အမွေအနှစ်ကို လက်ဆင့်ကမ်းခြင်း
Vol. 214 Ch. 3238
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီး၌ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီက ပြည့်နှက်လာပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက ပြန်လည်အားဖြည့်ကာ ပိုမိုသန်မာလာကြ၏။ အရာရာတိုင်းက နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပြီး ဖူးပွင့်ဝေဆာလာသော မြင်ကွင်းတစ်ခု ဖြစ်နေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ နယ်မြေဒေသအသီးသီးမှာ ပဋိပက္ခတချို့ ရှိနေဆဲဖြစ်သော်လည်း ထျန်ဟွမ်ကမ္ဘာ၏ စောင့်ကြည့်မှုနှင့်အတူ ထိပ်တန်းကမ္ဘာကြီးများကြားမှာ မည်သည့်စစ်ပွဲမှ ရှိမလာဘဲ အေးချမ်းသော ခေတ်ကာလတစ်ခုကို ဝင်ရောက်နေ၏။
ပြီးခဲ့သည့် နှစ်ငါးသောင်းမှာ ဆူဇီမိုက ပေါ်ထွက်လာခဲလေသည်။ အချိန်အများစုတွင် သူသည် ပေါတူတောင်မှာ ထိုင်နေရုံနှင့် တမလွန်ဘုံကို ခြောက်လှန့်ထားဆဲဖြစ်၏။
မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းမည့် သူ၏ မိတ်ဆွေဟောင်းများကို ကိုယ်တိုင်နှုတ်ဆက်ဖို့အတွက်သာ သူက ပေါ်ထွက်လာတတ်၏။
နှစ်ငါးသောင်းမှာ မိတ်ဆွေဟောင်းများက တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားကြ၏။
မျောက်၊ ညဝိညာဉ်၊ ကျား၊ ချင်ချင်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့ထဲမှာ မျောက်နှင့်ညဝိညာဉ်ကသာ ဧကရာဇ်နယ်ပယ်ကို တက်လှမ်းလာကြသည်။
သူတို့နှစ်ယောက်၏ မျိုးဆက်သွေးများက မည်သို့ပင်ဆိုစေ ထူးခြားဆန်းပြားနေ၏။
နောက်ပိုင်းမှာ ဆူဇီမိုသည် သူတို့၏ မျိုးဆက်သွေးများကို စစ်ဆေးကြည့်ရှုခဲ့၏။ သူ၏ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးနှင့်ပင်လျှင် သူတို့၏ မျိုးဆက်သွေးများက ခုခံလိုသည့် လက္ခဏာများကို ပြသနေဆဲဖြစ်၏။
ချင်ချင်၊ ကျား၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့မှာလည်း သူတို့ကိုယ်ပိုင်အခွင့်အလမ်းများ ရှိကြ၏။ သို့သော်လည်း သူတို့ကြားမှာ တဖြည်းဖြည်း ကွာဟချက်တစ်ခု ရှိလာဆဲဖြစ်သည်။
မျောက်နှင့် ညဝိညာဉ်သည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းပြီးနောက် မဟာကမ္ဘာတစ်ထောင်လောကကနေ စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခု ဆင်းသက်လာပြီး သူတို့ကို အတင်းအကျပ် ခေါ်ဆောင်သွားလေသည်။
ဆူဇီမိုသည် တမလွန်ဘုံကနေ အသည်းအသန်ပြန်လာစဉ်မှာ သူတို့၏ နောက်ကျောများကိုသာ တွေ့မြင်ရတော့၏။
