ချီ-သွေး ဖြည့်သွင်းခြင်း၊ သွေးကြောမှတ် လျှို့ဝှက်ချက် ၃
Vol. 10 Ch. 140
အပိုင်း ( 140 )
ချီ-သွေး ဖြည့်သွင်းခြင်း၊ သွေးကြောမှတ် လျှို့ဝှက်ချက် ၄
စီနီယာ ကျောင်းသားကျောင်းသူတို့၏ အမူအရာများ လေးနက်လာခဲ့ပြီး၊ သူတို့၏ မျက်လုံးများထဲတွင် လေးစားမှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
၎င်းကို ကြုံတွေ့ဖူးသည့် လူများကသာလျှင် အဆိုပါ စက်လုံးထဲတွင် ဤအချိန်အထိ တောင့်ခံနေရခြင်းက မည်မျှခက်ခဲလဲဆိုသည်ကို နားလည်နေခဲ့သည်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ၁၀မိနစ် ကုန်ဆုံးသွားခဲ့သည်။
ဗြွီ !!
စက်လုံး၏ တံခါး ပွင့်ဟလာခဲ့သည်။
ကျန်းလန်သည် သွေးများစိုရွှဲနေသော ခန္ဓာကိုယ်ဖြင့် လမ်းလျှောက်ထွက်လာခဲ့ပြီး၊ သူမ၏ခြေလှမ်းများသည် အနည်းငယ် ယိမ်းယိုင်နေခဲ့သည်။
သူမ၏ အဝတ်အစားများသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်ပြီး၊ သူမ၏အသားအရည်မှာလည်း ဆုတ်ပြဲနေခဲ့ကာ သနားဖွယ်ကောင်းသော အခြေအနေ ဖြစ်နေခဲ့သည်။
သူမဘေးနားရှိ ချင်ဖုန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
တော်သေးတယ်၊ သူမရဲ့စံချိန်က ငါ့ရဲ့ စံချိန်ကို မကျော်သွားခဲ့ဘူး။
“ နှစ်နာရီနီးပါးအထိ တောင့်ခံနိုင်ခဲ့တယ်ဆိုတာက တော်တော်ကြီးကို အထင်ကြီးဖို့ကောင်းနေပြီ “ လျူချင်းယွမ်သည် ကျန်းလန်အား လေးလေးနက်နက် စိုက်ကြည့်လာခဲ့သည်။
သူသည် ကျန်းလန်က ဤအချိန်အထိ တောင့်ခံနိုင်ခဲ့သည်မှာ သူမ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အလွန်အားကောင်းနေသောကြောင့် မဟုတ်ဘဲ သူမ၏စိတ်စွမ်းအားကြောင့်ဆိုသည်ကို သိနေခဲ့သည်။
ထိုကောင်မလေး၏ အားကောင်းလွန်းလှသော စိတ်စွမ်းအားသည် သူ့ကိုပင် အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
အရေးအကြီးဆုံး အရာကမူ သတိမမေ့သွားဘဲ အချိန်အတော်ကြာ တောင့်ခံနေနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအချက်ကပင် သူမအား ချင်ဖုန်းထပ် ပို၍ အားကောင်းသွားစေခဲ့သည်။
ကျန်းလန်သည် မည်သည့်စကားမှ မပြောသကဲ့သို့ ငိုလည်းမငိုခဲ့ပေ။
သူမသည် ကျောင်းသူကျောင်းသားအသစ်များ နေရာတွင် ပြန်ရပ်နေခဲ့ပြီး၊ သူမ၏ခန္ဓာကိုယ်လေးမှာလည်း နာကျင်မှုကြောင့် အနည်းငယ် တုန်ရင်နေခဲ့သည်၊ သို့သော် သူမ၏မျက်နှာ အမူအရာကမူ ခေါင်းမာသော အမူအရာဖြင့် ထူးထူးခြားခြား တည်ငြိမ်နေလျက်ရှိသည်။
အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းမှာ သူမ၏အကန့်အသတ် မဟုတ်သေးပေ။
အကယ်၍ သူမသာ အလိုရှိမည်ဆိုပါက သူမသည် ထို့ထပ်ပိုကြာကြာ နေနိုင်ခဲ့မည် ဖြစ်သည်။
