သွေးကြောမှတ် အခု၃၀ကို ပေါင်းစည်းခြင်း ၂
Vol. 10 Ch. 149
ရှုကျိုးမှ အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
တစ်ခြားလူများမှာလည်း အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားခဲ့သည်။
“ ဆရာ၊ တကယ်လို့ ကျွန်တော်က လျူမိသားစုက လူတစ်ယောက်ကို သတ်လိုက်မယ်ဆိုရင်၊ သူတို့ရဲ့ အကြီးအကဲတွေက လှုပ်ရှားလာကြမှာလား? “ ဟုရှုကျိုးမှ မေးမြန်းလာခဲ့သည်။
၎င်းမှာ သူစိုးရိမ်ပူပန်နေရသည့် အရာဖြစ်သည်။
“ မလုပ်ဘူး “ လျူချင်းယွမ်မှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ မင်းက ကွမ်ဟန် တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်။ တကယ်လို့ အစွမ်းထက် ပုဂ္ဂိုလ်တွေကသာ မင်းကိုထိလာမယ်ဆိုရင်၊ အဲ့တာက ကျောင်းရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်လိုက်တာပဲ။ သူတို့က မင်းကို ထိရဲမှာ မဟုတ်ဘူး “
ရှုကျိုးသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်၊ သို့သော် လုံးဝစိတ်ချလက်ချ မဖြစ်သွားခဲ့ပေ။
သူသည် လျူမိသားစုက ကွမ်ဟန် တက္ကသိုလ်တွင် လွှမ်းမိုးမှုတစ်ချို့ ရှိသည်ဆိုသည်ကို လီတျယ်ထံမှ ကြားသိခဲ့ရသည်၊ ထို့ကြောင့် သူသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။
“ ဆရာ “ ရှုကျိုးမှ ရုတ်တရက် မေးမြန်းလိုက်သည် “ သွေးကြောမှတ် ဖွင့်တာကို အရှိန်မြှင့်ဖို့အတွက် နည်းလမ်းရှိလား? “
“ သွေးကြောမှတ် ဖွင့်တာကို အရှိန်မြှင့်ဖို့လား? “ လျူချင်းယွမ်သည် အနည်းငယ် အံ့ဩသွားကာ ပြောလာခဲ့သည် “ ဉာဏ်အလင်းဆေး၊ အဲ့တာက ဈေးကြီးတယ်၊ တစ်လုံးကို အကျိုးပြုအမှတ် ၁၀မှတ်ပေးရတယ်၊ အဲ့တာက သွေးကြောမှတ်ဖွင့်တာကို နည်းနည်းလေး မြန်သွားအောင် လုပ်ပေးနိုင်တယ် “
ဉာဏ်အလင်းဆေးလား?
ရှုကျိုးသည် ၎င်းကို အမြန်မှတ်လိုက်သည်။
လျူချင်းယွမ်မှ ထပ်ဖြည့်ပြောလာခဲ့သည် “ ငါကတော့ အဲ့တာကို ဝယ်ဖို့အတွက် အကြံမပေးဘူး၊ အဲ့တာက အကုန်အကျများတယ်၊ ပြီးပြည့်စုံတဲ့ စနစ်မရှိဘူးဆိုရင်၊ အရှိန်မြင့်တာက အကန့်အသတ်ရှိတယ် “
“ ပြီးတော့ ငါတို့ အစစ်အမှန် သိုင်းပညာဌာနမှာဆိုရင် သွေးကြောမှတ်တွေကို ရှာတာက အဲ့တာတွေကို ဖွင့်ထာထပ် ပိုပြီးတော့ အရေးကြီးတယ် “
ရှုကျိုးမှ အမြန် ခေါင်းငြိမ့်ပြလိုက်သည်။
လျူချင်းယွမ်သည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ ပညာရှင်တစ်ဦးဖြစ်သည့်အလျောက် သူ့ထံတွင် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စအများအပြား ရှိနေခဲ့သည်။
ထွက်မသွားခင် အချိန်တွင် သူသည် ထပ်ဖြည့်ပြောလာခဲ့သည် “ မင်းရဲ့ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းက ဒုတိယအဆင့်ကို ရောက်သွားပြီလား? “
