အခန်း (၁၇၃)
Vol. 12 Ch. 173
အထက်တန်းကျောင်း စီနီယာတန်းစသည့်အချိန်တွင် သင်ကြားရေးပတ်ဝန်းကျင်သည် သိသိသာသာပိုပြီး တင်းမာလာ၏။ ကာယနှင့် ဂီတအချိန်များအားလုံးကို ပယ်ဖျက်လိုက်ပြီး အဓိကဘာသာရပ်များဖြင့် အစားထိုးလိုက်သည်။
ငြီးငွေ့ဖွယ်ကောင်းသည့် စာသင်ရခြင်း၏ အချိန်ကာလအတွင်းတွင် အာရုံပြောင်းစေနိုင်ဆုံးသောအရာမှာ အချစ်အကြောင်းအရာ အတင်းအဖျင်းများ ဖြစ်ကြ၏။ မည်သူက မည်သူနှင့် တွဲနေသည်၊ မည်သူက မည်သူနှင့် ပြတ်သွားသည် စသည့်အကြောင်းအရာများပင်။
သူတို့အကြားတွင် ကျောင်းတော်၏မင်းသားလေး ဟန်ဟောက်ရန်၏ စိတ်ခံစားချက် အခြေအနေကတော့ ကျယ်ကျယ်ပြန့်ပြန့် သတင်းအထွက်ဆုံး ဖြစ်ကာ သူ့ရဲ့ကောင်မလေးက ထျန်းရွှယ်ယာ အလိုလို ဖြစ်လာသည်။
ဆွန်းယွဲ့ရှင်း ခန့်မှန်းထားသည့်အတိုင်းပင်။ ထျန်းရွှယ်ယာသည် နွေရာသီအားလပ်ရက်တစ်ခုလုံးနီးပါး ဟန်ဟောက်ရန်နား တွယ်ကပ်နေသဖြင့် သူမသည် လှည့်စားမှုများကို မကျင့်သုံးဘဲ အဘယ်မှာ ရှိနိုင်ပါမည်နည်း။
"အင်း ငါ လူမိုက်တွေရဲ့ လမ်းပိတ်ထားတာ ခံလိုက်ရတယ်လေ။ ငါ့ကို လာကယ်ပေးခဲ့တဲ့သူက ဟန်ဟောက်ရန်ပေါ့"
"ငါ တစ်ပတ်လောက် အိပ်ရာထဲမှာ လဲသွားတာ။ သူက နေ့တိုင်း ငါ့ကို လာတွေ့တယ်လေ"
"သူက စာကြည့်လိုက်သွားဖို့ အဝတ်အစားနဲ့ စာရေးကိရိယာဝယ်ဖို့ ငါနဲ့ အဖော်လိုက်ပေးတယ်လေ။ သူက အရမ်းကို သိမ်မွေ့တဲ့သူပဲ..."
"..."
