မျက်နှာပြာကျားဖြူ
Vol. 26 Ch. 319
"ငါ အစတုန်းက မသိပါဘူး... ဒါပေမဲ့ ဗဟိုချက်ထဲကိုဝင်ပြီးတော့ နတ်ဘုရားနယ်မြေရဲ့စီးဆင်းသောအလင်းတန်းတွေကို ဖြစ်စေပြီးနောက်မှာ သူ့အလိုလို ငါ နားလည်သွားတယ်..."
အချိန်တခဏကြာပြီးနောက် ခုန်းရှီက နှာမှုတ်လိုက်သည်။
ကျန်းရွှမ်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်၏။
"ခင်ဗျားရဲ့ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုက တကယ့်ကို တောင့်တင်းခိုင်မာတာပဲ"
"မင်း ဒီလို အသုံးမဝင်တဲ့ ကိစ္စတွေကို ဆက်ပြောနေမယ်ဆိုရင်...နောက်ထပ်ဆက်ပြောစရာ ဘာမှ မရှိတော့ဘူး"
ခုန်းရှီက မကျေမနပ်လေသံဖြင့် ပြောဆိုသည်။
"ဒါတွေကို ဆက်မပြောဘဲ နေကြစို့... အဲ့ဒီအရာ အနည်းငယ်အပြင် ဒီနေရာမှာ တခြားဘာတားမြစ်ချက်တွေ ရှိသေးလဲ"
ဤပြဿနာများကို ဆက်ပြောနေရမည့်အချိန် မဟုတ်ကြောင်း သိသဖြင့် ကျန်းရွှမ်က မမေးမြန်းဘဲ မနေနိုင်တော့ချေ။
"ဒါ့ပြင် အိမ်မွေးတိရစ္ဆာန်တွေ ခွင့်မပြုဘူး... မီး မွှေးလို့ မရဘူး... လူတွေကို စိတ်ထင်သလို သတ်လို့ မရဘူး... သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ လှုပ်ရှားလို့ ရတယ်..."
ထို့နောက် ခုန်းရှီသည် စည်းမျဉ်းပေါင်းဆယ်ခုကျော်ကို ဆက်တိုက်ရွတ်ဆိုပြလိုက်သည်။
ကျန်းရွှမ်သည် ထိုအရာအားလုံးကို အလွတ်ကျက်မှတ်ထားလိုက်၏။
သူနှင့် သိကျွမ်းသော တစ်စုံတစ်ယောက်က နယ်မြေထဲသို့ ကြိုတင်ဝင်ရောက်ထားသည်မှာ အမှန်တကယ်ကို အဆင်ပြေသည်။ ဤစည်းမျဉ်းများကို သိထားခြင်းဖြင့် သူသည် ဒုက္ခများကို ရှောင်ရှားနိုင်ပြီး ကောင်းစွာအသုံးချပါက မိုပိုင်ယဲ့ကို ပို၍ကောင်းမွန်စွာ အကွက်ချကြံစည်နိုင်ပေမည်။
"ငါ ဗဟိုချက်ကို ဆက်ပြီးသန့်စင်အုံးမယ်... မင်းလည်း မြန်မြန်လုပ်သင့်တယ်... ငါ့ရဲ့အာရုံခံစားမှုအရ ဒီတစ်ခေါက် ရောက်လာတဲ့ လူတွေထဲမှာ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်နဲ့အထက် ထိပ်သီးကျင့်ကြံသူတွေ ပါတယ်"
ခုန်းရှီက နောက်ထပ်စကားအနည်းငယ်ပြော၍ ရှင်းပြလိုက်သည်။
"ကောင်းပြီလေ"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
ဤကိစ္စကိုမူ သူ စုံစမ်းရန် မလိုအပ်ချေ။ ဤသည်မှာ သူ သိရှိပြီးသား ကိစ္စပင်။
ကုန်းမြေတစ်ခုလုံးတွင် အဆင့်နှစ်ဆယ့်တစ်၌ရှိသော ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ ရုတ်တရက် ပွင့်လာသည်။ သုံးရက်ဆိုသည်မှာ ကြာမြင့်ခြင်း မရှိသော်လည်း ထိပ်သီးကျင့်ကြံသူ အမြောက်အများ အလျင်စလို ရောက်လာရန် လုံလောက်သည်။
ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သည် ကျိုးယီမြို့တွင် ထိပ်တန်းအဆင့်ဟု ယူဆနိုင်သော်လည်း ပို၍ကြီးမားသော အင်အားစုများ၏ရှေ့တွင် မလုံလောက်ပေ။
"အင်း... ကြွက်မျိုးနွယ် ရင်းမြစ်သားရဲကို သတိထား... ဆေးကြောသူကို သတိထား... မင်းရဲ့အဝတ်အစားတွေကို သန့်ရှင်းအောင် ထားဖို့ ကြိုးစား..."
