ချီ-သွေး ဖြည့်သွင်းခြင်း၊ သွေးကြောမှတ် လျှို့ဝှက်ချက်
Vol. 10 Ch. 137
အစစ်အမှန် သိုင်းပညာဌာန၏ လမ်းကြောင်းနှင့် ပတ်သက်၍ လျူချင်းယွမ်မှ အများအပြား ပြောဆိုသွားခဲ့သော်လည်း၊ အားလုံးသည် နားမလည်နိုင် ဖြစ်နေကြစဲဖြစ်သည်။
အဆိုပါ လမ်းကြောင်းသည် သူတို့တွေးထင်ထားသည်ထပ် များစွာ ရှုပ်ထွေးနေသည့်ပုံပင်။
မကြာခင်မှာပင် လျူချင်းယွမ်မှ ပြောပြလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျင့်ကြံရေးက သာမန်ကျင့်ကြံရေး နည်းလမ်းတွေနဲ့ မတူဘူး “
“ လောဖို့မလိုပါဘူး၊ မင်းတို့က မကြာခင်မှာပဲ အဲ့တာကို ကြုံတွေ့ရပါလိမ့်မယ် “
“ ကျောင်းသူကျောင်းသားအသစ်တွေက ငါနဲ့လိုက်ခဲ့ကြ “
ထိုကဲ့သို့ပြောခဲ့ပြီးသည့်နောက်တွင် လျူချင်းယွမ်သည် အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားတော့သည်။
ရှားဟောက်ချန်းမှ အရင်ဦးဆုံး ပြေးလိုက်သွားခဲ့ပြီး၊ ထို့နောက်တွင် ရှားရှီယောက်နှင့် ကျန်းလန်တို့မှ အစဥ်လိုက်ပြေးလိုက်သွားကြသည်။
“ သွားကြစို့ “ ချင်ဖုန်းသည် ရှုကျိုးကို ကြည့်ကာ ပြောလာခဲ့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး ချင်ဖုန်းနှင့်အတူ အပြင်ဘက်သို့ ထွက်သွားတော့သည်။
စီနီယာ ကျောင်းသူကျောင်းသားတစ်စုသာလျှင် လေ့ကျင့်ရေးအခန်းထဲတွင် ကျန်နေခဲ့သည်။
ထွက်သွားသည့် ကျောင်းသူကျောင်းသားအသစ်များကို ကြည့်နေရင်းဖြင့် သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းများကို တိတ်တဆိတ် ခါရမ်းနေကြတော့သည်။
“ မစ္စတာလျူကတော့ ထပ်လုပ်ပြန်ပြီ၊ သူက ကျောင်းသူကျောင်းသားအသစ်တွေကို စိတ်ကြွသွားအောင် အမြဲလုပ်တယ် “
“ အာ၊ တိုက်ခိုက်လိုစိတ်ပြည့်ဝနေတဲ့ အဲ့အသစ်လေးတွေကို ကြည့်နေရတာက အရင်တုန်းကငါ့ကို ပြန်ပြီးတော့ အမှတ်ရသွားစေခဲ့တယ် “
“ မကြာခင်မှာပဲ သူတို့က ဒီကို လာမိတဲ့အတွက် နောင်တရသွားလိမ့်မယ်လို့ ငါလောင်းရဲတယ် “
စီနီယာ ကျောင်းသားကျောင်းသူများသည် ခါးသီးသော အပြုံးများ၊ နှမြောတသဖြစ်နေသော အပြုံးများ စသည်ဖြင့် အမူအရာ အမျိုးမျိုး ရှိနေခဲ့သည်။
ထိုအချိန်၌ ဆံပင်ကောက်နေသော စီနီယာတစ်ဦးမှ ရုတ်တရက် စကားပြောလာခဲ့သည်။
“ မင်းတို့က အဲ့လိုတော့ ပြောလို့မရဘူးလေ၊ သူတို့ကလည်း ငါတို့လိုမျိုး ကြံ့ကြံ့ခံနေဖို့ ရွေးချယ်ကောင်း ရွေးချယ်လာနိုင်တာပဲ “
“ ငါကြားထားတာကတော့ ဒီနှစ် ကျောင်းသူကျောင်းသားအသစ်တွေထဲမှာ လူသစ်ဘုရင်ပါတယ်တဲ့။ အဲ့လူက ကွဲပြားတဲ့ အရာတစ်ခုခုကို ယူဆောင်ပေးလာနိုင်မလားပဲ? “