ကျောင်းစဖွင့်သည်နှင့်ချက်ချင်း ကျောင်းသူ ကျောင်းသားများသည် ဒီနှစ်နွေရာသီတွင် သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်ပေးခဲ့သည့် ဟန်ဟောက်ရန်နှင့် ထျန်းရွှယ်ယာတို့ကြားက အချစ်ဇာတ်လမ်းအကြောင်းကို သိသွားကြသည်။
ဟန်ဟောက်ရန်က မိန်းကလေးများကို အရှက်မကွဲစေလိုသည့်သဘာဝကို ထည့်မပြောလျှင်ပင် ထျန်းရွှယ်ယာ ပြောသမျှ အရာအားလုံးက အမှန်အကန် ဖြစ်လာခဲ့၏။ ဟန်ဟောက်ရန်ကလည်း ဒါကို ငြင်းဆန်ဖို့ရန်နည်းလမ်း လုံးဝမရှိခဲ့ချေ။
အကယ်၍ သူက ငြင်းဆန်ခဲ့လျှင် ရှက်စရာကောင်းသည်ဟု သတ်မှတ်ခံရနိုင်သလို လုပ်တော့လုပ်ရဲပြီး ဝန်မခံဘဲ တခြားမိန်းကလေးများနှင့် ဆက်ပြီး အီစီကလီ လုပ်ချင်နေသည့် အကြင်နာမဲ့သည့်လူတစ်ယောက်ဟုလည်း သတ်မှတ်ခံရနိုင်သည်။
ကျောက်ချန်မှာ ဟန်ဟောက်ရန်ကိုယ်စား မကျေမနပ်ဖြစ်နေတော့၏။ ဟန်ဟောက်ရန်ကလည်း စိတ်အခြေအနေ မကောင်းသည့်ဟန်တူသည်။ ဒီပြဿနာကို မည်သို့ဖြေရှင်းရမည့်အကြောင်းကို စဉ်းစားနေပုံရ၏။
သိပ်မကြာခင်တွင် သူတို့၏အတန်းဖော်များသည် သူတို့ကို ဆက်ပြီးဂရုမစိုက်ကြတော့ချေ။ ဟောက်ကျန်းက အဓမ္မပြုကျင့်ကာ ငွေညှစ်ခြင်းကြောင့် အဖမ်းခံရသည့် သတင်းကပျံ့နှံ့လာခဲ့ပြီး အနီးအနားက ကျောင်းများအပြင် အထူးသဖြင့် အမှတ်၁၄အထက်တန်းကျောင်းနှင့် ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်း တို့တွင် တော်တော်လေး မွှေနှောက်သွားခဲ့သည်။
နောက်ဆုံး သူတို့သည် တစ်နှစ်တာ အတန်းဖော်များ ဖြစ်ခဲ့ကြသည်။ ဒါသည် ကျောင်းသူကျောင်းသား အများစု၏ပတ်ဝန်းကျင်တွင် အရက်စက်ဆုံး ရာဇဝတ်မှုကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ထိုကိစ္စကို မဆွေးနွေးဘဲ အဘယ်မှာ နေနိုင်ကြပါမည်နည်း။
ရှမြန်နှင့် တခြားသူများကတော့ ဒီကိစ္စတိုးတက်မှုအကြောင်းကို ဆွေးနွေးလာခဲ့ကြသည်။
"ဒီအမှုကို အစိုးရရှေ့နေရုံးကို တင်သွင်းလိုက်ပြီတဲ့" ဆွန်းယွဲ့ရှင်းက ပြောသည်။ "ငါ့အဖေက ပြောတယ်။ ရဲတွေက သက်သေတွေ အများကြီး တွေ့ခဲ့တယ်တဲ့။ အဲဒီတိရစ္ဆာန်ကောင်ကို အနည်းဆုံး၇နှစ်၊ ၈နှစ်လောက်တော့ စီရင်ချက်ချကြလိမ့်မယ်တဲ့။ ၁၀နှစ်ကျော်တောင် ဖြစ်နိုင်သေးတယ်တဲ့"
