← Chapters

ချီ-သွေး ဖြည့်သွင်းခြင်း၊ သွေးကြောမှတ် လျှို့ဝှက်ချက် ၂

Vol. 10 Ch. 138

ချီ-သွေး ဖြည့်သွင်းခြင်း၊ သွေးကြောမှတ် လျှို့ဝှက်ချက် ၂

Vol. 10 Ch. 138

“ အဲ့တာက ခွန်အားအပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေတယ်။ တကယ်လို့ သွေးကြောမှတ်တွေကသာ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုကို တည်ဆောက်နိုင်မယ်ဆိုရင်၊ ခွန်အားက အနိမ့်ဆုံးအနေနဲ့ ငါးဆလောက် တိုးတက်သွားလိမ့်မယ် “

“ ပြီးတော့ အဲ့တာတွေရဲ့ ဇစ်မြစ်ကလည်း သားရဲအူတိုင်တွေအပေါ်မှာ မူတည်နေတယ် “

“ သားရဲအူတိုင်တွေက ရှာတွေ့ခဲ့တဲ့ သွေးကြောမှတ်တွေက သားရဲသွေးကြောမှတ်တွေပဲ၊ လူသားတွေရဲ့ သွေးကြောမှတ်တွေ မဟုတ်ဘူး၊ ဆိုတော့ လူသားစနစ်တစ်ခုကို မတည်‌ဆောက်နိုင်ဘူး “

လျူချင်းယွမ်မှ အလေးအနက်ထား၍ ပြောလာခဲ့သည် “ အဲ့တာကြောင့် အစစ်အမှန် သိုင်းပညာဌာနက သွေးကြောမှတ်တွေကို အသက်သွင်းဖို့အတွက် သားရဲအူတိုင်တွေကို မသုံးဘူး “

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ရှုကျိုးတစ်ဦးတည်းသာ အေးဆေး တည်ငြိမ်နေလျက်ရှိသည်၊ သူသည် သွေးကြောမှတ်များကို ရှာဖွေနိုင်သည့် တစ်ခြားသော နည်းလမ်းတစ်ခုကို ရှာတွေ့ထားခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် ရှားဟောက်ချန်း၊ ကျန်းလန်နှင့် အတွင်းမြို့တော်မှ တစ်ခြားသော ပါရမီရှင်များကမူ တအံ့တဩ ဖြစ်သွားကြသည်။

ရှားရှီယောက်မှ အံ့ဩတကြီးဖြင့် ပြောလာခဲ့သည် “ တကယ်လို့ သားရဲအူတိုင်တွေကို မသုံးဘူးဆိုရင် သွေးကြောမှတ်တွေကို ဘယ်လိုရှာကြမှာလဲ? “

လျူချင်းယွမ်မှ အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ အစစ်အမှန် သိုင်းပညာဌာရဲ့ နည်းလမ်းကတော့ စိတ်စွမ်းအားကို အဆက်မပြတ် တိုးမြှင့်ပေးပြီးတော့ လူကိုယ်တိုင် ကိုယ့်ရဲ့ ခန္ဓာအတွင်းပိုင်းကို တစ်လက်မမှ မချန်ဘဲ သွေးကြောမှတ်တွေကို ရှာဖွေတာပဲ “

“ စိတ်ဝိညာဥ်စွမ်းအားကို မြှင့်တင်တာလား? “ ရှားရှီယောက် အံ့ဩမှင်သက်သွားခဲ့သည် ” တတိယအဆင့်နဲ့ အဲ့အထက်ကို ရောက်မှ စိတ်စွမ်းအားကို မြှင့်တင်လို့ရတာ မဟုတ်ဘူးလား? “

ဘေးနားရှိ တိတ်ဆိတ်နေခဲ့သည့် ချင်ဖုန်းမှ အပြုံးဖြင့် ဝင်ပြောလာခဲ့သည် “ ဒါပင်မဲ့ အစစ်အမှန် သိုင်းပညာဌာနက မင်းတို့ရဲ့ခန္ဓာကိုယ် အတွင်းပိုင်းကို ကိုယ်တိုင် ရှာဖွေနိုင်ဖို့အတွက် နည်းလမ်းတစ်ခု တွေ့ထားတယ်လေ “

ရှားဟောက်ချန်းနှင့် တစ်ခြားလူမျာသည် အံ့ဩတုန်လှုပ်သွားသော အမူအရာများကို ဖော်ထုတ်ပြသလာကြသည်။

