ချီ-သွေး ဖြည့်သွင်းခြင်း၊ သွေးကြောမှတ် လျှို့ဝှက်ချက် ၃
Vol. 10 Ch. 139
ရှုကျိုးမှ သူ၏အမည်ကို မိတ်ဆက်နေသည့် အချိန်တွင် သူသည် အဆိုပါ စီနီယာ အစ်မကို တိတ်တဆိတ် စူးစမ်းလေ့လာနေခဲ့ပြီး အနည်းငယ် အံ့ဩသွားခဲ့သည်။
သူသည် ဤစီနီယာ အစ်မ၏ အစွမ်းက ချင်ဖုန်းကို မကျော်နိုင်ဘူးဟု ခံစားမိနေခဲ့ရသည်။
ချန်းရှင်သည် အနည်းငယ် ဘာသိဘာသာ နေတတ်ပုံရကာ စကားပြောခဲလှသည်။
သူမသည် လူတိုင်းကို ခေါင်းငြိမ့်ပြ၍ တိတ်တဆိတ် လှည့်ထွက်သွားတော့သည်။
သူမမထွက်သွားခင်အချိန်တွင် သူမသည် ရှုကျိုးကို တစ်ချက်မျှ ပြန်လှည့်လှည့်ကြည့်လာခဲ့သည်။
“ လူသစ်ဘုရင်လား? “
ချန်းရှင်သည် တိတ်တဆိတ် တွေးတောနေခဲ့ကာ၊ သူမ၏မျက်လုံးများသည် လုံးဝ တည်ငြိမ်နေခဲ့သည်။
ယခင်နှစ်က အဆင့်နှစ် ချိတ်သည့်လူသည် အစစ်အမှန် သိုင်းပညာဌာနနှင့် ပူးပေါင်းလာခဲ့သည်။ ထိုအချိန်က သူမသည် အလွန်ပျော်ရွှင်သွားခဲ့ကာ အစစ်အမှန် သိုင်းပညာဌာနက နောက်ထပ်ထောက်တိုင်တစ်ခု ရရှိခဲ့ပြီဟု ထင်နေခဲ့မိသည်။
သို့သော် ရလဒ်ကား ထိုလူသည် အချိန်ကြာကြာ မနေခဲ့ဘဲ အစစ်အမှန် သိုင်းပညာဌာနမှ ထွက်သွားခဲ့သည်။
၎င်းမှာ အရေးကြီးသော ကိစ္စ မဟုတ်ပေ၊ သို့သော် အရေးအကြီးဆုံး အရာကား ထိုလူထွက်သွားခဲ့ပြီးသည့်နောက်တွင် သူသည် အစစ်အမှန် သိုင်းပညာဌာန၏ အခက်အခဲတစ်ချို့ကို နတ်သိုင်းဌာနကို ပြောပြကာ ပေါက်ကြားစေခဲ့သည်။
၎င်းသည် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် အစစ်အမှန် သိုင်းပညာဌာနအား ပို၍ အခက်တွေ့သွားစေခဲ့သည်။
အဆိုပါ ဖြစ်ရပ်များကို ပြန်တွေးမိသွားသောအခါတွင် ချန်းရှင်သည် သူမ၏ လက်သီးသေးသေးလေးများကို အသာအယာ ဆုပ်ခဲနေတော့သည်။
သူမသည် ရှုကျိုးကို ထပ်မံ၍ ငေးကြည့်လိုက်သည်။
ဒီနှစ် လူသစ်ဘုရင်ကရော အဲ့လိုမျိုး ဖြစ်နေမှာလား?
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူမသည် တိတ်ဆိတ်သော ခြေလှမ်းများနှင့်အတူ လှည့်ထွက်သွားတော့သည်။
…
ချန်းရှင်၏ အတွေးများကို မည်သူမှ မသိကြပေ။
ထိုအချိန်၌ လျူချင်းယွမ်သည် ရှေ့သို့ တက်ကာ သတ္တုစက်လုံးတံခါးကို ပြန်ဖွင့်လိုက်သည်။
“ ဘယ်သူ အရင်သွားမလဲ? “ လျူချင်းယွမ်သည် ရှုကျိုးနှင့် တစ်ခြားလူများကိုကြည့်ကာ မေးလာခဲ့သည်။
“ ကျွန်မသွားမယ် “ ရှားရှီယောက်သည် သူမ၏လက်ကို အရင်ဦးဆုံးမြှောက်ပြလာခဲ့သည်။
သူမသည် ရှေ့သို့တက်လာခဲ့ကာ၊ စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုများ ရောထွေးနေသော အမူအရာဖြင့် မေးလာခဲ့သည် “ အထဲကို သွားလိုက်ရုံပဲလား? “
“ ဟုတ်တယ် “
ရှားရှီယောက်သည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ၊ သတ္တုစက်လုံးထဲသို့ အမြန်ဝင်သွားတော့သည်။
ဗြွီ !!