နောက်ဆုံး သူတို့၏ကလေးသည် သတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ဆွန်းယွဲ့ရှင်း၏ အဖေနှင့် လီလီကျန်းတို့၏အဖေ ၂ယောက်စလုံးက ဒီအမှုကို အလွန်စိုးရိမ်ကြပြီး ဟောက်ကျန်းကို လေးလံသည့်စီရင်ချက်တစ်ခု ချနိုင်ဖို့ရန်အတွက် သူတို့၏အဆက်အသွယ်အားလုံးကို သုံးခဲ့ကြသည်။
"ဟောက်ကျန်းရဲ့အဖေက သူ့ကို ကယ်ပေးချင်သေးတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူက တစ်ခါပဲ ပေါ်လာပြီးတော့ ဘယ်တော့မှ ထပ်မပေါ်လာတော့ဘူးတဲ့" ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။
"ကြည့်ရတာ အလုပ်မှာလည်း ပြဿနာတချို့ရှိနေတဲ့ပုံပဲ"
"သူ့အမေကတော့ လက်မလျှော့ချင်ခဲ့ပါဘူး။ ဒါပေမဲ့ သူလည်း နောက်ပိုင်းကျတော့ သိပ်ပြီးတော့ ဂရုမစိုက်နိုင်တော့ဘူးလေ"
ကျောက်ချန်က မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
"ဟောက်ကျန်းရဲ့အဖေက အပြင်မှာ မယားငယ်တစ်ယောက် ရှိပြီး အဲဒီမယားငယ်က သားတစ်ယောက် မွေးထားတာတဲ့။ သူ့အမေက ဒီကိစ္စကို ဖြေရှင်းရတာနဲ့ အလုပ်များနေတာလေ"
တစ်နည်းအားဖြင့် ပြောရလျှင် မည်သည့်အကြောင်းပြချက်မဆို ဟောက်ကျန့်ကော်သည် ဟောက်ကျန်းကို လုံးဝ လက်လျှော့ထားနှင့်ပြီးသားဖြစ်၏။ အကယ်၍ ဟောက်ကျန်းက ၇နှစ်၊ ၈နှစ် နေပြီးနောက် ထွက်လာခဲ့လျှင်ပင် သူသည် ဟောက်မိသားစုထဲတွင် ရပ်တည်ဖို့ရန် နေရာရှိလိမ့်တော့မည် မဟုတ်ချေ။ သူ့ဘဝကတော့ ပြီးဆုံးသွားပေလိမ့်မည်။
လီလီကျန်းက စိတ်အေးသွားကာ ပြောလိုက်၏။ "ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲလေ"
ဆွန်းယွဲ့ရှင်းက သက်ပြင်းချလိုက်၏။ "ရှစ်စန်းထိုက်ပေါင်ထဲက တစ်ဝက်လောက်ကလည်း ထောင်ကျသွားခဲ့တယ်။ ငါ ကြားတာကတော့ တခြားသူတွေက ကြံရာပါအနေနဲ့ အနည်းဆုံး ထောင်တစ်နှစ် ကျခံရမယ်လို့ ပြောတယ်"
ကျောက်ချန်က သရော်ကာ ရယ်မောလိုက်၏။ "သူတို့တွေက ဟောက်ကျန်းကို မိမိုက်တယ်လို့ ထင်ကြတာ မဟုတ်ဘူးလား။ အခု သူတို့တွေလည်းပဲ မိမိုက်သွားကြပြီပေါ့"
ဒီအချိန်တွင် သူသည် မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်၏။ "အမှတ်၁၄အထက်တန်းကျောင်းက ရှစ်စန်းထိုက်ပေါင်တွေကလည်း တော်တော် ရယ်စရာကောင်းတာပဲ။ သူတို့ထဲက တစ်ဝက်က ပြဿနာရှာပြီး အချုပ်ထဲ ရောက်သွားကြတယ်။ ကျန်တဲ့တစ်ဝက်ကတော့ အပြင်ဘက်မှာ ကောင်းတဲ့ကိစ္စတွေကို လုပ်နေကြတယ်လေ"
ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "ဖန့်ရှောင်မန့်က ဒီလောက်ကောင်းတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ ထင်တောင်မထားဘူး"