မကြာခင်မှာပင် တစ်စုံတစ်ဦးသည် သူ၏ခေါင်းကို ခါယမ်း၍ ပြောလာခဲ့သည် “ လူသစ်ဘုရင်လား? အဲ့လိုဆိုရင်ကော ဘာဖြစ်လဲ? မနှစ်တုန်းက ဒုတိယရတဲ့ တစ်ယောက်က ဒီကို ရောက်လာခဲ့တယ် မဟုတ်ဘူးလား? သိပ်မကြာပါဘူး၊ အစစ်အမှန် သိုင်းပညာဌာကနေ ထွက်သွားကြတယ်လေ “
“ အမှန်ပဲ၊ အစစ်အမှန် သိုင်းပညာဌာနမှာ ကြံ့ကြံ့ခံနေဖို့ဆိုတာက လူတိုင်း လုပ်နိုင်တဲ့ အရာ မဟုတ်ဘူး “
အားလုံးသည် သဘောတူညီစွာဖြင့် ခေါင်းငြိမ့်လာကြသည်။
သူတို့သည် တစ်ခဏခန့် တိတ်ဆိတ်သွားကြသည်၊ ထို့နောက်တွင် တစ်စုံတစ်ဦးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ဒီနှစ် ကျောင်းသူကျောင်းသား အသစ်တွေကို စမ်းသပ်ကြဦးမှာလား? “
“ ဟုတ်တယ်၊ သူတို့က စမ်းသပ်ခန်းကို သွားနေကြတာ ဖြစ်နိုင်တယ်။ အဲ့က စမ်းသပ်မှုတွေက လူတိုင်း တောင့်ခံနိုင်တဲ့ အရာ မဟုတ်ဘူး “
“ အမှန်ပဲ၊ ငါဆိုရင် ငါ့ရဲ့အဘေးနဲ့ တွေ့ရလုနီးပါး ဖြစ်ခဲ့တာဟေး “
“ အဲ့ဒီအသစ်လေးတွေကရော စမ်းသပ်မှုကို အောင်မြင်ကြမယ်လို့ မင်းတို့ ထင်ကြလား? “
“ ဘယ်သူက သိမှာလဲ? လိုက်ကြည့်ကြတာပေါ့ကွာ “
ပြောကြဆိုကြရင်းဖြင့် စီနီယာ ကျောင်းသူကျောင်းသားတစ်စုသည် လေ့ကျင့်ရေး အခန်းထဲမှ ထွက်လာကြတော့သည်။
…
ရှုကျိုးနှင့် တစ်ခြားလူများသည် လျူချင်းယွမ်နောက်မှ လိုက်၍ တိုက်နံပါတ်၅မှ ထွက်လာခဲ့ကြပြီး၊ ဌာန၏ အတွင်းပိုင်းသို့ လမ်းလျှောက်သွားနေလျက်ရှိသည်။
လမ်းတစ်လျှောက်လုံးတွင် ကျန်းလန်နှင့် တစ်ခြားလူများသည် ဘေးဘက်ရှိ ခရမ်းနက်ရောင် အဆောက်အဦးများကို သိလိုစိတ်ဖြင့် ငေးကြည့်နေခဲ့ကြသည်။
ကျန်းလန်သည် မနေနိုင်တော့ဘဲ ငြင်သာစွာ မေးမြန်းလာခဲ့သည် “ ဆရာ၊ အဲ့ဒီ အဆောက်အဦးတွေထဲမှာ ဘာတွေ ရှိနေတာလဲ? “
ရှုကျိုးမှာလည်း သိလိုစိတ်ဖြင့် ငေးကြည့်လာခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနသည် အလွန်တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်၊ အဆိုပါ ခရမ်းနက်ရောင် အဆောက်အဦးများသာဆိုပါက ပို၍ပင် ငြိမ်သက်နေသေးသည်၊ တံခါးနှင့် ပြတင်းပေါက်အားလုံးကို တင်းတင်းကြပ်ကြပ် ပိတ်ထားကြပြီး၊ အပ်ကျသံလေးပင် မကြားခဲ့ရချေ။
လျူချင်းယွမ်မှ ပေါ့ပေါ့ပါးပါး စကားပြောလာခဲ့သည် “ အဆောက်အဦး အများစုကို အလုံပိတ်ထားတယ်၊ အထဲဝင်ဖို့ မကြိုးစားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်၊ သူတို့က …………. အခုလက်ရှိ မင်းတို့က ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာတွေ မဟုတ်ဘူး “
လူတိုင်း အနည်းငယ် မှင်သက်သွားခဲ့သည်။
ရှုကျိုးမှာလည်း တိတ်တဆိတ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ အခုလက်ရှိ ငါတို့က မကိုင်တွယ်နိုင်တဲ့ ဟာတွေလား?
