← Chapters

သုံးရောင်ခြယ်ကုန်းမြေ

Vol. 26 Ch. 322

သုံးရောင်ခြယ်ကုန်းမြေ

Vol. 26 Ch. 322

"သေချင်နေတာပဲ...."

မုဟုန်တောက်သည် မရင်းနှီးသောလူများ စုဝေးနေသည့် နေရာတွင် သူ၏စွမ်းအားကို မပြသပါက အသိအမှတ်ပြုမှုကိုရရှိရန် ခက်ခဲမည်အား သိရှိထားသည်။ သူသည် အပိုစကား မပြောတော့ဘဲ ရှေ့သို့တိုးကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

လင်းယုရှန်ကလည်း လက်သီးတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။

သူတို့၏စွမ်းအားများ ထိပ်တိုက်တွေ့ဆုံမိကာ စွမ်းအင်လှိုင်းများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး မြေမှုန့်များ ပျံ့လွင့်သွားသည်။ လူနှစ်ယောက်လုံးသည် ခြေလှမ်းနှစ်လှမ်း တပြိုင်နက်တည်း နောက်ဆုတ်လိုက်ရ၏။

"ငါတို့ နောက်ဆုံးတွေ့ခဲ့တာ သုံးနှစ်ကြာသွားပြီ... ဂိုဏ်းချုပ်မုရဲ့ ဝါးဆစ်လက်သီးနည်းစနစ်က ဒီလောက်ထိ တိုးတက်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး....မင်းရဲ့ ဝါးဆစ်ချိတ်ကရော တိုးတက်လာလားဆိုတာ ငါ သိချင်မိတယ်"

လင်းယုရှန်၏မျက်နှာ နီမြန်းသွားကာ ဒဏ်ရာတစ်ခုကို ရရှိခဲ့သည့်အလားပင်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ဓားရှည်တစ်ချောင်းက သူ၏လက်အတွင်းတွင် တွင် ထွက်ပေါ်လာသည်။ သူသည် ထိုဓားရှည်ကို ညင်သာစွာ လှုပ်ယမ်းလိုက်ရာ ဓားချီများက လေထုကို ထိုးခွင်းသွားပေ၏။

ဤဓားချီလှိုင်းများသည် များပြားခြင်းမရှိသည့်အပြင် အထူးတလည် စွမ်းအားကြီးခြင်းလည်း မရှိချေ။ သို့ရာတွင် ထိုအရာများသည် မြူထုကို ထွင်းဖောက်ပြီး နဂါးလှိုဏ်ဂူဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေသော စစ်သင်္ဘောကြီးတစ်စင်းအလား မုဟုန်တောက်၏မျက်ခုံးနှစ်ခုကြားသို့ လေထုကို ထိုးခွင်း၍ တိုးဝင်လာသည်။

"ဘုန်း..."

မုဟုန်တောက်က သူ၏လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းလိုက်ရာ သံချိတ်နှစ်ခုက သူ၏လက်များအတွင်းတွင် ထွက်ပေါ်လာသည်။ သူသည် ထိုအရာနှစ်ခုကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ဓားရှည်ကို ထိုအရာနှစ်ခုကြားတွင် ပိတ်မိစေသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အတွင်းမှနေ၍ စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။ ပြင်းထန်သော စွမ်းအားလှိုင်းတစ်ရပ်သည် ပြိုင်ဘက်၏ဓားရှည်တစ်လျှောက် ပျံ့နှံ့သွားသည်။

"ဘုန်း"ခနဲ အသံနှင့်အတူ လူနှစ်ယောက်လုံး နောက်ထပ်ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်ရသည်။ ဤတစ်ကြိမ်တွင်လည်း မည်သူမျှ အသာစီးမရလိုက်ပုံပင်။

မုဟုန်တောက်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဆက်လက်၍တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် တောအုပ်၏အပြင်ဘက်မှ သစ်ရွက်လှုပ်သံများကို ကြားလိုက်ရသည်။ ထို့နောက် ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းတို့နှစ်ယောက်က ရောက်တာနဲ့ ဘာလို့ တိုက်ခိုက်နေကြတာလဲ.... ငါ့ကို မျက်နှာသာ ပေးပြီး စိတ်လျော့လိုက်ကြပါ...ငါတို့က ညီညီညွတ်ညွတ်ဖြစ်အောင် နေဖို့ကိုပဲ ဦးစားပေးကြစို့..."

