ထူးဆန်းသော စည်းမျဉ်းများ
Vol. 26 Ch. 318
တောင်ကြားအပြင်ဘက်မှ ကြည့်လျှင် အတွင်းပိုင်းသည် သိပ်မကျယ်ဝန်းလှဘဲ တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးထိ မြင်နိုင်သည်။ သို့ရာတွင် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် ဤအယူအဆသည် အလွန်လွဲမှားနေသည်ကို သူ ချက်ချင်းခံစားမိလေ၏။
ဤသည်မှာ ယခင်က မြေခွေးတစ်သောင်းကျင်းနှင့်တူညီကာ သူသည် တခြားလေဟာနယ်တစ်ခုသို့ ဝင်ရောက်သွားသည့်အလားပင်။ ဤနေရာတွင် စိမ်းလန်းစိုပြေသော သစ်ပင်များသည် အဆုံးအစမရှိ ပေါက်ရောက်နေပြီး နေရာအနှံ့ လွှမ်းခြုံထားသော တိတ်ဆိတ်ငြိမ်သက်မှုက လူအများကို စိတ်မသက်မသာ ဖြစ်စေသည်။
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရင်း ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
အကယ်၍ သူ့ထံတွင် အားကောင်းသော အထောက်အပံ့ မရှိပါက ဤနေရာတွင် သူ ပထမဆုံး လုပ်ရမည့်အရာမှာ ရတနာရှာဖွေခြင်း မဟုတ်ဘဲ လူရှာခြင်းပင်။
ယုရှောင်ယွီနှင့်ဟုန်ရီတို့၏ စွမ်းအားသည် ကြယ်စင်မြစ်နယ်ပယ်သို့ မရောက်သေးသော်လည်း သူတို့အနေဖြင့် ဆင်ခြင်တုံတရားမဲ့စွာ လျှောက်ပြေးမနေသရွေ့ အန္တရာယ် မကြီးမားနိုင်ချေ။ ထို့ပြင် ဤသည်က သူတို့အတွက် အတွေ့အကြုံယူခြင်းတစ်ခုလည်း ဖြစ်နိုင်သည်။
ကျန်းရွှမ်က သစ်ပင်တစ်ပင်၏ထိပ်ဖျားသို့ ခုန်တက်လိုက်ရာ မိုးကောင်းကင်ယံ၌ နေ လနှင့် ကြယ်များမရှိသော်လည်း လေဟာနယ်တစ်ခုလုံး ထူးကဲစွာ လင်းထိန်နေသည်ကို မြင်တွေ့လိုက်ရသည်။ မိုးကောင်းကင်ယံတခွင်လုံးသည် ဧရာမ အလင်းကန့်လန့်ကာကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး တွေ့မြင်နိုင်သော အလင်းရောင်အားလုံး ထိုနေရာမှ ရောက်ရှိလာသည်။
လေထုထဲတွင် ငှက်များနှင့်ရင်းမြစ်သားရဲများ မရှိသဖြင့် အနည်းငယ် တိတ်ဆိတ်နေပေ၏။
သို့ရာတွင် ကျန်းရွှမ်သည် သတိလွတ်လွတ် မနေဝံ့ချေ။ မြေခွေးတစ်သောင်းကျင်းကဲ့သို့ မရင့်ကျက်သေးသော ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေတွင်ပင် မြေခွေးစိမ်းများကဲ့သို့သော ကြယ်စင်မြစ်နယ်ပယ် ရင်းမြစ်သားရဲများ ရှိနေသည်။ ထိုကြောင့် ဤနေရာတွင် ပို၍ကြောက်မက်ဖွယ်ကောင်းသော အရာများ ရှိနေနိုင်သည်။
ဤနေရာ၌ ရင်းမြစ်စွမ်းအားများသည် နေရာအနှံ့အပြား၌ ပြန့်ကျဲနေပေ၏။ သို့ရာတွင် သူသာ ထိုအရာများကို စုပ်ယူနေပါက တစ်ရက်လျှင် အများဆုံးအနေဖြင့် စွမ်းအင်တန်းပေါင်း ရာဂဏန်းမှ ထောင်ဂဏန်းအထိသာ စုဆောင်းနိုင်မည်ဖြစ်ရာ တွက်ခြေမကိုက်လှပေ။
"ရင်းမြစ်စွမ်းအား ပိုပြီးသိပ်သည်းလေ... ဗဟိုချက်နဲ့ ပိုပြီးနီးလေလေ ဖြစ်မယ်"
မကြာမီမှာပင် ကျန်းရွှမ်သည် ဦးတည်ချက်တစ်ခုကို သတ်မှတ်ပြီး တိတ်တဆိတ် ပျံသန်းသွားကာ အချိန်တခဏအကြာတွင် ရပ်တန့်လိုက်သည်။