သူမသည် ရှုကျိုးနှင့် တစ်ခြားလူများ၏ အရှေ့တွင် လဲပြိုမကျသွားချင်သောကြောင့် စောစော ထွက်လာခဲ့ခြင်း ဖြစ်သည်။
မလှမ်းမကမ်းရှိ ရှားရှီယောက်သည် ကျန်းလန်၏ စွမ်းဆောင်မှုကို ကြည့်ကာ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။
တစ်ခြားလူများသည် မည်သည့်မျက်ရည်မျှ မကျဘဲ နှစ်နာရီမျှ တောင့်ခံနိုင်ခဲ့ကြသည်၊ သို့သော် သူမကမူ တစ်နာရီသာ တောင့်ခံနိုင်ခဲ့ပြီး လူတိုင်း၏ အရှေ့တွင် ငိုပင်ငိုခဲ့သေးသည်။
“ ငါက တကယ်ကို အဲ့လောက်တောင် ဆိုးရွားနေတာလား? “ ရှားရှီယောက်သည် သူမ၏နှုတ်ခမ်းလေးများကို အသာအယာကိုက်လိုက်ပြီး၊ သူမ၏မျက်လုံးများထဲတွင် မလိုလားမှုများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းလန်ကမူ သူမ၏ အတွေးများကို မသိဘဲ သူမကိုယ်သူမ ဂုဏ်ယူနေခဲ့သည်။
“ တကယ်လို့ ငါကသာ သွေးကြောမှတ် အခု၂၀ ဖွင့်ထားမယ်ဆိုရင် နောက်တစ်နာရီလောက် ထပ်နေနိုင်ဦးမှာ “ ကျန်းလန်သည် တစ်ကိုယ်တည်း တွေးတော စဥ်းစားနေခဲ့သည် “ ဒါပင်မဲ့ နှစ်နာရီဆိုတာကလည်း မဆိုးပါဘူး “
“ အဲ့လူက ငါ့ထပ်တော့ ပိုမကြာလောက်ပါဘူး “ ကျန်းလန်သည် ရှုကျိုးကို ငေးကြည့်နေတော့သည်။
…
ထို့နောက်တွင် ရှားဟောက်ချန်းသည် စက်လုံးထဲသို့ စိတ်အားထက်သန်စွာဖြင့် ဝင်သွားတော့သည်။
သူသည် ကျန်းလန်ထပ် ပိုကြာကြာ တောင့်ခံနိုင်ခဲ့သည်။
၁၃၀မိနစ်မျှ ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ဆက်၍တောင့်မခံနိုင်တော့သည့်အတွက် စက်လုံးတံခါးကို ဖွင့်ကာ ထွက်လာခဲ့သည်။
“ အစ်ကို၊ နင်က အရမ်းတော်တာပဲ။ နင်က ငါတို့အားလုံးထပ် ပိုကြာကြာ တောင့်ခံနိုင်ခဲ့တယ် “ ရှားရှီယောက်သည် ပျော်ရွှင်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် အမြန် ချဥ်းကပ်လာခဲ့သည်။
သူမက အချိန်ကြာကြာ မတောင့်ခံနိုင်သော်လည်း သူမအစ်ကိုဖြစ်သူက အထင်ကြီးဖွယ်ကောင်းနေခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။
ရှားဟောက်ချန်း၏ ခန္ဓာကိုယ်သည် ကွဲအက်နေခဲ့ပြီး၊ သွေးချောင်းဆိုးကာ ပြောလာခဲ့သည် “ ရှုကျိုးက မသွားရသေးဘူး “
ရှားရှီယောက်မှ အပြုံးဖြင့် သူ့ကို အားပေးလာခဲ့သည် “ သူက အကို့လောက် မကြာပါဘူး၊ အစ်ကိုက အကောင်းဆုံးပဲ “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှားဟောက်ချန်း အံ့ဩသွားခဲ့သည်၊ ထို့နောက်၌ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး၊ သူ၏နာကျင်မှုများပင် လျော့ပါးသွားခဲ့သည်။
သူသည် ရှားရှီယောက်၏ ခေါင်းကို ပုတ်လိုက်ပြီး၊ ကျေးဇူးတင်နေသည့် အမူအရာဖြင့် ကြည့်နေတော့သည်၊ ၎င်းမှာ ချစ်ဖွယ်ကောင်းသော သူ၏ညီမလေးပင် ဖြစ်သည် !!
