ကျီးလန်တောင်ကြားထဲသို့ ဝင်ရောက်ခြင်း
Vol. 26 Ch. 317
အကယ်၍ လူတိုင်းသည် ယခင်က ကျန်းရွှမ်၏စကားကို အနည်းငယ် သံသယရှိခဲ့လျှင်ပင် ယခုအချိန်၌ သံသယဝင်စရာ လုံးလုံးလျားလျား မကျန်တော့ချေ။
ဤကောင်စုတ်သည် သူတို့အား မြင့်မားသောအတိုးနှုန်းဖြင့် အကြွေးများပေးဆပ်ရန် ကျန်ရှိနေပေ၏။
ထိုကဲ့သို့ ငွေရေးကြေးရေး အကျပ်အတည်း ဖြစ်နေချိန်တွင် သူတစ်ပါး၏တပည့်ကို ဖမ်းဆီးပြီး ငွေညှစ်ခြင်းသည် အလွန်ထူးဆန်းသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။
ကောင်းကင်ကံကြမ္မာခန်းမမှ လူများသည် ထိုကိစ္စကို ဝန်ခံလိုက်သည်အား ကြားလိုက်ရသဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထူးဆန်းသော အမူအယာများဖြင့် မိုပိုင်ယဲ့ကို ကြည့်လိုက်ကြသည်။
လူအများသည် မိုပိုင်ယဲ့၏နာမည်ဂုဏ်သတင်းကို ကြားဖူးကြသော်လည်း သူထံ၌ ဤမျှထိယုတ်မာသောဘက်ခြမ်းမျိုး ရှိနေလိမ့်မည်ဟု မည်သည့်အချိန်ကမျှ သိမထားခဲ့ကြချေ။
အမှန်အားဖြင့် ဤသည်မှာ သူသည် ကျန်းရွှမ်နှင့် စောစောစီးစီး မတွေ့ဆုံခဲ့ဖူးသောကြောင့်ပင်။ အကယ်၍သာ စောစီးစွာ တွေ့ဆုံခဲ့ပါက သူသည် အချိန်ကြာမြင့်စွာကတည်းက လူယုတ်မာတစ်ယောက် ဖြစ်သွားလောက်လေပြီ။
"ငါ့အယောင်ဆောင်ပြီးတော့ နေရာတကာမှာ ငွေလိုက်ချေးနေတာက မင်းလေ..."
လူများအားလုံး၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အကြည့်များကို မြင်လိုက်ရသဖြင့် မိုပိုင်ယဲ့သည် အလွန်ဒေါသထွက်သွားကာ သူ၏ရင်ဘတ် ပေါက်ကွဲတော့လုမတတ်ပင်။ သူ ရှင်းပြလိုသော်လည်း သူ မည်သို့ပင် ပြောစေကာမူ အရာမထင်ဖြစ်ကာ အစွမ်းအစမဲ့နေကြောင်းကို တွေ့ရှိလိုက်ရသည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... မင်း ငါ့ရဲ့တပည့်ကို ပြန်လွှတ်ပေးသရွေ့ ငါက မင်း အယောင်ဆောင်ပြီးတော့ နေရာတကာမှာ ငွေလိုက်ချေးတယ်လို့ ဝန်ခံပေးပါ့မယ်"
ကျန်းရွှမ်၏မျက်နှာ ညှိုးငယ်နေပြီး အရှုံးပေးလိုက်သည့်ပုံစံ ပေါက်နေသည်။
"မင်း..."
မိုပိုင်ယဲ့၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ရီသွားသည်။
"ငါ မင်းကို သတ်မယ်..."