အကြောင်းအရင်းမှာ သူသည် ရင်းနှီးသော သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသောကြောင့် ပင်။ ထိုသစ်ပင်သည် အစောပိုင်းက သူ ပတ်ဝန်းကျင်ကို လေ့လာရန် ခုန်တက်ခဲ့သော သစ်ပင်ဖြစ်ပေ၏။
ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံမှုာအမြန်နှုန်းဖြင့် ပြေးလွှားခဲ့ရာ ယခုဆိုလျှင် သူသည် အနည်းဆုံး လီဆယ်နှင့်ချီ၍ ခရီးရောက်သင့်လေပြီ။ ဤသစ်ပင်သည် သူ၏ရှေ့တွင် ပြန်ပေါ်လာခြင်းမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိသာထင်ရှားသည်။
အချိန်တခဏကြာမျှ တုံ့ဆိုင်းပြီးနောက် ကျန်းရွှမ်သည် သူ၏လက်ချောင်းများကို ဓားသဏ္ဍာန်ပြုလုပ်ကာ သစ်ပင်ကြီးကို ထိုးစိုက်လိုက်ပြီး ကြီးမားသော အမှတ်အသားတစ်ခုကို ချန်ထားခဲ့လိုက်သည်။
ထိုသို့ ပြုလုပ်ပြီးနောက် သူသည် တဖန်အရှိန်မြှင့်ကာ ရှေ့သို့ဆက်သွားလိုက်၏။
မိနစ်အနည်းငယ် ကြာပြီးနောက် အလျင်စလိုပြေးလာသော ခြေလှမ်းသံများကို ကြားလိုက်ရပြီး ကျန်းရွှမ် ထပ်မံ၍ရပ်တန့်လိုက်သည်။ သူ၏မျက်နှာအမူယာ အနည်းငယ် တည်ကြည်လေးနက်သွားသည်။
"ထင်တဲ့အတိုင်းပဲ... ငါ ပြန်ရောက်လာပြန်ပြီ..."
အစောပိုင်းက သူ အမြင်မှားခဲ့သည်ဟု မပြောနိုင်တော့ချေ။ ယခုအချိန်၌ သူ ချန်ထားခဲ့သော ဓားရာအမှတ်အသားသည် သူ့ရှေ့ရှိ သစ်ပင်ပေါ်တွင် ရှိနေဆဲပင်။ ထိုအရာကို အတုလုပ်၍ မရနိုင်ချေ။
တစ်နည်းအားဖြင့် သူ ရှေ့ဆက်သွားနေသည်ဟု ထင်ခဲ့သော်လည်း အမှန်အားဖြင့် သူ လှည့်ပတ်သွားလာနေခြင်းပင်။
သူ မည်သည့်အချိန်က လမ်းမှားသွားခဲ့သနည်း...
သူ၏ကျင့်ကြံဆင့်စွမ်းအားဖြင့် တောအုပ်တစ်ခု မဆိုထားနှင့် ဝင်္ကပါထဲတွင်ပင် လမ်းပျောက်မည် မဟုတ်ပေ။ သို့ရာတွင် ယခုချိန်၌ သူသည် မူလနေရာသို့ နှစ်ကြိမ်ဆက်တိုက် ပြန်ရောက်လာလေရာ တစ်စုံတစ်ခု မှားယွင်းနေသည်မှာ သေချာပေါက်ပင်။
အချိန်တခဏကြာမျှ တုံ့ဆိုင်းနေပြီးနောက် သူသည် အလျင်စလို ရှေ့ဆက်မသွားတော့ဘဲ အေးစက်ငရဲဓားကို ထုတ်ယူကာ လေထဲသို့ ထိုးစိုက်လိုက်သည်။
ထို့နောက် သူသည် ကောင်းကင်ဘုံသောကဓားနည်းစနစ်ကို ထုတ်ဖော်လိုက်ရာ လေထုအတွင်းတွင် အဖြူရောင် မြူခိုးတိမ်တိုက်တစ်ခု ဖြစ်ပေါ်လာသည်။ ရုတ်ချည်းဆိုသလိုပင် ထိုအထဲမှ ခုန်းရှီ၏အသံ ထွက်ပေါ်လာလေ၏။
"ဆရာကျန်း... မင်း ရောက်လာပြီပဲ"
သူ ဤနေရာသို့ ရောက်နေပြီဖြစ်ကာ ပြဿနာ ကြုံနေရသည့်အတွက် ခုန်းရှီကို တိုက်ရိုက်မေးမြန်းခြင်းက သဘာဝကျသည်။
တစ်ဖက်လူသည် အပြင်ဘက်နယ်မြေမှ ဗဟိုချက်အထိ ဝင်ရောက်နိုင်ပြီး နတ်ဘုရားနယ်မြေ၏ စီးဆင်းသောအလင်းတန်းများကို ဖြစ်ပေါ်စေနိုင်ခဲ့ရာ ဤနေရာနှင့် ပတ်သက်၍ သာမန်လူများ မသိနိုင်လောက်အောင် ရင်းနှီးကျွမ်းဝင်နေပေမည်။ ဤသည်မှာ သူ ဤနေရာသို့ ဝင်ရောက်လာရဲသည့် အကြီးမားဆုံး မှီခိုအားကိုးရာပင်။
"ကျွန်တော် ရောက်နေပြီ..."