အနားရှိ ရှုကျိုးမှာလည်း သူတို့၏ အမူအရာများကို အကဲခတ်နေရင်းဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

“ အတွင်းမြို့တော်က လူတွေကတောင် စိတ်စွမ်းအားကို မလေ့ကျင့်နိုင်ကြဘူးလား? “ ရှုကျိုး၏ စိတ်နှလုံးသားသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

ယခင်က ချောင်ရုံသည် စိတ်ဝိညာဥ်စွမ်းအားကို လေ့ကျင့်နိုင်သည့် နည်းစနစ်တစ်ခုကို ပေးအပ်ခဲ့သည်။

ထိုအချိန်က ရှုကျိုးသည် ၎င်းကို အလွန် တန်ဖိုးထားခဲ့သော်လည်း ဤမျှအတိုင်းအတာအထိ မဟုတ်ခဲ့ပေ။

သို့သော် ယခု၌ ချောင်တို့၏ စိတ်ဝိညာဥ် နည်းစနစ်သည် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိနေသည့်ပုံပင်။

ထိုအချိန်၌ ရှုကျိုးသည် အနည်းငယ် ရင်ထဲထိသွားခဲ့သည်။

သူ့အတွက် ချောင်ရုံသည် စစ်မှန်သည့် ကျေးဇူးရှင်တစ်ဦးဖြစ်ပြီး၊ ထိုကဲ့သို့သော တန်ဖိုးကြီးလွန်းလှသော အရာတစ်ခုကိုပင် ပေးခဲ့သည်။

ထိုအချိန်တွင် ရှားဟောက်ချန်းမှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ ဆရာ၊ စိတ်စွမ်းအားကို အသုံးပြုတာက သွေးကြောမှတ်တွေကို တကယ်ရှာနိုင်တာလား? “

“ လူသားခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက ဒီနေ့အထိ အဖြေမရသေးဘူး၊ ခန္ဓာဗေဒဆိုင်ရာ ပညာရှင်တွေတောင်မှ အပြည့်အဝ နားမလည်ကြဘူး “

“ သွေးကြောမှတ်တွေရဲ့ တည်ရှိမှုက တော်တော်ကြီးကို လျှို့ဝှက်ဆန်းကြယ်တယ်။ လူ့ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာ နက်နက်ရှိုင်းရှိုင်း ပုန်းနေကြတာ။ ကိုယ်တိုင် ရှာဖွေတာက တကယ် အသုံးဝင်ပါ့မလား? “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှားရှီယောက်နှင့် ကျန်းလန်တို့မှာလည်း အသာအယာ ခေါင်းငြိမ့်လာကြသည်။

လူသားတို့၏ ခန္ဓာကိုယ်သည် အမှန်ပင် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။

သွေးကြောမှတ်များကို မဆိုထားနှင့် ကိုယ်တွင်းအဂ်ါများကပင် အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများကို ဖန်တီးပေးနိုင်လေသည်။

အဆိုပါ သွေးကြောမှတ်များအတွက်ကား ပညာရှင်များကပင် ယနေ့အထိ မရှင်းပြနိုင်ခဲ့ကြပေ။

“ တကယ်လို့ စိတ်စွမ်းအား မြှင့်တင်ခြင်းပဲဆိုရင်တော့ တကယ်ကို တော်တော်လေး ခက်တယ် “

လျူချင်းယွမ်မှ အေးအေးလူလူ ပြောပြလာခဲ့သည် “ အဲ့တာကြောင့် ငါတို့က ဒီစက်ကို တီထွင်လိုက်ရတာပဲ “

ပြောနေရင်းဖြင့် သူသည် အရှေ့ဘက်ရှိ သတ္တုစက်လုံးကို လက်ညှိုးထိုးပြလိုက်သည်။

“ ဒီစက်က ခန္ဓာကိုယ်ထဲကို ချီ-သွေးစွမ်းအင်တွေ ဖြည့်ပေးနိုင်တယ်။ ချီ-သွေးစွမ်းအင်က ခန္ဓာကိုယ်ကို အတိုင်းအတာတစ်ခုအထိ ချဲ့လိုက်တဲ့အချိန်ကျရင် ပုန်းကွယ်နေတဲ့ သွေးကြောမှတ်တွေ ပေါ်လာလိမ့်မယ် “

