← Chapters

နုပျိုဆေး (၁)

Vol. 4 Ch. 180

နုပျိုဆေး (၁)

Vol. 4 Ch. 180

‘နေ့ဘက်ကြီး ရောက်လာတာပဲ။ မကောင်းတော့ဘူး။' နက်ဆန်က စိတ်ထဲထိတ်သွားပြီး အိပ်ပျော်နေတဲ့ မိုနီကာကို ထိုင်ခုံမှာ မှီ​ပေးလိုက်ကာ တစ္ဆေစုံတွဲဓားကို ထုတ်လိုက်တယ်။ ညအမှောင်ထုရဲ့အကာအကွယ် မရှိတဲ့အတွက် သူဟာအလွန်အားနည်းနေတယ်။

“နေ့ခင်းဘက်မလို့ အချိန်ဆွဲထားပြီး ရှင့်ကိုယ်ရံတော် ရောက်လာတာကို စောင့်မလို့လား။ စိတ်မပူပါနဲ့၊ အဲဒီကိုယ်ရံတော်ကို ကျွန်မအရင်ရှင်းပြီးမှ လာတာပါ။”

“မင်း....”

အိုလီရာနာ တစ်ခုခုဖြစ်သွားပြီဆိုတဲ့အသိကြောင့် နက်ဆန်က နောက်ဆုတ်မနေဘဲ ရှေ့ကိုတိုးတက်ပြီး စစ်ဝတ်စုံနဲ့ အမျိုးသမီးကို ဓားနဲ့ခုတ်ပိုင်းလိုက်တယ်။ တစ်ဖက်ကလည်း ဓားကောက်ကိုမြှောက်ခုခံလိုက်ရင်း ရယ်မောလိုက်တယ်။

“အယ်ဒါကြီးက သတိလက်လွတ်ဖြစ်လိုက်တာ။”

ဝှီ....

ရုတ်တရက် နက်ဆန်ရဲ့နားထဲမှာ ဆူညံ့လှတဲ့မြန်နှုန်းမြှင့် အသံတွေနဲ့ပြည့်လာတယ်။ လူနားမလည်နိုင်တဲ့စကားသံ ပေါင်းစုံဟာ သူ့နားထဲကိုဝင်နေပြီး တစ်ဖက်အမျိုးသမီး ပါးစပ်က အလျင်အမြန်လှုပ်ရှားနေတယ်။

အသံလှိုင်းတိုက်ခိုက်မှုလို့ သတိထားလိုက်မိပေမဲ့ သတိထားမိချိန်မှာ နောက်ကျသွားပါပြီ။ စူးရှတဲ့ အသံကျယ်တွေကြောင့် သူ့ဦးနောက်ကတုန်ခါ လာသလိုမျိုးခံစားရပြီး ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်လာတယ်။ အတွေးတွေက ရပ်တန့်သွားတာမျိုးမဟုတ်ဘဲ ကိုယ်ဘာတွေးနေလဲ ကိုယ်တိုင်နားမလည်လောက်တဲ့အထိပါပဲ။

ကြာရင်ရူးသွားနိုင်တယ်လို့တွေးပြီး လူချင်းခွာဖို့ ကြိုးစားတဲ့အချိန်မှာ အာရုံမစိုက်နိုင်တော့ဘဲ ခန္ဓာကိုယ်ကို လှုပ်မရတော့ဘူး။

“သေပြီ။” လို့တွေးမိတဲ့ အချိန်မှာပဲ အနက်ရောင် အရည်တွေနဲ့ပြည့်နေတဲ့ ဖန်ပုလင်းလေးတစ်လုံးက သူ့နောက်ကနေ ဖြတ်ပျံလာပြီး စစ်ဝတ်စုံနဲ့အမျိုးသမီး မျက်နှာတည့်တည့်ထိကာ ကွဲထွက်သွားတယ်။

“ဂါး....”

အနက်ရောင်အပျစ်အချွဲရည်တွေက အမျိုးသမီးရဲ့ မျက်နှာကိုဖုံးလွှမ်းသွားပြီး အော်သံရပ်သွားတယ်။ နက်ဆန်နောက်ကိုလှည့်ကြည့်တော့ မိုနီကာက မှော်နှင်တံကိုင်ထားပြီးတော့ ပြုံးနေပါတယ်။

“ဒါလင်၊ ရှင်ကတော့ ကျွန်မမရှိရင် ဖြစ်သလိုပါပဲလား။”

အာဒရယ်ရာ။

ဝုန်း...

