စည်းမျဉ်းတွေက ဘာတွေလဲ
Vol. 26 Ch. 324
ရှစ်ယွင်ကျင်းအတုကို လိုက်လံဖမ်းဆီးနေကြသူ များအားလုံးသည် ဤမမျှော်လင့်ထားသော အလှည့်အပြောင်းကြောင့် ကြက်သေသေနေကြသည်။ သူတို့အားလုံးသည် မိုပိုင်ယဲ့ထံသို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။
ဤအချိန်အခိုက်အတန့်တွင် မိုပိုင်ယဲ့၏ခန္ဓာကိုယ်သည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသကဲ့သို့ တုန်ခါသွားပေ၏။ သူ၏လက်ထဲမှ မိုတောက်ဓားသည် လွတ်ထွက်သွားရုံသာမက ရှေ့သို့ပြေးနေသော သူ၏ခန္ဓာကိုယ်သည်လည်း အထိန်းအကွပ်မဲ့စွာ ယိမ်းယိုင်သွားကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
"ဂိုဏ်းချုပ်မို..."
"မိုပိုင်ယဲ့... မင်း ဘာဖြစ်တာလဲ..."
"ငါ ဘာမှမဖြစ်ဘူး... ငါ့ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ဖိနှိပ်ခံထားရသလို ဖြစ်သွားပြီးတော့ ခဏလောက် အသုံးပြုလို့ မရတော့တာပဲ..."
မိုပိုင်ယဲ့က သူ၏ခေါင်းကိုခါယမ်းကာ လျင်မြန်စွာ မတ်တတ်ထရပ်လိုက်ပြီး သူ့ကိုယ်သူ သေချာစစ်ဆေးကြည့်လိုက်သည်။
သူ၏ခန္ဓာကိုယ်လုံးတစ်ခုတွင် လဲကျသွားသည့် ဒဏ်ရာမှလွဲ၍ တခြားဒဏ်ရာများ မရှိချေ။
"ဒါက ဒီကောင်းကင်ကံကြမ္မာနယ်မြေရဲ့ စည်းမျဉ်းတစ်ခုခုနဲ့ ပတ်သက်နေလောက်တယ်... ခုဏက ငါက အဲ့ဒါကို ချိုးဖောက်မိလိုက်လို့ ငါ့ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ချိတ်ပိတ်ခံလိုက်ရပြီးတော့ ငါ သတိလက်လွတ်နေမိတာကြောင့် လဲကျသွားတာပဲ ဖြစ်မယ်..."
မိုပိုင်ယဲ့သည် အခြေအနေကို လျင်မြန်စွာ နားလည်သဘောပေါက်သွားပြီး ရှင်းပြလိုက်၏။
အစောပိုင်းက ကြီးမားသော အားလှိုင်းတစ်ရပ်သည် ရုတ်တရက် သူ့အပေါ် သက်ရောက်လာသဖြင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်စွမ်းအားစီးဆင်းမှု ပြတ်တောက်သွားသည်။ ထိုကြောင့် သူ ပြေးနေရင်း အားကုန်သွားပြီး လူပုံအလယ်တွင် လဲကျသွားခြင်း ဖြစ်သည်။
ထို့နောက် သူသည် အစစ်အမှန်စွမ်းအားများကို တဖန်ပြန်၍ လှည့်ပတ်ကြည့်လိုက်၏။ သူ၏ အစစ်အမှန်စွမ်းအားသည် အနည်းငယ်တုံ့ဆိုင်းနေပြီး ချောမွေ့စွာ မစီးဆင်းနိုင်သည်မှလွဲ၍ တခြားထိခိုက်မှု မရှိသည်ကို တွေ့လိုက်ရသဖြင့် သူ သက်ပြင်းချလိုက်မိသည်။
ကံကောင်းစွာဖြင့် သူ စည်းကမ်းချိုးဖောက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်နေသောကြောင့်သာ အဆင်ပြေသွားခဲ့သည်။ ထိုသို့မဟုတ်ပါက သူ၏စွမ်းအားဖြင့်ပင် ကြီးမားသော ထိခိုက်နာကျင်မှုကို ခံစားရနိုင်သည်။
"စည်းမျဉ်းတွေ ဟုတ်လား..."
