စုဝေးခြင်း
Vol. 26 Ch. 321
မုရှောင်ချင်းသည် သဲလွန်စရသည်နှင့် အချိန်မဖြုန်းဘဲ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ နာရီဝက်ခန့်ကြာပြီးနောက် ပတ်ဝန်းကျင်ကို သတိထား၍ စောင့်ကြည့်နေသော အဘိုးအိုတစ်ဦးက သူမ၏ရှေ့တွင် ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်"
မုရှောင်ချင်းက ရှေ့သို့အပြေးသွားပြီး သူမ၏လက်ကိုပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
ဂိုဏ်းချုပ်ဟု ခေါ်ဆိုခံရသူက ခေါင်းညိတ်ပြပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘယ်လိုလုပ်ပြီး ဒဏ်ရာရလာတာလဲ"
အမျိုးသမီးငယ်၏ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့သော သွေးစွန်းရာများ ရှိနေပြီး မကြာသေးမီက တိုက်ခိုက်ခဲ့ရကာ အနည်းငယ် အထိနာခဲ့သည်ကို ဖော်ပြနေပေ၏။
"ကျွန်မ မျက်နှာပြာကျားဖြူတစ်ကောင်နဲ့ တွေ့ခဲ့တာ..."
မုရှောင်ချင်းက အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ရှင်းပြလိုက်သည်။
"မင်းက ဝါးတောဂိုဏ်းရဲ့တပည့်လို့ ပြောတာတောင် သူက မင်းကို မလေးမစားလုပ်ပြီး ကံကြမ္မာချပ်ပြားတစ်ရာ လုယူသွားတယ်လို့ ပြောချင်တာလား"
ဂိုဏ်းချုပ်၏မျက်နှာ မည်းမှောင်သွားသည်။
"ဟုတ်ပါတယ်"
မုရှောင်ချင်းက သူမ၏ပုလဲရောင်သွားလေးများကို တင်းတင်းစေ့ကာ အံ့ကြိတ်လိုက်သည်။
"ကျိုးယီမြို့မှာ ဓားရှည်ကို ကျွမ်းကျင်တာဆိုလို့ မိုပိုင်ယဲ့တစ်ယောက်တည်း ရှိတာ....ဒီကောင်က သူ့အတွက် လူသတ်ပေးဖို့ ငါတို့ကို ဖိတ်ခေါ်ဖို့အတွက် ငွေတွေအများကြီး အကုန်အကျခံထားတယ်"
"သူက ဒီလိုကိစ္စမျိုး လုပ်တယ်ဆိုတာ အဓိပ္ပာယ် မရှိတော့ဘူး... ပြီးတော့ သူ့ရဲ့အဆင့်အတန်းနဲ့ စွမ်းအားအရ ဂျူနီယာတစ်ယောက်ကို တိုက်ခိုက်ဖို့ မလိုဘူး...ဒါက သူ့ရဲ့တပည့်တစ်ယောက် လုပ်တာ ဖြစ်နိုင်တယ်....ဒီလိုလုပ်ပါလား ငါ သူ့ကို တွေ့ရင် မင်းရဲ့ကံကြမ္မာချပ်ပြားတွေ ပြန်ရအောင် ကူညီပေးမယ်"
ဂိုဏ်းချုပ်က ပြောဆိုသည်။
"ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်"
မုရှောင်ချင်းက သူမ၏လက်ကိုပူးဆုပ်ပြီး အရိုအသေပြုလိုက်သည်။
"ကံကြမ္မာချပ်ပြားတစ်ရာ ပြန်ပေးရုံနဲ့ မလုံလောက်ဘူး....သူ ကျွန်မကို တောင်းပန်ရမယ်"
"သူ ငါ့ကို ဆက်သွယ်ခဲ့ပြီးတော့ ရှေ့မှာစောင့်နေတယ်....အတူတူ သွားကြစို့"
ဝါးတောဂိုဏ်းချုပ်က လက်ဝှေ့ယမ်းလိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းသွားသည်။
မုရှောင်ချင်းက အနောက်မှ ထပ်ချပ်မကွာ လိုက်သွားလေ၏။
တစ်နာရီခန့် လျှောက်လှမ်းပြီးနောက် သူတို့၏ရှေ့တွင် တောင်ကြားငယ်လေးတစ်ခု ထွက်ပေါ်လာသည်။ ထိုနေရာ၌ လူဆယ်ယောက်ကျော်ခန့် စုဝေးနေကြပြီး တစ်ယောက်ချင်းစီတွင် ထူးကဲသောအရှိန်အဝါနှင့် ကြောက်မက်ဖွယ် ကျင့်ကြံဆင့်နယ်ပယ်များ ရှိနေကြသည်။
