မုရှောင်ချင်း
Vol. 26 Ch. 320
"ကံကြမ္မာချပ်ပြားတစ်ရာ...ဟုတ်လား"
အမျိုးသမီးက ခေါင်းခါယမ်းလိုက်သည်။
"ဒီကောင်က အစွမ်းထက်ပေမယ့် အဲ့ဒီလောက်ထိတော့ မတန်ဘူး"
ကံကြမ္မာချပ်ပြားတစ်ရာတွင် ကောင်းကင်ကံကြမ္မာစွမ်းအားတန်းတစ်သန်း ပါဝင်သဖြင့် မည်သည့်နေရာတွင်မဆို တန်ဖိုးရှိသည်။ ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် ရင်းမြစ်သားရဲ တစ်ကောင်အတွက် ဤပမာဏသည် အမှန်တကယ်ကို မတန်ချေ။
"ကောင်းပြီလေ..."
ကျန်းရွှမ်က လက်ပိုက်လိုက်ပြီး ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်ကာ သစ်ပင်ကြီးတစ်ပင်ကို မှီလိုက်သည်။
"ရှင်..."
ဈေးကြီးကြောင်း သူမ ပြောလိုက်သည်နှင့် တစ်ဖက်လူက နောက်ဆုတ်သွားပြီး ကူညီမည့် အရိပ်အယောင် မပြတော့သည်ကို အမျိုးသမီးက တွေ့လိုက်ရသည်။ သူမ၏ လှပသော မျက်နှာလေး ဒေါသကြောင့် ရဲတက်လာပြီး သူမက အံ့တင်းတင်းကြိတ်လိုက်၏။
သူမသည် အလွန်ချောမောလှပသူဖြစ်ပြီး ယခင်ကဆိုလျှင် ထိုကဲ့သို့ အခြေအနေမျိုးဖြင့် ကြုံရသည့်အချိန်တိုင်း မည်သည့်အမျိုးသားမဆို ဟန်ရေးပြပြီး သူရဲကောင်း လုပ်လိုကြသည်။ သို့သော် ဤကောင်စုတ်ကမူ သူမကို လုံးလုံးလျားလျား ဂရုမစိုက်ပေ။
သူမသည် စိတ်အနှောင့်အယှက် ဖြစ်နေပြီး တုံ့ပြန်မှု နှေးကွေးသွားသဖြင့် ကျားလက်သည်းဖြင့် နှစ်ချက်ရိုက်ပုတ်ခံလိုက်ရသည်။ သူမ၏ လက်မောင်းပေါ်တွင် အနီရောင်အစင်းရာများ ထင်ဟပ်လာပေ၏။ သူမသည် သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဟေး... ရှင့်မှာ ကရုဏာစိတ်ဆိုတာ လုံးဝမရှိဘူးလား"
သူမကို တုံ့ပြန်အဖြေမပေးဘဲ ကျန်းရွှမ်က သူ၏မေးကို ပွတ်သပ်ကာ အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
"ခင်ဗျား သတိပေးတာ အမှန်ပဲ"
သူသည် ခေါင်းငုံ့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တက်နင်းခံထားရသော ပုရွက်ဆိတ်တစ်ကောင်ကို တွေ့လိုက်ရသည်။
"တောင်းပန်ပါတယ်... ခုဏက ငါ မင်းကို နာအောင် လုပ်လိုက်မိလား... စိတ်မပူနဲ့... ငါ့မှာ ကြီးမားတဲ့ ကရုဏာစိတ် ရှိပါတယ်...မင်းကို ဘယ်တော့မှ အထိခိုက်ခံမှာ မဟုတ်ဘူး..."
အမျိုးသမီးသည် အလွန်ဒေါသထွက်နေသဖြင့် သူမ၏ရင်ဘတ် ပေါက်ကွဲလုမတတ်ပင်။ သူမသည် မနေနိုင်တော့ဘဲ အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်၏။
"ကျွန်မ ပြောနေတဲ့ ကရုဏာစိတ်က ဒီမှာရှင့်"
"အော်..."
ကျန်းရွှမ်က ကျောက်ခဲတစ်လုံးကို ကောက်ယူပြီး သူမ၏ခေါင်းကို တည့်တည့်ပစ်ပေါက်လိုက်သည်။
"ဒီမိန်းမ... တိရစ္ဆာန်တစ်ကောင်ကို ဘယ်လိုလုပ် ပြီး အန္တရာယ်ပြုရဲတာလဲ... မင်းမှာ ကရုဏာစိတ် မရှိဘူးလား..."