မုဟုန်တောက် လင်းယုရှန်နှင့် တခြားလူများ၏ မျက်နှာအမူအယာများ ရုတ်တရက် တင်းမာခက်ထန်သွားသည်။
ကောင်းကင်ကံကြမ္မာနယ်မြေသို့ ဝင်ရောက်လာရာတွင် အကြောက်ရဆုံးအရာမှာ ဤစည်းမျဉ်းများပင်ဖြစ်ပြီး လူအများသည် မတော်တဆ စည်းကမ်းချိုးဖောက်မိသောကြောင့် သေကြေပျက်စီးခဲ့ရဖူးသည်။
အကယ်၍ သူတို့သာ စည်းမျဉ်းများကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိပါက နောက်တစ်ကြိမ် အမှားထပ်လုပ်မိလျှင် နေရာ၌ပင် သေဆုံးသွားနိုင်သည်။
"မင်း ခုဏက ဘာလုပ်လိုက်လို့လဲ... စည်းကမ်းကို ဘယ်လိုလုပ်ပြီး ချိုးဖောက်လိုက်မိတာလဲ..."
လင်းယုရှန်သည် မမေးမြန်းဘဲ မနေနိုင်တော့ချေ။
"ငါ..."
မိုပိုင်ယဲ့သည်လည်း မျက်မှောင်ကြုတ်လိုက်သည်။
အစောပိုင်းက သူသည် တခြားသူများနည်းတူ ရန်သူကို လိုက်ဖမ်းနေခဲ့သည်။ တစ်ခုတည်းသောကွာခြားချက်မှာ သူသည် ရန်သူကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် မိုတောက်ဓားကို ဆွဲထုတ်လိုက်ခြင်းပင်။ မိုတောက်ဓားကို ဆွဲထုတ်ခြင်းသည်လည်း ပြစ်ဒဏ်ခံရနိုင်သလော...။
ဤသည်မှာ မဖြစ်နိုင်ချေ။ သူ ယခင်ကလည်း မိုတောက်ဓားကို အသုံးပြုခဲ့ဖူးသည့်တိုင် ကောင်းကင်ကံကြမ္မာနယ်မြေအတွင်းတွင် မည်သည့်စွမ်းအင်အတက်အကျမျှ ထွက်ပေါ်မလာခဲ့ချေ။
"ဒါက အသံကျယ်ကျယ် အော်ဟစ်မိတာပဲ ဖြစ်ရမယ်..."
သူ၏အတွေးများ အလျင်အမြန် လှုပ်ရှားသွားကာ အကြံတစ်ခုရလာပြီးနောက် မိုပိုင်ယဲ့က စဉ်းစားတွေးတောပြီး ပြောဆိုလိုက်သည်။
ယခင်နှင့် တစ်ခုတည်းသော ကွာခြားချက်မှာ သူသည် ရန်သူ၏ရန်စမှုကို ခံရပြီးနောက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်လိုက်ခြင်းပင်။ ဤသည်မှာ စည်းကမ်းချိုးဖောက်မိသည့် အကြောင်းအရင်း ဖြစ်နိုင်သလော။
"အသံကျယ်ကျယ်အော်ဟစ်တာ...ဟုတ်လား..."
မုဟုန်တောက် လင်းယုရှန်နှင့် တခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
ဤကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိနိုင်သူများသည် ငတုံးငအများ မဟုတ်ကြချေ။ မိုပိုင်ယဲ့၏သတိပေးချက်ဖြင့် သူတို့သည်လည်း အလားတူ ကောက်ချက်ချနိုင်ခဲ့ကြသည်။
"အခု ငါတို့က စည်းမျဉ်းတွေကို သိထားပြီဆိုတော့ မင်းတို့အားလုံး သတိထားကြတော့..."
မိုပိုင်ယဲ့က တီးတိုးရေရွတ်ပြီး ရှေ့သို့လှမ်းကြည့်လိုက်သည်။
အသည်းအသန် ပြေးထွက်သွားသော ရှစ်ယွင်ကျင်းအတုသည် ဆက်လက်၍ထွက်ပြေးခြင်း မပြုတော့ဘဲ မလှမ်းမကမ်း တစ်နေရာတွင် ရပ်တန့်လိုက်၏။ ထို့နောက် သူသည် မိုပိုင်ယဲ့ထံမှ လွင့်ထွက်လာသော မိုတောက်ဓားကို ကောက်ယူကာ စိတ်ကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒီမိုတောက်ဓားက တော်တော်လေးကောင်းတာပဲ... ရက်ရောမှုအတွက် ဂိုဏ်းချုပ်မိုကို ကျေးဇူးတင်ပါတယ်..."