လူများအားလုံး အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ရာ မိုတောက်ဓားကိုကိုင်၍ ပြုံးရွှင်စွာဖြင့် သူတို့ထံ လျှောက်လှမ်းလာသော မိုပိုင်ယဲ့ကို မြင်တွေ့လိုက်ရသည်။ သူသည် သူတို့ဆီသို့ မရောက်သေးမီမှာပင် သူ၏လက်ထဲမှ မိုတောက်ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ထက်ရှသော မိုတောက်ဓားချီတစ်လှိုင်း သူတို့ထံသို့ တဝီဝီမြည်သံနှင့်အတူ ရောက်ရှိလာသည်။

ထိုဓားချီစွမ်းအင်အတွင်းမှ ထက်ရှမှုကို ခံစားမိသဖြင့် မည်သူမျှ မခုခံရဲကြဘဲ သူတို့နှစ်ယောက်လုံး ခြေလှမ်းနှစ်လှမ်းခန့် တပြိုင်နက်တည်း နောက်ဆုတ်လိုက်ကြသည်။

တစ်လက်မ ပိုရှည်ရင် တစ်လက်မ ပိုပြီးသန်မာတယ်....

သူတို့သည်လည်း ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိနေသည့်တိုင် မိုတောက်ဓားကို ကျင့်ကြံသော မိုပိုင်ယဲ့က သိသိသာသာ ပို၍သန်မာအားကောင်းသည်။

"မင်းတို့အားလုံးက ငါ ဖိတ်ခေါ်ထားတဲ့ မိတ်ဆွေဟောင်းတွေပဲ....တွေ့တာနဲ့ တိုက်ခိုက်သတ်ဖြတ်နေစရာ မလိုပါဘူး"

မိုပိုင်ယဲ့သည် မိုတောက်ဓားကို ဓားအိမ်ထဲသို့ပြန်ထည့်ကာ မတ်တတ်ရပ်နေပြီး သူတို့ကို တည်ငြိမ်အေးဆေးသော မျက်နှာအမူအယာဖြင့် ကြည့်နေလေ၏။

"ဂိုဏ်းချုပ်မို..."

မုဟုန်တောက်က မျက်မှောင်ကြုတ်လိုက်သည်: "မင်းရဲ့လက်က..."

ထိုအချိန်မှသာ မိုပိုင်ယဲ့၏လက်တစ်ဖက် ပျောက်ဆုံးနေသည်ကို လူများအားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူသည် မိုတောက်ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားပြီး အနည်းငယ် အဆင်မပြေဖြစ်နေပုံရသည်။

"ငါက ပြဿနာ အသေးအဖွဲလေးတွေနဲ့ ကြုံခဲ့ရတယ်.... ဒီနေရာမှာ ငါ့ရဲ့ မူလရင်းမြစ်ကို ပြန်လည်ထိန်းသိမ်းပေးမယ့် ဆေးဝါးကို ရှာတွေ့ရင် အရင်လို ပြန်ကောင်းလာမှာပါ..."

မိုပိုင်ယဲ့၏မျက်လုံးများထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ကျီးလန်တောင်ကြားက အနည်းဆုံး နှစ်တစ်ထောင်လောက် တည်ရှိခဲ့တာ....အဖိုးတန်ဆေးပင်တွေ အများကြီးရှိမှာ သေချာတယ်...ငါတို့က ဒါတွေ ရှာတွေ့ရင် ပြတ်သွားတဲ့လက်တစ်ဖက်က တကယ့်ကို ဘာမှမဟုတ်ပါဘူး"

မုဟုန်တောက်က ခေါင်းညိတ်လိုက်သည်။

ဤနေရာသည် သီးခြားလေဟာနယ်တစ်ခုအဖြစ် တည်ရှိနေသော အစွမ်းထက် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေတစ်ခုပင်။ နှစ်ပေါင်းများစွာကြာအောင် ဤနေရာသို့ မည်သူမျှ မဝင်ရောက်ခဲ့ကြသောကြောင့် ပြင်ပလောကတွင် အလွန်ရှားပါးသော နှစ်ထောင်နှင့်ချီ၍သက်တမ်းရှိသည့် ဆေးပင်များ နေရာတိုင်းတွင် ရှိနေနိုင်သည်။

"မင်း ရောက်လာပြီဆိုတော့ ဒီမိန်းမကို အခု မင်းဆီ လွှဲပေးလိုက်မယ်....မင်း ငါ့ကို ကတိပေးထားတဲ့ဟာရော ပါလာရဲ့လား"

လင်းယုရှန်က မြေပြင်ပေါ်တွင် လဲလျောင်းနေသော လျှူမင်ယွဲ့ကို လက်ညှိုးညွှန်ပြလိုက်သည်။

"ဒီမှာ...."