အထဲမှာ ဘာတွေများ ရှိနေတာလဲ?
လျူချင်းယွမ်မှ ထိုကဲ့သို့ ပြောလေလေ၊ သူပို၍ သိချင်သွားလေလေ ဖြစ်သည်။
သို့သော် လျူချင်းယွမ်သည် များများစားစား ထပ်မပြောလာတော့ပေ “ မင်းတို့က ဒုတိယအဆင့်ကို ရောက်တဲ့အချိန်ကျရင်၊ တစ်ချို့အရာတွေကို နားလည်လာပါလိမ့်မယ်၊ အခုတော့ မစပ်စုချင်ကြနဲ့ “
“ သိချင်စိတ်ဆိုတာက အန္တရာယ်ရှိတဲ့ အရာတစ်ခုပဲ “
သူသည် ရှုကျိုးနှင့် တစ်ခြားလူများကို လှည့်ကြည့်လာခဲ့သည်၊ သူ၏အကြည့်ထဲတွင် အဓိပ္ပါယ်တစ်စုံတစ်ရာ ပါဝင်နေခဲ့သည်။
ထို့နောက်တွင် လျူချင်းယွမ်သည် စကားထပ်မပြောလာတော့ဘဲ အရှေ့သို့သာ ဆက်လျှောက်သွားတော့သည်။
လူတိုင်း လျင်မြန်စွာ လိုက်သွားကြတော့သည်။
မကြာခင်မှာပင် ရှုကျိုးနှင့် တစ်ခြားလူများသည် စက်ဝိုင်းခြမ်း ပုံသဏ္ဍာန် အဆောက်အဦးဆီသို့ ရောက်လာခဲ့ကြသည်။
အဆိုပါ အဆောက်အဦးသည် တစ်ခြားသောအဆောက်အဦးများနှင့် ကွဲပြားနေခဲ့ပြီး၊ ခရမ်းနက်ရောင် မဟုတ်ဘဲ ငွေဖြူရောင် ဖြစ်နေခဲ့သည်။
“ ကျွီ ~~ “
လျူချင်းယွမ်မှ တံခါးကိုဖွင့်ကာ ပြောလာခဲ့သည် “ ဝင်လာခဲ့ကြ “
ပြောခဲ့ပြီးသည့်နောက်တွင် သူသည် အထဲသို့ ဝင်သွားခဲ့သည်။
ရှုကျိုးနှင့် တစ်ခြားလူများမှာလည်း အမြန် လိုက်ဝင်လာပြီး၊ အထဲသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရှည်လျားသော ကော်ရစ်တာတစ်ခုကို မြင်တွေ့သွားခဲ့သည်။
ကော်ရစ်တာ၏ တစ်ဖက်တစ်ချက်စီတွင် သံမဏိတံခါးများ ရှိနေခဲ့သည်၊ လျူချင်းယွမ်သည် ၎င်းတို့ကို လုံးဝ မထိဘဲ၊ အတွင်းပိုင်းသို့သာ လမ်းလျှောက်ဝင်သွားခဲ့သည်။
နောက်ဆုံးတွင် သူတို့သည် ကော်ရစ်တာ၏ အဆုံးသို့ ရောက်ရှိသွားခဲ့သည်။
ကျယ်ဝန်းလှသော ခန်းမထဲတွင် ထူးဆန်းပြီး အဆင့်မြင့်သော စက်ပစ္စည်း အမျိုးမျိုး ရှိနေခဲ့သည်။
ခန်းမ၏ အလယ်ဗဟိုတွင် ကြီးမားသော သတ္တုစက်လုံးကြီး တစ်ခုရှိနေခဲ့ပြီး၊ အဆိုပါစက်လုံး၏ မျက်နှာပြင်ပေါ်တွင် ကျယ်ပြန့်သော အာရုံကြောများကဲ့သို့ ကိရိယာများနှင့် ချိတ်ဆက်ထားသည့် မျဥ်းကြောင်းများ ရှိနေခဲ့သည်။
“ အဲ့တာက ဘာကြီးလဲ? “
ရှားဟောက်ချန်းနှင့် တစ်ခြားလူများသည် ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩတုန်လှုပ်သွားကြသည်။