ခုန်းရှီက ဆက်လက်၍ပြောဆိုသော်လည်း စကားတစ်ဝက်တစ်ပျက်အရောက်၌ သူ၏ ရှင်းပြချက် မပြီးဆုံးမီမှာပင် ကျန်းရွှမ်၏ရှေ့မှ မြူခိုးများ ပျောက်ကွယ်သွားပြီး အသံလည်း ပြတ်တောက်သွားသည်။
ဓားချီ၏စွမ်းအား ကုန်ဆုံးသွားပြီ ဖြစ်ကြောင်းနှင့် ဆက်လက်အသုံးပြုပါက ကောင်းကင်တာအို၏စောင့်ကြည့်မှုကို ဆွဲဆောင်နိုင်ဖွယ် ရှိကြောင်း သိသဖြင့် ကျန်းရွှမ် ဆက်မလုပ်ရဲတော့ပေ။ ထိုအစား သူသည် မူလနေရာတွင် မတ်တတ်ရပ်နေပြီး လေးလေးနက်နက် စဥ်းစားတွေးတောလိုက်သည်။
သူသည် စည်းမျဉ်းတချို့ကို နားလည်သော်လည်း ဆေးကြောသူဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း...
"အဝတ်အစားတွေကို သန့်ရှင်းအောင်ထား" ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း...
ထို့ပြင် ကြွက်မျိုးနွယ် ရင်းမြစ်သားရဲများသည် မည်သည့်အရာများ ဖြစ်သနည်း....
"ငါက ယုရှောင်ယွီနဲ့ တခြားသူတွေကို အရင် ရှာသင့်တယ်... ကြည့်ရတာတော့ ဒီနေရာက ငါ ထင်ထားသလို လုံခြုံမယ့်ပုံ မပေါ်ဘူး..."
ခန့်မှန်းရုံဖြင့် အလုပ်မဖြစ်ဘဲ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံရမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိသဖြင့် ကျန်းရွှမ်က ဦးတည်ချက်တစ်ခုကို သတ်မှတ်ပြီး ဆက်လက် ၍ထွက်ခွာလာခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် အမြန်သွားရန်အတွက် အစစ်အမှန်စွမ်းအားကို မသုံးခဲ့ချေ။ ထိုအစား သူ၏ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှု ခွန်အားကိုသာ အားကိုးပြီး တဖြည်းဖြည်း လမ်းလျှောက်ခဲ့သည်။ သေချာသည်မှာ သူသည် "သရဲတစ္ဆေဝင်္ကပါ" နှင့် မကြုံတွေ့ရတော့သည့်အပြင် ယခင်က တွေ့ခဲ့ဖူးသော သစ်ပင်လည်း ပြန်ပေါ်မလာတော့ပေ။
"ထူးဆန်းတဲ့ စည်းမျဉ်းတွေပဲ"
ကျန်းရွှမ်က သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
ရှေ့ဆက်သွားနေစဉ်တွင် သူ၏ဥာဏ်ပညာမျက်လုံးကို အဆက်မပြတ် အသက်ဝင်နေသော်လည်း မည်သည့် အစီအရင် သို့မဟုတ် လေဟာနယ် အတက်အကျများကိုမျှ မတွေ့ရှိရပေ။ ထင်ရှားသည်မှာ စည်းမျဉ်းများ၏ စွမ်းအားသည် သူ လေ့လာနိုင်သော အတိုင်းအတာထက် ကျော်လွန်နေပြီး ရှာဖွေတွေ့ရှိရန် ခက်ခဲစေသည်။ အကယ်၍ ခုန်းရှီသာ မရှင်းပြခဲ့လျှင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိရန် သူ အချိန်များစွာ ယူရပေလိမ့်မည်။
သူသည် လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ပြီး အစားအစာများကို ထုတ်ယူကာ ပလပ်ပလပ်မြည်အောင်စားပါက ပြစ်ဒဏ်ခံရခြင်းရှိမရှိကို စမ်းသပ်ချင်ခဲ့သည်။ အချိန်တခဏကြာမျှ တုံ့ဆိုင်းပြီးနောက် နောက်ဆုံးတွင် သူ မထိရဲတော့ပေ။
သူ၏ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုအားကို အားကိုးကာ နာရီဝက်ခန့် ပြေးလွှားပြီးနောက် ရုတ်တရက် သူ့၏ရှေ့တွင် အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။ ဤှသည်မှာ သစ်ရွက်သုံးရွက်ဖြင့် ဖွဲ့စည်းထားသော မက်မွန်ပွင့်ပုံသဏ္ဍာန်ပင်။