မိုပိုင်ယဲ့က ကျောက်စိမ်းပြားတစ်ချပ်ကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီးနောက် သူ၏ရှေ့က မိန်းကလေးကို ငုံ့ကြည့်လိုက်သည်။ သူသည် အေးစက်စက်နှာမှုတ်လိုက်ပြီး သူမဆီသို့ လျှောက်လှမ်းသွားလိုက်၏။

"ဂိုဏ်းချုပ်မို...တကယ်တမ်းကျ ဘာတွေ ဖြစ်နေတာလဲ... ဘာလို့ ဒီလောက်ထိ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ကို ဖမ်းထားတာလဲ"

ဟယ်ပုမင်က မျက်မှောင်ကြုတ်လိုက်သည်။

မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားပြီး သူက အပြုံးနှင့် ပြောဆိုသည်။

"သူမရဲ့ ဆရာက ငါ့ရဲ့ အမွေအနှစ်ကို ဖျက်ဆီးတယ်... ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ဖြတ်တောက်တယ်...ပြီးတော့ ငါ့ရဲ့လက်တစ်ဖက်ကိုတောင် ဖြတ်ပစ်ခဲ့တယ်....ဒီတစ်ခေါက် ငါ မင်းတို့အားလုံးကို ဖိတ်ခေါ်ရတာက မိတ်ဆွေဟောင်းတချို့ကို အကူအညီတောင်းပြီးတော့ အဲဒီကောင်စုတ်လေးကိုဖမ်းပြီး သွေးကြွေးပြန်ဆပ်ခိုင်းချင်လို့ပဲ...ဆုလာဘ်ကတော့ ပြီးခဲ့တဲ့ အခေါက်က ငါတို့ ဆွေးနွေးထားတဲ့ အတိုင်းပဲ..."

ဟယ်ပုမင်က ပြောဆိုသည်။

"သူရဲ့ဆရာနဲ့ ပြဿနာဖြစ်တာဆိုရင် မင်းက အဲ့ဒီကောင်ကို သွားရှာသင့်တယ်...အမှားတိုင်းမှာ ကျူးလွန်သူ ရှိတယ်...အကြွေးတိုင်းမှာ အကြွေးရှင်ရှိတယ်...မင်းက ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ကို ဖမ်းထားတာ နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား..."

ဟယ်ပုမင်၏ ဒေါသနှင့်စိတ်နေသဘောထားကို သိသော မိုပိုင်ယဲ့က ပြောဆိုသည်။

"အစ်ကိုဟယ်...မင်း မသိလို့ပါ...သူ့ရဲ့ဆရာက ကောက်ကျစ်စဉ်းလဲတယ်....ငါ သူ့ကို အကြိမ်ကြိမ်ရှာပေမယ့် ခြေရာခံမရဘူး...ဒီမိန်းကလေးကို ဖမ်းတာက နောက်ဆုံးနည်းလမ်းပဲ.... ဒီနည်းလမ်းနဲ့ အဲ့ဒီလူကို ဒီနေရာဆီရောက်လာအောင် မျှားခေါ်နိုင်ရင် ငါက သူ့ကို ချက်ချင်းလွှတ်ပေးလိုက်မှာပါ"

"ကောင်းပြီလေ...အဲ့ဒီအချိန်ကျမှ မင်း ကတိမတည်ဘူးဆိုရင်တော့ ငါက သူ့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး"

အချိန်တခဏကြာ စဉ်းစားပြီးနောက် ဟယ်ပုမင်က ခေါင်းညိတ်လိုက်သည်။

"ဒါပေါ့... ငါ့ရဲ့စရိုက်ကို မင်း မသိတာမှ မဟုတ်တာ"

မိုပိုင်ယဲ့က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ငါ အရင်ကတော့ တော်တော်လေး ကောင်းကောင်းသိခဲ့ပါတယ်...ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ငါ ကျိုးယီမြို့ကို လာတော့ မင်းက နေရာတကာမှာ ငွေလိုက်ချေးပြီးတော့ လူတွေအများကြီးကို စိတ်ဆိုးအောင် လုပ်ထားတယ်လို့ ကြားရတယ်...အဲဒါကြောင့် ငါ နည်းနည်းတော့ သံသယဝင်ခဲ့မိတယ်"

ဟယ်ပုမင်က ပြောဆိုသည်။

"ငါ အဲ့ဒီလို ဖြစ်ရတာတွေအားလုံးက သူ့ရဲ့ဆရာကြောင့်ပဲ..."

