← Chapters

လိုက်လံဖမ်းဆီးခြင်း

Vol. 26 Ch. 323

လိုက်လံဖမ်းဆီးခြင်း

Vol. 26 Ch. 323

"ခန်းမသခင်ရှစ်ယွင်ကျင်း... မင်း... မင်းက ဘာလို့ ဒီနေရာကို ရောက်လာတာလဲ..."

ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရချိန်၌ မိုပိုင်ယဲ့သည် လန့်ဖျပ်သွားပြီး သာမာန်အားဖြင့် တည်ငြိမ်အေးဆေးသော သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူ၏စွမ်းအားဖြင့် ကျိုးယီအင်ပါယာရှိ မည်သူ့ကိုမဆို ယှဉ်ပြိုင်ရန် ယုံကြည်ချက်ရှိသော်လည်း ဤခန်းမသခင်နှင့် ရင်ဆိုင်ရသောအချိန်တွင်မူ သူ့ထံတွင် ယုံကြည်ချက် အနည်းငယ်မျှပင် မရှိချေ။

ဤသည်မှာ သူထံ၌ ကာလကြာရှည် စွဲကပ်နေသော အကြောက်တရားတစ်ခု ဖြစ်နေသဖြင့် သူ့ဘက်တော်သားများ ဘေးနားတွင် ရှိနေလျှင်ပင် ရှစ်ယွင်ကျင်းကို ရင်ဆိုင်ရန် အနည်းငယ် ကြောက်ရွံ့နေမိသည်။

တခြားလူများသည်လည်း ရှစ်ယွင်ကျင်းကို မြင်လိုက်သည်နှင့် တပြိုင်နက်တည်း သတိထားနေကြသည်။

"မင်းက မေးရဲသေးတယ်ပေါ့... မင်းအတွက် ငါက အာမခံပြီးတော့ လူတွေအများကြီးဆီကနေ အကြွေးယူပေးခဲ့တာတောင် မင်းက ငါ့ကို ဒုက္ခပေးတယ်... အခု လူတိုင်းက ငါ့ဆီကနေ ကံကြမ္မာချပ်ပြားတွေ ပြန်တောင်းနေကြပြီ... မိုပိုင်ယဲ့.. ငါက မင်းဆီကို မလာရင် တခြား

ဘယ်သူ့ဆီ သွားရမှာလဲ..."

ရှစ်ယွင်ကျင်းသည် ဒေါသတကြီးဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာပြီး လူများအားလုံး၏ရှေ့သို့ ရောက်ရှိလာသည်။

"ခန်းမသခင်... ငါ ဒါကို ပြောပြီးသားပါ... ငါက တကယ်ပဲ မှားယွင်းစွပ်စွဲခံရတာပါ... ငွေချေးတဲ့သူက ကျွန်တော်မဟုတ်ဘူး... သူ့ရဲ့ဆရာ ကျန်းရွှမ်ပါ..."

မိုပိုင်ယဲ့သည် မြေကြီးပေါ်တွင် မေ့မြောနေဆဲဖြစ်သော လျှူမင်ယွဲ့ကို စိုးရိမ်တကြီးဖြင့် ညွှန်ပြလိုက်၏။

"သူ့ရဲ့ဆရာ ဟုတ်လား..."

ရှစ်ယွင်ကျင်းသည် မိန်းကလေး၏အနီးသို့ ချဥ်းကပ်သွားပြီး သူမ၏သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။

"သူရဲ့ဆရာက မင်းကို ရန်စစော်ကားခဲ့တယ်ဆိုရင် သူ့ရဲ့ဆရာကိုပဲ လိုက်ရှာလေ... မင်းက ဘာလို့ သူ့ကို ဖမ်းထားတာလဲ..."

"ငါ..."

မိုပိုင်ယဲ့၏မျက်နှာ နီမြန်းသွားသည်။

"ဒီမိန်းကလေးကို ငါ့ဆီ အပ်လိုက်... ကောင်းကင်ကံကြမ္မာခန်းမရဲ့ ဒုခန်းမသခင်တစ်ယောက်အနေနဲ့ ဒီလိုမျိုး အရှက်မဲ့တဲ့ကိစ္စမျိုးကို လုပ်တာက မင်းအစား ငါ ရှက်မိတယ်..."

ရှစ်ယွင်ကျင်းက အေးစက်စက် နှာမှုတ်လိုက်ပြီး မေ့မြောနေသော လျှူမင်ယွဲ့ကို ကုန်းပိုးလိုက်သည်။

"ခန်းမသခင်... ဒါက သိပ်ပြီး မသင့်လျော်ပါဘူး..."