မီးပွားတစ်ခုက မိုနီကာရဲ့မှော်နှင်တံကနေ ဖြစ်တည်လာပြီး စစ်ဝတ်စုံနဲ့အမျိုးသမီးမျက်နှာက အချွဲအကျိတွေကိုထိမှန်တယ်။ အဲဒီနောက်တော့ အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်လာပြီး တစ်ခါတည်းလွင့်ထွက်သွားတယ်။

“ပြဒါးအခြေခံ မှော်ဆေးရည်တစ်မျိုးလေ။ အဂ္ဂိရတ် လှည့်ကွက်လေးတစ်ခုပေါ့။”

မိုနီကာက နောက်ထပ်ဖန်ပုလင်းငယ်လေးတွေကို ဒါဇင်နဲ့ချီ လက်ကိုင်အိတ်ထဲကနေ ထုတ်လိုက်ပြီး အားလုံးက အနက်ရောင်အရည်တွေနဲ့ပြည့်နေတာပါ။

“Mercury(II) Fulminate တွေကို ပုံမှန်ထက် ပေါက်ကွဲအားမြင့်အောင် လင်ဘို မီးပုတ်သင်သွေးနဲ့ ပြန်သန့်စင်ထားတာလား။”

နက်ဆန်ကလည်း ပြုံးလိုက်တယ်။ တစ်ဖက်ရန်သူက နတ်တစ်ပိုင်းဖြစ်ပြီး အယ်ဒါတစ်​ယောက်မဟုတ်တောင် အင်အားကြီးတဲ့ရန်သူတစ်ယောက်ဖြစ်နိုင်ပြီး အခုလို နေ့ခင်းဘက်အချိန်မှာ နက်ဆန်အနိုင်ယူဖို့ခက်မယ့် ရန်သူမျိုးပါ။ ဒါပေမဲ့ သာမန်ဆီနိတ်တာတွေထက် အားနည်းတဲ့ မိုနီကာကတော့ လှည့်ကွက်နဲ့တင် ဖိအားပေးနိုင်နေတယ်။

အာဒရယ်ရာ... အာဒရယ်ရာ... အာဒရယ်ရာ...

မိုနီကာက အဆင့်နိမ့်မှော်ဂါထာတစ်ပုဒ်တည်းကိုပဲ အထပ်ထပ်အခါခါရေရွတ်ရင်း ရန်သူကို စုတ်ပြတ် နေအောင် တိုက်ထုတ်လိုက်တယ်။ နောက်ဆုံးတော့ တစ်ဖက်က မခံနိုင်တော့ဘဲ။

“နောက်မှ တွေ့ကြသေးတာပေါ့။ AC&Bရဲ့ရာဇဝင်မှာ ပြီးအောင်မလုပ်နိုင်တဲ့ အရောင်းအဝယ်ဆိုတာမရှိဘူး။”

အဲဒီနောက် လုပ်ကြံသတ်ဖြတ်သူက လမ်းပေါ်မှာ တင်ကျန်နေတဲ့ ရေအိုင်လေးတစ်အိုင်ထဲ ခုန်ဝင်ပြီး ပျောက်ကွယ်သွားတယ်။

“ရေနဲ့ပတ်သက်တဲ့ နတ်တစ်ပိုင်းပဲ၊ ဂရိပါသီနွန်ထဲက မဟုတ်ဘူး။”

နက်ဆန်က ကောက်ချက်ချလိုက်တယ်။ မိုနီကာက နောက်ကလိုက်လာပြီး နက်ဆန်ရဲ့ရှေ့မှာ ပိတ်ရပ် လိုက်ပါတယ်။ သူက လက်နှစ်ဖက်ကို ပူးကပ်ထားပြီး သခင်ဆီက ချီးကျူးတာခံချင်တဲ့ ခွေးလေးတစ်ကောင်လို ကြည့်နေခဲ့တာ။

“ဒါလင်၊ ကျွန်မလုပ်လိုက်တာ မကောင်းဘူးလား။ မှော်စွမ်းအားတွေအများကြီးမရှိပေမဲ့ ကျွန်မက မှော်ဆေးပညာတို့ အဂ္ဂိရတ်တို့ ကျွမ်းပါတယ်နော်။”