…
မလှမ်းမကမ်းရှိ လျူချင်းယွမ်၏ မျက်လုံးများထဲတွင် အံ့အားသင့်နေသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေလျက်ရှိသည်။
သူသည် အမှန်တကယ် အံ့အားသင့်နေခဲ့ခြင်း ဖြစ်သည်၊ ဤနှစ်လူသစ်အုပ်စုသည် သူတွေးထင်ထားသည်ထပ် များစွာသာလွန်နေခဲ့သည်။
သူသည် ပထမဦးဆုံး ဝင်သွားခဲ့သည့် ရှားရှီယောက်ကပင် အတော်လေး အထင်ကြီးဖွယ်ကောင်းနေပြီဟု ထင်နေခဲ့သည်၊ သို့သော် နောက်နှစ်ဦးကား ပို၍ပင် အံ့ဩဖွယ်ကောင်းနေခဲ့သည်။
တစ်ဦးသည် နှစ်နာရီနီးပါး တောင့်ခံနိုင်ခဲ့ပြီး၊ နောက်တစ်ဦးကမူ နှစ်နာရီကျော် တောင့်ခံနိုင်ခဲ့သည်။
သို့ရာ၌ လျူချင်းယွမ်သည် ကျန်းလန်ကို ပို၍ လေးစားနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ကျန်းလန်သည် သွေးကြောမှတ် ၃ခုမျှသာ ဖွင့်ထားသောကြောင့် ဖြစ်သည်၊ ရှားဟောက်ချန်းကမူ သွေးကြောမှတ် အခု ၂၀ဖွင့်ထားလေသည်။
“ ရှုကျိုး “ လျူချင်းယွမ်သည် ရှုကျိုးကို ကြည့်ကာ အပြုံးဖြင့် ပြောလာခဲ့သည် “ မင်းအလှည့်ရောက်ပြီ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ အသက်ကို ပြင်းပြင်းရှရှရှူသွင်းကာ စက်လုံးထဲသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။
“ ဗြွီ !! “
သံမဏိတံခါး ပွင့်ဟလာခဲ့ပြီး ဖြည်းညှင်းစွာ ပြန်ပိတ်သွားခဲ့သည်။
ထိုအချိန်တွင် ရှားဟောက်ချန်း၊ ရှားရှီယောက်နှင့် ကျန်းလန်တို့သည် အရှေ့သို့ ငေးကြည့်လာကြသည်။
စီနီယာ ကျောင်းသူကျောင်းသားတို့မှာလည်း နိုးနိုးကြားကြား ဖြစ်လာခဲ့သည်။
“ သူက ဒီနှစ်ရဲ့ လူသစ်ဘုရင်မလား? သူက ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မလဲမသိဘူး “
“ သူက နှစ်နာရီလောက်တော့ တောင့်ခံနိုင်မလားပဲ? “
“ ငါတော့ အဲ့လိုဖြစ်မယ်လို့ မထင်ဘူး၊ ချီ-သွေးစွမ်းအား ဖြည့်သွင်းတဲ့ စမ်းသပ်မှုက စိတ်စွမ်းအားနဲ့ဆိုင်တယ် “
“ မနှစ်က ဒုတိယရတဲ့ လူက တစ်နာရီတောင် တောင့်မခံနိုင်ခဲ့ဘဲ ထွက်လာခဲ့တယ်လေ “
“ အမှန်ပဲ၊ အဲ့တာက သူ့ရဲ့ စိတ်စွမ်းအားက ဘယ်လောက်အားကောင်းလဲဆိုတဲ့ အပေါ်မှာ မူတည်တယ် “
စီနီယာ ကျောင်းသားကျောင်းသူများသည် မျှော်လင့်နေသော အမူအရာများဖြင့် ရှုကျိုး၏ စွမ်းဆောင်မှုကို စောင့်မျှော်နေကြတော့သည်။
…
စက်လုံးထဲသို့ ရောက်လာခဲ့ပြီးသည့်နောက်၌
စက်လုံး၏ အတွင်းပိုင်းသည် ငွေဖြူရောင်ဖြစ်နေခဲ့ပြီး မျက်နှာပြင်တွင် အပေါက်များဖြင့် ပြည့်နှက်နေလျက်ရှိသည်။
စက်ပိုင်းဆိုင်ရာ အသံတစ်သံ ထွက်ပေါ်လာခဲ့သည် “ တင်ပျဥ်ခွေထိုင်ပြီးတဲ့နောက်မှာ ချီ-သွေးစွမ်းအားတွေက မင်းရဲ့ ခန္ဓာကိုယ်ထဲကို အလိုအလျောက် ရောက်လာလိမ့်မယ် “
“ မင်းရဲ့ အကန့်အသတ်ကို ရောက်သွားရင် တွန်းအားမပေးနဲ့၊ အချိန်မှီ ထရပ်လိုက်ပါ “
ရှုကျိုးသည် ညွှန်ကြားချက်များအတိုင်း တင်ပျဥ်ခွေထိုင်လိုက်သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ အပေါက်များသည် အနီရောင် အမှုန်အမွှားတို့ကို လျင်မြန်စွာ ထုတ်လွှတ်လာခဲ့သည်။
“ ချီ-သွေးစွမ်းအားလား? “ ရှုကျိုးသည် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
