သွေးကြောမှတ် အခု၃၀ကို ပေါင်းစည်းခြင်း
Vol. 10 Ch. 148
တစ်လဟူသည့် အချိန်အတွင်း၌ ရှုကျိုးသည် ကျင့်ကြံရေးတွင်သာ လုံးဝနစ်မြုပ်နေခဲ့သည်။
သူ၏ကိုယ်ပိုင် စံအိမ်နှင့် လျူချင်းယွမ်တို့၏ ရုံးခန်းမှအပ ရှုကျိုးသည် မည်သည့်နေရာကိုမှ မသွားသလောက်နီးပါး ဖြစ်နေခဲ့သည်။
သူသည် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေခဲ့ပြီး၊ လူမြင်ကွင်းတွင် လုံးဝမပေါ်လာခဲ့ပေ။
စာမေးပွဲတွင် အဖွဲ့ပေါင်းများစွာကို ဖယ်ထုတ်ခဲ့သည့် ကျော်ကြားမှုမှာလည်း ကွယ်ပျောက်လုနီးပါးဖြစ်နေခဲ့သည်။
လူသစ်လေးများကြားတွင် လူတစ်ချို့သည် ကျော်ကြားမှုများကို စတင်၍ ရရှိနေခဲ့ပြီ ဖြစ်သည်။
တစ်လအတွင်းမှာပင် ကျောက်ချီဖုန်းသည် သွေးကြောမှတ် ၁၀ခု ဖွင့်ခဲ့ပြီး၊ လက်ရှိအချိန်တွင် သွေးကြောမှတ် ၂၈ခုအထိ ဖွင့်လှစ်ထားကာ နတ်သိုင်းဌာန၏ လူသစ်လေးများကြားမှ ချွန်ထွက်နေခဲ့သည်။
ဟွမ်ဝမ်လုံမှာလည်း သွေးကြောမှတ် ၂၇ခုထိ ဖွင့်ထားခဲ့ပြီဖြစ်ကာ ကျော်ကြားနေသည့် လူအနည်းငယ်ထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ရှုကျိုး၏ အနိုင်ပိုင်းခြင်းကို ခံခဲ့ရသည့် လျူယောင်တုန်ကပင် သွေးကြောမှတ် ၂၄ခုကို ဖွင့်ထားပြီး၊ ထပ်မံ၍ ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။
အထူးပြုဌာနတွင်မူ လီရို့ရှီသည် ပထမအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး၊ သွေးကြောမှတ် ၈ခုကို ဆက်တိုက်ဖွင့်ခဲ့ကာ သူမ၏ အမြန်နှုန်းသည် Sအဆင့် စွမ်းရည်ပိုင်ရှင်များနှင့်ပင် ယှဥ်နေနိုင်သောကြောင့် လူတော်တော်များများကို အံ့အားသင့်သွားစေခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ယခင်က တောက်ပခဲ့သည့် ရှားဟောက်ချန်း၊ ရှုကျိုးနှင့် တစ်ခြားလူအကုန်လုံးမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
၎င်းသည် အစစ်အမှန် သိုင်းပညာဌာနက ကောလဟာလများလောက် အားမကောင်းဘူးဟု လူအများကို တိတ်တဆိတ် ဆွေးနွေးသွားစေခဲ့သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက အစစ်အမှန် သိုင်းပညာဌာန၏ ပါရမီရှင်များက မည်သည့်အတွက်ကြောင့် တိတ်ဆိတ်ငြိမ်သက်နေရသနည်း?