သူက သူတို့ကို တားဆီးခဲ့ခြင်း မရှိပေ။
ပထမအချက်၊ သူက ထိုစွမ်းအားကို မတားဆီးနိုင်ပေ။
ဒုတိယအချက်၊ သူသည် တမလွန်ဘုံ၏ ရှေးဟောင်းမှတ်တမ်းများထဲမှာ ဤဖြစ်စဉ်နှင့် ပတ်သက်သည့် မှတ်တမ်းတချို့ကို တွေ့မြင်ထားဖူး၏။
ရှေးဟောင်းစာအုပ်များအရ မဟာကမ္ဘာတစ်ထောင်လောကမှာ ဝရုန်းသုန်းကားအခြေအနေ ပေါ်ထွက်မလာခင် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာသော မည်သည့်သက်ရှိမဆို မဟာကမ္ဘာတစ်ထောင်လောက၏ ဆင့်ခေါ်မှုကို အာရုံခံမိလိမ့်မည်ဖြစ်ပြီး သူတို့ဘာသာသူတို့ တက်လှမ်းသွားကြပေလိမ့်မည်။ သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သိပ်ကြာကြာနေကြလိမ့်မည် မဟုတ်ပေ။
ဝရုန်းသုန်းကားအခြေအနေများ ဖြစ်ပွားလာပြီး သုံးဘုံလောကမှာ အဟန့်အတားက ကြေမွပျက်စီးသွားပြီးနောက် ကောင်းကင်နှင့်မြေကြီးနိယာမများ၏ လည်ပတ်ပုံက သက်ရောက်ခြင်းခံလိုက်ရ၏။
ထို့ကြောင့်ပင် သူတို့၏ မျိုးဆက်သွေးများကြောင့် မျောက်နှင့် ညဝိညာဉ်ထံ ထိုမြင်ကွင်းက ပြန်လည်ပေါ်ထွက်လာခြင်းဖြစ်ပြီး ဆိုးရွားသောအရာတစ်ခု မဟုတ်လောက်ပေ။
ယက္ခအကြောက်တရား၊ စစ်တုရင်အင်မော်တယ်ကျွင်းယုနှင့် မိတ်ဆွေဟောင်းတချို့ကလည်း တက်လှမ်းသွားကြ၏။
သူတို့အပြင် တက်လှမ်းဖို့ စိတ်ကူးမရှိသည့်အလား ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နေထိုင်နေသည့် လူတချို့လည်း ရှိနေသေး၏။
ထျန်ဟွမ်ကမ္ဘာတွင်...
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တွင်...
အစိမ်းရောင်ဝတ် အမျိုးသမီးတစ်ဦးက တောင်တန်းများနှင့်မြစ်များ ဝန်းရံထားသည့် လိုဏ်ဂူခန်းဝါတစ်ခုရှေ့သို့ ရောက်ရှိလာပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်၏။
“ညီမ မိုချင်... ငါပါ...”
အစိမ်းရောင်ဝတ်အမျိုးသမီးသည် ရိုးရှင်းသော အဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး မျက်နှာချေအနည်းငယ်သာ လိမ်းခြယ်ထား၏။ သို့သော်လည်း သူမထံမှ ကြော့ရှင်းသန့်ပြန့်၍ မြင့်မြတ်ထည်ဝါသော အော်ရာတစ်ခု ဖြာထွက်နေ၏။ သူမသည် စာအုပ်အင်မော်တယ် ယွင်ကျူးဖြစ်သည်။
မိုချင်သည် ပန်းချီမှာ အာရုံစူးစိုက်ထားသည်ကို ယွင်ကျူးက သိရှိထား၏။ တစ်ယောက်ယောက်က လိုဏ်ဂူခန်းဝါအပြင်ဘက်ကို ရောက်ရှိလာလျှင်ပင် သူမက အဲ့ဒါကို သတိထားမိချင်မှ ထားမိပေလိမ့်မည်။ ထို့ကြောင့်ပင် သူမက တံခါးခေါက်လိုက်ခြင်း ဖြစ်၏။
လိုဏ်ဂူခန်းဝါထဲမှာ…