မုရှောင်ချင်းက နံဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်လိုက်ပြီး အံ့အားသင့်မှုကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဤလူဆယ်ယောက်ကျော်စလုံးသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် သို့မဟုတ် ထို့ထက် ပို၍သန်မာသော ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြပြီး သူမ၏ဂိုဏ်းချုပ်ထက် စွမ်းအားမနိမ့်ကျပေ။
"မိုပိုင်ယဲ့က ငါတို့ကို ဒီနေရာဆီ ဖိတ်ခေါ်ထားတာ...ဒါပေမဲ့ သူက ဘာလို့ ပေါ်မလာသေးတာလဲ...သူ ဒီနေရာကို ဝင်ဝင်ချင်း အသတ်ခံလိုက်ရတာများလား....ကျိုးယီအင်ပါယာရဲ့ ကောင်းကင်ကံကြမ္မာခန်းမက သူ့ကို သတ်မိန့် ထုတ်ထားတယ်လို့ ငါ ကြားတယ်..."
မျက်နှာပေါ်တွင် ဓားဒဏ်ရာအမာရွတ်သော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
"လူကောင်းတွေက စောစောသေတတ်ပေမယ့် လူဆိုးတွေကတော့ နှစ်တစ်ထောင်ကြာအောင် အသက်ရှည်ကြတယ်.....စိတ်မပူပါနဲ့ အဲ့ဒီကောင်က အသက်ပြင်းတယ်..သူက လွယ်လွယ်ကူကူ သေမှာ မဟုတ်ဘူး"
မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေကာ ဓားရှည်ကို ကိုင်ထားသော အဘိုးအိုတစ်ဦးက အရေးမစိုက်သော အမူအယာဖြင့် ပြောဆိုလိုက်သည်။
"အဲဒါ အမှန်ပဲ....လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ မိန်းကလေးတစ်ယောက်ကို ဖမ်းလာပြီးတော့ ငါ့ကို ခေါ်လာခိုင်းတယ်...အခု ငါက လူခေါ်လာပြီးပြီဆိုတော့ သူ ငွေပေးမှာကို စောင့်နေတာပဲ"
အရပ်ရှည်သော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အေးစက်စက် နှာမှုတ်လိုက်သည်။
မုရှောင်ချင်းက လှမ်းကြည့်လိုက်ရာ ထိုသက်လတ်ပိုင်းအမျိုးသား၏ နံဘေးတွင် အသက် ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ်ခန့်ရှိသော မိန်းကလေးတစ်ဦး လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ သူမ မျက်လုံးများ စုံမှိတ်ထားပြီး သတိလစ်မေ့မြောနေကြောင်း သိသာထင်ရှားသည်။
"လူဖမ်းထားတာလား...ဒီကောင် ဘာလုပ်ချင်နေတာလဲ"
ဓားဒဏ်ရာအမာရွတ်ရှိသော သက်လတ်ပိုင်း အမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် မနှစ်သက်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာပေ၏။
"ငါလည်း သေချာ မသိဘူး... ဒါပေမဲ့ ဒီမိန်းကလေးက သူ့ရန်သူရဲ့တပည့် ဖြစ်လောက်တယ်.... သူက မတရား စွပ်စွဲခံထားရပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးမပြောနိုင်လို့ သူ့ပြိုင်ဘက်ရဲ့တပည့်ကို ဖမ်းပြီး သူ အပြစ်ကင်းကြောင်းကို သက်သေပြချင်တာလို့ ပြောသံကြားတယ်..."