မိုပိုင်ယဲ့သည် ထိုကိစ္စများကို တွေးမိလေလေ ဒေါသထွက်လေလေပင်။

"ဘယ်သူက မင်းကို ဒုက္ခပေးလဲဆိုတာ ငါတို့ ဂရုမစိုက်ဘူး...ငါတို့က အရင်ဆုံး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ရုံပဲ"

သူ၏စကားကို ကြားဖြတ်ပြီး လင်းယုရှန်က ပြောဆိုသည်။

"ဂိုဏ်းချုပ်မို.. ငါ မှတ်မိတာ မမှားဘူးဆိုရင် မင်းရဲ့ဆုလာဘ်ဆိုတာက ငါတို့ကို သုံးရောင်ခြယ်ကုန်းမြေဆီ ခေါ်သွားပေးမယ် ဆိုတာပဲ... အဲ့ဒါက ဘယ်အဆင့်မှာရှိလဲ...ပြီးတော့ မင်းရဲ့ သတင်းအချက်အလက်က ဘယ်လောက်ထိ တိကျလဲ"

"ကျီးလန်တောင်ကြားက ကျိုးယီအင်ပါယာထဲမှာ ရှိတယ်....ဒုခန်းမသခင်တစ်ယောက်အနေနဲ့ ငါက သတင်းအချက်အလက်တွေကို မရေမတွက်နိုင်အောင် လေ့လာခဲ့ပြီးပြီ... ဒါကြောင့် သတင်းအချက်အလက်က တိကျသေချာတယ်"

မိုပိုင်ယဲ့က ပြောဆိုသည်။

"အဲ့ဒါက သုံးရောင်ခြယ်ကုန်းမြေပဲ..."

"သုံးရောင်ခြယ်ကုန်းမြေက တကယ့်ကို ဆွဲဆောင်မှု ရှိတာတော့ အမှန်ပဲ...ဒါပေမဲ့ မင်းက သတင်းအချက်အလက်တွေကို ရှာလို့ရရင် တခြားသူတွေလည်း ရှာလို့ ရမှာပဲ... ငါတို့ အဲ့ဒီရောက်တဲ့အချိန်ကျရင် အကုန်လုံးယူသွားခံထားရပြီးသား ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"

လင်းယုရှန်က စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်၏။

မိုပိုင်ယဲ့က ခေါင်းခါယမ်းလိုက်သည်။

"မင်း ဘာမှစိတ်မပူနဲ့... ဒီသတင်းအချက်အလက်ကို ငါနဲ့သိတဲ့ အကြီးအကဲတစ်ယောက်က ချန်ထားခဲ့တာ... ဒီလူက ကျီးလန်တောင်ကြားရဲ့ အပြင်ဘက်နယ်မြေကို ရောက်ဖူးပြီးတော့ အဲ့ဒီသုံးရောင်ခြယ်ကုန်းမြေ ပွင့်လာတာကို သူကိုယ်တိုင် မြင်တွေ့ခဲ့ဖူးတယ်....ဒါပေမဲ့ သူရဲ့စွမ်းအားက မလုံလောက်တာကြောင့် သူကိုယ်တိုင် မဝင်ရဲဘဲ သတင်းအချက်အလက်ကို ချန်ထားခဲ့တာပဲ...ဒါ့ပြင် တခြားသူတွေ သိရင်တောင် ဘာဖြစ်လာမှာမလို့လဲ....သုံးရောင်ခြယ်ကုန်းမြေကိုဖွင့်ဖို့ အထူးနည်းလမ်း လိုအပ်တယ်... နည်းလမ်းရှာမတွေ့ရင် လူဘယ်လောက်ပဲသွားသွား အလကားပဲ"

"အဲဒါတော့ အမှန်ပဲ..."

