ဒီကောင်က လူကော ဟုတ်ရဲ့လားဟ? ၃
Vol. 10 Ch. 143
ရှုကျိုးမှ ခေါင်းငြိမ့်ပြ၍ ပြောလိုက်သည် “ ကျွန်တော့်ရဲ့ စိတ်ဝိညာဥ်စွမ်းအားက တော်တော်လေးမြင့်တယ်လေ၊ အခုဆို ကျွန်တော်က ကိုယ့်ကိုကိုယ် ပြန်ကြည့်နေနိုင်ပြီ “
“ … “
လူတိုင်း ထပ်မံ၍ မိန်းမောသွားရပြန်သည်။
ရှားဟောက်ချန်းနှင့် ကျန်းလန်တို့၏ ပါးစပ်များ ပွင့်ဟသွားကြပြီး၊ ရှုကျိုးအား တအံ့တဩဖြင့် ကြည့်နေကြတော့သည်။
ရှုကျိုး၏ ရုပ်ပိုင်းဆိုင် ခန္ဓာကိုယ်မှာ အလွန်အားကောင်းလွန်းလှပြီး၊ သူ၏စိတ်စွမ်းအားမှာလည်း အံ့ဩဖွယ်ကောင်းလှပေသည်။
စိတ်ဝိညာဥ်စွမ်းအားဆိုသည်မှာ တတိယအဆင့်သို့ ရောက်ရှိမှသာ လေ့ကျင့်နိုင်သော အရာမျိုး ဖြစ်သည်။
ရှုကျိုးသည် သူ့အား မွန်းစတာကြီး တစ်ကောင်ကို မြင်နေရသကဲ့သို့ ကြည့်နေကြသည့် အကြည့်များနှင့် ရင်ဆိုင်နေရသောအခါတွင် ဦးရေပြားပင် ထုံကျင်သွားခဲ့သည်။
တကယ်လို့ ငါသာ စကားဆက်ပြောနေမယ်ဆိုရင် သူတို့က ငါ့ကို သုတေသနလုပ်ဖို့အတွက် ခုတ်ထစ်ကြတော့မှာလား?
သူသည် အမြန်ချောင်းဟန့်၍ ပြောလိုက်သည် “ ကောင်းပြီလေ၊ အဟမ်း …… အဲ့လိုပါပဲ။ ကျွန်တော်က စိတ်ဝိညာဥ်စွမ်းအားအတွက် ကျင့်ကြံရေး နည်းစနစ်တစ်ခုကို မတော်တဆရခဲ့တာလေ၊ ဆိုတော့ ကျွန်တော့်ရဲ့ စိတ်စွမ်းအားက တော်တော်ကြီးကို မြင့်တယ် “
“ စိတ်ဝိညာဥ်စွမ်းအားအတွက် ကျင့်ကြံရေး နည်းစနစ်တစ်ခုလား? “
ရှားရှီယောက်သည် အံ့အားသင့်သွားသည့် အမူအရာတစ်ခုကို ဖော်ထုတ်ပြသလာခဲ့သည် “ ပထမအဆင့်က လူတစ်ယောက်ကို စိတ်ဝိညာဥ်စွမ်းအားကို လေ့ကျင့်စေနိုင်တဲ့ ကျင့်ကြံရေး နည်းစနစ်တစ်ခုက ရန်ပြည်ထောင်မှာ မရှိဘူးလေ။ နင်က အဲ့တာကို ဘယ်ကနေရခဲ့တာလဲ? “
ရှားဟောက်ချန်းနှင့် ကျန်းလန်တို့မှာလည်း အံ့ဩတကြီးဖြင့် ရှုကျိုးကို ကြည့်လာကြသည်။
ထိုအချိန်တွင် လျူချင်းယွမ်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ ရှုကျိုးမှာက ကံကောင်းတာလေးတွေ ရှိတယ်၊ အများကြီး မမေးနဲ့ “
သူသည် ရှုကျိုးကို နက်နက်နဲနဲ စိုက်ကြည့်လိုက်သည်။
တစ်ခြားလူများက မသိနိုင်သော်လည်း သူ၊ လျူချင်းယွမ်ကမူ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် သူသည် လင်းဂျန် ပထမအထက်တန်းကျောင်း၏ ကျောင်းသားတစ်ဦးဖြစ်ခဲ့သောကြောင့် ဖြစ်သည်။
သူသည် ချောင်ရုံကို သိသည်။ လျူချင်းယွမ်သည် ရှုကျိုး၏ စိတ်ဝိညာဥ်စွမ်းအား ကျင့်ကြံရေး နည်းစနစ်က ချောင်ရုံထံမှ ရထားခြင်းဖြစ်နိုင်သည်ဟု အကြမ်းဖျင်း မှန်းဆမိနေခဲ့သည်။
“ ရှုကျိုး “ လျူချင်းယွမ်သည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက် ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည် “ မင်းက စိတ်ဝိညာဥ်စွမ်းအား ကျင့်ကြံရေး နည်းစနစ်ကို ဘယ်လိုပဲရထားပါစေ၊ အဲ့ကိစ္စကို လူတွေ မသိစေနဲ့ “
“ အထူးသဖြင့် ဒီနေ့လိုပဲ အော်ကျယ်အော်ကျယ်နဲ့ လျှောက်မပြောမိစေနဲ့ “