“အင်း....” နက်ဆန်က ခေါင်းညိတ်ပြရုံပဲ လုပ်ခဲ့ပေမဲ့ မိုနီကာက ခုန်ပေါက်နေပြီ။

“ဒါပေမဲ့၊ သူအိုလီရာနာကို တစ်ခုခုလုပ်ထားခဲ့ပုံပဲ။ သွားကြည့်ရအောင်။”

သူတို့နှစ်ယောက် မြင်းရဟတ်ဆီကို ရောက်တော့ ရထားလုံးအတွင်းမှာ မျက်ဖြူစိုက်ပြီးမေ့နေတဲ့ အိုလီရာနာကို တွေ့လိုက်ရပြီး နက်ဆန်က ရေသန့်ဘူးတစ်ဘူးဝယ်ကာ မျက်နှာသစ်ပေးလိုက်တယ်။

“အား... သခင်.... ဟိုစစ်ဝတ်စုံနဲ့ အရူးမကြီး ဘယ်ရောက်သွားတာလဲ။”

အိုလီရာနာက ချက်ချင်းလန့်နိုးလာပြီးပြောတယ်။ ကြည့်ရတာ အိုလီရာနာလည်း အသံလှိုင်းတိုက်ကွက်ကို အလစ်အငိုက်ခံခဲ့ရပုံပါပဲ။

“ရန်သူကို စုံစမ်းဖို့တော့လိုနေပြီ။ အဲဒီအဖွဲ့နာမည်ကို တစ်ခါမှမကြားဖူးဘူး။ နာတာရှာဆိုရင် သိမလား မသိဘူး။”

နက်ဆန်၊ မိုနီကာနဲ့ အိုလီရာနာတို့က တိုက်ခိုက်ခံရပြီး နောက်မှာတော့ ကစားကွင်းမှာဆက်မနေတော့ဘဲ ပြန်လာဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့တွေ ကစားကွင်း အပြင်ကိုရောက်တော့ နက်ဆန်က ခြေသံတစ်သံ လျှော့နေတဲ့အတွက် နောက်ကိုလှည့်ကြည့်တော့...

“မိုနီကာ...”

စကူးဘတ်မိန်းကလေးရဲ့မျက်နှာက ဖြူဖျော့နေပြီး မြေပြင်ပေါ်ကို တဖြည်းဖြည်းပုံကျသွားလေရဲ့။

“အခုလဲကျသွားလို့ မဖြစ်သေးတဲ့ဟာကို...” သူတီးတိုး ရေရွတ်လိုက်တယ်။ နက်ဆန်က သူ့ကိုမြေပြင်နဲ့ ပြင်းပြင်းမရိုက်မိခင် ပွေ့ဖမ်းထားနိုင်ခဲ့ပေမဲ့ ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်က ရေခဲတုံးလိုအေးစက်နေပြီ။

“ဒါလင်သာ ကျွန်မကို အမြဲတမ်းအခုလို ကြင်နာပေးရင် ဘယ်လောက်များကောင်းလိုက်မလဲ။”

မိုနီကာက သူ့ကိုစိုးရိမ်စွာနဲ့ကြည့်နေတဲ့ နက်ဆန်ရဲ့ မျက်နှာကို ထိဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့သူ့လက်က နက်ဆန်ကိုမထိနိုင်ခင်မှာပဲ အသိစိတ်ကအမှောင်ကျ သွားပါတော့တယ်။

....

နောက်တစ်နေ့ မနက်မိုးလင်းတော့ ကျွန်မမျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။ အနားမှာဘယ်သူမှရှိမနေတာ သေချာပြီဆိုမှ ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘောင် လေပူလေအေးစက်ပေါ် တင်ထားတဲ့ ဂီတသေတ္တာကို အထဲပြန်သွင်းလိုက်တယ်။

“အောင်မလေး၊ အေးလိုက်တာ။”

အထဲရောက်တာနဲ့တစ်ပြိုင်နက် ဂီတသေတ္တာက ပါစီဗယ်အဖြစ်ပြောင်းသွားပြီး သူ့ကိုယ်သူဖက်ထား လိုက်ပါတယ်။ သူကကျွန်မကို သနားစရာပုံစံနဲ့ကြည့်ပြီး