အပြင်ဘက်မှ အသံကို ကြားရသောအခါ အစက သူမရှေ့ရှိ ပန်းချီကားထဲမှာ နစ်မျောနေသော မိုချင်က ရုတ်တရက်တုန်ယင်သွား၏။ သူမ၏ မျက်ဝန်းထဲတွင် ပျာပျာသလဲ အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူမ၏ မျက်နှာက အနည်းငယ် နီမြန်းသွား၏။ သူမက လိုဏ်ဂူခန်းဝါထဲမှာ ပန်းချီကား လေးငါးဆယ်ကို အလောတကြီး သိမ်းဆည်းလိုက်သည်။
သူမ၏ စိတ်ကို လျှော့ချ၍ သူမ၏ အမူအရာက ပုံမှန်အတိုင်းပြန်ဖြစ်လာပြီးနောက် မိုချင်က မတ်တတ်ရပ်ကာ ယွင်ကျူးကို သွားရောက်ကြိုလိုက်၏။
“ညီမ မိုချင်... ငါ့ကို ဒီလောက်အကြာကြီး စောင့်ခိုင်းထားရအောင် နင်ဘာတွေလုပ်နေတာလဲ”
ယွင်ကျူးက သူမ၏ လှပသော မျက်လုံးများဖြင့် မိုချင်ကိုကြည့်ပြီး ခပ်ယဲ့ယဲ့ပြုံးနေ၏။
တကယ်တော့ အကြာကြီးစောင့်ရသည်ဆိုသည်မှာ သူမက ချဲ့ကားပြောဆို၍ စနောက်နေခြင်းသာ ဖြစ်၏။
သို့သော်လည်း မိုချင်က မကောင်းသောအရာတစ်ခုခုကို လုပ်နေပုံရပြီး ယွင်ကျူး၏ အကြည့်ကို ရှောင်လွှဲလိုက်၏။ သူမက ထပ်မံ၍ မစဉ်းစားရသေးခင် ပြန်ဖြေလိုက်၏။
“ငါ... ပန်းချီဆွဲနေတာပါ”
“အဲ့ဒီ ပန်းချီကားက ဘယ်မှာလဲ... ဘာလို့ ငါ့ကို မပြတာလဲ”
ယွင်ကျူးက လိုဏ်ဂူခန်းဝါကို တစ်ချက်ကြည့်ပြီးနောက် သွားဖြီးလိုက်၏။
သူမ၏ အတွေးများကို ယွင်ကျူးထံမှ ဖုံးကွယ်မထားနိုင်သည်ကို မိုချင်က သိရှိလိုက်၏။ သူမက ညင်သာစွာသာ နှာတစ်ချက်မှုတ်ပြီး ပြောလိုက်၏။
“အဲ့ဒီ ပန်းချီကားက အရမ်းရုပ်ဆိုးတယ်... ကြည့်မနေပါနဲ့”
ယွင်ကျူးက ပြုံးလိုက်လေသည်။
အမျိုးသမီးနှစ်ဦးသည် လိုဏ်ဂူခန်းဝါထဲမှာ စကားပြောဆိုနေကြ၏။ ယွင်ကျူးနှင့် တွေ့သည့်အခါမှသာ မိုချင်က ဤကဲ့သို့ စကားပြောဆို၍ ပြုံးတတ်လေသည်။
သို့သော်လည်း သူတို့နှစ်ယောက်သည် စကားပြောဆိုနေစဉ် တစ်စုံတစ်ရာကို ရှောင်လွှဲထားပုံရ၏။
မပြန်ခင် ယွင်ကျူးက မေးလိုက်၏။
“ညီမ... နင်က ဧကရာဇ်နယ်ပယ်ကို ရောက်လာခဲ့ပြီပဲ... နင်က မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းဖို့ စိတ်ကူးမရှိသေးဘူးလား”
“အမ်း...”
မိုချင်က ညင်သာစွာ ပြန်ဖြေပြီး ခေါင်းငုံ့လိုက်၏။
“အစ်မ... နင်သိပါတယ်... ငါ့အတွက်တော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဘာအနှောင့်အယှက်မှ မရှိဘဲ အေးအေးဆေးဆေး ပန်းချီဆွဲနိုင်မယ့် နေရာတစ်ခုရှိရင် လုံလောက်နေပြီ”
“မဟာကမ္ဘာတစ်ထောင်လောကက ငါ့အတွက် သိပ်ပြီး အဓိပ္ပာယ်မရှိပါဘူး”
ယွင်ကျူးက ညင်သာစွာ ပြုံးလိုက်၏။