သံတံခါးသည် ဖြည်းညှင်းစွာ ပိတ်သွားခဲ့သည်။
ထို့နောက်တွင် လျူချင်းယွမ်သည် ထိန်းချုပ်နေရာသို့ သွားကာ ခလုတ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အပိတ်အဖွင့်ပြုလုပ်နေတော့သည်။
မကြာခင် အချိန်မှာပင် သတ္တုစက်လုံးကြီးသည် ထပ်မံ၍ တုန်ခါလာခဲ့ပြန်သည်။
“ ခန္ဓာကိုယ်ထဲကို ချီ-သွေးစွမ်းအင်တွေ ထိုးသွင်းနေတာလား? “ ရှုကျိုးသည် မျှော်လင့်ချက်တစ်ချို့နှင့်အတူ သတ္တုစက်လုံးကို ငေးကြည့်နေတော့သည်။
ယခင်က သူသည် ကိုယ်ပွားထံမှ ပြန်ရောက်လာသော အကျိုးအမြတ်များဖြစ်သည့် ချီ-သွေးစွမ်းအင် ပမဏ အများအပြားကို ခန္ဓာကိုယ်အတွင်း ပေါက်ကွဲစေကာ သွေးကြောမှတ်များကို အမြဲလိုလို ရှာဖွေနေခဲ့သည်။
သူသည် ဤစက်က သူ၏နည်းလမ်းဖြင့် မည်ကဲ့သို့ ကွာခြားနေမလဲဆိုသည်ကို သိချင်နေလျက်ရှိသည်။
စက်လုံးအတွင်း၌ အနီရောင် အမှုန်အမွှားများ ထပ်မံ၍ မြင့်တက်လာခဲ့ပြီး အထဲရှိ ရှားရှီယောက်ကို ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားခဲ့သည်။
အားလုံးသည် အပြင်မှ တိတ်တဆိတ် စောင့်ကြည့်နေကြပြီး၊ မည်သည့်စကားမှ မပြောကြပေ။
၁၀မိနစ် ကုန်ဆုံးသွားခဲ့သည်။
မိနစ် ၂၀ ကုန်ဆုံးသွားခဲ့သည်။
ရှားဟောက်ချန်းသည် အနည်းငယ် စိတ်မသက်မသာဖြစ်နေခဲ့ကာ မနေနိုင်တော့ဘဲ မေးလာခဲ့သည် “ ဆရာ၊ ဒီစမ်းသပ်မှုက အချိန်ဘယ်လောက် ယူရလေ့ရှိလဲဗျ? “
လျူချင်းယွမ်မှ အေးအေးလူလူ ပြောလာခဲ့သည် “ ပထမဦးဆုံး အကြိမ်ဝင်တာဆိုရင်တော့ နာရီဝက်နေနိုင်ရင် အောင်မြင်တယ်လို့ ပြောလို့ရတယ် “
“ တကယ်လို့ မင်းတို့ရဲ့ ခံနိုင်ရည်အားက ပိုကောင်းနေမယ်ဆိုရင်တော့ ပိုကြာကြာ နေနိုင်လောက်တယ် “
သူမှ ရှင်းပြလာခဲ့သည် “ အထဲမှာ ပိုကြာကြာနေနိုင်လေလေ၊ ချီ-သွေးစွမ်းအားကိုတောင့်ခံနိုင်လေလေ၊ အဝေးကို ပိုရောက်လေလေပဲ “
လူတိုင်း သဘောပေါက်နားလည်သွားကြသည်။
တစ်ဖက်ရှိ ချင်ဖုန်းမှ ဖြည့်စွက်ပြောလာခဲ့သည် “ တကယ်တော့ အထဲမှာ နေခဲ့တဲ့ အချိန်က မင်းတို့ရဲ့ အလားအလာနဲ့ သက်ဆိုင်တယ် “
“ ပိုကြာကြာနေနိုင်လေလေ၊ သွေးကြောမှတ်များများ ရှာတွေ့ပြီးတော့ အလားအလာပိုကောင်းလေလေပဲ “
“ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ငါ့ရဲ့ပထမဦးဆုံးအကြိမ်တုန်းကဆိုရင် နှစ်နာရီခွဲအထိ နေနိုင်ခဲ့တယ် “
နှစ်နာရီခွဲလား?