"မင်း..."
ဒေါသကြောင့် မိုပိုင်ယဲ့၏မျက်နှာ စိမ်းပုပ်သွားသည်။
ဤကောင်စုတ်သည် အလွန်မောက်မာထောင်လွှားပေ၏။
"မင်းက သေချင်နေတာပဲ..."
သူ စဉ်းစားလေလေ ဒေါသထွက်လေလေဖြစ်ပြီး ရှေ့သို့ထပ်မံ၍ပြေးဝင်သွားစဥ်မှာပင် ရှစ်ယွင်ကျင်းက မိုတောက်ဓားဖြင့် မြေကြီးများကို ရုတ်တရက် ပင့်တင်လိုက်သည်။
ဝှစ်...
မြေမှုန့်များသည် တောက်ပသော ဓားချီစွမ်းအင်ဖြင့် ပျံ့လွင့်လာပြီး ရွှံ့မိုးရွာချလိုက်သည့်အလား မျက်စိတစ်မှိတ်အတွင်း လူများအားလုံး၏ရှေ့သို့ ပြန့်ကျဲကာ ကျရောက်လာသည်။
ရန်သူသည် မည်သည့်အရာကို ပြုလုပ်နေကြောင်း မသေချာသဖြင့် မိုပိုင်ယဲ့က အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ သို့ရာတွင် တစ်ဖက်လူ ပင့်တင်လိုက်သော မြေမှုန့်အတိုင်းအတာသည် ကြီးမားကျယ်ပြန့်လွန်းပေ၏။ ထိုကြောင့် မြေမှုန့်အမြောက်အများသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ၏သန့်ရှင်းနေသော အဝတ်အစားများပေါ်တွင် အစက်အပြောက်များစွာ ကျန်ရစ်ခဲ့သည်။
သူသည် လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း တခြားသူများမှာမူ ကံမကောင်းခဲ့ကြချေ။ လင်းယုရှန်သည် အဆိုးရွားဆုံး ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင်သာမက မျက်ခုံးနှင့် ဆံပင်များပါမကျန် ရွှံ့အိုင်ထဲသို့ ကျသွားသည့်အလား မြေမှုန့်များဖြင့် ဖုံးလွှမ်းသွားသည်။
"မင်း ဘယ်သူပဲဖြစ်ဖြစ်....ဒီနေ့ ငါ မင်းကို သတ်မယ်..."
သူ့ကိုယ်သူ ထိုအခြေအနေမျိုးဖြင့် မြင်လိုက်ရသဖြင့် လင်းယုရှန်၏မျက်နှာ စိမ်းပုပ်သွားပြီး အံ့တင်းတင်းကြိတ်လိုက်သည်။
ကျယ်လောင်စွာအော်ဟစ်ခြင်းသည် စည်းကမ်းချိုးဖောက်ခြင်းဖြစ်နိုင်ကြောင်း သိထားသဖြင့် သူ မအော်ရဲချေ။ သူသည် ဒေါသတကြီးဖြင့် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်ကာ ဓားရှည်တစ်ချောင်းထုတ်ယူပြီး မလှမ်းမကမ်းရှိ ရှစ်ယွင်ကျင်းထံဦးတည်၍ ခုတ်ပိုင်းလိုက်၏။
ဓားရှည်ကျရောက်မသွားမီမှာပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည်လည်း ဖောက်ထုတ်ခံလိုက်ရသော ပူဖောင်းတစ်လုံးကဲ့သို့ လျော့ပါးသွားသည်။
ဝှစ်...
ဓားရှည်သည် ထိန်းချုပ်မှုမှ လွတ်ကင်းသွားသည့်အလား သူ၏လက်ထဲမှ လွတ်ထွက်သွားသည်။
"ကျေးဇူးပဲ..."