အရပ်ရှည်သော သက်လတ်ပိုင်းအမျိုးသားက လက်ကာပြလိုက်သည်။
"ဒါပေါ့...အဲ့ဒါက သူ့ဘက်က ပြောတဲ့စကားပဲ.... သူ ရောက်လာရင် အကြောင်းအရင်းကို သိရလိမ့်မယ်"
"အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် တခြားလူရဲ့တပည့်ကိုဖမ်းတာတော့ မဟုတ်သေးဘူး.. သူ သတ္တိရှိရင် ဓားအစစ် လှံအစစ်တွေနဲ့ တိုက်ခိုက်လေ....ကလေးတစ်ယောက်ကိုဓားစာခံလုပ်တာက ဘယ်လိုအရည်အချင်းမျိုးလဲ... လင်းယုရှန် သူ့ကို မြန်မြန်လွှတ်ပေးလိုက်စမ်း"
မျက်နှာပေါ်တွင် ဓားဒဏ်ရာအမာရွတ်ရှိသော သက်လတ်ပိုင်းအမျိုးသားက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူသည် မြေပြင်ပေါ်၌ လဲလျောင်းနေသော မိန်းကလေးဆီသို့ ခြေလှမ်းနှစ်လှမ်း တိုးသွားကာ သူမကို ပုတ်ပြီး နှိုးရန် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
သူ၏လက် မကျရောက်မီမှာပင် လင်းယုရှန်က လက်ဆန့်တန်းပြီး ဟန့်တားလိုက်သည်။
"ဟယ်ပုမင်....မင်း လူကောင်း လုပ်ချင်ရင် ကိုယ့်ဟာကိုယ်လုပ်....ငါ့အလုပ်နဲ့ ငွေရှာတာကို ဝင်မရှုပ်နဲ့...ဒီကောင်မလေးကို ငါ မနည်း ခေါ်လာခဲ့ရတာ...ငွေတောင် မရသေးဘူး"
"ငွေရမယ်...မိုပိုင်ယဲ့က မင်းကို ဘာကတိပေးထားလို့လဲ"
ဟယ်ပုမင်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ရိုးရှင်းပါတယ်... လူကို ကျီးလန်တောင်ကြားထဲ ခေါ်လာပေးရင် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်မှာရှိတဲ့ ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာတစ်အုပ် ပေးမယ်တဲ့"
လင်းယုရှန်က ရယ်မောလိုက်သည်။
"မင်းက မကောင်းမှုကို မုန်းတယ်ဆိုတာ ငါ သိတယ်... ဒါပေမဲ့ မင်း သူ့ကို ကယ်ချင်ရင်တောင် ငါ ငွေရတဲ့အထိ စောင့်ပါ...မဟုတ်ရင် ငါက မင်းကို ဒီအတိုင်းလွှတ်ထားမှာ မဟုတ်ဘူး"
"ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာ ဟုတ်လား...တော်တော် ရက်ရောတဲ့ ကမ်းလှမ်းမှုပဲ... မင်း လက်ခံလိုက်တာ မဆန်းပါဘူး...ဒီလို ဆုလာဘ်မျိုးဆိုရင် လူတော်တော်များများက ငြင်းဆန်ဖို့ ခက်ခဲလိမ့်မယ်"
"ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့လဲ.. ငါသာဆိုရင်လည်း ငြင်းနိုင်မှာ မဟုတ်ဘူး...ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်မှာရှိတဲ့ ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာဆိုတာ လူတစ်ယောက်ရဲ့ အသက်နဲ့ ညီမျှတယ်"
ပတ်ဝန်းကျင်မှအသံများ ချက်ချင်းထွက်ပေါ်လာပြီး သူတို့ထံတွင် မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။
"ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာက တန်ဖိုးရှိပေမယ့် ငါ့ရဲ့နှလုံးသားတာအိုကို ဆန့်ကျင်ဖို့တော့ မလုံလောက်ဘူး....ကောင်းပြီလေ မင်းကို မျက်နှာသာ ပေးလိုက်မယ်...မိုပိုင်ယဲ့ ရောက်လာတဲ့အချိန်ကျရင်... သူ့မှာ သင့်လျော်တဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ပြိုင်ဘက်ရဲ့ တပည့်ကိုဖမ်းပြီး တခြားလူတွေကို ခြိမ်းခြောက်ရုံ သက်သက်ဆိုရင်တော့ ငါ သေချာပေါက် ဝင်ပါရလိမ့်မယ်"
ဟယ်ပုမင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဂိုဏ်းချုပ်..."