ထို့နောက် သူ၏လက်ထဲရှိ မိုတောက်ဓားကို ဝှေ့ယမ်းလိုက်ပြီး သူ၏သန်မာထွားကျိုင်းသောခန္ဓာကိုယ်ကြီးဖြင့် တစ်ဖက်ရှိ လူငယ်ထံသို့ ပြေးဝင်သွားသည်။ လူငယ်အနီးသို့ မရောက်မီမှာပင် သူ၏ရင်ဘတ်ထဲသို့ ပြင်းထန်သော စွမ်းအင်စီးကြောင်းတစ်ထပ် ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး ဖုချင်းယောက်က သူ၏ရှေ့တွင် ပိတ်ဆို့ဟန့်တားထားသည်။
ယခုအချိန်၌ ဖုမိသားစု၏ မဟာအကြီးအကဲသည် မျက်ခုံးများပင့်ထားကာ ဒေါသထွက်နေပြီး သူမ၏နှုတ်ခမ်းများ တုန်ရီနေသည်။ ရုတ်တရက် သူမက မိုပိုင်ယဲ့ကို ပါးရိုက်လိုက်လေ၏။
သူမသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးပင်။ ကျင့်ကြံဆင့်သက်သက်ဆိုပါက သူမသည် သူ့ထက် များစွာပို၍ သာလွန်သည်။ သို့ရာတွင် မိုပိုင်ယဲ့သည် မိုတောက်ကောင်းကင်ကံကြမ္မာကို ကျင့်ကြံထားပြီး သူ၏တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။ မကြာသေးမီက သူသည် တန်ပြန်ဒဏ်ကို ခံစားခဲ့ရပြီး စွမ်းအားကျဆင်းသွားသော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းသည် အားမနည်းလှချေ။ ပုံမှန်အခြေအနေမျိုး၌ဆိုလျှင် ဤပါးရိုက်ချက်သည် သူ့ကို အနည်းငယ်မျှပင် ထိခိုက်စေနိုင်မည် မဟုတ်ချေ။
ကျန်းရွှမ်သည် သူ၏စွမ်းအားကို လှည့်ပတ်ပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဖြောင်း...
ဖုချင်းယောက်၏ပါးရိုက်ချက်သည် မိုပိုင်ယဲ့၏ မျက်နှာပေါ်သို့ အတိအကျ ကျရောက်သွားပြီး လက်ချောင်းရာများ ထင်ကျန်ရစ်ခဲ့သည်။
ကျန်းရွှမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ထူးဆန်းသည်ဟု တွေးထင်လိုက်စဉ်မှာပင် မဟာအကြီးအကဲ၏ ဒေါသတကြီးအော်ငေါက်သံကို ကြားလိုက်ရသည်။
"မိုပိုင်ယဲ့... နင်က ဒီလိုလူစားမျိုး ဖြစ်နေမယ်လို့ ငါ ထင်မထားထားဘူး... တော်သေးတာပေါ့... အဲ့ဒီတုန်းက နင် ငါ့ကို လိုက်ပိုးပန်းတာ ငါ လက်မခံခဲ့မိဘူး..."
...
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ကျန်းရွှမ်ပင်လျှင် ကြက်သေသေသွားသည်။
တစ်ယောက်နှင့်တစ်ယောက် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ ထင်ရသော ဤလူနှစ်ယောက်ကြားတွင် အတိတ်ဇာတ်ကြောင်းတစ်ခု ရှိခဲ့ဖူးသလော...
ဤသည်မှာ အွန်လိုင်းမှ အသရေဖျက်မှုသည် ရုတ်ခြည်းဆိုသလို အွန်လိုင်းအတင်းအဖျင်းအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။
"ချင်းယောက်... မင်းထင်သလို မဟုတ်ပါဘူး... ဒီကောင်က..."
မိုပိုင်ယဲ့က ထပ်မံ၍ရှင်းပြရန် ကြိုးစားလိုက်သည်။
"တော်လိုက်တော့"
ဤတစ်ကြိမ်တွင် စကားပြောလိုက်သူမှာ ကံကြမ္မာခန်းမသခင် ရှစ်ယွင်ကျင်းပင်။
သူတို့ရှေ့မှ မြင်ကွင်းသည် ပို၍ရှုပ်ထွေးလေလေ ကံကြမ္မာခန်းမအတွက် ပို၍အရှက်ရဖွယ်ဖြစ်လေလေပင်။
"ခန်းမသခင်... မင်းတောင် ငါ့ကို မယုံဘူးလား... ဒါတွေအားလုံးက အဲ့ဒီကျန်းရွှမ်ရဲ့ လှည့်ကွက်တွေပါ..."
မိုပိုင်ယဲ့က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"ပါးစပ်ပိတ်ထားစမ်း...."