…
စက်တင်ဘာလ၏ နောက်ဆုံးရက်၌ ရှုကျိုးသည် ခါတိုင်းကဲ့သို့ လျူချင်းယွမ်၏ ရုံးခန်းသို့ မသွားခဲ့ပေ။
ထို့အစား သူသည် လေ့ကျင့်ရေး အခန်းသို့သာ တိုက်ရိုက်ဦးတည်သွားခဲ့သည်။
သူလမ်းလျှောက်ဝင်လာသည်နှင့်တစ်ပြိုင်နက် အခန်းထဲတွင် ရှိနေသည့် ကျောင်းသူကျောင်းသား အသစ်နှင့် အဟောင်းအကုန်လုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
“ ရှုကျိုးလား? “
သူ့ကို မြင်လိုက်ရသောအခါတွင် ရှားဟောက်ချန်းသည် တအံ့တဩဖြင့် မတ်တပ်ထရပ်လာခဲ့သည် “ မတွေ့ရတာကြာပြီ၊ မင်းက ဒီတစ်လအတွင်းမှာ ဘာတွေ အလုပ်များနေခဲ့တာလဲ? “
“ လေ့ကျင့်ရင်း အလုပ်များနေတာပေါ့ “ ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “ မင်းကရော၊ ဒီတစ်လအတွင်းမှာ မင်းအကြောင်းကိုလည်း ငါမကြားမိပါဘူး “
“ အဲ့တာက ….. “ ရှားဟောက်ချန်းသည် အနည်းငယ် တွေဝေတုံ့ဆိုင်းသွားခဲ့သည်။
ဘေးတစ်ဖက်ရှိ ရှားရှီယောက်မှ စကားဝင်ပြောလာခဲ့သည် “ ဒီတစ်လအတွင်းမှာ ငါ့အစ်ကိုက စမ်းသပ်ခန်းထဲမှာပဲ ကိုယ့်ကိုကိုယ် နှိပ်စက်နေခဲ့တာလေ “
ရှုကျိုး အံ့ဩသွားတော့သည်၊ ဒီကောင့်ကို မတွေ့ရတာက အံ့ဩစရတော့ မဟုတ်တော့ဘူးပဲ၊ သူက စမ်းသပ်ခန်းထဲမှာပဲ တစ်ချိန်လုံး နေနေခဲ့တာလား?
သို့သော် သူသည် ရှားဟောက်ချန်းက ၎င်းကို သည်းမခံနိုင်ဘဲ ထွက်သွားချင်ခဲ့သည်ဆိုသည်ကို ရုတ်တရုတ် မှတ်မိသွားခဲ့သည်။
အခုတော့ သူက ကိုယ့်ကိုကိုယ် နှိပ်စက်ရတာကို စွဲလမ်းသွားတာလား?
ရှားဟောက်ချန်း၏ အမူအရာ မည်းမှောင်သွားခဲ့သည် “ ငါက ကိုယ့်ကိုကိုယ် နှိပ်စက်နေတာ မဟုတ်ပါဘူး၊ ဒီတစ်လအတွင်းမှာ ငါက သွေးကြောမှတ် အသစ် ၁၀ခုကျော် ရှာတွေ့ခဲ့တယ် “
ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်၊ ဒီအမြန်နှုန်းက …. ငါ့ကိုတောင် မှီတော့မှာပဲ။
“ ရှုကျိုး “ မလှမ်းမကမ်းရှိ ကျန်းလန်မှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ ဒီလမှာ နင်က သွေးကြောမှတ် ဘယ်နှခုဖွင့်ခဲ့ပြီးပြီလဲ? “
“ သိပ်မများပါဘူး “ ရှုကျိုးမှ ပြုံးပြလိုက်သည် “ နင်ကရော သွေးကြောမှတ် ဘယ်နှခု ဖွင့်ထားခဲ့ပြီးပြီလဲ? “
“ ငါက ဒီလမှာ ၁၁ခု ဖွင့်ထားတယ်၊ စုစုပေါင်းအနေနဲ့ဆိုရင် ၁၄ခု ဖွင့်ထားပြီးပြီ “ ကျန်းလန်သည် ဖျော့တော့သော အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလာခဲ့သည်။
သူမ၏ သွေးကြောမှတ် ဖွင့်လှစ်ခြင်း အမြန်နှုန်းသည် ကျောက်ချီဖုန်းနှင့် တစ်ခြားလူများထပ် ပိုမိုမြန်ဆန်နေခဲ့သည်။
ရှားရှီယောက်သည် အနည်းငယ် စိတ်ပျက်သွားခဲ့သည် “ ငါက ၈ခုပဲ ဖွင့်ရသေးတယ် “
“ ငါက ၅ခုပဲ ဖွင့်ရသေးတယ် “ ရှားဟောက်ချန်းသည် အနည်းငယ် ကို့ရို့ကားရားဖြစ်နေသော အမူအရာဖြင့် ပြောလာခဲ့သည် “ အချိန်အများစုက သွေးကြောမှတ်တွေ ရှာနေရင်းနဲ့ပဲ ကုန်သွားခဲ့တာ “
“ ဒါတောင် မင်းကို သုတေသနအခန်းမှာ တစ်ခါမှ မမြင်ခဲ့ရဘူး၊ မင်းက သွေးကြောမှတ်တွေ ဖွင့်ပြီးတော့ အလုပ်များနေခဲ့တာပဲ ဖြစ်ရမယ်? ဘယ်နှခုဖွင့်ခဲ့ပြီးပြီလဲ? “
ရှားဟောက်ချန်းသည် သိလိုစိတ်ဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။
ကျန်းလန်မှာလည်း ပြိုင်ဆိုင်လိုသော အမူအရာဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။
သူမသည် ရှုကျိုးက သူမထပ် ပိုဖွင့်နိုင်မလားဆိုသည်ကို သိချင်နေခဲ့သည်။
“ မင်းတို့ထင်ထားတာထပ် ပိုများနိုင်တယ် “ ရှုကျိုးမှ ပြုံးပြလိုက်သည်။
လူတိုင်း အံ့ဩသွားကြသည်၊ ငါတို့ ထင်ထားထာထပ် များတာလား?
