← Chapters

မွေးနေ့

Vol. 7 Ch. 96

မွေးနေ့

Vol. 7 Ch. 96

ထိုအချိန်၌ လေက တဖြူးဖြူးတိုက်ခတ်လာပြီး ပင်လယ်ရေကလည်း တသွင်သွင်စီးဆင်းနေပြီး လှေကလေးပတ်လည်ကို ရိုက်ခတ်နေပေရာ မည်းနက်နေသော ရေပွက်ကလေးများ ထနေတော့သည်။

ထိုကဲ့သို့ ရေလှိုင်းများ ရိုက်ခတ်နေခြင်းကြောင့် လှေကလေးသည်လည်း လူးလွန့်နေပြီး တကျွိကျွိမြည်နေတော့သည်။

အနက်ရောင်အခန်းငယ်ထဲ၌ ရွှီချင်းသည် ဆေးလုံးများကို အသည်းအသန် ဖော်စပ်နေသည်။

ဆေးပင်တစ်ပင်ပြီးတစ်ပင် သူ ထုတ်ယူလိုက်ပြီးနောက် အရွက်များကို ခြွေ၍ဖြစ်စေ၊ အရည်ညှစ်၍ ဖြစ်စေ၊ အနှစ်ကို ထုတ်ယူ၍ဖြစ်စေ ကျင်လည်စွာလုပ်နေပြီး ကျောက်ခွက်လေးထဲတွင် ဆေးရည်များ တစတစ များလာတော့သည်။

ဆေးအချိန်အဆကို စစ်ဆေးပြီးနောက် ရွှီချင်းက ခုနစ်ရွက်မြက်ပင်ကို ထည့်လိုက်သည်။ ထိုသို့ဖြင့် ညသန်းခေါင်ယံအချိန်ကို ရောက်လာသောအခါ ရွှီချင်းက ဝိညာဉ်စုစည်းအရွက်ကို မည်းနက်နေသော ဆေးရည်များထဲ ဂရုတစိုက် ညှစ်ချလိုက်သည်။

တရွှီရွှီမြည်သံများ လွင့်ပျံလာပြီးနောက် အစိမ်းရောင်မီးခိုးများ ပျံ့လွင့်လာသည်။ ရွှီချင်းက အင်္ကျီလက်ကို ဝှေ့ယမ်း၍ အစိမ်းရောင်မီးခိုးများကို ဖယ်လိုက်သည်။ ကျောက်ခွက်ထဲရှိ ဆေးအရည်များက အဖြူရောင်အစိုင်အခဲတစ်ခုအသွင် ချက်ချင်း ပြောင်းလဲသွားပြီး တဖျပ်ဖျပ်ဝင်းလက်နေသည်။

တစ်ကြိမ်တည်းဖြင့် အောင်မြင်သွားခြင်း ဖြစ်ပေသည်။

ရွှီချင်းက ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် ထိုဆေးအရည်များကို ထုတ်၍ ဆေးလုံးများအဖြစ် တစ်လုံးပြီးတစ်လုံး လုံးလေသည်။ ထို့နောက် ဘေးတွင် ချထားပြီး အခြောက်ခံလိုက်သည်။ ထိုဆေးလုံးများကိုကြည့်၍ သူ၏မျက်လုံးများထဲ ကျေနပ်အားရနေသည့်အရိပ်အယောင်များ ပေါ်နေသည်။

“ နောက်ဆုံးတော့ အဖြူရောင်ဆေးလုံးကို ငါ ဖော်စပ်ပြီးသွားပြီ ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး သမားတော်ကြီးပိုင်၏ပုံရိပ်များ သူ၏စိတ်ထဲပေါ်လာသည်။ ရတနာမုဆိုးစခန်းပုံရိပ်သည်လည်း သူ့စိတ်တွင် ထင်ဟပ်လာ၏။

ထိုအခြင်းအရာအားလုံးက ဤနေ့ထူးနေ့မြတ်တွင် လူငယ်လေးကို အိပ်မပျော်နိုင်အောင် ဖြစ်လာစေသည်။

အချိန်အတော်ကြာပြိးနောက် ရွှီချင်းက သက်ပြင်းချ၍ လှေကလေးအပြင်ဘက်ကို ထွက်လိုက်သည်။ အပြင်ဘက်လောကကြီးက မှောင်မည်းနေပြီး ပင်လယ်ပြင်အထက်ရှိ လမင်းကြီးသည်သာ ထိန်ထိန်သာနေသည်။

ဘေးပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ရေငွေ့အနည်းငယ် ရောယှက်နေသော ပင်လယ်လေ တဖြူးဖြူး တိုက်ခတ်နေခြင်းကြောင့် သူ၏ဆံပင်များသည်လည်း တဖျပ်ဖျပ်လွင့်နေတော့သည်။

“ သမားတော်ကြီးပိုင် ကျစ်ထူကို ရောက်တာကြာနေလောက်ပြီ ”

“ ကြက်ခြေခတ်နဲ့ လွမ်ယာတို့လည်း ဘယ်လိုနေမလဲ မသိဘူး ”

“ ခေါင်းဆောင်လဲ့ရဲ့ အုတ်ဂူဘေးမှာလည်း ပေါင်းပင်တွေနဲ့ ရှုပ်နေမလား ”

ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ ငါလည်း အခုထိ ကောင်းကင်ကြမ္မာပန်းပွင့်ကို ရှာမတွေ့သေးဘူး ”

သူသည် ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေဖြစ်သွားပြီး တစ်ယောက်တည်းနေရသည်ကို အသားကျနေပြီဖြစ်ပါသော်လည်း သူသည်လည်း လူငယ်လေးတစ်ယောက်သာ မဟုတ်ပါလား။ သူသည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေရင်း သူ၏မှတ်ဉာဏ်ထဲတွင် ရတနာမုဆိုးစခန်းနေအိမ်ကို ပြန်ရောက်သွားပြီး ရင်းနှီးသော အဘိုးအိုနှင့်အတူ မြွေသားကို စားနေကြသည်။

ထိုအဘိုးအိုပြောသည့် စခန်းထဲမှ အသေးအမွှားကိစ္စလေးများကို သူ နားထောင်နေပြီး ထိုအဘိုးအိုက ဆေးတံကြီးကို ရှူသွင်းကာ သေရည်သောက်နေသည်ကို သူ ကြည့်နေသည်။

ထိုမှတ်ဉာဏ်ပုံရိပ်က လွန်စွာ ရှင်းလင်းပြတ်သားနေ၏။

ရွှီချင်း၏မျက်လုံးများ စိုစွတ်လာသည်။

“ ဆင်းရဲသားရပ်ကွက်မှာတုန်းက ဆရာပြောတာက လူတစ်ယောက်က အတိတ်ကို သတိရလာရင် အသက်ကြီးလာနေပြီ ဆိုတဲ့အဓိပ္ပာယ်ပဲတဲ့ ”

ရွှီချင်း တီးတိုးရေရွတ်လိုက်ပြီး သူ၏သားရေအိတ်ထဲမှ အရက်ပုလင်းကို ထုတ်လိုက်သည်။

ထိုအရက်ပုလင်းကို နေ့ခင်းက သူ ကင်းလှည့်နေစဉ်အတောအတွင်း ဝယ်လာခဲ့ခြင်း ဖြစ်သည်။

သူ အရက်ပုလင်းကို ကိုင်၍ ကောင်းကင်ထက်ရှိ ထိန်ထိန်သာနေသော လမင်းကြီးကို မော့ကြည့်လိုက်သည်။ ခဏအကြာ သူ အရက်ပုလင်းကို ဖြည်းဖြည်းချင်း မ,၍ လမင်းကြီးကို ကမ်ပေ့လုပ်ကာ တစ်ကျိုက်မော့ချလိုက်သည်။

အဝေးမှကြည့်ပါက လှေပေါ်ရှိလူငယ်လေးသည် လမင်းကြီးကို တစ်ခွက်တိုက်ပြီး နောက်တစ်ခွက်ကိုတော့ သူကိုယ်တိုင် သောက်နေသည်ကို မြင်ရပေမည်။

မြို့ကြီးထဲရှိ သေရည်က ရတနာမုဆိုးစခန်းမှာထက် ပို၍ပင် ပြင်းသည်။ ၎င်းက သူ၏ပါးစပ်ထဲကို အလွန်ပူလောင်ပြင်းရှစွာ စီးဆင်းသွားသည်။ သူ၏ဗိုက်ထဲရောက်သွားသောအခါ တစ်ကိုယ်လုံး မီးမြိုက်ခံနေရသည့်အလား သူ၏အသက်ရှူသံများ မြန်ဆန်လာတော့သည်။ အချိန်အတော်ကြာပြီး နောက် သူ နောက်တစ်ကျိုက် မော့ချလိုက်ပြန်သည်။