“ဆယ်ဗီ၊ ကိုယ်က လူကြီးလူကောင်းသားသမီးပါ။ မင်းလေးအိပ်နေတုန်း လုံးဝအသားယူမှာမဟုတ်တဲ့ ကောင်ပါကွာ။ နည်းနည်းပါးပါးယုံကြည်ပေးပြီးတော့ ညပိုင်း မင်းအရိပ်ထဲ ဝင်အိပ်ခွင့်ပေးပါ။”

ဟုတ်တယ်၊ သူ့ကိုအပြင်ထုတ်ထားတာ ကျွန်မပဲ။ ညက နှင်းတွေအများကြီးကျလို့ သနားစိတ်နည်းနည်း ဖြစ်မိပေမဲ့ ယောက်ျားတွေဆိုတာ သရဲဖြစ်ဖြစ် တစ္ဆေဖြစ်ဖြစ် ယုံရတာမဟုတ်ဘူးလေ။

“မရဘူး၊ အခုလည်း ရှင့်ကို ဝင်ခွင့်ပေးတာ သနားလို့မဟုတ်ဘူးနော်။ မနက်ခင်းကြီး အိမ်ပြတင်းပေါက်နားမှာ ရှေးဟောင်းဂီတသေတ္တာကြီး တင်ထားတာလူတွေမြင်ရင် ထူးဆန်းနေမှာစိုးလို့။”

“.....” သူက ကျွန်မကို တစ်ခုခုပြောချင်ပေမဲ့ ကျွန်မ သူ့ကိုမျက်စောင်းထိုးလိုက်တာနဲ့ ဝပ်ဆင်း သွားတော့တာပါပဲ။

“အခုကျွန်မ ရေသွားချိုးလိုက်ဦးမယ်။ အခန်းထဲမှာ အသံမထွက်ဘဲ ငြိမ်နေနော်။ နောက်ကနေ လိုက်လာလို့ရတော့ အသေပဲ။”

ကျွန်မလည်း ပြောစရာရှိတာပြောပြီးနောက် ရေချိုးခန်းသုံးပဝါကို လက်မှာပိုက်၊ ဆပ်ပြာဘူးနဲ့ ခေါင်းလျှော်ရည်ဘူးကို ခြင်းထဲထည့်ပြီး အခန်းထဲကနေ ထွက်လာခဲ့ပါတယ်။

“ဟူး...” အကြာကြီးစောင့်ရဦးမယ့်ပုံပဲ။ ရေချိုးခန်းရှေ့မှာ အဆောင်ကလူတွေ တန်းစီလို့ရယ်။ နန်းဝေဆိုတဲ့ ကောင်မလေးကလည်း ကျွန်မနောက်မှာ လာရပ်စောင့်ရင်းမေးတယ်။ သူ့ပြင်သစ်သံက ဝဲဝဲလေး။

“အစ်မရေ၊ မနက်က အခန်းထဲက ကောင်လေးတစ်ယောက် အသံကြားတယ်နော်။ ရည်းစားနဲ့ဖုန်းပြောနေတာလား။”

အောင်မလေး၊ စပ်စုလိုက်တာ။ ဒါပေမဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောလို့ ဘယ်ဖြစ်ပါ့မလဲနော်။ ဒါကြောင့်ပြုံးပြီးတော့ပဲ ပြန်ဖြေလိုက်ရတာပေါ့။

“မဟုတ်ပါဘူး၊ ဗီဒီယိိုကြည့်နေတာပါ။”

ကောင်မလေးက အသာခေါင်းညိတ်ပြပြီး ဆက်မမေးတော့ဘူး။

...

မနက်စာကို ကြက်ဥ​မွှေကြော်နဲ့ ဖြစ်သလိုစားပြီးတဲ့ အခါမှာတော့ ဘက်စ်ကားစီးပြီးတော့ ဆေးရုံကို သွားရတယ်။ တာဝန်ကျသူနာပြုအုပ်က ကျွန်မကို ဆေးရုံတစ်ပတ်လိုက်ပြန်တယ်။ ဖွန်တီနာမြို့လေးနဲ့ ယှဥ်မယ်ဆိုရင်တော့ ဆေးရုံကပိုကြီးပြီးတော့ စက်ကိရိယာတွေလည်း စုံလင်ပါတယ်။