“ ကျောင်းမှာဆိုရင် အဆင်ပြေတယ်၊ ဒါပင်မဲ့ သတင်းပျံ့သွားတာနဲ့ မင်းဆီကို ကပ်ဘေးတွေ ရောက်လာလိမ့်မယ် “
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူူသွင်းကာ အမြန် ခေါင်းငြိမ့်ပြလိုက်သည်။
လျူချင်းယွမ်သည် တစ်ခြားလူမျာကိုလည်း လေးလေးနက်နက် စိုက်ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည် “ မင်းတို့တွေရောပဲ၊ ဒီနေ့ကိစ္စကို လုံးဝ မပေါက်ကြားစေနဲ့ “
“ ဟုတ်ကဲ့ပါ “ အားလုံးသည် အလေးအနက်ထား၍ တုံ့ပြန်လာခဲ့သည်။
“ ငါက ကျင့်ကြံရေး နည်းစနစ်အကြောင်းကိုပဲ ပြောနေတာ မဟုတ်ဘူး၊ ရှုကျိုးက သွေးကြောမှတ် ၁၀ခု ရှာတွေ့ခဲ့တဲ့ ကိစ္စကိုပါ ပြောနေတာ။ ဒီနေ့မှာ ဖြစ်ခဲ့တဲ့ ဘယ်ကိစ္စကိုမှ မပြန့်သွားစေနဲ့ “
လျူချင်းယွမ်သည် ရှားဟောက်ချန်း၊ ကျန်းလန်နှင့် တစ်ခြားလူများကို လေးနက်စွာ စိုက်ကြည့်လိုက်သည် “ နားလည်ကြလား? “
အားလုံးသည် စိတ်ထဲတွင် တုန်လှုပ်သွားကြပြီး၊ စိတ်ရှုပ်ထွေးသွားကြသော်လည်း အလေးအနက်ထား၍ တုံ့ပြန်လာကြသည် “ နားလည်ပါတယ် !! “
လျူချင်းယွမ်သည် ရှုကျိုးကို ထပ်ကြည့်ကာ ပြောလာခဲ့သည် “ မင်းက အတွင်းပိုင်း ရှာဖွေခြင်းကို လုပ်နိုင်တယ်၊ ပြီးတော့ စက်လုံးထဲမှာ ဆယ်နာရီအထိ နေခဲ့ပြီးတော့ သွေးကြောမှတ် ၁၀ခု ရှာတွေ့ခဲ့တာက ပုံမှန်ပဲ “
သို့သော် သူသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည် “ ဒါပင်မဲ့ …….. “
“ ဘာကြီးလဲ? “ ရှုကျိုးသည် စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
“ ထားလိုက်ပါလေ၊ ဘာမှ မဟုတ်ဘူး “ လျူချင်းယွမ်မှ ခေါင်းခါပြလိုက်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက သူမပြောဘဲ ချန်ထားသည့် အရာတစ်ခုရှိတယ်၊ ရှုကျိုးသည် သားရဲစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး၊ သီအိုရီအရပြောရမည်ဆိုပါက သွေးကြောမှတ် အများအပြား ရှာတွေ့ခြင်းသည် ဖြစ်သင့်သော အရာတစ်ခု မဟုတ်ပေ။
သို့သော် ယခု၌ ရှုကျိုးသည် ၎င်းတို့ကို အမှန်တကယ် ရှာတွေ့ခဲ့လေသည်။
ထို့ကြောင့်ပင် လျူချင်းယွမ် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။
သို့ရာ၌ သူသည် ၎င်းကို လူကြားထဲတွင် ထုတ်မပြောလာခဲ့ပေ၊ ထို့အစား တစ်ခြားလူများကို လှည့်ကြည့်လိုက်သည် “ အားလုံးပဲ၊ မနက်ဖြန်ကြရင် တိုက်နံပါတ် ၅မှာ လူစုကြပါ၊ ရှာဖွေရေး နည်းလမ်းကို မင်းတို့အားလုံးကို ငါသင်ပေးမယ် “
“ ရှုကျိုး၊ မင်းက ရှာဖွေရေးနည်းလမ်းကို သိထားပြီးပြီဆိုတော့ မနက်ဖြန် လာဖို့ မလိုအပ်ဘူး “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
လျူချင်းယွမ်မှ ဆက်ပြောလာခဲ့သည် “ နောင်အနာဂတ်မှာ မင်းက ဒီကိုထပ်လာမယ်ဆိုရင် တစ်ခါလာတိုင်း အကျိုးပြုအမှတ် ၁မှတ် ပေးရမယ်၊ ဒါပေါ့ …. မင်းက ချွင်းချက်ပဲ “
သူသည် ရှုကျိုးအား နာကျင်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။
ရှုကျိုးလာမည့် အချိန်တိုင်းတွင် သန်းနှင့်ချီ၍ ကုန်ကျမည် ဖြစ်သည်။