“ ခေါင်းဆောင်လဲ့ ကောင်းကင်ဘုံမှာ အေးချမ်းပါစေ ”

“ သမားတော်ကြီးပိုင် ကျန်းမာပြီး အသက်ရှည်ပါစေ ”

“ ငါလည်း ပျော်ရွှင်တဲ့မွေးနေ့လေး ဖြစ်ပါစေ ”

ရွှီချင်း တီးတိုးရေရွတ်လိုက်ပြီး ထပ်သောက်လိုက်သည်။

ယနေ့သည် ထူးခြားသောနေ့ရက်ဖြစ်ပြီး သူ၏မွေးနေ့ ဖြစ်ပေသည်။

အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်ခန့်ရှိဟန်တူသော ရွှီချင်းက အမှန်တကယ်တွင် ယခုမှသာ တစ်ဆယ့်ငါးနှစ် ပြည့်ခြင်း ဖြစ်သည်။ သို့သော်လည်း ဘေးကင်းလုံခြုံစွာ ကြီးပြင်းလာခဲ့ရသော တခြားလူများနှင့် ယှဉ်ပါက သူ၏အတွေ့အကြုံများက သူ့ကို ရင့်ကျက်တည်ကြည်သည့်ပုံစံ အတင်းအကြပ် သွတ်သွင်းလိုက်ခြင်း ဖြစ်သည်။

ယနေ့တွင်လည်း နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော သူ၏တခြားမွေးနေ့များကဲ့သို့ပင် သူ့ကိုယ်သူ တိတ်ဆိတ်စွာ မွေးနေ့ဆုတောင်း ပြုလိုက်သည်။

သို့သော်လည်း ယခုနှစ်တွင် အရက်များ ပို၍ ရှိနေသည်။

ထို့ကြောင့် အရက်တစ်ပုလင်းလုံး သောက်ပြီးနောက် သူ့မိသားစုအကြောင်းကို သူ တွေးမိသွားသည်။

သူ၏မှတ်ဉာဏ်များထဲတွင် သူ တတ်နိုင်သလောက် ကြိုးစား၍ စဉ်းစားကြည့်ပါသော်လည်း သူ့မိသားစုပုံရိပ်များက ဝိုးတဝါးသာ ဖြစ်နေမြဲပင်။ ထိုဝိုးတဝါးပုံရိပ်များသည် သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်သွားစေသည်။ ၎င်းတို့ကို သူ မလိုချင်ပါသော်လည်း သူ မထိန်းချုပ်နိုင်ချေ။

အချိန်များ တရွေ့ရွေ့ကုန်လွန်လာခဲ့သည်။

“ အမေတို့အားလုံး အဆင်ပြေကြလား … ”

ရွှီချင်းက ခေါင်းငုံ့၍ မေးမြန်းလိုက်သည်။

ပင်လယ်လေ တဟူးဟူးတိုက်ခတ်လာပြီး သူ၏ဆံပင်များကို ပင့်,မကာ ဖွာလန်ကြဲသွားအောင် တိုက်ခတ်သွားသည်။ ထိုလေအေးတစ်ချက်က ရွှီချင်းကို မှတ်ဉာဏ်များထဲမှ ဆွဲထုတ်လိုက်ပြီး သူ၏မျက်လုံးများ ပြန်လည်စူးရှလာကာ သူ၏မျက်နှာသည်လည်း တဖန် အေးစက်တင်းမာလာသည်။

“ အသက်ရှင်ရမယ် ”

“ ငါ ပိုကောင်းတဲ့ဘဝကိုရရင် ငါ့မိဘတွေကို တွေ့ခွင့်ရနိုင်မှာပဲ ”

“ ဒီတော့ ငါ ပိုအစွမ်းထက်လာမှဖြစ်မယ် ”

ရွှီချင်းက ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။ လရောင်အောက်၌ သူ၏ရုပ်သွင်သည် အဝေးကို စူးစိုက်ကြည့်နေသော အထီးကျန်ဝံပုလွေတစ်ကောင်အလားပင်။

အချိန်အတော်ကြာပြီးနောက် သူသည် လှေကလေးထဲကို ပြန်လျှောက်လာပြီး တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံလိုက်သည်။