ဟောက်ကျန်း၏ အဓမ္မပြုကျင့်သည့်ကိစ္စက ဆူဆူပူပူ ဖြစ်သွားခဲ့ပြီးသည့်နောက်တွင် အမှတ်၁၄အထက်တန်းကျောင်းက မိန်းကလေးကျောင်းသူများသည် မလုံခြုံသလို ခံစားလာရပြီး ကောလာဟလများကလည်း ကျောင်းဝန်းထဲတွင် ပျံ့နှံ့နေခဲ့သည်။ ဟောက်ကျန်းနှင့် အဆက်အဆံ ရှိခဲ့ဖူးသည့် မိန်းကလေးများအားလုံးကို သူ၏နှိပ်စက်ခံခဲ့ရသည်ဟု သံသယဖြစ်လာကြ၏။
ဒီနေ့ခေတ်လို ပွင့်လင်းမြင်သာလှသည့် လောကထဲတွင်ပင် အကြမ်းဖက်ခံခဲ့ရသည့် မိန်းကလေးများသည် ဝေဖန်ခံရလိမ့်မည်ဖြစ်ကာ သမီးရည်းစားကိစ္စက လက်ထပ်ခြင်းကိစ္စနှင့် ညီမျှသည့် ဒီလိုရှေးရိုးစွဲခေတ်တစ်ခုတည်းတွင်တော့ ပြောနေရန်မလိုတော့ချေ။
နစ်နာသူသည် တရားခံထက် ပိုဆိုးဝါးသည့် လူထုဖိနှိပ်ခြင်းကို ရင်ဆိုင်ရလိမ့်မည်။ ဒါကြောင့်ပင် ဟောက်ကျန်းကလည်း ဘာထိန်းချုပ်ခြင်းမှမရှိဘဲ ဒီလိုအကျပ်ကိုင်ခြင်းဖြင့် အောင်မြင်ခဲ့ရခြင်းဖြစ်၏။
သက်သေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သတင်းက ပျံ့နှံ့သွားပြီဆိုလျှင် မိန်းကလေးတစ်ယောက်သည် သူမ၏လက်ကျန်ဘဝတွင် သူမ၏ခေါင်းကို ဘယ်တော့မှ မော့ထားနိုင်တော့မည် မဟုတ်ဘဲ သူမ၏ဘဝကလည်း ပျက်စီးသွားလိမ့်မည်။
တစ်ပတ်အတွင်းတွင် အမှတ်၁၄အထက်တန်းကျောင်းက မိန်းမလှလေး တော်တော်များများက ဒီကိစ္စကြောင့် အနိုင်ကျင့်ခံခဲ့ကြရ၏။
သို့သော်ငြားလည်း ဖန့်ရှောင်မန့်က အရေးယူလိမ့်မည်ဟုတော့ မည်သူကမှ မျှော်လင့်မထားခဲ့ကြချေ။ သူမက ဒီလိုကိစ္စမျိုးကို သတင်းဖြန့်သည့် မည်သူ့ကိုမဆို တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့သည်။ ဒီသတင်းကို ဖြန့်သည့်မည်သူမဆို သူမက သိရှိခဲ့လျှင် ဖမ်းချုပ်ကာ အပြစ်ပေးခံရလိမ့်မည်ဖြစ်၏။
တစ်ကြိမ်တွင်တော့ သူမသည် ပါးသကျင်းအဖွဲ့၏ ခေါင်းဆောင်ကို တိုက်ရိုက်ပညာပေးခဲ့၏။ လိုရင်းကို ပြောရလျှင် ဒီကိစ္စကို သူ့မနှင့် ရှစ်စန်းထိုက်ပေါင်ထဲက ကျန်နေသည့်လူများက ဖိနှိပ်ခဲ့သည်ဟုဆိုရမည်။
ဖန့်ရှောင်မန့်က ပါးသ့ကျင်းအဖွဲ့၏ခေါင်းများကို ရိုက်ခွဲပစ်သည်ဟု ပြောသည့်အချိန်တွင် ကျောက်ချန်သည် ရှမြန်ကို ဆက်တိုက်လှမ်းကြည့်နေလေ၏။
ရှမြန်မှာ ဆွံ့အစွာဖြင့် ပြောရတော့၏။ "နင့်မှာ ပြောချင်တာ ရှိတယ်ဆိုရင်လည်း ဒီအတိုင်း ပြောလိုက်စမ်းပါ။ ဘာဖြစ်လို့ ချီတုံချတုံ ဖြစ်နေတာလဲ"