တကယ်တော့ ထိုသည်မှာ အကြောင်းပြချက်များထဲမှ တစ်ခုသာဖြစ်သည်။
“အစ်မ... နင်လည်း ဧကရာဇ်နယ်ပယ်ကို တက်လှမ်းလာခဲ့ပြီပဲ... နင်ရော ဘာလို့မတက်လှမ်းသေးတာလဲ”
မိုချင်က မော့ကြည့်ပြီး မေးလိုက်၏။
ယွင်ကျူးက ပြောလိုက်သည်။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ငါမခွဲရက်နိုင်တဲ့ တစ်ယောက်ယောက် ရှိနေလို့ဖြစ်မှာပေါ့”
မိုချင်က ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။
“ဘယ်သူလဲ”
ယွင်ကျူးက မျက်တောင်ခတ်ပြီး ပြုံးပြလိုက်၏။
“တကယ်တော့... အဲ့ဒါ နင်ပေါ့”
သူမက နောက်တစ်ဖန် ကျီစယ်ခံလိုက်ရသောအခါ မိုချင်က ဒေါသထွက်မသွားပေ။ သူမက ညင်သာစွာသာ စိုက်ကြည့်နေ၏။
ထိုစဉ်မှာပင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ အလွန်တရာထက်ရှသော ဓားချီတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး အပေါ်သို့ထောင်တက်ကာ ကောင်းကင်ကို ဆုတ်ဖြဲပစ်လိုက်၏။
ထျန်ဟွမ်ကမ္ဘာမှာ ရှိနေသော ယွင်ကျူးနှင့် မိုချင်ပင်လျှင် အဲ့ဒါကို အာရုံခံမိသွားသည်။
ယွင်ကျူးက ပြောလိုက်၏။
“ဓားကမ္ဘာက ပေမင်ရွှယ်ပဲ ဒီလောက်ထိ စွမ်းအားကြီးမားတဲ့ ဓားစိတ်ဆန္ဒကို ထုတ်ဖော်နိုင်မယ်ထင်တယ်… ကြည့်ရတာတော့ သူက ပကတိဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ပြီပဲ”
မိုချင်က ပြောလိုက်သည်။
“ငါတို့လိုပဲ မဟာကမ္ဘာတစ်ထောင်လောကကို မတက်လှမ်းချင်တဲ့ တခြားသူတွေ ရှိနေသေးတယ်... ဂျူနီယာမောင်ဆူရဲ့ အဲ့ဒီတပည့်ကြီးကလည်း အခုအချိန်ထိ မတက်လှမ်းသေးဘူး”
ယွင်ကျူးက သက်ပြင်းချကာ ပြောလိုက်၏။
“သူက ရောင်းရင်းဆူရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးထားရတယ်ဆိုတာ သိနေလို့ဖြစ်မှာပေါ့”
“ဟမ်...”
မိုချင်က နားလည်ရခက်သွား၏။
ယွင်ကျူး၏ မျက်လုံးထဲတွင် ဝမ်းနည်းမှု အငွေ့အသက်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ သူမက ရှင်းပြမနေဘဲ တီးတိုးသာ ရေရွတ်လိုက်၏။
“သူ... သွားတော့မှာပဲ...”
ပေမင်ရွှယ်သည် ပကတိဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး လောကမှာ သူမ၏ ဓားချီက ပဲ့တင်ထပ်လာ၏။ သူမ၏ ဓားစိတ်ဆန္ဒက သိပ်သည်းကျစ်လျစ်လာပြီး ပျက်ပြယ်သွားခြင်း မရှိပေ။ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက အဲ့ဒါကို အာရုံခံမိနိုင်ကြသည်။
ဤရုတ်ရုတ်သဲသဲအခြေအနေသည် မဟာဧကရာဇ်တစ်ပါး သူ၏ တာအိုကို အတည်ပြုစဉ်ကနှင့် ဆင်တူနေ၏။
တမလွန်ဘုံမှာ…
ပေါတူတောင်ထွတ်တွင်...