အချိန်များ ကုန်လွန်လာခဲ့သည်။

သူ၏မွေးနေ့ပြီးနောက် သူ၏ဘဝက မှန်ကန်သောလမ်းကြောင်းတွင် ရှိနေခဲ့သည်။ နောက်ရက်များတွင် သူသည် လှည့်ပတ်ကြည့်ရှုခြင်းအပြင် ဆေးလုံးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတွင် အချိန်ကုန်နေခဲ့သည်။

ဝိညာဉ်ကျောက်တုံးများကြောင့် ပင်လယ်အသွင်ပြောင်းပညာရပ်က တိုးတက်လာခဲ့ပါသော်လည်း သူ၏ကျင့်ကြံခြင်းက တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။ ယခု သူက အဆင့်ခြောက်မှ အဆင့်ခုနစ်ကို ရောက်သွားပြီဖြစ်သည်။

သူ အဆင့်မြင့်လာလေလေ သူ၏ကျင့်ကြံခြင်းက နှေးကွေးလာလေလေပင်။ သို့သော်လည်း ၎င်းက သူ့ကိုယ်သူ နှိုင်းယှဉ်ခြင်းသာ ဖြစ်သည်။ တခြားလူများနှင့် ယှဉ်ပါက သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက ကြောက်စရာကောင်းလောက်အောင် မြန်ဆန်နေသည်။

တချိန်တည်းမှာပင် ပင်လယ်အသွင်ပြောင်းပညာရပ်၏ အဆင့်ခုနစ်ကို ရောက်သွားပြီးနောက် သူ၏တိုက်ရည်ခိုက်ရည်က ကောင်းကင်နှင့်မြေပြင်အကြား ကွာခြားသည့်ပမာ ဖြစ်လာကြောင်း ကောင်းစွာ ခံစားမိလာသည်။ ယခုတွင် သူသည် ချီရွှဲ့ထုံဂိုဏ်းမရောက်ခင်က သူ့ကို အသက်ရှူချိန် သုံးဆယ်စာအတွင်း သတ်ဖြတ်နိုင်သည်ဟု လုံးဝယုံကြည်နေတော့သည်။

သူနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအကြား ကွာခြားချက် ရှိနေသေးပါသော်လည်း ထိပ်တိုက်ရင်ဆိုင်နိုင်ပြီဟု သူ ယုံကြည်နေ၏။

“ ငါ ပိုအစွမ်းထက်လာရင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သွားသတ်မယ် ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို မသတ်ရသေးပါက သူ၏ရင်ထဲတွင် ဆူးငြောင့်တစ်ခု ရှိနေပြီး ၎င်းကြောင့် အမြဲတမ်း စိတ်မသက်မသာ ခံစားနေရသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ချီရွှဲ့ထုံဂိုဏ်း၏ စည်းမျဉ်းများကြောင့် သူ့ကို ကိုယ်တိုင် လာရောက်မသတ်ဖြတ်နိုင်ပါသော်ငြား သူ့ကို သတ်ရန် တခြားလူများအား စေလွှတ်နိုင်ကြောင်း သူ ခံစားနေရသည်။ ထို့ကြောင့် ထိုဘေးအန္တရာယ်ကို အမြစ်ဖြုတ်ရှင်းလင်းရန် သူ ကျင့်ကြံခြင်းအဆင့်တက်အောင် မြန်မြန်လုပ်နေခြင်း ဖြစ်သည်။

ထို့ပြင် မှော်လှေနှင့်ပတ်သက်၍လည်း သူ နှံ့နှံ့စပ်စပ်သိရှိလာပြီဖြစ်သည်။ ကျောက်စိမ်းပေလွှာထဲမှ စာသားများကို သူ လက်တွေ့အသုံးချခဲ့ပြီဖြစ်ပြီး မှော်လှေအကြောင်းကို သူ လုံးလုံးလျားလျား နားလည်လာခဲ့ပြီဖြစ်၍ မှော်လှေကို သူ၏ထိန်းချုပ်နိုင်စွမ်းမှာလည်း ကြောက်ခမန်းလိလိ အဆင့်တစ်ခုသို့ ရောက်သွားပြီဖြစ်သည်။

လှေကလေးနှင့်ပတ်သက်၍ သူ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပြီး ခံနိုင်ရည်ကို ရွေးချယ်ခဲ့သည်။