ခန်းမသခင်ရှစ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီနေ့ကစပြီး မင်းကို ထုတ်ပယ်လိုက်ပြီ... မင်းက ဒုခန်းမသခင် မဟုတ်တော့ရုံတင်မကဘူး ကောင်းကင်ကံကြမ္မာခန်းမရဲ့ အဖွဲ့ဝင်တောင် မဟုတ်တော့ဘူး... ငါတို့ ကျိုးယီအင်ပါယာက ဒီလိုအမှိုက်ကောင်မျိုး ရှိနေတာကို ခွင့်မပြုနိုင်ဘူး"
တစ်ဖက်လူ ပြောသည့်စကား မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူအမြောက်အများ ကြည့်ရှုနေသည့် အခြေအနေမျိုးတွင် မိုပိုင်ယဲ့ကို ဆက်လွှတ်ထား၍ မဖြစ်တော့ပေ။ ထိုသို့မဟုတ်ပါက သူသည်လည်း ရွှံ့နွံထဲသို့ကျသွားမည်ဖြစ်ပြီး သူ၏နာမည်ကို ပြန်လည်၍ ဆေးကြောနိုင်တော့မည် မဟုတ်ချေ။
မည်သို့ပင်ဆိုသေကာမူ ထိုငွေများကို ချေးငှားစဥ်က အာမခံပေးခဲ့သူသည် သူ ဖြစ်နေပေ၏။
"ခန်းမသခင်... ကျွန်တော်..."
မိုပိုင်ယဲ့၏မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။
ဒုခန်းမသခင်ဆိုသည့် ဂုဏ်ပုဒ်ရှိနေသရွေ့ သူ့ထံမှ အကြွေးရစရာရှိသည့် တခြားကံကြမ္မာဆရာသခင်များသည် မကျေမနပ်ဖြစ်လျှင်ပင် သူတို့ကိုယ်သူတို့ ထိန်းသိမ်းထားကြပေမည်။ အကယ်၍သာ သူ၏ရာထူး ရုပ်သိမ်းခံလိုက်ရပါက ကျီးလန်တောင်ကြားထဲသို့ ဝင်လိုက်သည်နှင့် အကြွေးတောင်းခံရခြင်းနှင့် ချုံခိုတိုက်ခိုက်ခံရခြင်းတို့ကို ကြုံတွေ့ရမည်အား သူ ကြောက်ရွံ့မိသည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ ခန်းမသခင်က ဤကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းသည် လူများအားလုံးသည် ကျန်းရွှမ်၏စကားကို ယုံကြည်သွားကြပြီး သူသည် ငွေချေးယူသည့်အပြင် လူကိုပြန်ပေးဆွဲပြီး ခြိမ်းခြောက်ငွေညှစ်သည်ဟု ယုံကြည်သွားကြခြင်းကို ပြသနေခြင်းပင်။
သူ့ကိုယ်သူ ကာကွယ်ပြောဆိုရန် မတတ်နိုင်တော့သည့်အချိန်တွင် ကျန်းရွှမ်က ရှေ့သို့ထပ်တိုးလာပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။
"ခန်းမသခင်ရှစ်အနေနဲ့ ကျွန်တော့်အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပြီးတော့ သူ့ကို ကျွန်တော့်ရဲ့တပည့်ကို ပြန်အပ်ခိုင်းပေးပါ"
"ဟုတ်တယ်... မြန်မြန်ထုတ်ပေးလိုက်စမ်း"
"တိရစ္ဆာန်လိုကောင်... ပိုက်ဆံလည်း ပေးပြီးပြီ... လူကို ပြန်မလွှတ်သေးဘူး... ပြန်ပေးဆွဲသမားတွေတောင် ဒီလောက်ထိ အရှက်မမဲ့ဘူး"
"ဒီလိုလူမျိုးက ကံကြမ္မာဆရာသခင် ဖြစ်ထိုက်လို့လား... သူ့ကို အဖွဲ့ဝင်အဖြစ် လက်ခံထားမိတာ တကယ့်ကို ရှက်ဖို့ကောင်းလိုက်တာ..."
လူများအားလုံး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး တခြားမြို့မှ ရောက်လာကြသော ကံကြမ္မာဆရာသခင်များကလည်း ဤမြင်ကွင်းကို ကြည့်နေကြသည်။
"မိုပိုင်ယဲ့... မင်း လူကို မြန်မြန်ထုတ်မပေးသေးဘူးလား... ငါကိုယ်တိုင် လက်ပါလာအောင် မင်းက လုပ်ချင်နေတာလား"
ဤဖြစ်စဥ်ကိူ ကြည့်ရှုသူ များပြားလာပြီး ဆူညံသံများ ကျယ်လောင်လာသည်ကို မြင်လိုက်ရသဖြင့် ခန်းမသခင်ရှစ်သည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။
"ကောင်းပြီ... ကောင်းပြီလေ... ငါ ထုတ်ပေးပါ့မယ်..."