ရှေ့တွင်ရှိနေသော ရှစ်ယွင်ကျင်းအတုသည် ဤသို့ဖြစ်မည်ကို ကြိုသိနေသကဲ့သို့ ပြုံးလိုက်သည်။ ထို့နောက် သူသည် သူ၏လက်ကိုဆန့်တန်းကာ ဓားရှည်ကို ညင်သာစွာဖမ်းယူလိုက်ရင်း သူ့ထံတွင် ကျေနပ်အားရသည့် အမူအယာမျိုး ထင်ဟပ်နေသည်။
ဓားရှည်သည် လင်းယုရှန်၏လက်မှ လွတ်ထွက်သွားပြီး သူက လက်ဗလာဖြင့် ဖမ်းယူလိုက်သည့် ဖြစ်စဉ်တစ်ခုလုံးသည် ချောမွေ့ပြေပြစ်နေပြီး ကြိုတင်ဇာတ်တိုက်ထားသည့်အလားပင်။
တစ်ဖက်နှင့်တစ်ဖက် သတ်ဖြတ်ရန် ရည်ရွယ်နေကြသည်ကိုသာ မသိလျှင် သူတို့နှစ်ဦးသည် ပရောပရည် လုပ်နေကြသည်ဟုပင် ထင်မှတ်ရပေမည်။
"မင်း ဘာဖြစ်သွားတာလဲ..."
မိုပိုင်ယဲ့၏မျက်ခွံများ လှုပ်ခတ်သွားသည်။
"ငါလည်း စည်းမျဉ်းရဲ့ သတိပေးတာကို ခံလိုက်ရတာ... ခုဏက ငါ့ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ပြတ်တောက်သွားတယ်..."
လင်းယုရှန်က အလျင်အမြန် ရှင်းပြလိုက်သည်။
"မင်းလည်း စည်းမျဥ်းချိုးဖောက်မိတာလား... ဒါပေမဲ့... ဒါက ဘာစည်းမျဉ်းလဲ..."
လူများအားလုံး အနည်းငယ် ထိတ်လန့်သွားကြသည်။
မိုပိုင်ယဲ့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်အား သူတို့အားလုံး ကြားလိုက်ရသဖြင့် ကောက်ချက်ချရန် လွယ်ကူသည်။ လင်းယုရှန်ကမူ ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် သူ၏စွမ်းအင်များကို အပြည့်အဝ မလည်ပတ်နိုင်သေးမီမှာပင် ဓားလွတ်ထွက်သွားသည်။
မည်သို့ ဖြစ်ပျက်သွားသနည်း...
"စည်းမျဉ်းက ဘာလဲဆိုတာ အရေးမကြီးဘူး... ငါတို့ သတိထားနေသရွေ့ ရှောင်ရှားနိုင်ဖို့ အခွင့်အရေးရှိတယ်... အဓိကအချက်က... တစ်ဖက်လူက စည်းမျဉ်းတွေအများကြီးကို သိထားပြီးတော့ ငါတို့ကို ထောင်ချောက်ထဲ ဝင်လာအောင် တမင်တကာ မျှားခေါ်နေတာပဲ..."
မုဟုန်တောက်က ပြောဆိုသည်။
"ဒါက..."
မိုပိုင်ယဲ့နှင့် တခြားလုများသည် ဆွံ့အသွားပြီး သူတို့၏မျက်နှာအမူအယာများ တည်ကြည်လေးနက်သွားကြသည်။
တစ်ကြိမ်တည်းဆိုလျှင် ကံတရားဟု ပြောနိုင်သော်လည်း သူတို့သည် နှစ်ကြိမ်ဆက်တိုက် စည်းကမ်းချိုးဖောက်မိခြင်းပင်။ ဤလူသည် စည်းမျဥ်းများကို မသိဘဲ တိုက်ဆိုင်သွားခြင်းဟု ပြောလျှင် သူတို့ ယုံကြည်နိုင်မည် မဟုတ်ချေ။
"ငါတို့ ဘာလုပ်ကြမလဲ... စည်းမျဥ်းချိုးဖောက်မိမှာကို ကြောက်တာနဲ့ ဒီလိုမျိုး မောက်မာနေတဲ့ကောင်ကို လွှတ်ပေးလိုက်ရတော့မှာလား..."