ထိုစကားဝိုင်းကို နားထောင်ပြီးနောက် မုရှောင်ချင်းက ဟယ်ပုမင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ သူမ၏မျက်လုံးများတွင် ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်နေပေ၏။
ဤလူ၏မျက်နှာပေါ်တွင် ဓားဒဏ်ရာအမာရွတ်ကြီးရှိနေပြီး ရက်စက်ကြမ်းတမ်းကာ အရုပ်ဆိုးသည့်ပုံပေါက်သော်လည်း သူ၏စိတ်နေသဘောထားကမူ အလွန်ကောင်းမွန်ပုံရသည်။
"သူ့နာမည်က ဟယ်ပုမင်... ချင်းယွမ်အင်ပါယာက ဟယ်မိသားစုရဲ့ ခေါင်းဆောင်ပဲ... သူက ပွင့်လင်းပြီး ရဲရင့်တဲ့ စရိုက်ရှိတယ်... တစ်ယောက်ယောက်က သူ့ကိုအကူအညီ တောင်းတိုင်း သူက အစွမ်းကုန် ကူညီပေးတတ်တယ်...အဲဒါကြောင့် သူ အကြိမ်ကြိမ် အလိမ်ခံခဲ့ရတာ...သူ့ရဲ့မျက်နှာပေါ်က ဓားဒဏ်ရာက တခြားလူအတွက် ဓားစာခံ ဝင်လုပ်ပေးရင်းနဲ့ ရခဲ့တာ... ဝမ်းနည်းစရာ ကောင်းတာက အဲ့ဒီလူက နောက်ဆုံးမှာ သူ့ကို သစ္စာဖောက်သွားခဲ့တယ်.... ပြီးတော့ သူက လူတွေကိုကူညီရင်းနဲ့ သူ့ရဲ့မိသားစုက အဆင့်အတန်း ကျဆင်းသွားပြီးတော့ အခုဆိုရင် သူက လေလွင့်ကျင့်ကြံသူနီးပါး ဖြစ်နေပြီ"
ဝါးတောဂိုဏ်း၏ဂိုဏ်းချုပ်သည် ဤလူများနှင့် အလွန် ရင်းနှီးပုံရပြီး ပေါ့ပေါ့ပါးပါး မိတ်ဆက်ပေးလိုက်သည်။
"ဟိုလင်းယုရှန် ဆိုတဲ့လူက လေလွင့်ကျင့်ကြံသူ တစ်ယောက်...သူက လုပ်ကြံသတ်ဖြတ်မှု ဖမ်းဆီးမှုနဲ့ ဓားပြတိုက်မှုတွေကို အထူးပြုလုပ်ဆောင်တဲ့ မြေအောက်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားတယ်...သူရဲ့အဖွဲ့က သန်မာအားကောင်းတာကြောင့် အဖိုးအခက ဈေးကြီးပေမယ့် အလုပ် တော်တော်လေးတွင်ကျယ်တယ်...ပတ်ဝန်းကျင်က အင်ပါယာတွေမှာ သူက တော်တော်လေး နာမည်ကြီးတယ်..."