မိုပိုင်ယဲ့၏စိတ်နှလုံးသားထဲ၌ သံသယအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ပါးစပ်ပိတ်ထားစမ်း .. အဲ့ဒီကျန်းရွှမ်က သတင်းတွေ အကုန်ဖြန့်ပြီးနေပြီ... ကောင်းကင်ကံကြမ္မာနယ်မြေတစ်ခုလုံးမှာ ကံကြမ္မာခန်းမရဲ့ စည်းကမ်းလျော့ရဲမှုအပေါ် ဝေဖန်သံတွေနဲ့ ပြည့်နှက်နေပြီ... မကောင်းတဲ့ သက်ရောက်မှုတွေကို ဖယ်ရှားဖို့ သူ့ကို ငါ ခေါ်သွားရမယ်..."

ရှစ်ယွင်ကျင်းသည် ပြစ်တင်ဝေဖန်လိုက်ပြီးနောက် တောအုပ်ထဲမှ ခပ်သွက်သွက် လျှောက်လှမ်းသွားသည်။

"သက်ရောက်မှုကို ဖယ်ရှားမယ်... ဘယ်လိုမျိုး သက်ရောက်မှုကို ဖယ်ရှားမှာလဲ..."

မိုပိုင်ယဲ့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရပြီးနောက် ရုတ်တရက် အမှန်တရားကို နားလည်သဘောပေါက်သွားသည်။

"ခဏလေး... ခန်းမသခင်ရှစ်ယွင်ကျင်း... သွားဖို့ မလောပါနဲ့အုံး... မနှစ်တုန်းက ကျွန်တော်တို့ အေးစက်တောအုပ်တောင်တန်းကို အတူတူသွားတုန်းက ခင်ဗျား ကျွန်တော့်ကို ပစ္စည်းတစ်ခုပေးမယ်လို့ ကတိပေးခဲ့တယ်လေ... ဘယ်တော့ ပေးမှာလဲ..."

"ငါတို့ ဒီနယ်မြေထဲကနေ ထွက်သွားပြီးမှ ဆက်ပြောကြတာပေါ့..."

ရှစ်ယွင်ကျင်းက လမ်းလျှောက်ရင်း တုံ့ပြန်အဖြေပေးလိုက်သည်။

"မဟုတ်ဘူး... သူက အတုကောင်... မြန်မြန် သူ့ကို ဖမ်းကြစမ်း..."

မိုပိုင်ယဲ့၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

"သူက ကျန်းရွှမ်ပဲ... မင်းတို့အားလုံး ငါနဲ့အတူ ပူးပေါင်းပြီးတော့ တိုက်ခိုက်ပေးပါ..."

သူသည် အေးစက်တောအုပ်တောင်တန်းသို့ သွားခဲ့ဖူးသော်လည်း ထိုစဉ်က ဒုခန်းမသခင်အနည်းငယ်သာ သူနှင့်အတူ လိုက်ပါလာခဲ့သည်။

ရှစ်ယွင်ကျင်းသည် ထိုနေရာသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသောကြောင့် သူ့ကို တစ်စုံတစ်ခုပေးရန် ကတိပေးလိမ့်မည် မဟုတ်ပေ။

ဤလူသည် ရှစ်ယွင်ကျင်းမဟုတ်ဘဲ လျှူမင်ယွဲ့ကို လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သောကြောင့် သူ မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းနေရန်ပင် မလိုတော့ချေ။

သူသည် အမှတ်အသားတစ်ခု ထားခဲ့ရုံမျှသာရှိသေးသော်လည်း မည်သည်ကြောင့် ကျန်းရွှမ်သည် သူတို့ကို ဤမျှထိ အလျှင်အမြန် ရှာတွေ့သွားရသနည်း။ အရေးကြီးဆုံးအချက်မှာ ကျန်းရွှမ်သည် ရှစ်ယွင်ကျင်းအဖြစ် ရုပ်ဖျက်ထားပြီး မိုပိုင်ယဲ့ပင်လျှင် သတိမထားမိလိုက်ခြင်းပင်။

ရှစ်ယွင်ကျင်းသည် အဆင့်မြင့်အကြီးအကဲဖြစ်သဖြင့် မိုပိုင်ယဲ့သည် သူ့ကို အမြဲတစေ လေးစားကြောက်ရွံ့ခဲ့ပြီး မသင်္ကာမဖြစ်ရဲခဲ့ပေ။ ဤအချက်ကပင် တစ်ဖက်လူကို အခွင့်ကောင်းရသွားစေသည်။