အမျိုးသမီး၏မျက်နှာ စိမ်းပုပ်သွားသည်။
လူသားတစ်ယောက်ရဲ့ဦးနှောက်က ဒီလိုမျိုး အလုပ်လုပ်တာလား...
သူမသည် ထိုကဲ့သို့ ဖြစ်နေရုံသာမက မျက်နှာပြာကျားဖြူကလည်း ကျန်းရွှမ်ကို စိတ်ကျေနပ်အားရစွာ ကြည့်နေသည်။ ထိုသားရဲသည် သူ့ကို လူကောင်းတစ်ယောက်ဟု ခံစားနေရပုံပင်။
"ရှင်က တော်တော်ကောင်းတာပဲ... ဒီကောင်ကို သတ်ပြီးတာနဲ့ ရှင့်ကို တစစီမလုပ်ရရင် ကျွန်မရဲ့မျိုးရိုးနာမည်က မု မဟုတ်တော့ဘူး"
အမျိုးသမီးသည် အံ့ကြိတ်လိုက်ပြီး သူမ၏လက်ထဲမှ ချိတ်ကောက် လွင့်ထွက်သွားသည်။ တချိန်တည်းမှာပင် သူမက လက်နှစ်ဖက်ကို စုစည်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခု ပျံ့လွင့်လာပြီး ဝုန်းခနဲ ပေါက်ကွဲသွားပေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပူပြင်းသော စွမ်းအားတစ်ရပ်သည် ပတ်ဝန်းကျင်တွင် လွှမ်းခြုံသွားပြီး မျက်နှာပြာကျားဖြူကို မြေပြင်ပေါ်သို့ လဲကျသွားစေသည်။ ထိုသားရဲ၏ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးတစ်ခု ရှိနေပေ၏။
ဤသည်မှာ သူမ၏ဝှက်ဖဲ ဖြစ်ပုံရသည်။ ထိုအရာ ပေါက်ကွဲသွားပြီးနောက် သူမ၏မျက်နှာပေါ်တွင် နာကျင်သောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။ သူမသည် သံချိတ်ကောက်ကို ပြန်ဆွဲယူပြီး ပြင်းထန်စွာဝှေ့ယမ်းလိုက်ရာ ကျားဖြူ၏လည်ပင်းကို ထွင်းဖောက်သွားသည်။
ကျားဖြူသည် နှစ်ကြိမ်ခန့် အကြောဆွဲနေပြီးနောက် ငြိမ်သက်သွားပြီး ချက်ချင်းဆိုသလိုပင် သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအား အဖြစ် ပြောင်းလဲကာ သူမထံသို့ စီးဆင်းသွားသည်။
"တကယ်ကြီး ဖြစ်နေတာပါလား..."
မြေခွေးတစ်သောင်းကျင်းမှ မြေခွေးစိမ်းများကဲ့သို့ပင် ဤကျားဖြူသည်လည်း ကောင်းကင်ကံကြမ္မာစွမ်းအားများဖြင့် ဖွဲ့စည်းထားကြောင်း မြင်လိုက်ရသဖြင့် ကျန်းရွှမ်သည် ထိုအမျိုးသမီးကို မကြည့်ဘဲ မနေနိုင်တော့ချေ။
သူမသည် အလွန်အမင်း အံ့အားသင့်သွားခြင်း မရှိဘဲ မျက်လုံးစုံမှိတ်ကာ စီးဆင်းလာသော စွမ်းအားများကို အလျင်အမြန် စုပ်ယူနေသည်အား သူ မြင်တွေ့လိုက်ရသည်။
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
ကြည့်ရသည်မှာ ဤအမျိုးသမီးသည် ကျားဖြူ၏မူရင်းဇစ်မြစ်ကို သိနေပုံပင်။ ထို့ကြောင့် အစောပိုင်းက သားရေနှင့်အတွင်းပိုင်းအမြုတေအကြောင်း သူမ ပြောခဲ့သည်မှာ လိမ်ညာခြင်း ဖြစ်ပြီး သူမ၏ကတိသည်လည်း အတုအယောင် ဖြစ်နေသည်။
ဤသည်မှာ မည်သည့်အရာမျှမပေးဘဲ သူ့ကို လူကယ်ခိုင်းလိုခြင်းပင်။
'သူက တကယ့်ကို ကပ်စေးနည်းတာပဲ... '
သို့ရာတွင် သူမ ကပ်စေးနည်းလျှင်ပင် သူသည် သူမကို ထိုသို့လုပ်ခွင့် မပေးနိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ သူတစ်ပါးကိုကူညီရန်သည် သူ၏တာဝန် ဖြစ်ပေ၏။ ကျန်းရွှမ်၏စိတ် လှုပ်ရှားသွားပြီးနောက် သူ၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ကြီးမားသော တွင်းကြီးတစ်တွင်းကဲ့သို့ ဖြစ်လာကာ စွမ်းအားများကို အရူးအမူး စုပ်ယူလိုက်သည်။
ဂေ့...
မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်နှာပြာကျားဖြူ၏အလောင်းမှ ဖြစ်ပေါ်လာသည့် ကောင်းကင်ကံကြမ္မာစွမ်းအားများ အားလုံးကို သူ ဝါးမျိုလိုက်သည်။ ထိုအရာများသည် ပမာဏအားဖြင့် စွမ်းအင်တန်းထောင်ပေါင်းများစွာ ရှိပေ၏။
အမျိုးသမီးသည် မျက်လုံးစုံမှိတ်ပြီး စွမ်းအားများ စုပ်ယူနေကာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း မကြာမီမှာပင် သတိပြုမိသွားသည်။ အကြောင်းအရင်းမှာ သူမသည် စွမ်းအင်တန်းဆယ်တန်းခန့်သာ စုပ်ယူလိုက်ရပြီးနောက် ထိုအရာများအားလုံး ကုန်ဆုံးသွားသောကြောင့်ပင်။
ဤမျှကြီးမားသော ကျားကြီးတစ်ကောင်ကို ကောင်းကင်ကံကြမ္မာစွမ်းအားတန်း ဆယ်တန်းခန့်နှင့် ဖွဲ့စည်းထားသည်ဟု ဆိုလိုသလော..
ငါ့ကို လာနောက်နေတာလား...
သူမသည် သံသယများဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ ကျန်းရွှမ်သည် သွားကြားထိုးနေပြီး ကျေနပ်အားရစွာဖြင့် လေချဥ်တက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။
အမျိုးသမီးက တုံ့ပြန်လိုက်သည်။
"ရှင်က ဒီကျားဖြူရဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို စုပ်ယူလိုက်တာလား"
"အင်း... ကောင်းကင်ကံကြမ္မာစွမ်းအားတွေ အများကြီး လွင့်ပါးသွားရင် နှမြောစရာကြီးလေ... ဒါကြောင့် ကျွန်တော်က မလိုလားပေမယ့် စုပ်ယူလိုက်တာပါ....ဒါက သေးငယ်တဲ့ ကုသိုလ်ကောင်းမှုလေးပါ... မင်း ကျေးဇူးတင်ဖို့ မလိုပါဘူး"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ရှင်က စိတ်ပျက်စရာကောင်းပေမယ့် သေဖို့ထိတော့ မထိုက်တန်ဘူးလို့ ကျွန်မ ထင်ခဲ့တာ... ဒါပေမဲ့ ရှင်က သေလမ်းကို တက်တက်ကြွကြွ ရှာနေမှတော့ ကျွန်မ ရိုင်းစိုင်းမိတာကို အပြစ်မတင်နဲ့တော့"
သူမ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူမ၏လက်ထဲမှ ချိတ်ကောက် ရုတ်တရက် ပျံ့လွင့်လာကာ ကျန်းရွှမ်၏လည်ပင်းဆီသို့ ဦးတည်၍ တိုးဝင်လာသည်။
ဤလှုပ်ရှားမှုသည် အလွန်မြန်ဆန်ပြီး ထက်ရှသည်။ ထိုသံချိတ်ကောက်သည် သူ၏လည်ချောင်းကို ဖောက်ထွင်းတော့မည့်အချိန်တွင် ကျန်းရွှမ်က ရှေ့သို့လက်ညှိုးညွှန်လိုက်ရာ တလိမ့်လိမ့်ထနေသော ဓားချီတစ်လှိုင်း ချက်ချင်းထွက်ပေါ်လာသည်။ အမျိုးသမီး၏ချိတ်ကောက် လွင့်ထွက်သွားပြီး သူမ၏လက်မနှင့်လက်ညှိုးကြားနေရာ အက်ကွဲသွားကာ သွေးများယိုစိမ့်ထွက်လာသည်။
ဘုန်း... ဘုန်း...