လှေကလေးကို အဆင့်မြှင့်တင်ရာတွင် မာကြောမှုနှင့် ခုခံနိုင်မှုအပိုင်းတို့နှင့် သူ စတင်ချင်သည်။ အကြောင်းရင်းမှာ လှေကလေးသာ အလွယ်တကူ မပျက်စီးပါက ကုန်ကျစရိတ်လည်း လျော့နည်းလာမည်ဖြစ်သောကြောင့်ပင်။

တခြားတစ်ဖက်တွင် ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီးထဲ၌ အန္တရာယ်များနှင့် ပြည့်နှက်နေ၍ မှော်လှေကလေးက ရွှီချင်း၏ တစ်ခုတည်းသော ဘေးကင်းလုံခြုံရာနေရာ ဖြစ်သည်။ သူ အိပ်စက်အနားယူရန်၊ ဆေးဝါးဖော်စပ်ရန်နှင့် ကျင့်ကြံရန် ထိုကဲ့သို့နေရာတစ်ခု လိုအပ်သည်။

သို့ဖြစ်၍ ထိုနေရာလေးကို လုံလောက်သောအကာအကွယ်ရရန် အဆင့်မြှင့်တင်ရပေမည်။

တချိန်တည်းမှာပင် ဤရက်အနည်းငယ်အတွင်း ဆေးလုံးအမြောက်အမြားကို ရွှီချင်း ဖော်စပ်ထားခဲ့ပြီး ဖြစ်သည်။

အဖြူရောင်ဆေးလုံးများနှင့်အတူ အနက်ရောင်ဆေးလုံးများလည်း ပါသည်။

ယခင်နည်းလမ်းအတိုင်း သူက အနက်ရောင်ဆေးလုံးများကို ဖော်စပ်ခဲ့သည်သာမက သူ ယခင်က အသုံးပြုခဲ့သည့် အဆိပ်မှုန့်များကိုလည်း ဖော်စပ်ခဲ့သည်။

ဆေးလုံးများကို သူ ဖော်စပ်သည့်အခါတိုင်း အလွန် အာရုံစိုက်လုပ်ဆောင်သည်။ ဆေးပင်များနှင့် ဆေးများက ယခင်က သူ အရူးအမူး သင်ကြားခဲ့ရသည့် သက်မွေးပညာရပ်ဖြစ်သည်။ သူ သင်ကြားခဲ့ရသည်များကို သူ မြတ်နိုးတန်ဖိုးထားပြီး အရိုးများထဲစွဲအောင် မှတ်သားထားသည်။

ဆေးဖော်စပ်ပြီးနောက် လက်ကျန်ဆေးပင်များကို လှေကလေးထဲတွင် သေချာသိမ်းဆည်းထားလိုက်သည်။ ထို့ကြောင့်သူ လှေကလေးက ဆေးပင်အမျိုးမျိုးနှင့် ပြွတ်သိပ်နေပေသည်။

မြို့ထဲတွင် လူများစွာ ရှိနေသည်ဖြစ်၍ သူ အသစ်အဆန်းများလုပ်ရန် မလွယ်ပေ။ ထို့ကြောင့် သူက အဆိပ်ဆေးအသစ်ကို မဖော်ဘဲ ဆေးပင်များစွာကို စုဆောင်းထားခြင်းလည်း ဖြစ်သည်။

သူက အပြင်ထွက်ကာ ဆေးပင်များ ဖော်စပ်နိုင်သည့် လျှို့ဝှက်တစ်နေရာကို ရှာရန် စီစဉ်ထားသည်။

လူဆိုးထိန်းဌာနမှ အလုပ်နှင့်ပတ်သက်၍ ရက်အနည်းငယ်ကြာသောအခါ သူ အလုပ်ကို အကျွမ်းတဝင်ဖြစ်လာသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လူဆိုးထိန်းဌာနတစ်ခုလုံး ညဉ့်ငှက်အဖွဲ့အစည်း၏ အသိုက်ကို ရှာဖွေနေကြပြီး နေ့တိုင်း သဲလွန်စများစွာ တင်ပြကြသည်။