ရှစ်ယွင်ကျင်းနေရာတွင် တခြားမည်သူကမျှ ဤကဲ့သို့သော အကျိုးသက်ရောက်မှုမျိုးကို ရရှိနိုင်မည် မဟုတ်ပေ။

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်... ကျန်းရွှမ်သည် သူ့ကို အကြိမ်ကြိမ် လှည့်စားနေခဲ့သည်မှာ အလွန်အမင်း ရွံရှာစက်ဆုပ်ဖွယ် ကောင်းပေ၏။

မိုပိုင်ယဲ့၏စိတ်နှလုံးသားထဲတွင် ဒေါသများပေါက်ကွဲလုမတတ် ဖြစ်နေပြီး သူ၏လက်ကို ဝှေ့ယမ်းကာ သူ၏လက်ထဲရှိ မိုတောက်ဓားဖြင့်ရှေ့သို့ခုတ်ပိုင်းလိုက်သည်။

ပျံ့လွင့်သွားသောဓားချီသည် နဂါးတစ်ကောင်အသွင် ပြောင်းလဲကာ လေထုကို ထိုးခွင်းပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှစ်ယွင်ကျင်းအတု၏နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။

"မိုပိုင်ယဲ့... မင်း ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ..."

ရှစ်ယွင်ကျင်းအတုသည် အော်ဟစ်ရယ်မောလိုက်ပြီး သူ၏ကျောပေါ်ရှိ မိန်းကလေးသည် သိုလှောင်နေရာလွတ်ထဲသို့ ထည့်လိုက်သကဲ့သို့ ချက်ချင်းပျောက်ကွယ်သွားသည်။ လူများအားလုံးက လေးစားရသော ခန်းမသခင်သည် ဂိုဏ်းချုပ်မိုကို ကောင်းကောင်းပညာပေးရန် ဒေါသတကြီး ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု လူများအားလုံး တွေးထင်လိုက်ကြ၏။ ထိုအချိန်မှာပင် ရှစ်ယွင်ကျင်းသည် ခြေဖျားထောက်ကာ ဓားချီကို ရှောင်တိမ်းပြီးနောက် တောအုပ်၏အပြင်ဘက်သို့ ပြေးထွက်သွားသည်။

"ငတုံးမိုပိုင်ယဲ့... လူကို ငါ ခေါ်သွားပြီ..."

အော်ဟစ်ရယ်မောလိုက်ပြီးနောက် ရှစ်ယွင်ကျင်းအတုတွင် ယခင်က ရှိခဲ့သော တည်ကြည်လေးနက်မှုများ မရှိတော့ဘဲ သူ၏အသံသည်လည်း ပြောင်းလဲသွားပေ၏။

"မင်း..."

မိုပိုင်ယဲ့၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ရီနေသည်။

ယခင်က ဤရှစ်ယွင်ကျင်းသည် အတုဟူသည်မှာ သူ၏ခန့်မှန်းချက်သာ ဖြစ်ခဲ့သော်လည်း ယခုချိန်တွင်မူ သူ ရာနှုန်းပြည့် သေချာသွားလေပြီ။

"မင်းတို့အားလုံး မြန်မြန်တိုက်ခိုက်ကြတော့... အခု သူ့ကို သတ်နိုင်သရွေ့ ငါက မင်းတို့အားလုံးကို သုံးရောင်ခြယ်ကုန်းမြေဆီ ချက်ချင်း ခေါ်သွားပေးမယ်..."

အချိန်သည် မည်သူ့ကိုမျှ မစောင့်မှန်း သိသဖြင့် မိုပိုင်ယဲ့က နောက်သို့ လျင်မြန်စွာလှည့်ကြည့်ပြီး အော်ဟစ်လိုက်သည်။

"ကောင်းပြီလေ..."