ကျန်းရွှမ်က သူ။အခြေအနေကို အသေးစိတ် ရှင်းပြပြီးနောက် မေးမြန်းလိုက်သည်။
"ဒါက ဝင်္ကပါလား"
"မဟုတ်ဘူး"
ခုန်းရှီ၏ အသံ ထွက်ပေါ်လာသည်။
"ဒါတွေက ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေရဲ့ စည်းမျဉ်းတွေပဲ"
"စည်းမျဉ်းတွေ ဟုတ်လား"
ကျန်းရွှမ် နားမလည်နိုင် ဖြစ်သွားသည်။
ခုန်းရှီက ပြောဆိုသည်။
"အမှန်ပဲ...ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေဆိုတာ ကမ္ဘာငယ်လေးတစ်ခုနဲ့ တူတယ်... အထဲက စည်းမျဉ်းတွေကို ဖန်တီးရှင်က သတ်မှတ်ထားတာ...မင်း ဘယ်ဘက်ကိုပဲသွားသွား စမှတ်ကို ပြန်ရောက်လာမှာပဲ...ဒါက မင်းဝင်္ကပါတစ်ခုနဲ့ ကြုံနေရတာ မဟုတ်သလို စက်ဝိုင်းပုံ လျှောက်နေတာလည်း မဟုတ်ဘူး...မင်းက ဒီနယ်မြေထဲက အထူးစည်းမျဉ်းတစ်ခုကို ချိုးဖောက်မိလို့ပဲ"
မကြာမီမှာပင် ခုန်းရှီက အသေးစိတ် ရှင်းပြလိုက်ရာ ကျန်းရွှမ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ကမ္ဘာတစ်ခု၏ဖန်တီးရှင် တစ်ယောက်အနေဖြင့် သူသည် စည်းမျဉ်းဟု ခေါ်သော အရာများကို ကောင်းစွာ သိရှိထားသည်။ ဤသည်မှာ အဆောက်အဦးတစ်လုံး ဆောက်သည်နှင့် တူညီကာ ပြီးစီးအောင်ဆောက်လုပ်ရန် သတ်မှတ်ထားသော ပုံစံများကို လိုက်နာရမည်ဖြစ်ပြီး သီးသန့်ပြုပြင်ပြောင်းလဲ၍ မရပေ။
စည်းမျဉ်းများသည် အခြေခံအုတ်မြစ်များ ဘောင်များ ဖြစ်ပြီး ချိုးဖောက်၍ မရချေ။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေများသည် ကွဲပြားခြားနားပေ၏။ စည်းမျဉ်းတချို့သည် နတ်ဘုရားနယ်မြေကို ဖန်တီးသူ၏ စိတ်ကြိုက်သတ်မှတ်ချက်များအပေါ် မူတည်နိုင်သည်။ ဥပမာအားဖြင့် လက်တွေ့ကမ္ဘာတွင် ကားများသည် လမ်းပေါ်တွင် မောင်းရမည်ဖြစ်ပြီး လှေများသည် ရေထဲတွင် ရှိနေရပေမည်။ သို့ရာတွင် နတ်ဘုရားနယ်မြေအတွင်း၌မူ ထိုကိစ္စများသည် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်နေနိုင်သည်။
ခုန်းရှီက ပြောဆိုသည်။
"ဒီအခြေအနေကို ချိုးဖျက်ဖို့ကလည်း အရမ်းလွယ်တယ်...မင်းက သိုင်းပညာစွမ်းရည်တွေကို မသုံးဘဲနဲ့ ပြေးရုံပဲ....တစ်နည်းပြောရရင် မင်းက ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုခွန်အားကိုပဲ အသုံးပြုရမှာဖြစ်ပြီးတော့ အစစ်အမှန်စွမ်းအားကို အသက်သွင်းလို့ မရဘူး"
ကျန်းရွှမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