ရှုကျိုး၏ အသက်ရှူသံများပင် ရပ်တန့်သွားခဲ့သည်၊ ရှားဟောက်ချန်းနှင့် ကျန်းလန်တို့၏ မျက်လုံများလည်း အနည်းငယ် ပြူးကျယ်သွားခဲ့သည်။
ချင်ဖုန်းသည် စိတ်ကျေနပ်သွားသည့် အပြုံးတစ်ခုကို ဆင်မြန်းလာခဲ့သည်၊ သူသည် သူတို့၏ တုံ့ပြန်မှုများကို ကျေနပ်နေသည့်ပုံပင်။
သို့သော် ထိုအချိန်တွင် လျူချင်းယွမ်မှ အေးအေးလူလူ ပြောလာခဲ့သည် “ သူ့ကို အတုမယူကြနဲ့။ သူထွက်လာတော့ သူ့ရဲ့ သွေးကြောတွေ အကုန်လုံး ပေါက်ပြဲနေပြီးတော့ သုံးရက်လောက် သတိလစ်နေခဲ့တယ်၊ ကယ်လို့မရသလောက်နီးပါး ဖြစ်ခဲ့တာ “
“ ဆိုတော့ မင်းတို့နိုင်သလောက်ပဲ လုပ်ကြ “
အဟွတ် အဟွတ် အဟွတ်
ချင်ဖုန်းသည် ရှက်ရွံ့သွားသည့်ပုံပေါ်ပြီး ဆရာဖြစ်သူကို ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်၊ အဲ့လိုပြောဖို့ လိုလို့လားဗျာ?
ရှုကျိုး၏ တစ်ခြားလူများ၏ အမူအရာများ လေးနက်သွားခဲ့သည်။
ထိုစဥ် ရှားဟောက်ချန်းနှင့် ကျန်းလန်တို့၏ မျက်နှာများပေါ်တွင် စိတ်ပိုင်းဖြတ်လိုက်သည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍ ချင်ဖုန်းကသာ နှစ်နာရီခွဲကြာ နေနိုင်ခဲ့ပါက၊ သူတို့သည် ထို့ထပ် ပိုမနေနိုင်ဘူးဆိုလျှင်တောင်မှ အနိမ့်ဆုံးအနေဖြင့် တစ်နာရီကျော်ကြာသည်အထိ ရအောင် နေကြရမည် ဖြစ်သည်။
Sအဆင့် စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်များအနေဖြင့် သူတို့သည် တစ်ခြားလူများထပ် နောက်ကျကျန်နေလိုစိတ် မရှိပေ။
ရှားဟောက်ချန်းသည် ရှုကျိုးကိုပင် တိတ်တဆိတ် ငေးကြည့်လာခဲ့သည်။
လူသစ်အကဲဖြတ်မှု စာမေးပွဲတွင် သူ၏အဆင့်သည် ရှုကျိုး၏အနောက်တွင်သာ ရှိနေခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် သူ၏ဂုဏ်သိက္ခာကို ပြန်၍ ဆယ်ယူရမည် ဖြစ်သည်။
တစ်ဖက်ရှိ ရှုကျိုးကမူ တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်။
သူသည် အစစ်အမှန် သိုင်းပညာဌာ၏ နည်းလမ်းကို အသုံးပြု၍ သွေးကြောမှတ် အသစ်များ ရှာနိုင်မည်လားဆိုသည်ကို မြင်တွေ့ရရန် စိတ်အားထက်သန်နေလျက်ရှိသည်။
…
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် မိနစ် ၄၀မျှ ကုန်ဆုံးသွားခဲ့သည်။
ဗြွီ !!