ထိုအသိုက်ကို ဌာနက ရှာတွေ့ရန် သိပ်မလိုတော့ကြောင်း ရွှီချင်း ခံစားမိနေသည်။

ယနေ့က သူ၏ညတာဝန်မဟုတ်ပါသော်လည်း တခြားတစ်ယောက်နှင့် သူ လဲထားလိုက်သည်။

လူဆိုးထိန်းဌာန၏တာဝန်ထဲတွင် ညအခါ ကင်းလှည့်ခြင်းလည်း ပါဝင်သည်။ ဂိုဏ်းသားတိုင်း အလှည့်ကျတာဝန်ယူရသည်။ သို့သော် သူတို့ တာဝန်ကျသည့်အခါတိုင်း အလွန် သတိထားကြသည်။

ထို့ကြောင့် အပြင်ဘက်လောကရှိ ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မည်းလာသောအခါ ရွှီချင်းက အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး သူ၏အင်္ကျီလက်များထဲတွင် အဆိပ်မှုန့်များ ထားလိုက်သည်။ ထို့နောက် ဓားမြှောင်နှင့် သံတုတ်ကလေးကို အောက်တွင်ထားကာ မှော်လှေကလေးထဲမှ သူ ထွက်လာခဲ့သည်။

အပြင်ဘက်၌ နေဝင်ဖျိုးဖျအချိန်ကို ရောက်နေပြီဖြစ်သည်။ ကောင်းကင်ကြီး မှောင်မည်းကာ မြေပြင်မှ အလင်းရောင်များ လျော့ပါးလာသည်။ မိုးရေစက်များက မြို့ကြီးပေါ် တဖြောက်ဖြောက် ကျဆင်းနေသည်။

ရွှီချင်းက အမှောင်ထုထဲ တိုးဝှေ့ဝင်ရောက်သွားသည်။ မိုးရေစက်များအောက်တွင် သူသည် ညအမှောင်ထုနှင့် တစ်သားတည်း ပေါင်းစပ်သွားဟန်တူပြီး ရှေ့ဆက်နေသည်။

ထိုစဉ် လေပြေတစ်ချက်က ရွှီချင်း၏ဝတ်ရုံရှည်ကို လာရောက်တိုက်ခတ်နေပေရာ တဖျပ်ဖျပ်လွင့်နေတော့သည်။ ထိုလေသည် အေးစက်နေပြီး အသက်ရှူလိုက်သည်နှင့် လန်းဆန်းတက်ကြွသောခံစားချက် ရမည်ဖြစ်သည်။

မြို့ထဲတွင် အပူများ လျော့ပါးသွားပါသော်ငြား လေထဲတွင် ထူးခြားသောအငွေ့အသက်အနည်းအကျဉ်း ရှိနေဆဲပင်။

သူသည် သွားနေရင်း သူ၏သန့်ရှင်းသောဖိနပ်များက မိုးရေကြောင့် တောက်ပြောင်နေသော မိုးပြာရောင်လမ်းခင်းကျောက်များကို နင်းမိနေပေရာ တဖပ်ဖပ်မြည်သံများ စည်းချက်ချစွာ ထွက်ပေါ်နေသည်။ အဝေးမှ ကြည့်ပါက မြေပြင်ပေါ် သူ ခြေလှမ်းလိုက်သည့်အခါတိုင်း ရေစက်များက ပန်းဖွားလေးများသဖွယ် ပျံတက်လာသည်ကို မြင်ရပေမည်။

မကြာခင် ကောင်းကင်ကြီး မှောင်အတိကျသွားပြီး မိုးများက သည်းထန်စွာ ရွာသွန်းလာသည်။ ရွှီချင်းသည် လမ်းကြိုလမ်းကြာများနှင့် ပိတ်ထားသော ဆိုင်များကို ဖြတ်ကျော်ကာ သွေးသံရဲရဲမြင်ကွင်းများကို ရှောင်ကွင်းလာခဲ့သည်။ ညသန်းခေါင်ယံအချိန်၌ ပန်းချွမ်လမ်းကို သူ ရောက်လာသည်။

အဝေးရှိ တည်းခိုခန်းကို သူ လှမ်းကြည့်လိုက်ပြီးနောက် ချောင်တစ်ချောင်ရှိ တံစက်မြိတ်အောက်တွင် ရပ်နေလိုက်ပြီး တိတ်ဆိတ်စွာ စောင့်နေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူ၏သတင်းပေးသမားက ချင်းယွမ်ကျစ်ဆိုသည့် ရာဇဝတ်ကောင်တစ်ယောက်အကြောင်းကို ပြောပြခဲ့သည်။