ထိုအရာ၏ အလယ်သစ်ရွက်က ဦးတည်ချက် တစ်ခုကို ညွှန်ပြနေပေ၏။
"ဖုမိသားစုက တစ်ယောက်ယောက် ဖြတ်သွားတာပဲ"
ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။
ဤသည်မှာ ဖုမိသားစုဝင်များ ချန်ထားခဲ့သော အမှတ်အသားပင်။
ထိပ်သီးမိသားစုကြီးတစ်စုအနေဖြင့် သူတို့သည် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်သည်နှင့် တိုက်ရိုက်လူစုကွဲသွားမည်ကို သိသဖြင့် ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ နောက်မှမြင်တွေ့သူတိုင်းသည် ထိုအမှတ်အသားများနောက်သို့လိုက်၍ အလျင်အမြန်စုစည်းနိုင်စေရန် တပည့်များအားလုံးသည် အမှတ်အသားများကို ချန်ထားခဲ့ရပေမည်။
သစ်ရွက်များမှ ညွှန်ပြသော ဦးတည်ချက်အတိုင်း ကျန်းရွှမ်က အပြေးသွားလိုက်သည်။ သူ နှစ်လီခန့် ရောက်သွားချိန်တွင် တစ်စုံတစ်ယောက် တိုက်ခိုက်နေသကဲ့သို့ လေတိုးသံများကို ကြားလိုက်ရသည်။
"ဖုမိသားစုက ကျင့်ကြံသူတစ်ယောက် အန္တရာယ်နဲ့ ကြုံနေတာများလား"
သူ၏သိချင်စိတ်ကြောင့် သူ မရပ်တန့်ခဲ့ချေ။ မကြာမီမှာပင် ကျန်းရွှမ်သည် အသံလာရာနေရာသို့ ရောက်ရှိသွားပြီး မော့ကြည့်လိုက်၏။
ထိုနေရာတွင် လူတစ်ယောက်က ရင်းမြစ်သားရဲတစ်ကောင်ကို တိုက်ခိုက်နေသည်။
ထိုလူသည် အသက်နှစ်ဆယ်ဝန်းကျင်ရှိ အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်တွင်ရှိသည်။ သူမသည် မီးခိုးရောင်သမ်းသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်စုံထောင့်စွန်းတွင် ဝါးရွက်ပုံငယ်လေးကို ပန်းထိုးထားသည်။
သူမ၏ပြိုင်ဘက်ဖြစ်သော ရင်းမြစ်သားရဲမှာမူ မျက်နှာပြာကျားဖြူဖြစ်ပြီး ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်ခန့်သာရှိသည်။ ထိုသားရဲသည် သူမထက် အနည်းငယ် ပို၍သန်မာပေ၏။
အကယ်၍ ဤအမျိုးသမီး ပိုင်ဆိုင်သော ရတနာများနှင့်နည်းစနစ်များသာ မရှိပါက သူမ၏လည်ပင်းကို ရင်းမြစ်သားရဲ အကိုက်ခံရပြီး သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။
အချိန်တခဏကြာ ကြည့်ပြီးနောက် ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။
သူသည် ဤအမျိုးသမီးကို မသိသည့်အပြင် သူမသည် ဖုမိသားစုမှ မဖြစ်နိုင်ချေ။ သူမသည် လက်နက်အဖြစ် သံချိတ်ကောက်တစ်စုံကို အသုံးပြုပြီး သူမ၏လှုပ်ရှားမှုများကလည်း အလွန်ထူးဆန်းသည်။ ဤသည်မှာ သူယခင်က မြင်ဖူးသည့် သိုင်းပညာနည်းစနစ်များနှင့် လုံးလုံးလျားလျား မတူညီပေ။
မျက်နှာပြာကျားဖြူ၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် သူမသည် ယခုအချိန်၌ ဆိုးရွားသောအခြေအနေသို့ ရောက်ရှိနေလေပြီ။ အကယ်၍ သူသာ ဝင်မစွက်ဖက်လျှင် သူမ အသတ်ခံရနိုင်ချေများသည်။
ငါ ကယ်ရမလား... မကယ်ရဘူးလား...