လျူချင်းယွမ်မှ ပြုံးပြလာခဲ့သည် “ အဲ့ဒီအချိန်ကျရင် စိတ်စွမ်းအားကို သုံးပြီးတော့ သွေးကြောမှတ်တွေကို အလွယ်တကူရှာလို့ရတယ် “

“ ချီ-သွေးစွမ်းအင်လား? “

ရှားဟောက်ချန်း အံ့အားသင့်သွားခဲ့သည် “ ချီ-သွေးစွမ်းအင်က ခန္ဓာကိုယ်ထဲမှာပဲ သိုလှောင်ထားနိုင်တာ မဟုတ်ဘူးလား? အပြင်ဘက်မှာ ပေါ်လာတာနဲ့ ချက်ချင်း ပြန်ပျောက်သွားတာလေ။ ဒီစက်က အဲ့တာကို ဘယ်လိုလုပ်နိုင်ရတာလဲ? “

ဘေးနားရှိ လျူချင်းယွမ်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလာခဲ့သည် “ ဟုတ်၊ ငါတို့ အစစ်အမှန် သိုင်းပညာဌာန တစ်ခုတည်းကပဲ အဲ့လို လုပ်နိုင်တယ် “

“ ပြီးတော့ ဒီပစ္စည်းက တစ်နိုင်ငံလုံးမှာ တစ်ခုပဲရှိတယ်၊ တစ်ခြား ဘယ်နေရာမှာမှ မရှိဘူး “

“ ဟူးးး “

လူတိုင်းသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေကြတော့သည်။

ရှုကျိုးမှာလည်း မှင်သက်သွားခဲ့သည်၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ နည်းလမ်းက ငါ့နည်းလမ်းနဲ့ နည်းနည်းလေး တူနေတာပဲဟ။

သို့ရာ၌ လုံးဝ တူညီနေသည်တော့ မဟုတ်ပေ။

သူသည် သွေးကြောမှတ်များ အလိုအလျောက် ပေါ်လာစေရန်အတွက် ချီ-သွေးစွမ်းအင်များ ပေါက်ကွဲခြင်း နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အစစ်အမှန် သိုင်းပညာဌာန၏ နည်းလမ်းကမူ စိတ်စွမ်းအားကို အသုံးပြု၍ ကိုယ်တွင်းပိုင်းတွင် လိုက်လံ၍ ရှာဖွေခြင်းဖြစ်သည်။

“ ဒီစက်ကို ဖွင့်ခဲ့တဲ့ အချိန်တိုင်းမှာ ကုန်ကျစားရိတ် တော်တော်များခဲ့တယ် “

ဘေးနားရှိ ချင်ဖုန်းမှ အပြုံးဖြင့် ပြောလာခဲ့သည် “ မင်းတို့အားလုံးက အသစ်လေးတွေလေ၊ နောက်မှ မင်းတို့ကို အခမဲ့အနေနဲ့ နည်းနည်းလောက် အမြည်းကျွေးမယ် “

“ ဒါပင်မဲ့ တကယ်လို့ နောင်မှာ မင်းတို့က ဒီကို ထပ်လာမယ်ဆိုရင် ငွေပေးရလိမ့်မယ် “

အားလုံး၏မျက်နှာများသည် ပျော်ရွှင်မှုများဖြင့် တောက်ပသွားခဲ့သည်။

“ အပျော်စောမနေကြနဲ့ဦး “

လျူချင်းယွမ်မှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ ကောင်းကောင်း ပြင်ဆင်ထားကြ။ အထဲမှာ ကြာကြာနေနိုင်လေလေ၊ ပိုကောင်းလေလေပဲ။ ချီ-သွေးစွမ်းအင်တွေကို မင်းတို့ရဲ့ ခြေလက်တွေနဲ့ အရိုးတွေထဲ ဝင်ခွင့်ပေးလိုက်။ အဲ့တာဆိုရင် စိတ်စွမ်းအား သုံးပြီးတော့ သွေးကြောမှတ်တွေကို ရှာတဲ့နေရာမှာ ပိုလွယ်သွားလိမ့်မယ် “