ရာဇဝတ်သားစာရင်းကျောက်စိမ်းပေလွှာထဲတွင် ထိုလူက ဝိညာဉ်တိမ်လွှာဆိုသည့်ဂိုဏ်းလေးတစ်ဂိုဏ်းမှ လူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြထားသည်။ သူသည် ချီစုစည်းခြင်းအဆင့်ကိုးကို ရောက်နေပြီဖြစ်ပြီး ရက်စက်ကြမ်းကြုတ်ကာ ရမ္မက်ကြီးသည်။ သူ လာခဲ့သည့်ဂိုဏ်းမှ ဂိုဏ်းသူများစွာကို သူ သတ်ဖြတ်ခဲ့ပြီး ထိုအတွက်ကြောင့် သူ ဂိုဏ်းမှ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူက ရွာများစွာကို ဝင်ကာ ဓားမြတိုက်ခဲ့ပြီး ရွာသူများကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။

သို့သော်လည်း ရွှီချင်းက ထိုလူနှင့် ရန်ငြိုးရန်စမရှိသည့်အတွက်ကြောင့် မဖမ်းခဲ့ပေ။

ဤရက်စက်ကြမ်းတမ်းသော လောကကြီး၌ လူအားလုံးတွင် အသက်ရှင်သန်ရေးအတွက် နည်းလမ်းများ ရှိကြသည်။ ရာဇဝတ်မှုများနည်းပါးသွားအောင် သူ ဂရုမစိုက်အားပေ။

သို့သော်လည်း ထိုလူက အမှားတစ်ခု ကျူးလွန်လာခဲ့သည်။

ရွှီချင်း၏သတင်းပေးသမားက လွန်ခဲ့သောနှစ်ရက်က အဆိပ်ဖြေဆေးတောင်းရန်အလို့ငှာ သူတို့နှစ်ယောက်ဆုံတွေ့ခဲ့သည့်နေရာဖြစ်သော လူစည်ကားသည့်မြို့ထဲ ဒုတိယအကြိမ် ပေါ်လာသင့်ပါသော်လည်း မပေါ်လာခဲ့ချေ။

ထို့ကြောင့် ရွှီချင်း တစ်နေ့လုံး လိုက်ရှာနေခဲ့သည်။

လေက ပြင်းထန်ပါသော်လည်း ဝိညာဉ်ကြေးပြားများပေါ်ရှိ အဆိပ်မှုန့်၏ ထူးခြားသောအနံ့အသက်ကို လွယ်ပါးအောင် မလုပ်နိုင်ချေ။ ထို့ကြောင့် အမျိုးသမီး၏နေအိမ်ကို ရွှီချင်း အလွယ်တကူ ရှာတွေ့ခဲ့ပြီး အထဲတွင် ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့သည့်ခြေရာလက်ရာများကို မြင်ခဲ့ရသည်။ အဆိပ်နံ့အတိုင်း သူ နောက်ယောင်ခံလိုက်ကြည့်ခဲ့ရာ ဤတည်းခိုခန်းကို သူ တွေ့ခဲ့ရသည်။

တစ်နေ့ခင်းလုံး စောင့်နေခဲ့ပြီးနောက် အဆိပ်နံ့ စွဲထင်နေသည့်လူတစ်ယောက် တည်းခိုခန်းထဲ ဝင်သွားသည်ကို မြင်ခဲ့ရသည်။

ထိုလူသည် ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားသော ရာဇဝတ်ကောင် ချင်းယွမ်ကျစ်နှင့် တထေရာတည်းပင်။

ထို့ကြောင့် ရွှီချင်းသည် တခြားတစ်ယောက်နှင့် တာဝန်ချင်းလဲကာ ဤနေရာတွင် တိတ်ဆိတ်စွာ လာရောက်စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

သူ၏သတင်းပေးသမားကို သူ စောင့်ရှောက်ပေးရမည် မဟုတ်ပါလား။

#ဘာသာပြန်သူမှတ်စု ။ အိုက် ယား ...ရွှီချင်းတောင် ( ၁၅ ) နှစ်ပြည့်သွားပြီ။ ငါက အခုထိ ကောင်မလေး မရသေးဘူး။ နတ်မိမယ်လေးတစ်ယောက် လာကယ်မတော်မူပါ

All Chapters