သတ္တုတံခါးသည် ထပ်မံ၍ ပွင့်ဟလာခဲ့ပြီ ဖြစ်သည်။
ရှားရှီယောက်သည် တုန်တုန်ရင်ရင်ဖြင့် အထဲမှ ထွက်လာခဲ့သည်။
ရှားဟောက်ချန်း၏ အမူအရာ ပြောင်းလဲသွားပြီး၊ သူမကို ထူမပေးရန်အတွက် ရှေ့သို့ အမြန်တက်လာခဲ့သည် “ အဆင်ပြေရဲ့လား? “
“ မပြေဘူး၊ အဲ့တာ အရမ်းနာတယ်၊ အဟင့် ဟင့် “ ရှားရှီယောက်သည် ရှားဟောက်ချန်း၏ လက်မောင်းများကြားထဲသို့ သူမကိုယ်သူမ ပစ်သွင်းလိုက်ကာ တုန်တုန်ရင်ရင်ဖြင့် ငိုချလာခဲ့သည်။
“ မဆိုးပါဘူး၊ မင်းက တစ်နာရီအထိ တောင့်ခံနိုင်ခဲ့တယ် “ လျူချင်းယွမ်မှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူ၏လေသံထဲတွင် အသိအမှတ်ပြုသည့် သဘောထားများ ပါဝင်နေခဲ့သည်။
တစ်ဖက်ရှိ ကျန်းလန်သည် သိလိုစိတ်ဖြင့် မေးလာခဲ့သည် “ သွေးကြောမှတ်တွေကို ရှာတွေ့ခဲ့လား? “
ရှားရှီယောက်သည် သူမ၏ဦးခေါင်းလေးကို ခါယမ်းပြလာခဲ့သည် “ မတွေ့ဘူး “
“ စိတ်စွမ်းအား ထောက်လှမ်းမှုမှ မရှိတာကိုး သာမန်ပါပဲ ” လျူချင်းယွမ်သည် လုံးဝမအံ့ဩသွားခဲ့ပေ။
ထို့နောက်တွင် သူသည် တစ်ခြားလူများကို လှည့်ကြည့်လာခဲ့သည် “ နောက်ထပ် ဘယ်သူလာမလဲ? “
“ ကျွန်မ သွားပါမယ် “ ကျန်းလန်မှ ရှေ့တက်လာခဲ့သည်။
လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလိုက်သည်၊ ကျန်းလန်ဝင်သွားသည့် အချိန်တွင် သူသည် စက်ကို ပြန်ဖွင့်လိုက်သည်။
ဤတစ်ကြိမ်တွင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
၁၀မိနစ်
နာရီဝက်
မိနစ် ၆၀
၈၀ မိနစ်
…
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ အားလုံး၏ မျက်နှာများပေါ်တွင် အံ့အားသင့်နေသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မိနစ် ၁၀၀နီးပါးရှိတော့မယ်လေ၊ ကျန်းလန်က ထွက်မလာသေးဘူးလား?
ရှားရှီယောက်မှာ ပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။
သူမသည် အထဲတွင် တစ်နာရီကြာနေခဲ့ရသောကြောင့် အထဲရှိ အရာကို တောင့်ခံခြင်းက မည်မျှ ခက်ခဲလဲဆိုသည်ကို သိနေခဲ့သည်။
ကျန်းလန်က အထဲမှာ ရှိနေတုန်းပဲလား?
တစ်ဖက်ရှိ ချင်ဖုန်း၏အမူအရာမှာလည်း ပျက်ယွင်းလာခဲ့သည်။
သူသည် ယခုလေးတင် ကြွားဝါပြောဆိုနေခဲ့ခြင်း ဖြစ်သည်၊ ငါတော့ သောက်ပေါကြီး ဖြစ်တော့မယ်ဟေ့။
အနောက်မှ လိုက်လာကြသော စီနီယာ ကျောင်းသူကျောင်းသားတို့မှာလည်း အလွန်အံ့ဩသွားကြသည်။
“ ဒီနှစ်လူသစ်တွေက တော်တော်လေးကို စွမ်းတာပဲဟ “
“ ဟုတ်တယ်၊ ငါတို့နှစ်တုန်းကဆိုရင် တစ်နာရီထပ် ပိုနေနိုင်ခဲ့တဲ့ လူမရှိဘူး “
“ ကျန်းလန်က နောက်ထပ်ချင်ဖုန်းများ ဖြစ်လာနိုင်မလား? “