၎င်းကို ကြားလိုက်ရသော်လည်း ရှုကျိုးမှာ တည်ငြိမ်နေစဲဖြစ်သည်။
သူ့ထံတွင် ကိုယ်ပွား ရှိနေသောကြောင့် ဤနေရာသို့ လာလာ၊ မလာလာ အရေးကြီးနေမည် မဟုတ်ပေ။
ထိုအချိန်တွင် ရှားဟောက်ချန်းမှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ ဆရာ၊ ကျွန်တော်တို့က သွေးကြောမှတ် ဖွင့်တဲ့ အချိန်တိုင်းမှာ ဒီကို လာပြီးတော့၊ ဒီနေ့လိုပဲ ပြန်ပြန်လုပ်ရမှာလား? “
လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အဲ့လိုပဲ “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှားဟောက်ချန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သွေးကြောများ ပေါက်ပြဲရာတွင် ဖြစ်ပေါ်လာသော နာကျင်မှုအား တစ်ကြိမ်တစ်ခါမျှသာ ခံရမည်ဆိုပါက သည်းခံထားနိုင်မည် ဖြစ်သည်၊ သို့သော် သွေးကြောမှတ် ရှာဖွေသည့်အချိန်တိုင်းတွင် ခံစားရမည်ဆိုပါက ………….
“ ငါ အရင်က ပြောခဲ့သလိုပဲ ” လျူချင်းယွမ်မှ တည်တည်တံ့တံ့ ပြောဆိုလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနကို လာတာက အန္တရာယ်ရှိတယ် “
“ တကယ်လို့ မင်းတို့က အဲ့တာကို သည်းမခံနိုင်ဘူးဆိုရင် ထွက်သွားဖို့ ရွေးချယ်လို့ရတယ် “
ရှားဟောက်ချန်းသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် နောက်ဆုတ်သွားလိုစိတ်ကို အမှန်တကယ် ခံစားနေခဲ့ရခြင်း ဖြစ်သည်။
သို့သော် သူသည် ကျန်းလန်နှင့် ရှားရှီယောက်တို့ကို ကြည့်လိုက်သည်၊ မိန်းကလေးနှစ်ဦးစလုံးသည် မည်သည့်စကားမှ မပြောလာခဲ့ကြပေ။
ထို့နောက်တွင် သူသည် အေးဆေးတည်ငြိမ်နေသော အမူအရာဖြင့် ရှိနေသည့် ရှုကျိုးကို လှမ်းကြည့်လိုက်သည်။
“ နာကျင်မှု နည်းနည်းလေးပဲ မဟုတ်ဘူးလား? “
ရုတ်တရက်ဆိုသလိုပင် ရှုကျိုးမှ နှာခေါင်းရှုံ့လာခဲ့သည် “ ကိစ္စကြီးမဟုတ်ပါဘူး၊ ကျွန်တော် သည်းခံနိုင်တယ် “
လျူချင်းယွမ်သည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။
“ ဒီနေ့အတွက်က လုံလောက်ပြီ၊ အားလုံးပဲ ပြန်သင့်ပြီ၊ ရှုကျိုး၊ ခဏလောက် နေခဲ့ဦး “
လူတိုင်း ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ မကြာခင်မှာပင် တစ်ခြားသော ကျောင်းသူကျောင်းသားများ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ရှားဟောက်ချန်း၊ ရှားရှီယောက်နှင့် ကျန်းလန်တို့သည် ချက်ချင်း မထွက်သွားဘဲ ရှုကျိုးကို နက်နက်နဲနဲ ကြည့်လိုက်သည်။
ယနေ့တွင် ရှုကျိုး ပေးလာခဲ့သည့် အံ့ဩဖွယ်ရာများသည် အမှန်ပင် ရပ်သပ်ရှုမောဖွယ်ကောင်းနေခဲ့သည်။
၎င်းတို့သည် အတွင်းမြို့တော်မှ မိသားစုကြီးများ၏ တိုက်ရိုက်မျိုးဆက်များ၏ အတွေးစိတ်ကူးများကိုပင် ပြောင်းပြန်လှန်သွားခဲ့သည်။
အထူးသဖြင့် ကျန်းလန်ဖြစ်ပြီး၊ သူမ၏ စိတ်ခံစားချက်များသည် အလွန်ရှုပ်ထွေးနေခဲ့သည်။
သူမနှင့် ရှုကျိုးတို့နှစ်ဦးစလုံးသည် ကျောင်းကျိုးမှ ဖြစ်ကြသည်၊ သို့သော် သူမတို့၏ စွမ်းဆောင်ရည်များကမူ ……….