သူ၏စကားကို ကြားချိန်၌ မုဟုန်တောက် လင်းယုရှန်နှင့် တခြားလူများသည် တွေဝေတုံ့ဆိုင်းမနေကြတော့ချေ။ သူတို့အားလုံး ရှေ့သို့ပြေးထွက်သွားကြသော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်းသတိထားမိလိုက်ကြသည်။

သူတို့သည် အစွမ်းကုန် ပြေးလွှားခဲ့ကြကာ ပုံမှန်အခြေအနေတွင် မီတာရာပေါင်းများစွာ အကွာသို့ ရောက်ရှိနေသင့်သည်။ သို့ရာတွင် ယခုအချိန်၌မူ သူတို့သည် သရဲတစ္ဆေတံတိုင်းတစ်ခုနှင့် တိုက်မိသကဲ့သို့ လုံးဝရွေ့လျားသွားနိုင်ခြင်းမရှိဘဲ မူလနေရာသို့သာ ပြန်ရောက်လာကြ၏။

"ဒီနေရာမှာ အစစ်အမှန်စွမ်းအားကို သုံးလို့မရဘူး... ရုပ်ခန္ဓာကိုယ်ခွန်အားကိုပဲ အားကိုးပြီး လိုက်ဖမ်းလို့ရမယ်..."

မိုပိုင်ယဲ့က အလျင်အမြန် ရှင်းပြလိုက်သည်။

မုဟုန်တောက် လင်းယုရှန်နှင့် တခြားသူများသည် နားလည်သွားကြပြီး သူ၏နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာကြသည်။

ရှေ့မှပြေးနေသော ရှစ်ယွင်ကျင်းအတုသည် သူ၏ခေါင်းကိုတိမ်းစောင်းကာ နောက်ပြန်လှည့်ကြည့်ပြီး အပြုံးနှင့် ထပ်မံ၍ပြောဆိုလိုက်သည်။

"မိုပိုင်ယဲ့... မင်းရဲ့ ပန်းသေပန်းညှိုးရောဂါအကြောင်းကို မင်းရဲ့မိတ်ဆွေဟောင်းတွေ သိကြလား..."

"ပန်းသေပန်းညှိုးရောဂါ..."

"ဂိုဏ်းချုပ်မိုက ပန်းသေပန်းညှိုး ဖြစ်နေတာလား..."

မုဟုန်တောက် လင်းယုရှန်နှင့် တခြားသူများသည် ဤသတင်းကို ကြားချိန်၌ ဇဝေဇဝါ ဖြစ်သွားကြသည်။

"ဒါပေါ့... မင်းတို့ မသိတာတော့ မဟုတ်လောက်ပါဘူး... သူက ပန်းသေပန်းညှိုး ဖြစ်နေတာကို ဖုံးကွယ်ဖို့အတွက် မယားငယ်တွေအများကြီးကို တမင်တကာ လက်ထပ်ခဲ့တာလေ... တကယ်တမ်းကျတော့ သူတို့တွေက အခန်းလွတ်ထဲမှာ တစ်ယောက်တည်း အမြဲ နေနေရတာ..."

ရှစ်ယွင်ကျင်းအတုက အပြုံးနှင့် ပြောဆိုလိုက်၏။

"သူ့ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားမထောင်ကြနဲ့..."

မိုပိုင်ယဲ့၏မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။

"ငါရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေ... ဟုတ်လား... ကောင်းပြီလေ..."

ရှစ်ယွင်ကျင်းအတုက ဆက်လက်၍ ပြောဆိုသည်။

"မင်းရဲ့ မိုတောက်ဓားကျင့်ကြံခြင်းနည်းလမ်းမှာ မင်းရဲ့ အစစ်အမှန်စွမ်းအားက 'ကျုံးကျင်း(ငပဲ)' နေရာမှာ စုစည်းနေတာ မဟုတ်လား... အဲ့ဒီစွမ်းအားက အရမ်းထက်ရှပြီးတော့ သေချာမထိန်းချုပ်နိုင်ရင် မရီဒါန်းတွေကို ပျက်စီးစေနိုင်တယ်... ပြီးတော့ အဲ့ဒီနေရာကို ထိခိုက်တာနဲ့ ပတ်သက်ပြီးတော့ ငါ ပြောစရာမလိုဘဲနဲ့တောင် ဒီနေရာကလူတိုင်း သိကြတယ်မဟုတ်လား..."

"ဒါပေါ့... ဒါတွေက မင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုနဲ့ဆိုင်တဲ့ ပြဿနာတွေပဲ... ဒါပေမဲ့ အဲဒါက ဘာမှမဟုတ်သေးဘူး... အဓိကအချက်က မင်း သူတို့ကို ဒုက္ခပေးနေတာပဲ... ဒါက အရမ်းသိသာနေတာတောင် သူတို့က သတိမထားမိရုံတင်မကဘူး မင်းကို ကူညီဖို့ ပြေးလာကြသေးတယ်... တကယ်ပဲ ဒါက တစ်ယောက်ယောက် ရောင်းစားခံရပြီးတော့ သူကိုယ်တိုင် ငွေတွေကူရေပေးနေသလို ဖြစ်နေပြီ..."