ဘယ်လောက်များတာလဲ?
တစ်လအတွင်းမှာ အခု ၂၀ဖွင့်ဖို့တော့ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား?
သို့သော် ရှုကျိုးသည် ရှင်းပြလိုစိတ် မရှိသည့်ပုံပေါ်နေခဲ့ပြီး၊ တစ်ခြားလူများကလည်း ၎င်းကို မမေးလာခဲ့ပေ။
ထို့နောက်တွင် ကျန်းလန်မှ မေးလာခဲ့သည် “ ဒီတစ်လမှာ နင်က ဘာလို့ ငါတို့နဲ့ မပူးပေါင်းရတာလဲ? တစ်ချို့ စီနီယာတွေကဆို နင်က ငါတို့နဲ့ မပေါင်ဘူးလို့တောင် ပြောနေကြပြီ “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ထို့နောက်၌ ခေါင်းခါပြ၍ ပြောလိုက်သည် “ ငါက တစ်ယောက်တည်း လေ့ကျင့်တာကို နေသားကျနေလို့ပါ၊ ပြီးတော့ မစ္စတာလျူရဲ့ ရုံးခန်းကို အမြဲသွားတယ်လေ၊ တစ်ခြားအရာတွေအတွက် အချိန်မရှိလို့ပါ “
“ အဲ့လောက်တောင် အလုပ်များနေတာလား? “ ရှားဟောက်ချန်းသည် သူ၏ဦးခေါင်းကို ခါယမ်း၍ ပြုံးလာခဲ့သည် “ လေ့ကျင့်တာကိုပဲ အာရုံစိုက်မနေနဲ့၊ တစ်ခါတစ်လေမှာ နားဖို့လည်း လိုအပ်တယ် “
နားဖို့လား?
ရှုကျိုး မှင်သက်သွားခဲ့ကာ သူ၏ဦးခေါင်းကို ခါယမ်းနေတော့သည်။
သေခြင်းရှင်ခြင်းတိုက်ပွဲက နီးလာပြီ၊ အနားယူဖို့ အချိန်မရှိပါဘူး။
ရှုကျိုး စကားပြောတော့မည့် အချိန်တွင် လျူချင်းယွမ်နှင့် ချန်းရှင်တို့သည် လေ့ကျင့်ရေးအခန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။
လျူချင်းယွမ်သည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ သေခြင်းရှင်ခြင်းတိုက်ပွဲက မနက်ဖြန်မလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ကျန်းလန်နှင့် တစ်ခြားလူများသည် သူ့အား အံ့ဩတကြီးဖြင့် ကြည့်လာခဲ့သည်။
“ သေခြင်းရှင်ခြင်း တိုက်ပွဲလား? “ ရှားဟောက်ချန်းမှာလည်း မှင်သက်သွားခဲ့သည် “ ဘယ်အချိန်ကတည်းကလဲ? “
လျူချင်းယွမ်သည် သူ့ကို ကြည့်ကာ ပြောလာခဲ့သည် “ မင်းတို့က မသိဘူးလား? ရှုကျိုးနဲ့ နတ်သိုင်းဌာနက လူတစ်ယောက်က သေခြင်းရှင်ခြင်း တိုက်ပွဲလုပ်ဖို့အတွက် သဘောတူထားတယ်လေ “
လူတိုင်း ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး အံ့ဩတုန်လှုပ်နေသော မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်လာကြသည်။
ကျောင်းကို ရောက်လာပြီးတဲ့နောက်မှာ သေခြင်းရှင်ခြင်းတိုက်ပွဲ ဘာလို့ရှိနေရတာလဲ?