"ဘာမှမဟုတ်ပါဘူး" ကျောက်ချန်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ငါတို့တွေက အဲဒီလိုကိစ္စမျိုးမှာ လူတွေကို အကျိုးအကြောင်း ပြောပြပြီး နားချသင့်တယ်လို့ နင်က ပြောနေတဲ့ကိစ္စကို ငါစဉ်းစားနေတာပါ"
တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ဟန်ဟောက်ရန်ကလည်း ပြောလိုက်၏။ "ဟုတ်တယ်။ နင်က အကြမ်းဖက်တာကို သဘောမကျဘူး မဟုတ်လား"
ထိုအကြောင်းကို ပြောလိုက်သည်တွင် ကျောက်ချန်ကလည်း မနေနိုင်တော့ဘဲ ညည်းညူလိုက်၏။
"အစ်မကြီး နင်လေ ဒါကိုတကယ်ပဲ သေချာဖုံးကွယ်ထားခဲ့တာပဲ။ နင်က တိုက်ခိုက်တဲ့နေရာမှာ အဲဒီလောက်အထိ တော်ပါရဲ့နဲ့ နင်က ရှိသမျှလူအားလုံးကို တခြားသူတွေကို ကျိုးကြောင်းပြပြီး နားချရတာ သဘောကျတယ်လို့ ပြောနေသေးတယ်လေ"
"အဲဒီနေ့က ငါ အိပ်မက်မက်နေတယ်လို့တောင် ထင်သွားခဲ့တာ"
ရှမြန်က ပြုံးလိုက်၏။ "ငါက ရန်ဖြစ်ဖို့ သွားလိုက်တာမှ မဟုတ်တာ။ ငါက ဒီကိစ္စကို ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကြိုးစားနေတာ။ နောက်ဆုံး ငါတို့ပြောတဲ့စကားကို နားလည်မှာမဟုတ်တဲ့ ဟောက်ကျန်းလို လူတွေကလည်း အမြဲတမ်း ရှိနေမှာပဲလေ။ ဒီတော့ သူတို့ကို နားလည်အောင်လုပ်ဖို့ ငါက သူတို့ကို ရိုက်နှက်ရုံပဲ တတ်နိုင်တော့တာပေါ့"
"အမှတ်၁၄အထက်တန်းကျောင်းက ကျောင်းသားအများစုကလည်း လူတွေရဲ့ ပြောစကားကို နားလည်ကြတာ မဟုတ်ဘူးလေ။ ဒီတော့ ဖန့်ရှောင်မန့်က သူတို့တွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆုံးမတာက မမှားပါဘူး"
"ဒီတော့ အင်အားသုံးခဲ့တာက အခြေအနေတွေကို ပိုပြီးကောင်းမွန်လာအောင် လုပ်ဖို့ဆိုပါတော့လေ"
သူတို့သည် ဒီလိုအဆိုမျိုး ကြားရဖူးသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်တော့၏။ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က မနေနိုင်တော့ဘဲ လက်မထောင်ပြတော့သည်။ "မိုက်လိုက်တာ"
ကျောက်ချန်နှင့် ဟန်ဟောက်ရန်တို့ကတော့ ဝါးလုံးကွဲမတတ် အော်ရယ်ကြလေသည်။
ဆွန်းယွဲ့ရှင်းက သက်ပြင်းချလိုက်၏။ "ငါတို့ကျောင်းက တက်ကြွတဲ့ကျောင်းသား စိတ်ဓာတ်တစ်မျိုး ရှိကြတဲ့ လူတိုင်းက အလွန်ဆုံး ခဏလောက်တော့ အံ့သြသွားရလိမ့်မယ်။ ပြီးရင်တော့ သူတို့တွေက ကျောင်းဝန်းထဲက လူချောလေးအကြောင်းကို ဆက်ပြီးတော့ သတင်းဖြန့်ကြမှာပဲ။ ရှုပ်ရှုပ်ထွေးထွေး ပြဿနာတွေ ထပ်ရှိလာတော့မှာ မဟုတ်ပါဘူး"