လူများအားလုံး တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

သူတို့၏စကားဝိုင်းကို နားထောင်ရင်း နံဘေးနားတွင်ရှိနေသော မုရှောင်ချင်းသည် ပို၍စူးစမ်းလိုစိတ် ဖြစ်လာပေ၏။ သူမသည် မနေနိုင်တော့ဘဲ ဂိုဏ်းချုပ်မုကိုကြည့်ပြီး သတိကြီးစွာထား၍ မေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ်မု... သူတို့ ပြောနေတဲ့ သုံးရောင်ခြယ်ကုန်းမြေဆိုတာက ဘာလဲ"

မုဟုန်တောက်က သူမကို တစ်ချက်ကြည့်ပြီး ရှင်းပြသည်။

"ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ ဆိုတာက စွမ်းအားကြီးတဲ့ ကံကြမ္မာ ဆရာသခင်တစ်ယောက် သေဆုံးသွားပြီးတဲ့နောက်မှာ ကျန်ရစ်ခဲ့တာပဲ.. အဲ့ဒါက ကိုယ်ပိုင်လေဟာနယ်တစ်ခု ဖွဲ့စည်းပြီးတော့ အထူးစည်းမျဉ်းတချို့ကို ဖန်တီးထားတယ်... ဒီနေရာမှာ အရေးအကြီးဆုံး ဗဟိုချက်အပြင် မရေမတွက်နိုင်တဲ့ ရတနာတွေနဲ့ အမွေအနှစ်တွေကို ဖုံးကွယ်ထားတဲ့ အထူးနေရာတချို့လည်း ရှိတယ်...အဲ့ဒီနေရာတွေကို ဖွင့်နိုင်သရွေ့ မင်း အဲ့ဒီပစ္စည်းတွေကို ရနိုင်တယ်"

"အဲဒါတွေကို တစ်ရောင်ခြယ် နှစ်ရောင်ခြယ် နဲ့ သုံးရောင်ခြယ် ဆိုပြီး ခွဲခြားထားတယ်... အရောင်များလေလေ နယ်မြေထဲမှာ ပါဝင်တဲ့ ရတနာတွေက ပိုပြီးတန်ဖိုးရှိလေလေပဲ... သုံးရောင်ခြယ်ကုန်းမြေဆိုတာ တော်တော်ကောင်းတယ်လို့ သတ်မှတ်လို့ ရတယ်...ငါတို့သာ အဲ့ဒီနယ်မြေထဲက ရတနာတွေကို ရှာတွေ့ရင် ငါ့လို ကျင့်ကြံခြင်းအဆင့် ရှိတဲ့သူအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်"

မုရှောင်ချင်း ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

"ငါတို့ ကြိုတင်သဘောတူညီချက် လုပ်ထားကြရအောင်... ငါ မင်းတို့ကို သုံးရောင်ခြယ်ကုန်းမြေဆီ ခေါ်သွားပေးမယ်... အဲ့ဒါကို အခကြေးငွေအနေနဲ့ သတ်မှတ်မယ်... အဲဒီမတိုင်ခင် ငါ့ကို ဒုက္ခပေးခဲ့တဲ့ ရန်သူကို သတ်ဖို့ မင်းတို့အားလုံးကို ငါ အကူအညီတောင်းချင်တယ်"

ထိုကိစ္စကို ရှင်းပြပြီးနောက် မိုပိုင်ယဲ့က အေးစက်စက် နှာမှုတ်လိုက်သည်။

"သဘောတူတယ်..."

လင်းယုရှန်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေထဲကို ဝင်တာက ကျပန်းကူးပြောင်းပို့ဆောင်ရေးနဲ့ ရောက်သွားတာ...မင်း သူ့ကို ဘယ်လို ရှာမှာလဲ.... ငါတို့က သူ့ကို မတွေ့ရင် ရတနာကို မရှာဘဲနဲ့ သူ့ကို သတ်ဖို့ပဲ ဆက်စောင့်နေရမှာလား"

"အဲဒီကိစ္စအတွက် စိတ်မပူနဲ့..."

မိုပိုင်ယဲ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ငါ မိုင်ပေါင်းဆယ်နဲ့ချီတဲ့ အချင်းဝက် အတွင်းမှာ ဖုမိသားစုရဲ့ အထူးအမှတ်အသားကို ချန်ထားခဲ့ပြီးပြီ...မမျှော်လင့်ထားတာ တစ်ခုခု မဖြစ်မချင်း အဲဒီကောင်က အဲ့ဒီနေရာအတွင်းမှာ ရှိနေသရွေ့ သေချာပေါက် ဒီနေရာကို ရောက်လာလိမ့်မယ်..."

သူ၏စကားမဆုံးမီမှာပင် လူရိပ်တစ်ခုက အဝေးမှနေ၍ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။

ဤသည်မှာမှာ ကျိုးယီကံကြမ္မာခန်းမ ကံကြမ္မာ ခန်းမသခင်ဖြစ်သူ ရှစ်ယွင်ကျင်းပင်။

All Chapters