"ဒီလိုဆိုရင် သွားလာတဲ့နှုန်းက အရမ်းနှေးကွေးမနေဘူးလား"
ဤနေရာ၏ကျယ်ဝန်းမှုသည် စိတ်ကူး၍ပင် မရနိုင်ပေ။ သူ စွမ်းအားအပြည့်ဖြင့် ပြေးလျှင်ပင် အဆုံးထိရောက်ရန် မည်မျှထိကြာမည်ကို မသိနိုင်ချေ။ အကယ်၍ သူသည် ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှု ခွန်အားသက်သက်ဖြင့် ပြေးရမည် ဆိုပါက သူ မတွေးဝံ့တော့ပေ။
"ဟုတ်တယ်... ဒါက တကယ်တော့ ကောင်းတဲ့အချက်ပဲ...ဒီလိုဆိုရင် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့တောင် မင်းကို သတ်ဖို့ သိပ်လွယ်မှာ မဟုတ်တော့ဘူး"
ခုန်းရှီက ပြောဆိုသည်။
ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။
အမြန်ဆုံးပြေးနိုင်ရန် အစစ်အမှန်စွမ်းအားကို သုံးလိုက်သည်နှင့် စမှတ်သို့ ပြန်ရောက်သွားပေမည်။ ထိပ်သီးကျင့်ကြံသူတစ်ယောက်က သူ့ကို သတ်ချင်လျှင်ပင် ရုပ်ခန္ဓာကိုယ်အမြန်နှုန်းနှင့် ခံနိုင်ရည်တို့ကိုသာ ယှဉ်ပြိုင်ရပေမည်...
ကြည့်ရသည်မှာ မည်သူကမျှ သူ့ကို အမှန်တကယ် ယှဉ်နိုင်မည့်ပုံ မပေါ်ချေ။
"ဒါဆိုရင်... တိုက်ခိုက်တဲ့အခါကျရင်ရော... တိုက်ခိုက်တဲ့အခါမှာလည်း အစစ်အမှန်စွမ်းအားကို သုံးလို့မရဘူးလား"
တစ်စုံတစ်ခုကို တွေးမိသဖြင့် ကျန်းရွှမ်က မေးမြန်းလိုက်သည်။
"အဲ့ဒီလို မဟုတ်ဘူး...တိုက်ခိုက်တဲ့အချိန်မှာ မင်း အစွမ်းကုန် သုံးလို့ရတယ်... ရှေ့ဆက်သွားတာနဲ့ ထွက်ပြေးတဲ့ အချိန်တွေမှာပဲ သုံးလို့မရတာ"
ခုန်းရှီက ပြောဆိုသည်။
ကျန်းရွှမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
'တိုက်ခိုက်ခွင့် ရှိတယ်...ဒါပေမဲ့ သွားခွင့် မရှိဘူးလား...ဒါက ဘယ်လို စည်းမျဉ်းတွေလဲ'
သူ၏သံသယကို သိသည့်အလား ခုန်းရှီက ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။
"အံ့အားသင့်မနေနဲ့....မတူညီတဲ့ နတ်ဘုရားနယ်မြေတွေမှာ မတူညီတဲ့ စည်းမျဉ်းတွေ ရှိတယ်...ဥပမာပြောရရင် မင်း ကျယ်ကျယ်လောင်လောင် အော်လို့ မရဘူး...မင်းရဲ့အော်သံက အဆင့်တစ်ခုထက် ကျော်သွားတာနဲ့ မင်းကန့်သတ်ခံရပြီးတော့ ပြစ်ဒဏ်ပေးခံရလိမ့်မယ်....နေရာတကာ အပေါ့အပါးသွားလို့ မရဘူး...ပေါ့ပေါ့ဆဆ စားသောက်လို့ မရဘူး... ပြီးတော့ လူများတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိတ်တိတ် စကားမပြောရဘူး..."