လီလီကျန်းကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။ "အမှတ်၁၄အထက်တန်းကျောင်းကလူတွေ ဘယ်လို စာသင်ကြလဲမသိဘူး။ နင်က ငါ့ကိုအနိုင်ကျင့်ရင်ကျင့်။ ဒါမှမဟုတ်ရင် ငါက နင့်ကို အနိုင်ကျင့်မှာပဲလို့ ခံစားနေရတယ်"
သို့သော်ငြားလည်း သူတို့စကား ပြောပြီးသွားသည်နှင့်ချက်ချင်း မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတော့သည်။
ထို့အပြင် ဝေဖန်ခံရသူမှာ ရှမြန်သာ ဖြစ်တော့၏။
ကောလာဟလကို ဖြန့်ခဲ့သည့်တရားခံကတော့ သူငယ်ချင်းဟောင်းကြီး ထျန်းရွှယ်ယာပင် ဖြစ်နေသေးသည်။ သူမသည် တူညီသည့် နည်းလမ်းဟောင်းကိုသာ အသုံးပြုခဲ့၏။
ပြဿနာကတော့ ကျောင်း၏ မင်းသားချောလေး ဟန်ဟောက်ရန်ဖြင့်သာ စလေသည်။
ဆွန်းယွဲ့ရှင်း ပြောခဲ့သည့်အတိုင်းပင်။ ဟောက်ကျန်းသည် တစ်နှစ်ကျော်ကျော် ကျောင်းထုတ်ခံခဲ့ရပြီး ထိုအကြောင်းကို ခဏလောက် ဆွေးနွေးတိုင်ပင်လိုက်ကြ၏။ လူများကလည်း ထိုအကြောင်းကို မေ့ပျောက်သွားခဲ့ကြ၏။ ဒါက ဟန်ဟောက်ရန်နှင့် ထျန်းရွှယ်ယာတို့ကြားက စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲလောက် စိတ်ဝင်စားစရာမကောင်းကြပေ။
ထျန်းရွှယ်ယာက သူတို့၏နွေရာသီ အားလပ်ရက်ကို အလွန်စိတ်ကူးယဉ်စရာကောင်းပြီး ချိုလွင်စရာကောင်းသည့်ပုံစံမျိုးဖြင့် သရုပ်ဖော်ပြသည်။ သို့သော်ငြားလည်း အမှန်တွင်တော့ ဟန်ဟောက်ရန်သည် အားလုံးကို ဘာမှမရှင်းပြသော်ငြားလည်း သူသည် ထျန်းရွှယ်ယာနှင့် စကားမပြောသလောက်ရှိပြီး အခြားမိန်းကလေးများထက် သူမကို ပိုပြီးအေးစက်စက် သဘောထားခဲ့သည်။
ကျောင်းဆင်းချိန် သို့မဟုတ် စာသင်နေရင်း အားလက်ချိန်ရောက်လာလျှင် ဟန်ဟောက်ရန်သည် ကျောက်ချန်ကဲ့သို့ပင် အခန်း၃သို့ ပြေးသွားတတ်ပြီး အမြဲတမ်း ရှမြန်ကို သွားရှာတတ်သည်။ ထျန်းရွှယ်ယာက ဟန်ဟောက်ရန်၏ အင်္ကျီစကိုပင် မထိကိုင်နိုင်တော့ပေ။
ရှမြန်အတွက်တော့ သူတို့သည် ဘေးချင်းယှဥ်ကာ အတူတူ တိုက်ခိုက်လာပြီးကတည်းက သူ့ကို အမြဲတမ်း သဘောမကျ ဖြစ်လာခဲ့သည့် ဆွန်းယွဲ့ရှင်းကပင် ဟန်ဟောက်ရန်ကို ဆက်ပြီး မငြင်းပယ်တော့ချေ။ နောက်ဆုံး သူသည် ထိုအချိန်က သူ၏ ရှိသမျှခွန်အားများဖြင့် သူတို့ကို ကာကွယ်ပေးဖို့ အမှန်ပင် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် အားလုံးက ရှမြန်နှင့် ပတ်သက်ပြီး သာမန်လျှို့ဝှက်ချက်တစ်ခုကို သိနေကြကတည်းက သူတို့၏ဆက်ဆံရေးက အမှတ်တမဲ့ ပိုပြီးရင်းနှီးလာခဲ့သည်။