လင်းယုရှန်၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ရီနေသည်။
ဤဓားကို သူ တန်ကြေးကြီးကြီးပေးပြီး ဝယ်ထားရခြင်းပင်။ သူ၏ဓားကို ဤကဲ့သို့ ဆုံးရှုံးလိုက်ရပါက တိုက်ပွဲမစခင်ကတည်းက ရှုံးနိမ့်ခြင်းဖြစ်သွားပေမည်။
သူတို့သည် ကောင်းကင်ကံကြမ္မာနယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက် မည်သည့်အရာကိုမျှ မရရှိသေးချေ။
"မပူပါနဲ့... မိုတောက်ဓားရော မင်းရဲ့ရတနာဓားရော နှစ်ခုလုံးက ငါတို့တွေ ကြိုးစားပမ်းစား သန့်စင်ထားတဲ့ လက်နက်တွေပဲ... သူက ယာယီ ယူထားရင်တောင် သူမှာ ဒါတွေကို သန့်စင်နိုင်စွမ်းမရှိရင် အလကားပဲ..."
မိုပိုင်ယဲ့က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"အဲဒါတော့ အမှန်ပဲ..."
လင်းယုရှန်က ခေါင်းညိတ်လိုက်သည်။
အေးစက်ငရဲဓားနှင့် အဆင့်တူညီသော သူတို့၏လက်နက်များသည် ရင်းမြစ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသော ရတနာများဖြစ်ပြီး စိတ်ဝိညာဉ်အသိစိတ် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ သူတို့ မသေဆုံးသရွေ့ ချိတ်ဆက်ထားသော စိတ်ဝိညာဉ်အနှစ်သာရအရ သခင်သစ်ကို အသိအမှတ်ပြုရန် အလွန်ခက်ခဲပေလိမ့်မည်။
သခင်သစ်ကို အသိအမှတ်မပြုလျှင် လက်နက်များသည် ရန်သူ၏လက်ထဲသို့ ရောက်သွားလျှင်ပင် ထိုအရာများ၏အစွမ်းထက်သော စွမ်းရည်များကို ထုတ်ဖော်အသုံးပြုနိုင်မည် မဟုတ်ပေ။
"အဲ့ဒါတွေကို ပြန်ယူဖို့ နည်းလမ်းရှာကြတာပေါ့..."
မုဟုန်တောက်၏စကား မဆုံးမီမှာပင် မလှမ်းမကမ်းရှိ ရှစ်ယွင်ကျင်းအတုသည် မိုတောက်ဓားနှင့်ရတနာဓားတို့ကို သူ၏လက်ဝါးဖြင့် ညင်သာစွာ ပုတ်လိုက်သည်အား မြင်တွေ့လိုက်ရသည်။
ဝီ... ဝီ...
ကြည်လင်ပြတ်သားသော အသံနှစ်သံ ဆက်တိုက်ထွက်ပေါ်လာပြီး အလွန်တည်ငြိမ်နေသော လက်နက်နှစ်ခုသည် ပျော်ရွှင်စရာတစ်ခုခုနှင့် ကြုံတွေ့လိုက်ရသည့်အလား သာယာနာပျော်ဖွယ် အသံများကို ရုတ်တရက် ထုတ်လွှတ်လိုက်၏။
"မကောင်းတော့ဘူး..."
မုဟုန်တောက်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူသည် မိုပိုင်ယဲ့နှင့်လင်းယုရှန်တို့ကို အလျင်အမြန် ကြည့်လိုက်သည်။
ထိုသခင်နှစ်ယောက်သည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ သူတို့၏မျက်နှာအမူအယာများ တပြိုင်နက်တည်း ပျက်ယွင်းသွားကြသည်။
ဖူး... ဖူး...
သူတို့နှစ်ဦးလုံး တပြိုင်နက်တည်း သွေးအန်လိုက်ကြ၏။
"ငါ့ရဲ့ မိုတောက်ဓား..."
"ငါ့ရဲ့ ဓား..."
သူတို့၏မျက်ခွံများ တပြိုင်နက်တည်း လှုပ်ခတ်သွားပြီး သူတို့၏သွားများ ကြေမွှပျက်စီးသွားလုမတတ် ခံစားလိုက်ရသည်။