အစိမ်းရောင်ဝတ် အဘိုးအိုတစ်ဦးက ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်နေ၏။ သူက ကွယ်လွန်သွားခဲ့ပြီဖြစ်သည့်အလား အသက်ဓာတ်ကင်းမဲ့နေသည့်ပုံပေါ်သည်။
သို့သော်လည်း ပေမင်ရွှယ်၏ ဓားစိတ်ဆန္ဒက ကောင်းကင်ထက်သို့ ထိုးတက်လာသည့်ခဏမှာ အစိမ်းရောင်ဝတ်အမျိုးသားက ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးထဲကနေ ဖြာထွက်လာသော အလင်းရောင်က တမလွန်ဘုံ၏ တစ်ထောင့်တစ်နေရာမကျန်နီးပါး ဖြန့်ကြက်သွားလေသည်။
တစ္ဆေများက သူနှင့်အကြည့်ချင်းမဆုံရဲဘဲ တစ်ယောက်ပြီးတစ်ယောက် ရှောင်လွှဲလိုက်ကြ၏။
သူ၏ မျက်လုံးများကို ဖွင့်လိုက်စဉ် အစိမ်းရောင်ဝတ်အဘိုးအို၏ ခန္ဓာကိုယ်ထဲကနေ အကန့်အသတ်မဲ့သော အသက်ဓာတ်အားက နိုးထလာပြီး ပစ်လွင့်ထွက်ပေါ်လာ၏။
အစိမ်းရောင်ဝတ် အမျိုးသားက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး တီးတိုးရေရွတ်လိုက်၏။
“အင်း... ထွက်ခွာဖို့ အချိန်ကျပြီပဲ”
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ ဆူဇီမိုတွင် ဘဝသက်တမ်း များစွာမကျန်ရှိတော့ပေ။ သူသည် နှစ်ခြောက်သောင်းကြာအောင် တမလွန်ဘုံကို စောင့်ကြည့်နေသည်မှာ ဖုန့်တူက တစ်ကျော့ပြန်လာပြီး သောင်းကျန်းမည်ကို သူက စိုးရိမ်နေသောကြောင့်ဖြစ်၏။
ပြီးခဲ့သည့် နှစ်ခြောက်သောင်းအတွင်း တမလွန်ဘုံကို သူစောင့်ကြည့်နေသည့်အတွက် ဖုန့်တူသည် လေထဲမှာ ပျောက်ကွယ်သွားသည့်အလား ဘယ်တော့မှ ပေါ်ထွက်မလာခဲ့ပေ။
ဆူဇီမိုသည် အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေ၏။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဖုန့်တူကို ဖိနှိမ်နိုင်သည့် ပညာရှင်တစ်ဦး မွေးဖွားပေါ်ထွက်လာသည်နှင့် သူက အေးအေးချမ်းချမ်း ထွက်ခွာသွားနိုင်မည်ဖြစ်သည်။
ဤနှစ်များအားလုံးမှာ ပကတိဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာသောလူများ ရှိနေခဲ့၏။ သို့သော်လည်း တိုက်ခိုက်ရည်ခွန်အားမှာ သူတို့သည် ဖုန့်တူကို မယှဉ်နိုင်သေးပေ။
ယခု ပေမင်ရွှယ်က ပကတိဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ပြီး သူက အေးအေးချမ်းချမ်း ထွက်ခွာနိုင်ပြီကို ဆူဇီမိုက သိရှိလိုက်၏။
ယခုအချိန်မှစ၍ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပေမင်ရွှယ်က ကာကွယ်ပေးပေလိမ့်မည်။
ဖုန့်တူက တစ်ကျော့ပြန်လာမည်ဆိုလျှင်တောင် သူသည် ပေမင်ရွှယ်၏ ဓားချက်ကို သေချာပေါက် ခုခံနိုင်မည်မဟုတ်ပေ။
အတွေးတစ်ချက်နှင့်အတူ ဆူဇီမိုသည် နောက်ခဏ၌ ဓားကမ္ဘာ၏ အထက်ကို ရောက်ရှိလာ၏။
“ဆရာ...”
ပေမင်ရွှယ်က ဆူဇီမိုကို တွေ့မြင်သောအခါ အနည်းငယ်ဦးညွှတ်လိုက်၏။
သူတို့နှစ်ယောက်သည် ဤအကြောင်းနှင့် ပတ်သက်၍ ယခင်က ဆွေးနွေးပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဆူဇီမိုဖြစ်စေချင်သည့်အရာကို ပေမင်ရွှယ်က သိရှိထား၏။ ထို့ကြောင့် သူမသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နေပြီး ထွက်ခွာမသွားခဲ့ပေ။
လူတစ်ယောက်၏ အမွေအနှစ်ကို ဆက်ခံခြင်းဆိုသည်မှာ ဓမ္မတာအိုများ၏ အမွေအနှစ်ကိုသာ ရည်ညွှန်းခြင်း မဟုတ်ပေ။ ၎င်းသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို အမွေဆက်ခံရခြင်းလည်း ဖြစ်သည်။