ဒီလူက တစ်လုံး တိတ်တဆိတ် ကျင့်ကြံနေခဲ့ရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ သူက တိုက်ပွဲအတွက် ပြင်ဆင်နေတာကိုး။
အဆိုပါ သေခြင်းရှင်ခြင်း တိုက်ပွဲကိစ္စအား နတ်သိုင်းဌာနရှိ လူအများစုကပင် မသိကြပေ။
နတ်သိုင်းဌာန၏ အဆင့်မြင့် ပညာရှင်များနှင့် လျူမိသားစုမှ လူတစ်ချို့ကသာလျှင် ထိုအကြောင်းကို သိကြသည်။
ရှုကျိုးမှ မပြောပြခဲ့သောကြောင့် ကျန်းလန်နှင့် တစ်ခြားလူများကလည်း ထိုအကြောင်းကို မသိခဲ့ကြပေ။
လျူချင်းယွမ်သည် သူတို့ကို လျစ်လျူရှုထားကာ ရှုကျိုးကို ဆက်၍ စကားပြောလာခဲ့သည် “ မင်းက ဌာနမှာ မလေ့ကျင့်တာ ကြာနေပြီ၊ ဆိုတော့ မနက်ဖြန်တိုက်ပွဲက ဌာနနှစ်ခုကြားက တိုက်ပွဲ မဟုတ်တော့ဘူး၊ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သွားပြီ “
ရှုကျိုးသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည် “ ဆရာ၊ ဘာကိုဆိုလိုတာလဲ? “
ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတော့ တစ်ဖက်လူက မသမာတဲ့ နည်းလမ်းတွေ သုံးလာနိုင်တယ်။ သူတို့က လှည့်စားဖို့ ကြိုးစားလာနိုင်တယ်၊ ဂရုစိုက် “
ရှုကျိုး၏ စိတ်နှလုံးသား တင်းကြပ်သွားခဲ့ပြီး၊ အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
“ ဒါက မျက်ရည်ယို ဓာတ်ငွေ့အမှုန့်၊ တိုက်ပွဲအတွင်းမှာ အခွင့်အရေး ရှာပြီးတော့ သုံးလို့ရတယ် “ ဟုလျူချင်းယွမ်မှ ပြောလာခဲ့ပြီး၊ အမှုန့်တစ်ထုပ်ကို ရှုကျိုးဆီသို့ လွှဲပြောင်းပေးလာခဲ့သည်။
ရှုကျိုးသည် အံ့အားသင့်နေသော အမူအရာဖြင့် ၎င်းကို ယူလိုက်သည်။
သူသာလျှင် မဟုတ်ဘဲ ရှားဟောက်ချန်း၊ ကျန်းလန်နှင့် တစ်ခြားလူများကပါ အံ့အားသင့်သွားခဲ့သည်။
ဆရာက မသမာတဲ့ နည်းလမ်းတွေကို တကယ်ကြီး လုပ်နေတာလားဟ?
သူတို့၏ အမူအရာများကို မြင်လိုက်ရသောအခါတွင် လျူချင်းယွမ်မှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ရန်သူက ညစ်ပတ်တဲ့ နည်းဗျူဟာတွေကို သုံးလာနိုင်တော့ ငါတို့ကလည်း အဲ့လိုလုပ်လို့ရတယ် “
“ ရန်သူကို ဂုဏ်သိက္ခာရှိရှိ အနိုင်တိုက်ဖို့ပဲ စဥ်းစားမနေနဲ့၊ တကယ်လို့ မင်းက ပြိုင်ဘက်ကို ဖျက်စီးနိုင်မယ်ဆိုရင်တော့ အဲ့တာက အကောင်းဆုံးပဲ “
“ ဒီတိုက်ပွဲမှ မဟုတ်ဘူး၊ နောင်အနာဂတ်မှာ မင်းကြုံတွေ့ရမဲ့ တိုက်ပွဲတွေ အကုန်လုံးမှာလည်း ဂုဏ်သိက္ခာသေးသေးလေးအတွက်နဲ့ အသက်ကို မဆုံးရှုံးစေနဲ့၊ အဲ့တာက လူမိုက်တွေရဲ့ လုပ်ရပ်ပဲ “