နောက်တော့ ပုံမှန်အတိုင်း အလုပ်လုပ်ရတော့တာပေါ့။ ဒါပေမဲ့ တစ်နေရာကိုရောက်တော့ ထူးဆန်းတဲ့လူနာ တချို့နဲ့ ကျွန်မစုံရပါတယ်။

လူနာစာရင်းမှာ အသက်ခြောက်ဆယ်ခုနစ်ဆယ်လို့ ရေးထားပေမဲ့ အများကြီးနုပျိုနေတယ်။ ဒါပေမဲ့ သူတို့ပုံစံက ပုံမှန်မဟုတ်ဘဲ စိတ်ကယောင်ချောက်ချား ဖြစ်နေသလိုမျိုးပါ။

“ငါ့ကို ဒီဆေးရုံကနေပေးဆင်း၊ ငါဘာမှမဖြစ်ဘူး။ အဲဒိဆိုင်ကိုသွားရမယ်... အဲဒီဆိုင်ကိုမသွားရင် အလှတွေပျက်ကုန်လိမ့်မယ်။”

ဒါပေမဲ့ ကယောင်ချောက်ချား ဖြစ်နေရုံသက်သက်ပဲ မဟုတ်ဘဲနဲ့ သူတို့ခြေတွေလက်တွေမှာ မျော့တွေကိုက်ထားသလို ကိုက်ရာတွေရှိနေပြီးတော့ သွေးဆုတ် ဖြူရော်နေတာပဲ။

“ဒီလူနာတွေက ဘာဖြစ်ထားတာလဲဟင်၊ ဒေါက်တာ။”

ကျွန်မ တာဝန်ကျဆရာဝန်ကိုမေးကြည့်တော့

“အခုထိ ဆေးရုံကလည်းအဖြေမရှာရသေးဘူး။ ပါရဂူကြီးပြောတာတော့ မျှော့လိုအကောင်မျိုးတွေနဲ့ သွေးတွေစုပ်ထုတ်ခံထားရတာတဲ့။ ပြီးတော့ သွေးဘယ်လိုသွင်းသွင်း အားပြန်ပြည့်မလာဘူး။ ပြောရရင် ပိုတောင်ဆိုးလာကြသေးတယ်။ ညနေခြောက်နာရီကျော်တာနဲ့ ထပ်သွေးစုပ်ခံရသလိုဖြစ်ပြီး သေကုန်တာ သုံးလေးယောက်ရှိနေပြီ။”

ကျွန်မလည်း မနေ့ညက ကဖေးဆိုင်ထဲမှာကြုံခဲ့ရတဲ့ ဘန်နီနဲ့ နုပျိုဆေးအကြောင်းကို ပြန်တွေးမိသွားတယ်။ ရုပ်ရည်နဲ့အသက် မတူတဲ့ကိစ္စ။ အဖြေရှာမရတဲ့ သဘာဝလွန်ရောဂါ။

“ကျွန်မကို ပါရဂူကြီးဆီ ခေါ်သွားပေး။”

နဂိုကတော့ နှုတ်ပိတ်ပြီးနေဦးမလို့ပဲ။ ဒါပေမဲ့ လူတွေသေနိုင်တာကို သတိထားမိလာတော့ ကျွန်မ သိထားတာတွေကို ပြောပြဖို့ဖြစ်လာတယ်။ သူတို့ကျွန်မကို အရူးလို့ထင်ရင်လည်း မတတ်နိုင်ဘူးပေါ့။

...

တာဝန်ကျဆရာဝန်က ကျွန်မကို ပါရဂူရုံးခန်းထဲ ခေါ်လာပါတယ်။ ပါရဂူက တခြားဧည့်သည်ကို ဧည့်ခံနေပုံရပေမဲ့ တာဝန်ကျဒေါက်တာက တံခါးခေါက်ဝင်သွားပြီး ကျွန်မကိုအပြင်မှာ စောင့်နေခိုင်းပါတယ်။ မကြာခင်မှာပဲ ပြန်ထွက်လာပြီး ကျွန်မကိုအထဲဝင်ဖို့ အချက်ပြတယ်။

“ပါရဂူကြီးက အထူးဧည့်သည်တစ်ယောက်ကို လက်ခံစကားပြောနေတာ။ ထူးဆန်းတဲ့ရောဂါနဲ့ ပတ်သက်ပြီးတော့ မင်းပြောမယ့်ကိစ္စက အရေးပါပါစေလို့ မျှော်လင့်ရတာပဲ။”

...