"အရပ်နည်းနည်းပုတဲ့သူက လုဖျင်...သူက ခုနစ်စင်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ...သူက တောင်ပေါ်ကနေ ဆင်းလာတာ ရှားတယ်... ပြီးခဲ့တဲ့ အခေါက် ငါ ခုနစ်စင်ကြယ်တောင်ကို သွားတုန်းက ငါ သူ့ကို မတွေ့ခဲ့ရဘူး.... ဒါပေမဲ့ မိုပိုင်ယဲ့က သူ့ကိုပါ ဖိတ်ထားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"
"သူ့ရဲ့ဘယ်ဘက်မှာရှိနေတဲ့ ဓားရှည်ကိုင်ထားတဲ့လူက ဝမ်တာအိုမဟာမိတ်အဖွဲ့က ဖြစ်လောက်တယ်... သူ့ရဲ့စွမ်းအားက ဒီလူအုပ်စုထဲမှာ အမြင့်မားဆုံးပဲ.... သူ ဘယ်အဆင့် ရောက်နေပြီလဲဆိုတာ ငါ သေချာ မသိဘူး... ငါ သိတာက မင်း သတိထားရမယ်...သူ့ကို ဘယ်တော့မှ မစော်ကားမိစေနဲ့..."
ဝါးတောဂိုဏ်းချုပ်က မုရှောင်ချင်းကို တီးတိုးပြောဆိုကာ မိတ်ဆက်ပေးပြီးနောက် ရှေ့သို့လျှောက်လှမ်းကာ လူအုပ်အကြားသို့ ဝင်ရောက်သွားသည်။
"ဝါးတောဂိုဏ်းက မုဟုန်တောက်ပါလား.... မင်းလည်း ရောက်လာတာကိုး"
သူ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်က လင်းယုရှန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏အကြည့်သည် မုရှောင်ချင်းအပေါ်သို့ ကျရောက်သွားပေ၏။
"ဒါက မင်းရဲ့သမီးလား....နှစ်အနည်းငယ်အတွင်းမှာ သူက အသက်ကြီးလာပြီးတော့ အရမ်း လှလာပါလား"
"သူ့နာမည်က မုရှောင်ချင်း.. ငါ့ရဲ့သမီး မဟုတ်ဘူး... ငါတို့ဝါးတောဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုပဲ....သူ့ကို လေ့လာသင်ယူစေချင်လို့ ဒီတစ်ခေါက်မှာ ငါက ခေါ်လာခဲ့တာ.. "
မုဟုန်တောက်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းရဲ့သမီး မဟုတ်တာ ကောင်းပါတယ်..."
လင်းယုရှန်က ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ငါ သူနဲ့ စကားပြောရင် အားနာစရာ မလိုတော့ဘူး... မိန်းကလေး ကျီးလန်တောင်ကြား ဆိုတာ မင်းထင်သလောက် မရိုးရှင်းဘူး... ငါ့ရဲ့ဘေးနားကိုလာခဲ့....မင်း ဘေးကင်းလုံခြုံဖို့ ငါ အာမခံတယ်"
"လင်းယုရှန်...မင်း ဘာကို ဆိုလိုတာလဲ...မင်းက ငါ့ရဲ့လူကိုတောင် ကြံစည်ရဲတယ်လား"
မုဟုန်တောက်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"မင်းက ငါနဲ့ တိုက်ခိုက်ချင်နေတာလား"
"ရတယ်လေ...ငါက မင်းနဲ့ မတိုက်ခိုက်ရတာ ကြာပြီ....မင်းရဲ့စွမ်းအား ဘယ်အဆင့်ကို ရောက်နေပြီလဲ ဆိုတာလည်း ငါ သိချင်မိတယ်..."
လင်းယုရှန်က အားနည်းကြောင်း မပြသဘဲ တုံ့ပြန်လိုက်၏။