အချိန်တခဏကြာ နားထောင်ပြီးနောက် ကျန်းရွှမ် လုံးလုံးလျားလျား လက်ခံသွားသည်။
သူသည် ဤနေရာကို မြေခွေးတစ်သောင်းကျင်းနှင့် တူညီမည်ဟု တွေးထင်ထားခဲ့သည်။ ဤနယ်မြေသည် အနည်းငယ်ထူးဆန်းသော်လည်း သူ နားလည်ပေးနိုင်သည် ဟု တွေးထင်မိလေ၏။ သို့ရာတွင် ယခုချိန်၌မူ လုံးလုံးလျားလျား ထိုသို့မဟုတ်မှန်း သူ သိလိုက်ရလေပြီ။
"မလိုက်နာရင် ဘယ်လို ပြစ်ဒဏ်တွေ ရှိနိုင်မလဲ" သူ၏စိတ်ထဲမှ သံသယများကို မထိန်းချုပ်နိုင်တော့ဘဲ ကျန်းရွှမ်က မေးမြန်းလိုက်သည်။
ခုန်းရှီက ပြောဆိုသည်။
"ဒါက အခြေအနေရဲ့ ပြင်းထန်မှုအပေါ် မူတည်တယ်.... ဥပမာအနေနဲ့ မင်း ကျယ်ကျယ်လောင်လောင် အော်လိုက်ရင် ပထမအကြိမ်မှာ မင်းရဲ့ စွမ်းအားကို ခဏလောက်ကန့်သတ်ရုံပဲ ရှိမယ်... အသက်နှစ်ရှိုက်လောက် မင်းရဲ့အတွင်းအားကို ထုတ်မသုံးနိုင် ဖြစ်သွားမယ်.. ဒုတိယအကြိမ်မှာ လေဓားသွားဘေးဒုက္ခ ကျရောက်လာပြီးတော့ အပြစ်ပေးမှုကို ခံရလိမ့်မယ်...တတိယအကြိမ်မှာ ရေနဲ့မီး ဘေးဒုက္ခ...စတုတ္ထအကြိမ်မှာတော့... မင်း တိုက်ရိုက်ဖျက်ဆီးခံလိုက်ရဖို့ များတယ်"
"စားသောက်တာလည်း အတူတူပဲ....တိတ်တိတ်ဆိတ်ဆိတ်နဲ့ သိုသိုသိပ်သိပ် စားရင် ပြဿနာ မရှိပေမယ့်...မင်း ပလပ်ပလပ်မြည်အောင် စားရင် ပြစ်ဒဏ် ရကောင်းရနိုင်တယ်... ဒါ့ပြင် ဖိနပ်ချွတ်တာ လေလည်တာနဲ့ တခြားလုပ်ရပ်တချို့ကိုလည်း တားမြစ်ထားတယ်"
"ပြစ်ဒဏ်တွေက နည်းနည်း ပြင်းထန်လွန်းတယ်..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
စတုတ္ထအကြိမ်တွင် တိုက်ရိုက်ဖျက်ဆီးခံရမည်ဟု ဆိုသလော။ ထို့ပြင် စားသောက်သည်ကိုပင် သတိထားရပေမည်။ ဤနေရာသို့ လာခဲ့ဖူးတဲ့ ထိပ်သီးကျင့်ကြံသူများ ပြန်မလာနိုင်ကြသည်မှာ မထူးဆန်းတော့ပေ။ ဤနေရာသည် အမှန်တကယ်ကို အနည်းငယ် ထူးဆန်းပေ၏။
ဤကိစ္စများကို ကြိုသိမထားပါက တစ်စုံတစ်ယောက်သည် လွယ်လင့်တကူ အမှားလုပ်မိနိုင်ပြီး နောက်ဆုံးတွင် သူ မည်ကဲ့သို့ သေသွားသည်ကိုပင် သိလိုက်ရမည် မဟုတ်ချေ။
"ခဏလေး..."
သူ သက်ပြင်းချလိုက်ပြီးမှ ရုတ်တရက် တုံ့ပြန်လိုက်သည်။ ကျန်းရွှမ်၏မျက်ခွံများ တုန်ရီသွားကာ မမေးမြန်းဘဲ မနေနိုင်တော့ချေ။
"ခုန်းရှီ... ခင်ဗျား တကယ်တမ်းကျ ဘာတွေ လုပ်ခဲ့တာလဲ....ဒီထူးထူးဆန်းဆန်း စည်းမျဉ်းတွေကို ခင်ဗျား ဘယ်လို သိသွားတာလဲ...ကျွန်တော်ကို မပြောနဲ့နော်... ဖိနပ်ချွတ်တာ လေလည်တာ နေရာတကာ အပေါ့အပါးသွားတာ... ခင်ဗျား ဒါတွေအားလုံးကို လုပ်ခဲ့တာလား"
"..."
ခုန်းရှီ ဆွံ့အသွားသည်။