ကျွန်မအခန်းထဲကို ဝင်သွားတော့ ထိပ်ပြောင်ပြောင် ပါရဂူကြီးက ကျွဲကော်ကိုင်းမျက်မှန်နဲ့ ဆရာဝန်လို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်နဲ့ စကားပြောနေတာ တွေ့ရတယ်။ ပါရဂူကြီးက အဲဒီလူကို တလေတစားနဲ့ ဆက်ဆံပုံထောက်တော့ အတော်အရေးပါမယ့်သူမျိုး။ ကျွန်မက ထူးဆန်းတဲ့ရောဂါအကြောင်း ပြောမယ်ဆိုတာသိတော့ ကျွဲကော်ကိုင်းနဲ့သူက ပါရဂူကြီးထက် အရင်ပြောလာတယ်။

“ဒီတော့ မစ်ဆယ်ဗီက အဲဒီရောဂါနဲ့ပတ်သက်ပြီး ဘာတွေသိထားတာလဲ။”

သူကျွန်မနာမည်ကို ဘယ်လိုသိနေတယ်မသိဘူး။ ကျွန်မလည်း ဘန်နီ့ကိစ္စပြောလိုက်တော့ သူတို့ပုံစံက လေးနက်သွားပုံပဲ။ နောက်တော့ ကျွဲကော်ကိုင်းနဲ့လူက

“အလျင်လိုနေလို့ မိတ်မဆက်လိုက်ရလို့ စိတ်မရှိပါနဲ့ ဆီနိတ်တာဆယ်ဗီ။ ကျွန်တော်က EUOC သုတေသန ဌာနမှူး ဂျော်ဒန်ပါ။ လောလောဆယ်နုပျိုဆေးဆိုပြီး ပြန့်နှံနေတဲ့ မူးယစ်ဆေးတစ်မျိုးကိုတားဆီးဖို့ ကွင်းဆင်းလေ့လာနေတဲ့သူပါ။

ခင်ဗျားကြောင့် ဗြိတိန်သဘာဝလွန် ရာဇဝတ်အဖွဲ့ဖြစ်တဲ့ AC&B ဒီကိစ္စမှာ ပါဝင်နေတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တဲ့အတွက် ဝမ်းသာမဆုံးနိုင်အောင်ပါပဲ။”

အာလေလေ၊ ကြည့်ရတာ ကျွန်မတော့ ကိစ္စကြီး တစ်ခုတည်း ဝင်ပါမိပြန်ပြီထင်တယ်။

...

သိထားသမျှကို အကုန်ပြောပြီးနောက်မှာတော့ အလုပ်ကိုသာမန်အတိုင်း ဆက်လုပ်ခဲ့ပါတယ်။ အလုပ်ဆင်းတော့ ပါစီဗယ်ကလာကြိုတယ်။ ဒါပေမဲ့လူသားတွေ သွေးစုပ်ခံထားရပြီး သေတော့မလိုဖြစ်နေတာမြင်ရတော့ ကျွန်မရင်ထဲ မကောင်းသလိုခံစားရပြန်တယ်။

အရင်ဆုံးပြေးတွေးမိတာကတော့ ပါရီမြို့မှာ အမှောင်ကျောင်းတော်ရဲ့ဆီနိတ်တာအဖြစ် ရှိနေတဲ့ မော်လီကိုပါ။

“မော်လီသာဆိုရင် တစ်ခုခုလုပ်ပေးနိုင်မလားမသိဘူး။”

ကျွန်မရေရွတ်လိုက်မိတော့ ပါစီဗယ်က “အဲဒီအလုပ်က ထွက်လိုက်ပြီဆို...”

ကျွန်မလည်း သူ့ကိုမျက်စောင်းထိုးလိုက်ရင်း “ အမှောင်ကျောင်းတော်ရဲ့ဌာနခွဲ ဘယ်မှာရှိလဲ နင်သိတယ်မလား။”

သူက ကျွန်မကို မငြင်းရဲတာကြောင့် ခေါင်ညိတ်ပြလိုက်ပြီး “မဒမ်မူဆဲဆယ်ဗီ၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါ။” လို့ပြောရင်း ရှေ့ကနေ လမ်းပြပါတယ်။

All Chapters