"ငါတို့ကို ဒုက္ခပေးနေတာလား... မင်း ပေါက်ကရစကားတွေ မပြောစမ်းနဲ့..."

လင်းယုရှန်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

"မင်း မယုံဘူးလား... ဒါဆိုရင် ငါ ပြောပြမယ်... မင်းရဲ့နာမည်က လင်းယုရှန် မဟုတ်လား..."

ရှစ်ယွင်ကျင်းအတု၏အသံက ဆက်လက်၍ ထွက်ပေါ်လာသည်။

"မင်းက လုပ်ကြံသတ်ဖြတ်မှုတွေကို အထူးပြုတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်လို ပုံဖမ်းထားတယ်... ဒါပေမဲ့ တကယ်တမ်းကျတော့ မင်းက အေးစက်ကြယ်ဂိုဏ်းကနေ ထွက်ပြေးလာတဲ့ ဝရမ်းပြေးတစ်ယောက်ပဲ... အဲ့ဒီတုန်းက မိုပိုင်ယဲ့က မင်းကို ကယ်တင်ခဲ့လို့သာ မင်းက သူ့စကားကို နားထောင်နေတာ..."

"ငါ သိခဲ့တဲ့ သတင်းအချက်အလက်သာ မှန်တယ်ဆိုရင် မင်းက အင်အားစုကြီးတွေရဲ့တပည့်တွေနဲ့ မင်းသားတစ်ပါးအပါအဝင် ကံကြမ္မာဆရာသခင် ဆယ့်ခုနစ်ယောက်ကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ သူ့ကို ကူညီပေးခဲ့ဖူးတယ်မလား... ဒီသတင်းအချက်အလက်ကို ငါ ဘယ်လိုသိလဲဆိုတာ မင်း စဉ်းစားကြည့်အုံး..."

"မင်း... မင်း... ဘယ်လိုလုပ်ပြီး သိတာလဲ..."

လင်းယုရှန်၏မျက်နှာ စိမ်းပုပ်သွားသည်။

သူသည် ဝရမ်းပြေးတစ်ယောက်ဖြစ်ပြီး မင်းသားတစ်ပါးကို သတ်ဖြတ်ခဲ့သည့်ကိစ္စသာ ပေါ်ပေါက်သွားပါက အင်အားစုအမြောက်အများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရမည်မှာ သေချာပေါက်ပင်။ သူ ကောင်းကင်ကံကြမ္မာနယ်မြေမှ ထွက်ခွာသွားလျှင်ပင် အမြဲတစေ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်ရမည့် ဝရမ်းပြေးတစ်ယောက် ပြန်ဖြစ်လာပေလိမ့်မည်။

"ဒါပေါ့... မင်းရဲ့ အယုံကြည်ရဆုံး မိုပိုင်ယဲ့က ငါ့ကို ပြောပြထားတာလေ... သူသာ မပြောရင် ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ..."

ရှစ်ယွင်ကျင်းအတုက ရယ်မောပြီး ဆက်လက်၍ ပြောဆိုသည်။

"ဂိုဏ်းချုပ်မုဟုန်တောက် ဟုတ်တယ်မလား... မင်းရဲ့လျှို့ဝှက်ချက်ကိုလည်း သူ ပြောပြထားတယ်... ဂိုဏ်းရဲ့မြေအောက်နန်းတော်မှာ ဖမ်းချုပ်ထားတဲ့လူ အဲဒီမှာ ရှိနေသေးလား မသိဘူး..."

"ပါးစပ်ပိတ်ထားစမ်း..."

ထိုအချိန်တွင် မိုပိုင်ယဲ့သည် သည်းမခံနိုင်တော့ဘဲ အော်ငေါက်လိုက်ပြီး တချိန်တည်းမှာပင် သူ၏မိုတောက်ဓားဖြင့် ရှေ့သို့ထပ်မံ၍ခုတ်ပိုင်းလိုက်၏။

သို့ရာတွင် သူ၏စကားသံမဆုံးမီမှာပင် သူ၏ဓားရှည်သည် ထိန်းချုပ်မှုမှ လွတ်ကင်းသွားသည့်အလား သူ၏လက်မှ လွတ်ထွက်သွားသည်။ ထိုဓားရှည်သည် မြေပြင်ပေါ်သို့ လွင့်ထွက်သွားကာ မီတာဆယ်နှင့်ချီအကွာအဝေးသို့ ကျရောက်သွားသည်။

All Chapters