တဖြည်းဖြည်းနှင့် ဟန်ဟောက်ရန်သည် ထျန်းရွှယ်ယာကို သစ္စာဖောက်ကာ ရှမြန်ကို ပိုးပန်းနေသည်ဟူသည့် ကောလာဟလက ပျံ့နှံ့လာ၏။
ဒီလိုပိုးပန်းခံရသည့် ကောလာဟလမျိုးကို မကြာခဏဆိုသလို ကြားနိုင်ကြသည်။ ထို့ကြောင့် ရှမြန်ကလည်း သိပ်ပြီး အလေးမထားခဲ့ချေ။ ဟန်ဟောက်ရန်အတွက်ကတော့ သူလည်း သူမကဲ့သို့ပင် လျစ်လျူရှုထားလိုက်၏။
ပါဝင်ပတ်သက်နေသည့် လူ၂ယောက်က ဘာတစ်ခွန်းမှ မပြောကြပေ။ သို့သော်ငြားလည်း ထျန်းရွှယ်ယာက ခုန်ထွက်လာကာ သူတို့အတွက် ရှင်းပြပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ရှမြန်က အဲဒီအချိန်တုန်းက ဟောက်ကျန်းနဲ့ သူ့လူတွေရဲ့ လမ်းပိတ်ထားတာ ခံခဲ့ရတယ်လေ။ ဟန်ဟောက်ရန်နဲ့ ကျောက်ချန်တို့ကလည်း သူ့ကို သွားကယ်ပေးခဲ့တာပေါ့"
"ဟန်ဟောက်ရန်က သူ့ကို ပိုးပန်းနေတာ မဟုတ်ပါဘူး။ သူက ရှမြန်ကို ဒီအတိုင်း စိတ်ပူလို့ပါ။ နင်တို့လည်း သိပါတယ် သူက အရမ်းကောင်းတဲ့ သူတစ်ယောက်လေ"
"ကျောက်ချန်နဲ့ လီလီကျန်းတို့က သူတို့အချိန်ရှိတဲ့အချိန်တိုင်း ရှမြန်ကို သွားတွေ့နေကြတာပဲ မဟုတ်လား။ သူတို့အားလုံးကလည်း ရှမြန်ကို စိုးရိမ်နေကြတာပဲလေ"
ဒီယုတ္တိရှိသည့် စကားလုံးများကို ပြောလိုက်သည်နှင့်ချက်ချင်း ဟောက်ကျန်း၏ အပြစ်များကို အတည်ပြုလိုက်ခြင်းနှင့် ပေါင်းစပ်လိုက်လျှင် လူများသည် သူတို့၏စိတ်ထဲတွင် ကိစ္စပေါင်းများစွာကို အလိုလို ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သွားတော့သည်။
ရှမြန်အကြောင်း ကောင်းကောင်းသိကြသည့် ကျောင်းသားများအတွက်တော့ အဆင်ပြေသည်။ သို့သော်ငြားလည်း သူမနှင့် သိပ်ပြီးမရင်းနှီးကြသည့် တခြားသူများကတော့ မနေနိုင်တော့ဘဲ ခန့်မှန်းချက်များကို ပြုလုပ်ကြလေတော့၏။
ဒီကိစ္စက အလွန်ယုံကြည်စရာ ကောင်းနေလေသည်။ ဟောက်ကျန်းက ရှမြန် အထက်တန်းပထမနှစ် တက်သည့်အချိန်က သူမကို အနိုင်ကျင့်ချင်ခဲ့သည်။ နောက်ဆုံးတော့ ရှမြန်ကြောင့် ရဲစခန်းသို့ ပို့ခံလိုက်ရသည်။ သူသည် သူမအပေါ် အငြိုးအတေး ထားသည်ကလည်း သဘာဝပင် ဖြစ်လိမ့်မည်။ ထို့ကြောင့် အခွင့်အရေးတစ်ခု ရလာသည့်အချိန်တွင် သူသည် သူမအပေါ် လက်စားမချေဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။