မကြာခင်မှာပင် အဆိုပါ အနီရောင် အမှုန်အမွှားတို့သည် ကိုယ်ပိုင်အသိဉာဏ်ရှိနေသကဲ့သို့ သူ၏ ချွေးပေါက်များဆီသို့ တိုးဝင်လာခဲ့ကြသည်။
“ အံ့ဩစရာပဲ “ ရှုကျိုး အံ့အားသင့်သွားခဲ့သည်။
ဤဖြစ်ရပ်သည် သူ၏အတွေးစိတ်ကူးများကို ပြောင်းပြန်လှန်သွားခဲ့သည်၊ ချီ-သွေးစွမ်းအင်များက အသက်ရှိနေမည်ဆိုပါက ၎င်းတို့သည် သူ၏ခန္ဓာကိုယ်ထဲသို့ တက်တက်ကြွကြွ တိုးဝင်လာမည် ဖြစ်သည်။
အဆိုပါ ခံစားချက်သည် ကိုယ်ပွားမှ ပြန်လည်ပေးပို့လာခဲ့သည့် အကျိုးကျေးဇူးနှင့် အတော်လေး ကွဲပြားနေခဲ့သည်။
ကိုယ်ပွားမှ ပေးပို့လာခဲ့သော ချီ-သွေးစွမ်းအင်များသည် ကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားသည့် သွေးများကဲ့သို့ ခံစားခဲ့ရသည်။
လက်ရှိအခြေအနေကမူ သွေးသွင်းခြင်းနှင့် ပို၍ တူညီနေခဲ့သည်။
“ ပြီးတော့ ဒီအနီရောင်အမှုန်တွေက ခန္ဓာကိုယ်ထဲကို ရောက်လာပြီးတာနဲ့ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတယ်၊ ငါ့ရဲ့ချီ-သွေးစွမ်းအားကို မတိုးတက်စေဘူး ”
ရှုကျိုးမှ တွေးတော စဥ်းစားနေခဲ့သည် “ ဒါပင်မဲ့ အဲ့တာတွေသာ လုံလုံလောက်လောက် ရှိနေမယ်ဆိုရင် သွေးကြောမှတ်တွေကို တကယ်ကြီး ရှာနိုင်လောက်တယ် “
သူသည် ၎င်းကို ကြုံတွေ့ရမှ ပိုပို၍ အံ့ဩသွားခဲ့သည်။
ဤအစစ်အမှန် သိုင်းပညာဌာနသည် သူ၏အတွေးစိတ်ကူးများထပ် ကျော်လွန်နေခဲ့သည်။
ထို့နောက်တွင် ရှုကျိုးသည် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ပိုမို များပြားသော အနီရောင်အမှုန်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။
အစပိုင်းတွင် အနည်းငယ်မျှသာ နာကျင်နေခဲ့သော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ အဆိုပါ နာကျင်မှုသည် ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့ရောက်ရှိလာခဲ့သည်။
သို့ရာ၌ ၎င်းမှာ ရှုကျိုးအတွက် မည်သို့မျှ မနေခဲ့ပေ။
“ ဒီလို နာကျင်မှုလေးက “ ရှုကျိုးသည် သူ၏ခေါင်းကို အသာအယာ ခါယမ်းနေတော့သည် “ ကိုယ်ပွားက ပြန်ပေးလာတဲ့ ချီ-သွေးစွမ်းအားတွေနဲ့ လုံးဝမယှဥ်နိုင်ဘူးပဲ “
သူသည် ၎င်းကို နှိုင်းယှဥ်ကြည့်လိုက်ရာ ၎င်းသည် ချီ-သွေးစွမ်းအင် ပေါက်ကွဲမှု၏ ၁ယူနစ်နှင့် ညီမျှလုနီးပါး ဖြစ်နေခဲ့သည်။
သူသည် ချီ-သွေးစွမ်းအင် ပေါက်ကွဲမှု ၁၀ယူနစ်ကျော်အထိ တောင့်ခံနိုင်လေသည်။
“ ဒီလောက်ပဲလား? “ ရှုကျိုးမှ မျက်လုံးများကို ဖွင့်ကာ ရေရွတ်ပြောဆိုလာခဲ့သည် “ ဒီထပ်ပိုကြမ်းလို့ မရတော့ဘူးလား? “
သူ၏အသံသည် တုံ့ပြန်မှုတစ်ခုကို အမြန်ဆွဲထုတ်နိုင်ခဲ့သည့်ပုံပင်။
ပတ်ပတ်လည်ရှိ အနီရောင် အမှုန်အမွှားတို့သည် ရုတ်တရက် ထူထပ်လာခဲ့သည်။
အနီရောင် အမှုန်များသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်အနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။
…
အချိန်များ ဆက်လက်၍ ကုန်ဆုံးသွားခဲ့သည်။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ ……………………………………………