“ အထဲမှာ တစ်ယောက်ယောက် ရှိနေတာလား? “ ရှုကျိုးမှ ရုတ်တရက် စကားပြောလိုက်သည်။
သူပြောလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ခြားလူများကပါ ၎င်းကို သတိပြုမိသွားခဲ့သည်။
စက်လုံး၏ အတွင်းပိုင်းတွင် သွေးနက်ရောင် အမှုန်အမွှားတို့ဖြင့် ပြည့်နှက်နေလျက်ရှိပြီး၊ တုန်ရင်နေပုံရသည့် ပုံရိပ်တစ်ခုလည်း ရှိနေခဲ့သည်။
အဲ့မှာ တစ်ယောက်ယောက် ရှိနေတာလား?
သူတို့က ဘာလုပ်နေကြတာလဲ?
ဘေးနားရှိ လျူချင်းယွမ်မှ ပြောပြလာခဲ့သည် “ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျင့်ကြံရေး စတင်တဲ့ နေရာပဲ “
“ ကျင့်ကြံရေး အစလား? “ ရှုကျိုးသည် အနည်းငယ် မှင်သက်ကာ စိတ်ရှုပ်ထွေးသွားခဲ့သည်။
လျူချင်းယွမ်မှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ ပထမအဆင့်တွေအတွက် သားရဲအူတိုင်တွေ လိုအပ်တယ်ဆိုတာကို မင်းတို့အားလုံး သိကြပါတယ်။ ဘာလို့လဲဆိုဆိုတော့ သွေးကြောမှတ်တွေကို ရှာဖို့အတွက် သားရဲအူတိုင်တွေထဲမှာပါတဲ့ သွေးကြောမှတ် စွမ်းအင်ကို လိုအပ်လို့လေ “
“ တကယ်တော့ သားရဲအူတိုင်တွေ သုံးပြီးတော့ ရှာတွေ့ခဲ့တဲ့ သွေးကြောမှတ်တွေက သားရဲမျိုးနွယ်စုရဲ့ သွေးကြောမှတ်တွေပဲ။ လူသားတွေဆီမှာက တူညီတဲ့ နေရာတွေမှာ ရှိနေလို့သာ အဲ့တာတွေကိုဖွင့်နိုင်ကြတာ။ ဒါပင်မဲ့ အဲ့တာတွေက လူသားတွေအတွက် မသင့်တော်ဘူး “
ရှုကျိုးသည် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။
သားရဲအူတိုင်တွေက ရှာပေးတဲ့ သွေးကြောမှတ်တွေက လူသားတွေအတွက် မသင့်တော်ဘူးလား?
“ ဒါက မင်းတို့တွေအတွက် နက်နဲနေနိုင်တယ် “
လျူချင်းယွမ်မှ ဆက်ပြောလာခဲ့သည် “ တကယ်လို့ မင်းတို့က နားမလည်ကြဘူးဆိုရင်လည်း ကိစ္စမရှိဘူး၊ အဆင့်မြင့် လူသားပညာရှင်တွေက ဒီကိစ္စကြောင့် ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုပဲ မင်းတို့ သိထားဖို့ လိုအပ်တယ် “
“ သူတို့က သူတို့ရဲ့ သွေးကြောမှတ် ပြဿနာတွေကို ရှာတွေ့ခဲ့ကြပြီးတော့ သွေးကြောမှတ်တွေက တစ်သီးတစ်ခြား ဖြစ်နေပြီးတော့ အတူတူ အလုပ်လုပ်နိုင်တဲ့ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုကို မတည်ဆောက်နိုင်ခဲ့ကြဘူး “