ဤကဲ့သို့ နေရာမျိုးတွင် အခြေအနေကို အပြည့်အဝ နားမလည်ဘဲ သူတော်ကောင်း လုပ်သည်မှာ ကောင်းမွန်သောကိစ္စ မဟုတ်သော်လည်း တစ်ယောက်ယောက် အသတ်ခံရသည်ကို သူ ထိုင်ကြည့်မနေလိုချေ။ အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏ ရုပ်ဖျက်စွမ်းရည်ကို အသက်သွင်းပြီး ပုံပန်းသဏ္ဍာန် ပြောင်းလဲလိုက်သည်။
ယခုအချိန်၌ သူသည် အရပ်ခေါင်းတစ်ဝက်ခန့် ပိုမြင့်သွားပြီး ခန္ဓာကိုယ်သည်လည်း ပို၍ တောင့်တင်းခိုင်မာလာသည်။ သူသည် အသက်အရွယ်အရ သုံးဆယ်အရွယ်ခန့် ရှိပုံရပြီး ယခင်ပုံစံမျိုး တစိုးတစိမျှ ကြွင်းကျန်မနေတော့ပေ။
ကျိုးယီမြို့သို့ ရောက်ရှိကတည်းက သူသည် အလွန်သိုသိုသိပ်သိပ်နေထိုင်ခဲ့ပြီး ပြဿနာများကို တက်ကြွစွာ မဖန်တီးခဲ့သော်လည်း သူ့တွင် "ရန်သူ" အဖြစ် မိုပိုင်ယဲ့ ရှိနေသေးသဖြင့် ကြိုတင်ပြင်ဆင်ထားသည်က ပို၍ကောင်းမွန်သည်။
မည်သို့ပင်ဆိုစေကာမူ ကျီးလန်တောင်ကြားသို့ လူအမြောက်အများ ရောက်လာကြသည်။ လူဦးရေသည် သုံးထောင်မဟုတ်လျှင်ပင် အနည်းဆုံး နှစ်ထောင်ခန့် ရှိနေပေ၏။ လူအများစုသည် တစ်ဦးနှင့်တစ်ဦး မဆုံဖူးကြသဖြင့် လူတစ်ယောက် ပိုသည်လျော့သည်ကို သတိထားမိကြမည် မဟုတ်ချေ။
အရာအားလုံး အဆင်သင့် ဖြစ်သွားချိန်၌ ကျန်းရွှမ်သည် အေးစက်ငရဲဓားကို ကိုင်ဆောင်ကာ တိုက်ခိုက်နေသောနေရာသို့ လျှောက်လှမ်းသွားလိုက်၏။ မီတာသုံးဆယ်ခန့်အကွာတွင် သူ ရပ်တန့်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်ကိုမှီကာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"အကူအညီ လိုလား"
"ရှင်က ဘယ်သူလဲ"
သံချိတ်ကောက်နှစ်ခု ကိုင်ထားသော အမျိုးသမီးသည် အနီးနားတွင် လူတစ်ယောက် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် သူမ၏မျက်လုံးများထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူမသည် လှုပ်ရှားမှုအနည်းငယ်ဖြင့် မျက်နှာပြာကျားဖြူကို နောက်ပြန်ဆုတ်သွားစေပြီး သူမကမူ အလွန်အမင်း မောဟိုက်နေသည်။
ယခင်လှုပ်ရှားမှုနှစ်ခုသည် သူမကို ပြင်းထန်စွာ ပင်ပန်းနွမ်းနယ်စေခဲ့သည်မှာ သိသာထင်ရှားပေ၏။ သူမ၏စွမ်းအားသည် အားမနည်းသော်လည်း အချိန်တိုအတွင်းတွင် ပြန်လည်ကောင်းမွန်လာနိုင်ခြင်းမရှိပေ။
"ကျွန်တော်က ဒီတိုင်း ဖြတ်သွားတာပါ...ခင်ဗျား အကူအညီ မလိုဘူးဆိုရင် ကျွန်တော် သွားတော့မယ်..."