“ ရောက်ပါပြီ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
“ မနက်ဖြန်ကျရင် ဂရုစိုက် “ လျူချင်းယွမ်သည် မည်သည့်စကားမှ မပြောလာတော့ဘဲ၊ ချက်ချင်း လှည့်ထွက်သွားတော့သည်။
အမှန်တိုင်းပြောရမည်ဆိုပါက သူသည် မနက်ဖြန်တွင် ဖြစ်ပေါ်လာမည့် သေခြင်းရှင်ခြင်းတိုက်ပွဲနှင့် ပတ်သက်၍ များစွာ စိုးရိမ်ပူပန်မနေခဲ့ချေ။
သေခြင်းရှင်ခြင်း တိုက်ပွဲနှင့် ယှဥ်လိုက်မည်ဆိုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ကိစ္စများက ပို၍ စိုးရိမ်ဖွယ်ကောင်းနေသောကြောင့် ဖြစ်သည်။
ကွမ်ဟန် တက္ကသိုလ်ရှိ အခြေအနေသည် ထပ်မံ၍ ပြောင်းလဲသွားမည် ဖြစ်သည်၊ အဆိုပါ ပြောင်းလဲမှုသည် လူသားမျိုးနွယ်စုတစ်ခုလုံးကို အကျိုးသက်ရောက်သွားမည် ဖြစ်သည်။
အစစ်အမှန် သိုင်းပညာဌာနသည် စင်ပေါ်သို့ ထပ်မံ၍ ရောက်ရှိလာမည် ဖြစ်သည်။
နတ်သိုင်းဌာနမှ တစ်ချို့လူများနှင့် အမှောင် သိုင်းပညာရှင်များကလည်း အမှောင်ထဲမှ စောင့်ကြည့်နေကြမည် ဖြစ်သည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် နာမည်ကြီး ကျော်ကြားလာခြင်းမှာ ကောင်းမွန်သော အရာမဟုတ်ပေ။
လျူချင်းယွမ်မှ ရှုကျိုးထံသို့ မျက်ရည်ယိုဓာတ်ငွေ့ထုပ်ကို ပေးလိုက်ရခြင်းမှာ နောက်တစ်နေ့ တိုက်ပွဲတွင် ရှုကျိုးကို များစွာမထင်ပေါ်စေလိုသောကြောင့် ဖြစ်သည်။
မသမာသော နည်းလမ်းများ အသုံးပြုကာ အနိုင်ယူခြင်းသည် မိမိကိုယ်မိမိ သိုသိုသိပ်သိပ် ဖြစ်သွားစေသော နည်းလမ်းတစ်ခု ဖြစ်သည်။
…
လျူချင်းယွမ် ထွက်သွားခဲ့ပြီးသည့်နောက်တွင် စီနီယာအစ်မ ချန်းရှင်မှာလည်း ဤနေရာတွင် ကြာကြာဆက်မနေခဲ့ပေ။
သို့ရာ၌ မထွက်သွားခင်အချိန်တွင် သူမသည် ရှုကျိုးကို ကြည့်ကာ အလေးအနက်ထား၍ ပြောဆိုလာခဲ့သည် “ ဂျူနီယာ မောင်လေး ကံကောင်းပါစေ “
“ ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်မ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ချန်းရှင်သည် အလွန်တသီးတစ်သန့်ဆန်သောကြောင့် ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် ချက်ချင်း လှည့်ထွက်သွားခဲ့သည်။
လေ့ကျင့်ရေးအခန်းထဲ၌ ရှားဟောက်ချန်းသည် တအံ့တဩဖြစ်နေသော အမူအရာဖြင့် ရှုကျိုးကို ကြည့်ကာ ပြောလာခဲ့သည် “ မင်းရဲ့ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းက ဒုတိယအဆင့်ကို ရောက်သွားပြီလား? “
“ ငါအဆင့်တက်သွားတာ မကြာသေးဘူး “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
“ ဟူးးး “
ရှားဟောက်ချန်းသည် အံ့ဩတုန်လှုပ်သွားသော အမူအရာဖြင့် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