သူ သဘောမတူလျှင် တစ်ဖက်လူက ချက်ချင်း တိုက်ခိုက်တော့မည်ကို သိသဖြင့် မိုပိုင်ယဲ့၏ မျက်နှာအမူအယာ ပျက်ယွင်းနေသော်လည်း သူ့ထံ၌ တခြားနည်းလမ်း မရှိတော့ချေ။
သူသည် ခံရသူဖြစ်သည်မှာ သိသာထင်ရှားသော်လည်း မည်သူကမျှ သူ့ကို မယုံကြည်ကြပေ။ သူ့ထက်ပို၍ မတရားခံရသူ ရှိပါအုံးမည်လော။
ဝုန်း...
သူ စကားပြောလိုက်စဉ်မှာပင် မြေပြင်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ကြီးမားသောစွမ်းအားတစ်ရပ်က အဝေးရှိ တောင်ကြားမှ ထွက်ပေါ်လာသည်။ ကောင်းကင်ရှိ ရောင်စုံအလင်းတန်းလွှာကြီးတွင် ကတ်ကြေးဖြင့် ဖြတ်လိုက်သည့်အလား ရှည်လျားကျဉ်းမြောင်းသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
"ကျီးလန်တောင်ကြား ပွင့်သွားပြီ..."
"မြန်မြန် ပြင်ဆင်ကြတော့... ရတနာဆိုတာ ဦးသူယူစတမ်းပဲ... ကံကောင်းရင် ဒီနတ်ဘုရားနယ်မြေကိုတောင် အမွေဆက်ခံနိုင်တယ်"
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။ ခန်းမသခင်ရှစ်သည် ထိုမြင်ကွင်းကို မော့ကြည့်လိုက်ပြီး သူ၏လက်သီးများကို အလိုအလျောက် ဆုပ်လိုက်မိလေ၏။
ဤကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ ပွင့်လာခြင်းသည် အဆုံးအစမဲ့ ရတနာများကို ရယူနိုင်ရုံသာမက ထိုဖရိုဖရဲကံကြမ္မာကျင့်ကြံသူကို ဖမ်းဆီးနိုင်ရန်လည်း အခွင့်အရေး ရရှိစေသည်။ ဤကိစ္စသည် သူ့အတွက်မူ လုံးလုံးလျားလျား အကျိုးရှိစေသည်။ အကယ်၍ အောင်မြင်ပါက သူသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် ရတနာကို သေချာပေါက် ရရှိမည်ဖြစ်ပြီး အမြင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည််။
"ခန်းမသခင်... မိုပိုင်ယဲ့ ထွက်ပြေးသွားပြီ..."
သူ၏အကျိုးအမြတ်များကို မည်ကဲ့သို့ အများဆုံးရယူရမည်ကို တွေးတောနေစဉ်မှာပင် အကြီးအကဲတစ်ဦး၏အသံ ထွက်ပေါ်လာသည်။ သူ အလျင်အမြန် မော့ကြည့်လိုက်၏။ အစောပိုင်းက သူ၏ရှေ့၌ ရှိနေသော မိုပိုင်ယဲ့သည် ယခုအချိန်၌ နတ်ဘုရားနယ်မြေ၏ အက်ကွဲကြောင်းဆီသို့ အရူးအမူး ပြေးဝင်နေလေပြီ။
"ငါ့ကို မင်းတို့အတွက် လမ်းခင်းပေးစေချင်တာလား... အိပ်မက်မက်နေလိုက်... နတ်ဘုရားနယ်မြေ ပွင့်လာပြီဆိုတော့ လူတိုင်း ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ"
ကျယ်လောင်စွာ အော်ဟစ်ရယ်မောရင်း မိုပိုင်ယဲ့က ရှေ့ရှိအက်ကွဲကြောင်းဆီသို့ ဝင်ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းတစ်တန်း လက်ခနဲလင်းလက်သွားပြီး သူသည် မူလနေရာမှ ပျောက်ကွယ်သွားလေ၏။
"တောက်... ဒီကောင်"
ခန်းမသခင်ရှစ်၏မျက်နှာ မည်းမှောင်သွားသည်။
အစောပိုင်းက ကောင်းကင်ကံကြမ္မာခန်းမတွင် တစ်ဖက်လူသည် အကြွေးဆပ်ရန် ကံကြမ္မာချပ်ပြားများကို ထုတ်မပေးနိုင်သဖြင့် လူတိုင်းအတွက် လမ်းပြပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ထိုနည်းဖြင့် သူသည် ယာယီသက်သာခွင့် ရရှိခဲ့ခြင်း ဖြစ်သော်လည်း ရလဒ်မှာ...