အားလုံးသည် တစ်ညီတစ်ညာတည်း ခေါင်းငြိမ့်ပြလာခဲ့သည်။

ထိုအချိန်တွင် ရှုကျိုးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ချီ-သွေး စွမ်းအင်က ပုန်းကွယ်နေတဲ့ သွေးကြောမှတ်တွေကို ပေါ်လာစေတယ်ဆိုရင်၊ ကြီးမားတဲ့ ချီ-သွေးစွမ်းအားကို ခန္ဓာကိုယ်ထဲ တိုက်ရိုက်ထိုးသွင်းလိုက်ပြီးတော့ သွေးကြောမှတ်တွေကို ဘာလို့ တိုက်ရိုက် မဖော်ထုတ်ရတာလဲ? “

“ အဓိပ္ပါယ် မရှိတာ !! “

ချင်ဖုန်းမှ ဝင်ပြောလာခဲ့သည် “ ချီ-သွေးစွမ်းအင် ပမာဏ များရင် ခန္ဓာကိုယ်က အလွယ်တကူ ပေါက်ကွဲထွက်သွားလိမ့်တယ်။ မင်းက သွေးကြောမှတ်တွေကိုတောင် မရှာနိုင်ဘဲနဲ့ ပေါက်ကွဲပြီး သေသွားလိမ့်မယ် “

“ တကယ်လို့ အဲ့လောက်သာရိုးရှင်းနေမယ်ဆိုရင် ကျင့်ကြံရေး ဆေးရည်တွေကိုပဲ လူတိုင်းက သောက်နေကြတော့မှာပေါ့ “

ထိုကဲ့သို့ ပြောလာခဲ့ပြီး၊ သူသည် ရှုကျိုးအား သိလိုစိတ်ဖြင့် ကြည့်လာခဲ့သည် “ ဘာလို့ အဲ့လိုမေးခွန်းမျိုး မေးရတာလဲ? “

၎င်းမှာ သာမန်အသိအမြင် ဖြစ်ပေသည်။

ကျင့်ကြံရေးဆေးရည် အမြောက်အများ သောက်သုံးခြင်းသည် ခန္ဓာကိုယ်၏ ခံနိုင်ရည်အားကို ပျက်စီးသွားစေမည် ဖြစ်သည်။

ရှုကျိုးသည် ကို့ရို့ကားရားဖြစ်သွားသည့် အမူအရာဖြင့် တဟားဟား ရယ်မောကာ ပြောလာခဲ့သည် “ ဘာမှ မဟုတ်ပါဘူး၊ သိချင်ရုံလေးတင်ပါ “

“ ငါက သွေးကြောမှတ်တွေကို အများကြီး ရှာတွေ့ထားတယ်လေ၊ ပြီးတော့ မပေါက်ကွဲပါဘူး “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေရင်းဖြင့် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ ဗြွီ !! “

ထိုအချိန်တွင် စက်လုံးကြီးသည် အသံတစ်သံကို ရုတ်တရက် ထုတ်လွှတ်လာခဲ့သည်။

ထို့နောက်တွင် တံခါးသည် ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။

အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်ကို ပိုင်ဆိုင်ထားသည့် အရပ်ရှည်ရှည် မိန်းကလေးတစ်ဦးသည် စက်လုံးထဲမှ ထွက်လာခဲ့သည်။

“ စီနီယာ အစ်မ “ ချင်ဖုန်းမှ အမြန်အော်ခေါ်လိုက်သည်။

ကောင်မလေးသည် သူ့ကို တစ်ချက်ကြည့်ကာ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ ထို့နောက်တွင် လျူချင်းယွမ်ကို ကြည့်ကာ အရိုအသေပေးလာခဲ့သည် “ ဆရာ ”

လျူချင်းယွမ်မှ အသာအယာ ခေါင်းငြိမ့်ပြကာ ပြောလိုက်သည် “ ချန်းရှင်၊ ဒါက ဒီနှစ်ရဲ့ ကျောင်းသူကျောင်းသား အသစ်တွေပဲ။ တစ်ယောက်နဲ့တစ်ယောက် သိအောင် လုပ်ထားကြ “

သူသည် ရှုကျိုးနှင့် တစ်ခြားလူများကို သူမနှင့် မိတ်ဆက်ပေးလာခဲ့သည် “ ဒါက မင်းတို့ရဲ့ စီနီယာ အစ်မပဲ “

“ မဂ်လာပါ စီနီယာ အစ်မ “

အားလုံးသည် သူမကို အမြန်နှုတ်ဆက်လိုက်ကာ တစ်ဦးချင်းစီ မိတ်ဆက်နေတော့သည်။

All Chapters