သို့သော် သူမ မသိသောအရာကား ရှားမောင်နှမမှ သူမကိုလည်း မွန်းစတားတစ်ကောင်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။
သူမသည် သွေးကြောမှတ် သုံးခုသာလျှင် ဖွင့်ရသေးသော်လည်း စက်လုံးထဲတွင် ၂နာရီမျှ တောင့်ခံနိုင်ခဲ့ပြီး၊ ၎င်းကပင် ကောင်းကင်ဘုံကို ဆန့်ကျင်နေခဲ့ပြီ ဖြစ်သည်။
“ ကျောင်းကျိုးလို နေရာသေးသေးလေးမှာ မွန်းစတားနှစ်ယောက်က ဘာလို့ ဆက်တိုက်ပေါ်လာရတာလဲ? “ ရှားဟောက်ချန်းမှ မနေနိုင်တော့ဘဲ တွေးတောမိနေတော့သည်။
လူသုံးဦးသည် ကွဲပြားသော စိတ်ခံစားချက်များနှင့်အတူ ထွက်သွားကြတော့သည်။
…
လူတိုင်းထွက်ခွာသွားခဲ့ပြီးသည့်နောက်တွင်
ရှုကျိုးသည် လျူချင်ယွမ်ကို ကြည့်ကာ စကားပြောလိုက်သည် “ ဆရာ၊ ဘာဖြစ်လို့လဲ? “
လျူချင်းယွမ်သည် သူ့အား လေးလေးနက်နက် စကားပြောလာခဲ့သည် “ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က နည်းနည်းလေး ထူးဆန်းနေတယ်၊ မင်းက အုတ်မြစ်တည်ဆောက်တာကို သုံးခါလုပ်ခဲ့တာလား? “
ရှုကျိုး အနည်းငယ် အံ့ဩသွားတော့သည်၊ သူသည် အုတ်မြစ်တည်ဆောက်ခြင်း သုံးကြိမ်ဟူသည့် စကားလုံးကို ပထမဦးဆုံး အကြိမ်အဖြစ် ကြားသိလိုက်ရခြင်းဖြစ်သည်။
တစ်ခဏခန့် တွေးတောပြီးသည့်နောက်တွင် သူသည် ခေါင်းငြိမ့်ပြ၍ ပြောလိုက်သည် “ ဟုတ်ပါတယ်၊ ပထမအဆင့်ကို ရောက်မလာခင် အချိန်တုန်းက ကျွန်တော်ရဲ့ ချီ-သွေးက ၁၇၀ကယ်လိုရီအထိ ရောက်ခဲ့ပါတယ် “
“ ဟူးးးးး ~~ “
လျူချင်းယွမ်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ ရှုကျိုးကို ကြည့်နေရင်းဖြင့် မအံ့ဩပဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
“ မင်းက အချိန်အကြာကြီး တောင့်ခံနိုင်ခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ အုတ်မြစ်တည်ဆောက်တာကို သုံးကြိမ်တိတိ တကယ်ကြီး လုပ်ခဲ့တာကိုး “
“ ချောင်ရုံက ကျောင်းသားကောင်းတစ်ယောက်ကို တကယ်ကြီး လေ့ကျင့်ပေးခဲ့တာပဲ “