက်အတန့်ထိ တိုက်ခိုက်ပြီး သူ၏ ဘဝသက်တမ်းကုန်ဆုံးသွားမည်ဆိုလျှင်တောင် နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။
“လေဟာနယ်တဗူး…”
“အင်မော်တယ်တဗူး…”
“ဗုဒ္ဓတာအိုတဗူး”
“မိစ္ဆာတာအိုတဗူး”
“ယင်ယန်တဗူး…”
“သတ်ဖြတ်သုတ်သင်ခြင်းတဗူး”
“အိပ်မက်တဗူး”
“အချိန်တဗူး”
“မုန်တိုင်းတဗူး”
ဆူဇီမိုသည် တဗူးနည်းစနစ်ကိုးခုကို နောက်တစ်ဖန်လှည့်ပတ်ပြီး သူ၏ နောက်ဆုံးသတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်၏။
တဗူးကိုးခုက ကောင်းကင်ကိုအုပ်မိုးပြီး လောကမှာ တာအိုအမှတ်အသားတစ်ခုအဖြစ်စုဖွဲ့ကာ တက္ကသိုလ်ဂိုဏ်းချုပ်ကို ဖိနှိမ်လိုက်၏။
“ဟဲဟဲ..”
“ချောင်ပိတ်ရိုက်ခံရတဲ့ တောကောင်တစ်ကောင်ရဲ့ ရုန်းကန်မှုပဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က ရယ်မောပြီး သူ၏ မိုးမြေတာအိုအမှတ်အသားကိုထိန်းချုပ်ကာ ဆူဇီမို၏ တဗူးကိုးခုတာအိုအမှတ်အသားရှိရာသို့ ပစ်တိုက်ချလိုက်၏။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မင်းရဲ့ တဗူးကိုးခုနည်းစနစ်က ငရဲအရှင်ကိုပဲ သတ်နိုင်မယ်… ဒါပေမဲ့ အဲဒါက ငါ့ရဲ့ မိုးမြေတာအိုအမှတ်အသားကိုတော့ ကိုင်လှုပ်နိုင်မှာမဟုတ်ဘူး”
“ငါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တာအိုကိုအတည်ပြုထားတဲ့ ကောင်းကင်ဘုံဧကရာဇ်ပဲ.. မင်းရဲ့ တာအိုအမှတ်အသားက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးရဲ့ စွမ်းအားနဲ့ စိတ်ဆန္ဒကို ရင်ဆိုင်တိုက်ခိုက်မယ်ထင်လို့လား”
သူ့စကားမဆုံးသေးခင်မှာပင် တဗူးအမှတ်အသားနှစ်ခုက ပြင်းထန်စွာထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော မြည်ဟည်းသံထွက်ပေါ်ကာ ကြီးမားသော ရောင်လျှံစက်ဝန်းတစ်ခုက အဘက်ဘက်ကိုဖြန့်ကြက်သွား၏။
တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်စဉ်မှာပင် ဆူဇီမို၏ တဗူးကိုးခုတာအိုအမှတ်အသားက လဲပြိုကျကာ ဘာမှမကျန်အောင် ပြောင်းလဲသွား၏။
သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်က ဆတ်ခနဲတုန်ယင်သွားပြီး သူ့မျက်နှာပေါ်ရှိအပြုံးက ရုတ်တရက်အေးခဲတောင့်တင်းသွား၏။ သူ၏ မျက်လုံးများက တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုကို ဖော်ပြလာ၏။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဆူဇီမို၏ တဗူးကိုးခုတာအိုအမှတ်အသားက လဲပြိုကျသွားသော်လည်း သူ၏ မိုးမြေတာအိုအမှတ်အသားကလည်း ပျက်ပြယ်လာနေ၏။
၎င်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မိုးကောင်းကင်ထက်ကနေ တဖြည်းဖြည်းဆုတ်ဖြဲခံနေရ၏။
သူ၏ ကျင့်ကြံမှုနယ်ပယ်က မဟာဧကရာဇ်တစ်ပါး၏ အဆင့်မှာရှိနေဆဲဖြစ်သည်။
သို့သော်လည်း သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအပေါ် ထိန်းချုပ်နိုင်စွမ်း တဖြည်းဖြည်းပျောက်ဆုံးလာသည်ကို ရှင်းရှင်းလင်းလင်းအာရုံခံမိနေ၏။
သူ၏ စာနာစိတ်မရှိသောလောကကလည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ဆက်လက်၍ ချိတ်ဆက်နေခြင်း မရှိတော့ပေ။