ကျန်းရွှမ်က ပြောဆိုသည်။
အမျိုးသမီးသည် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမရှေ့ရှိ ကျားဖြူကို ထပ်မံ၍မော့ကြည့်လိုက်ပြီး သူမ၏စိုးရိမ်စိတ်များ မြင့်တက်လာသည်။
သူမ၏ကိုယ်ပိုင်စွမ်းအားဖြင့် ဤသားရဲကို အနိုင်မယူနိုင်ကြောင်း သူမ ကောင်းစွာသိရှိထားသည်။
"ကျွန်မ အကူအညီလိုတယ်..."
အမျိုးသမီးက ခေါင်းညိတ်ပြပြီးနောက် ပြောဆိုသည်။
"ရှင် ကျွန်မကို ကူညီပေးမယ်ဆိုရင်... ဒီ မျက်နှာပြာကျားဖြူ သေသွားတာနဲ့ သူ့ရဲ့သားရေကို ပေးပါ့မယ်"
ဤရင်းမြစ်သားရဲ၏ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းများမှာ အတွင်းပိုင်းအမြုတေနှင့် သားရေတို့ပင်။ ထိုအရာနှစ်ခုအနက်မှ တစ်ခုကို စွန့်လွှတ်ခြင်းသည် သူမ၏အကြီးမားဆုံး လိုက်လျောမှု ဖြစ်နေလေပြီ။
"သားရေ ဟုတ်လား"
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
"ဒါဆိုရင်..."
အမျိုးသမီးက အံ့တင်းတင်းကြိတ်လိုက်သည်။
"အတွင်းပိုင်းအမြုတေကို ပေးမယ်"
ထိုသို့ပြောဆိုလိုက်သော်လည်း တစ်ဖက်လူထံမှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်တွေ့ချိန်၌ အမျိုးသမီး၏စိတ်နှလုံးသား လေးလံသွားသည်။
"ရှင်က နှစ်ခုလုံး လိုချင်တာလား... အဲ့ဒါက မဖြစ်နိုင်ဘူး...ကျွန်မကိုကြည့်ရတာ နည်းနည်းဖရိုဖရဲဖြစ်နေပုံရပေမဲ့ ကျွန်မသာ ဆန္ဒရှိရင် သူ့ကို သတ်ရတာ တော်တော်လေးလွယ်ကူတယ်"
"ဒါဆိုလည်း ခင်ဗျား ဆန္ဒရှိလိုက်ပါ...ကျွန်တော်ကို သွားခွင့်ပြုပါဦး..."
ကျန်းရွှမ်က လက်ဝှေ့ယမ်းလိုက်ပြီး နောက်သို့လှည့်ထွက်သွားရန် ဟန်ပြင်လိုက်၏။
"ရှင်..."
သူသည် အမှန်တကယ်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွားသည်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးသည် စိတ်မထိန်းနိုင်တော့ချေ။
"ဒါဆိုရင် ရှင်က ဘာလိုချင်တာလဲ..အတွင်းပိုင်းအမြုတေရော သားရေရော နှစ်ခုလုံးကို လိုချင်တာတော့ မဟုတ်ပါဘူးနော်"
"ကျွန်တော်က ကံကြမ္မာချပ်ပြား လိုချင်တယ်... အဲ့ဒီသားရဲကို သတ်ဖို့ ကျွန်တော် ကူညီပေးမယ်... ခင်ဗျားက ကျွန်တော့်ကို ကံကြမ္မာချပ်ပြားတစ်ရာ ပေးရမယ်"
ကျန်းရွှမ်က ပြောဆိုသည်။