သူ ဤနေရာအနီးသို့ ရောက်လာပြီးမှ ထွက်ပြေးသွားခြင်းသည် လွန်စွာအရှက်မဲ့ပေ၏။
"ကောင်းကင်ကံကြမ္မာခန်းမက လူတွေ... ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း... ကျီးလန်တောင်ကြားထဲမှာ မိုပိုင်ယဲ့ကို တွေ့တာနဲ့ ချက်ချင်း သတ်ပစ်ကြစမ်း"
ခန်းမသခင်ရှစ်က သူ၏လက်ကို ဝှေ့ယမ်းရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့"
လူများအားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
သတ်မိန့်ပေးပြီးနောက် ခန်းမသခင်ရှစ်သည် အပိုစကားများ ဆက်မပြောတော့ဘဲ အက်ကွဲကြောင်းဆီသို့ ပြေးဝင်သွားသည်။ လူများအားလုံး သူ၏အနောက်မှ ကပ်လိုက်သွားကြပြီး အချိန်တခဏအကြာတွင် သူတို့သည်လည်း မူလနေရာမှ ပျောက်ကွယ်သွားကြသည်။
"ကျန်းရွှမ်..."
ဖုယင်ယင်က လှမ်းကြည့်လိုက်သည်။
"အတူတူ သွားကြမယ်"
သူမ ဆိုလိုသည်ကို သိသဖြင့် ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်ပြီး လူများအားလုံး၏နောက်မှကပ်ကာ ရှေ့သို့ပြေးဝင်လိုက်သည်။
အဆင့်နှစ်ဆယ့်တစ် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေဟူသည့် ဂုဏ်ပုဒ်နှင့်အညီ ထိုနေရာသို့ မရောက်မီကပင် သိပ်သည်းကြွယ်ဝသော ကောင်းကင်ကံကြမ္မာစွမ်းအားများက သူတို့ထံသို့ တိုးဝင်လာသည်။ ဤနေရာတွင် နှစ်ရှည်လများ ကျင့်ကြံပါက ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ခြင်းနှင့် ကျင့်ကြံခြင်းတိုးတက်မှုတို့အတွက် ကြီးမားသော အထောက်အကူ ဖြစ်စေမည်မှာ သေချာပေါက်ပင်။
"ဆရာ... မင်ယွဲ့... သူက..."
ယုရှောင်ယွီက စိုးရိမ်နေပုံရသည်။
ကျန်းရွှမ်က ပြောဆိုသည်။
"ဆရာ မမှားဘူးဆိုရင် မင်ယွဲ့ကို မိုပိုင်ယဲ့က ကျီးလန်တောင်ကြားထဲကို ခေါ်သွားပြီးတော့ ဆရာ့ကို ခြိမ်းခြောက်ဖို့ သုံးလိမ့်မယ်... စိတ်မပူနဲ့... ဒီပွဲရဲ့ အစစ်အမှန်စစ်မြေပြင်က အထဲမှာပဲ... ဆရာက သူ့ကို သေချာပေါက် ကယ်တင်ပါ့မယ်"
"ဟုတ်ကဲ့"
သူမ၏ဆရာသည် အစဥ်အမြဲ ကတိတည်မှန်း သိထားသဖြင့် ယုရှောင်ယွီက ဆက်မပြောတော့ပေ။
အက်ကွဲကြောင်းသို့ ရောက်သည်နှင့် သူတို့တစ်ယောက်ချင်းစီ ဝင်ရောက်သွားကြပြီး လူများအားလုံး၏ပုံရိပ်များ ဖျက်ခနဲလက်သွားကာ တညီတညွတ်တည်း ပျောက်ကွယ်သွားကြသည်။