ခြေလှမ်းခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်ဆုတ်ပြီးနောက် အမျိုးသမီး၏ခန္ဓာကိုယ် နောက်ဆုံးတွင် ပြန်လည်၍တည်ငြိမ်သွားပြီး သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်လူသည် သူမထက် အသက်မကြီးသဖြင့် ကျင့်ကြံဆင့်လည်း အတူတူမျှသာရှိမည်ဟု သူမ တွေးထင်ခဲ့သည်။ သို့ရာတွင် ဤကောင်စုတ်၏စွမ်းအားသည် ဤမျှထိ ကြီးမားလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ဖူးခဲ့ထျေ။
"ခင်ဗျားက ကျွန်တော်ကို သတ်ချင်တာလား"
ကျန်းရွှမ်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"ကျွန်မ... ကျွန်မ မလုပ်ရဲပါဘူး..."
အမျိုးသမီးသည် ခြေလှမ်းများစွာ နောက်ဆုတ်သွားပြီး သူမ၏လက်ကိုပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ကျွန်မက ဝါးတောဂိုဏ်းရဲ့ သူတော်စင်မိန်းမပျို မုရှောင်ချင်းပါ.... ရှင့်ကို ပြစ်မှားဖို့ ရည်ရွယ်ချက် မရှိပါဘူး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."
"ကောင်းပြီလေ... ကျွန်တော်က ကျားဖြူကို သတ်ဖို့ ကူညီပေးခဲ့တာဆိုတော့ ခင်ဗျားက ကံကြမ္မာချပ်ပြားတချို့ပေးဖို့ မလိုဘူးလား"
ကျန်းရွှမ်က သူမကိုကြည့်ပြီး ဂရုမစိုက်သည့်လေသံဖြင့် ပြောဆိုလိုက်၏။
"ကူညီတယ်...ဟုတ်လား..."
မုရှောင်ချင်း၏မျက်နှာ နီမြန်းသွားပြီး သူမ၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ရီလာသည်။
'ရှင်က ကျွန်မကို ဘယ်လိုအကူအညီ ပေးခဲ့လို့လဲ'
"အမှန်ပဲလေ.. ကျွန်တော်သာ ဘေးမှာ ရပ်မနေရင် မျက်နှာပြာကျားဖြူက ထွက်ပြေးသွားလောက်ပြီ... ဘယ်လိုလုပ်ပြီးတော့ ဒီလောက် အလွယ်တကူ အသတ်ခံရမှာလဲ... ဒီလိုလုပ်ပါလား... ကျွန်တော်က အများကြီး မတောင်းပါဘူး... ကံကြမ္မာချပ်ပြားတစ်ရာပဲ ပေးပါ"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ရှင်..."
မုရှောင်ချင်း ပြန်ပြောရန် ပြင်လိုက်သော်လည်း တစ်ဖက်လူ၏စွမ်းအားကို သတိရပြီး နောက်ဆုံးတွင် သူမ စိတ်ထိန်းလိုက်သည်။
ဤကဲ့သို့နေရာမျိုး၌ နံဘေးပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသဖြင့် သူမ အသတ်ခံရရင် အချည်းနှီးသေဆုံးသွားရပေမည်။
"မျက်နှာပြာကျားဖြူကို နှိမ်နင်းဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဆုကြေးက ပေးရမှာပေါ့"
မုရှောင်ချင်းက သူမ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကံကြမ္မာချပ်ပြား အမြောက်အများ သူမ၏ရှေ့တွင် ထွက်ပေါ်လာပြီး ကျန်းရွှမ်ထံသို့ လက်ကမ်းပေးလိုက်သည်။
"အဲ့ဒီလိုမှပေါ့...."
ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး ကံကြမ္မာချပ်ပြားများကို သိမ်းဆည်းလိုက်၏။
"ကျွန်မ တစ်ခုမေးပါရစေ... ရှင်ရဲ့နာမည်က ဘယ်လိုခေါ်လဲ... ဘယ်က လာတာလဲ... ကျွန်မတို့ နောက်တစ်ကြိမ် ပြန်တွေ့ရင် ကျေးဇူးပြန်ဆပ်လို့ရအောင်လို့ပါ"
မုရှောင်ချင်းက ဆက်လက်၍ မေးမြန်းသည်။
သူမက 'ကျေးဇူးပြန်ဆပ်' ဟု ပြောသော်လည်း အမှန်အားဖြင့် တစ်ဖက်လူ မည်သူမည်ဝါဖြစ်ကြောင်း သိချင်၍ဖြစ်သည်။ ထိုသို့သိထားမှသာ သူမသည် နောက်ပိုင်းတွင် လက်စားချေရန် အခွင့်အရေး ရှာနိုင်ပေမည်။
"ကျွန်တော်က ယီ... ကျွန်တော့်ရဲ့နာမည်နဲ့ဇစ်မြစ်က အရေးမကြီးပါဘူး..... ကျွန်တော်က နာမည်မချန်ဘဲ အမြဲတမ်း ကုသိုလ်ကောင်းမှု ပြုလုပ်လေ့ ရှိပါတယ်... ပြောလိုက်ရင် အဓိပ္ပာယ်မရှိ ဖြစ်သွားမှာပေါ့"
ကျန်းရွှမ်က လက်ဝှေ့ယမ်းလိုက်ပြီး ခြေကိုဆောင့်နင်းကာ အဝေးသို့ တန်းတန်းမတ်မတ် ပြေးထွက်သွားသည်။
"နောက်မှ ပြန်တွေ့ကြတာပေါ့"
"တောက်..."
သူ ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် မုရှောင်ချင်းသည် ထိုကိစ္စကို တွေးမိလေလေ ဒေါသထွက်လေလေပင်။
သူမ၏အထောက်အထားနှင့် အဆင့်အတန်းကို ထုတ်ဖော်ပြသပြီး ဖြစ်သော်လည်း တစ်ဖက်လူသည် သူမကို ခြိမ်းခြောက်ငွေညှစ်ရဲပေ၏။
'သူက ငါ့ကို မကြောက်တာလား... ဒါမှမဟုတ် သူ့မှာ တကယ့်ကို အရည်အချင်းရှိတာလား'
"ရှင့်ကို ဘယ်သူမှန်း မသိပေမယ့်... ရှင်က 'ယီ' ဆိုတဲ့ စကားလုံးကို ပြောခဲ့မှတော့ ကျိုးယီမြို့က လာတာပဲ ဖြစ်ရမယ်"
မုရှောင်ချင်းက တိတ်တဆိတ် တွေးတောလိုက်သည်။
"ခုဏက ငါ့ရဲ့ချိတ်ကောက်ကို တွန်းထုတ်လိုက်တဲ့ သူ့ရဲ့ လှုပ်ရှားမှုက ဓားမသုံးထားပေမယ့် ဓားနည်းစနစ်ရဲ့ အခြေခံအုတ်မြစ် ရှိတယ်....ဒီလူမှာ ဓားနည်းစနစ်နဲ့ ပတ်သက်ပြီးတော့ အားကောင်းတဲ့ နားလည်သဘောပေါက်မှု ရှိတယ်ဆိုတာ သိသာထင်ရှားတယ်... ကျိုးယီအင်ပါယာမှာ ဓားအသုံးပြုမှု ကျွမ်းကျင်တဲ့ ဘယ်အင်အားစုတွေ ရှိလဲဆိုတာ နောက်မှ စစ်ဆေးကြည့်လိုက်ရင် ရှင်းသွားလိမ့်မယ်"
မုရှောင်ချင်းက သူမ၏ နူးညံ့ချောမွတ်သောလက်များကို တင်းတင်းကြပ်ကြပ် လက်သီးဆုပ်လိုက်သည်။
"ဟွန့်... ငါ့ကို ဒုက္ခပေးရဲတယ်ပေါ့... နောက်တစ်ခါ ပြန်တွေ့ရင် နင့်ကို သေချာပေါက် ပေးဆပ်ခိုင်းမယ်"
သူမသည် ခွဲခြမ်းစိတ်ဖြာပြီးနောက် တစ်ဖက်လူ၏အထောက်အထားကို အကြမ်းဖျင်း အတည်ပြုပြီးသည်နှင့် ဤနေရာ၌ ဆက်မနေတော့ပေ။ သူမသည်လည်း သူမ၏ခန္ဓာကိုယ်ကို လှုပ်ခတ်ကာ ဦးတည်ချက်တစ်ခုသို့ အလျင်အမြန် ပြေးထွက်သွားလေ၏။