ရှားမိသားစု၏ တိုက်ရိုက်မျိုးဆက် ပါရမီရှင်တစ်ဦးအနေဖြင့် သူသည် ကောင်းကင်ဖြိုခွင်း ဆေဘာနည်းစနစ်ကို လေ့ကျင့်ရခြင်းက မည်မျှခက်ခဲလဲဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။
၎င်းသည် ရှားမိသားစု၏ အခက်ခဲဆုံးနှင့် အစွမ်းအထက်ဆုံးသော တိုက်ခိုက်ရေး နည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။
သူသည် ၎င်းကို လေ့ကျင့်ခဲ့ဖူးသည်၊ သို့သော် ၆လကြာသည်အထိ မည်သည့်တိုးတက်မှုမှ မဖြစ်ပေါ်လာခဲ့ပေ။
ရှုကျိုးကမူ နှစ်လမပြည့်ခင် အချိန်မှာပင် ၎င်း၏ ဒုတိယအဆင့်ဆီသို့ပင် ရောက်ရှိသွားခဲ့သည်။
ဒီလူ ……
ရှားဟောက်ချန်းသည် ကြောက်ရွံ့တုန်လှုပ်များ ပြည့်နှက်နေသော အကြည့်ဖြင့် ရှုကျိုးကို ကြည့်နေတော့သည်။
ဘေးနားရှိ ကျန်းလန်မှာလည်း မျက်မှောင်ကြုတ်ကာ ပြောလာခဲ့သည် “ ရှုကျိုး၊ နင်က သေခြင်းရှင်ခြင်းတိုက်ပွဲကို ဘယ်သူနဲ့ တိုက်ရမှာလဲ? “
ရှုကျိုးမှ အေးအေးလူလူ ပြန်ဖြေလာခဲ့သည် “ ငါမသိဘူး၊ ဒါပင်မဲ့ အဲ့လူက ပထမအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ ဒုတိယနှစ်ကျောင်းသားတစ်ယောက် ဖြစ်သင့်တယ် “
“ ပထမအဆင့် အထွတ်အထိပ်လား? “ ကျန်းလန်နှင့် ရှားရှီယောက်တို့နှစ်ဦးစလုံးသည် သူမတို့၏ ပါးစပ်လေးများကို ဖုံးအုပ်လိုက်ကြသည်။
“ နင်က ယုံကြည်ချက်ရှိလား? “ ကျန်းလန်မှ ရှုကျိုးကို မေးလာခဲ့သည်။
“ အနည်းနဲ့အများပေါ့ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ဘေးနားရှိ ရှားရှီယောက်သည် မျက်မှောင်ကြုတ်ကာ ဝင်ပြောလာခဲ့သည် “ ငါကြားတာကတော့ ကျောင်းသားကျောင်းသူဟောင်းတွေ သုံးတဲ့ လက်နက်တွေက ငါတို့လို လူသစ်တွေထပ် ပိုကောင်းတယ်တဲ့၊ ကျောင်းမှာ တစ်နှစ်ကျော်ကျော် နေခဲ့ရတာဆိုတော့ အကျိုးပြုအမှတ် တော်တော်လေး ရထားကြမှာပေါ့ “
“ နင့်ရဲ့လက်နက်က သူတို့ဟာတွေထပ် အဆင့်နိမ့်နေမယ်ဆိုရင်၊ နင့်ဆီမှာ အားနည်းချက်တစ်ခု ရှိသွားလိမ့်မယ် “
“ စိတ်မပူပါနဲ့၊ ငါက တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ အသစ်ကို ဝယ်ထားပါတယ် “
၎င်းကို ပြောနေရင်းဖြင့် ရှုကျိုးသည် သူမှာထားခဲ့သော တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာနှင့် ထန်ဓားတို့အား မယူရသေးဘူးဆိုသည်ကို သတိရသွားတော့သည်။
ကျင့်ကြံရင်းဖြင့်သာ အချိန်ကုန်နေခဲ့သောကြောင့် သူသည် ၎င်းကို လုံးဝမေ့လျော့နေခဲ့သည်။
ရှုကျိုးသည် ဉာဏ်အလင်းဆေးလုံးကိုပါ ဝယ်ယူချင်နေခဲ့သည်၊ ထို့ကြောင့် သူသည် သူ့အရှေ့ရှိ လူစုကို ကြည့်လိုက်သည် “ မင်းတို့ဆီမှာ အကျိုးပြုအမှတ်တွေ ကျန်သေးလား? ငါ့ကို နည်းနည်းလောက် ချေးကြပါလား? “
“ နင့်ရဲ့ အမှတ်တွေက ကုန်သွားပြီလား? “ ရှားရှီယောက်မှ အံ့ဩတကြီးဖြင့် ပြောလာခဲ့သည် “ နင်က ဒီနှစ်ရဲ့ လူသစ်ဘုရင်လေ “
ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလာခဲ့သည် “ အရင်တုန်းက လက်နက်နဲ့ တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကို ဝယ်ခဲ့တုန်းက အကုန်သုံးလိုက်ပြီလေ။ တိုက်ပွဲမတိုင်ခင်မှာ အဆင့်တက်ဖို့အတွက် ကျင့်ကြံရေး အရင်းအမြစ်တစ်ချို့ကို ဝယ်ချင်လို့ပါ “
“ ငါ့ဟာယူလိုက်၊ ငါ့ဆီမှာ အမှတ် ၂၀ကျန်နေသေးတယ် “ ကျန်လန်းမှ သူမ၏ ကျောင်းသားကဒ်ကို ထုတ်ပေးလာခဲ့သည်။
ရှုကျိုးသည် သူမကို အံ့ဩတကြီးဖြင့် ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည် “ ကျေးဇူးတင်ပါတယ် “
“ ငါလည်း နင့်ကိုပေးမယ် “ ရှားရှီယောက်မှ ပြောလာခဲ့ပြီး၊ သူမ၏ ကျောင်းသားကဒ်ကို ထုတ်ရန် ပြင်လိုက်သည်။
“ အဟွတ်၊ အဟွတ် “
ရှားဟောက်ချန်းသည် ချောင်းဟန့်၍ ရှေ့သို့ အမြန်တက်လာခဲ့သည် “ ငါ့ဟာကို ယူလိုက်၊ ငါ့ဆီမှာ အမှတ် ၃၀ရှိနေသေးတယ်။ ရှီယောက်ဆီမှာက နည်းနည်းလေးပဲ ကျန်တော့တာ၊ သူမအတွက်တောင် မလောက်လောက်ဘူး “
ပြောနေရင်းဖြင့် သူသည် မှောင်မည်းနေသော အမူအရာဖြင့် ရှားရှီယောက်ကို စိုက်ကြည့်လိုက်သည်။
သူသည် သူတို့မိသားစု၏ အဖိုးတန် ဂေါ်ဖီထုပ်လေးကို တစ်ခြားလူတစ်ဦးဦးက လုယူသွားသည်ဟု ခံစားနေခဲ့ရပြီ ဖြစ်သည်။
ရှားရှီယောက်မှ လျှာထုတ်ပြလာခဲ့သည်၊ သို့သော် သူမသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
“ ကျေးဇူးတင်ပါတယ် “ ရှုကျိုးသည် များများစားစား စကားမပြောလာခဲ့ဘဲ အခြေအနေအရ တတ်နိုင်သမျှ အမြန်ဆုံးထွက်သွားသင့်သည်ဟု ခံစားနေခဲ့ရသည်။
ရှုကျိုးသည် ကျန်းလန်နှင့် တစ်ခြားလူများကို နှုတ်ဆက်ကာ အမြန်ထွက်သွားတော့သည်။
…
ဝန်ဆောင်မှုခန်းမ
ရှုကျိုးရောက်လာသည်နှင့်တစ်ပြိုင်နက် သူသည် တရင်းတနှီးရှိသော မျက်နှာတစ်ခုကို မြင်တွေ့သွားခဲ့သည်။
လျူယောင်တုန်မှာလည်း ရှုကျိုးကို မြင်တွေ့သွားကာ လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည် “ ရှုကျိုး၊ မတွေ့ရတာကြာပြီ “
“ ဟုတ်တယ်၊ မတွေ့ရတာကြာပြီ “ ရှုကျိုး၏ မျက်လုံးများထဲတွင် အံ့ဩသွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
တစ်ဖက်လူမှ အစပျိုး၍ နှုတ်ဆက်လာခြင်းသည် သူ့အား အံ့အားသင့်သွားစေခဲ့သည်။
သူသည် လျူမိသားစုနှင့် ပဋိပက္ခရှိနေခဲ့ပြီဖြစ်ကာ လူသစ်စာမေးပွဲတွင်လည်း ထိုလူ၏ လက်မောင်းကို ဖြတ်ခဲ့သေးသည်။
သို့ရာ၌ ကွမ်ဟန် သိုင်းပညာတက္ကသိုလ်၏ ဆေးပညာသည် အဆင့်မြင့်နေခဲ့ပြီး၊ လျူယောင်တုန်၏ ပြတ်တောက်သွားသော လက်မောင်းကို ပြန်ဆက်ပေးခဲ့သည်။
ယခု၌ ၎င်းသည် မည်သို့မျှ မပြတ်တောက်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။