အကျိုးအကြောင်းကို စဉ်းစားကြပြီးသည့်နောက်တွင် ရှမြန်သည် ဟောက်ကျန်း၏ အကြမ်းဖက်ခြင်း ခံခဲ့ရသည်က ဖြစ်နိုင်ခြေ အရမ်းများနေတော့၏။
တွဲဖက်အထက်တန်းကျောင်းသည် အမှတ်၁၄ အထက်တန်းကျောင်းကဲ့သို့ အနိုင်ကျင့်ခြင်းမျိုး မရှိသော်ငြားလည်း လူတော်တော်များများက ရှမြန်ကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်ကြကာ တချို့က ကိုယ်ချင်းစာပြီး သနားကြပြီး တခြားသူများကတော့ သူမကို အထင်သေးကာ ရယ်စရာဖြင့် ကြည့်ကြလေသည်။
ရှမြန်သည် သန့်စင်ခန်းသို့ သွားသည့်အချိန်မှာပင် ယောက်ျားလေး သန့်စင်ခန်းဘက်က နှမြောတသနေသည့် ဆွေးနွေးသံများကိုပင် ကြားခဲ့ရ၏။ "ရှမြန်က အရမ်းတော်တာပဲ။ ဒါပေမဲ့ သူက အရမ်းသနားဖို့ ကောင်းတယ်။ သူ့ရဲ့ဘဝကတော့ ပျက်စီးသွားပါပြီ။ နောက်ဆိုရင် သူ့ရဲ့အနာဂတ် ခင်ပွန်းလောင်းက သူ့ကို သဘောမကျဘဲ နေတော့မှာပေါ့" စသဖြင့်...
ရှမြန်ကိုယ်တိုင် ဒီစကားကို ကြားခဲ့ရသည်ဆိုလျှင် ဆွန်းယွဲ့ရှင်းနှင့် ကျောက်ချန်တို့ကလည်း ပိုပြီးတော့ကြားရသည်မှာ သဘာဝပင်။ တစ်စုံတစ်ယောက်က သူတို့ကို ထိုအကြောင်း သွယ်ဝိုက်သောနည်းလမ်းဖြင့်ပင် မေးလာသေးသည်။ ကျောက်ချန်မှာ အလွန်ဒေါသထွက်သွားပြီး ထိုလူကို ရိုက်နှက်ခဲ့လေ၏။
ဆွန်းယွဲ့ရှင်းကလည်း ဒေါသအရမ်းထွက်သွားပြီး စားပွဲကို ထုထောင်းလေသည်။ "ငါ သူ့ကို ဒီအတိုင်း သေအောင် ရိုက်ပစ်လိုက်လို့ မရဘူးလား"
ကျောက်ချန်ကလည်း ပြောလိုက်သည်။ "တကယ်တည်း မိန်းမတွေကို မရိုက်ဘူးဆိုတဲ့ ငါ့ရဲ့စည်းမျဉ်းကို ထျန်းရွှယ်ယာက တကယ်လာပြီးတော့ ချိုးဖောက်နေတာပဲ" သူသည် ဒီစကားကို ပြောလိုက်သည့်အချိန်မှာပင် ဒေါသကို မျိုမချနိုင်အောင် ဖြစ်နေရသေးသည်။ "မရတော့ဘူး ငါ ဒီနေ့ သူ့ကို သွားရိုက်မှပဲ ဖြစ်တော့မယ်"
ဟန်ဟောက်ရန်၏ တောက်ပချောမောသည့်မျက်နှာကလည်း ပထမဦးဆုံးအကြိမ် ဆိုးဆိုးရွားရွား ညိုမည်းသွားပြီး သူက လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ "ဒီကိစ္စကို ငါ ကိုင်တွယ်လိုက်ပါ့မယ်"
ဆွန်းယွဲ့ရှင်းက သူမ၏မယုံကြည်မှုကို ထုတ်ဖော်ပြောဆို လေသည်။ "နင် ဒါကို ဖြေရှင်းနိုင်တယ်ဆိုတာ သေချာလို့လား။ ထျန်းရွှယ်ယာက ဖြေရှင်းရလွယ်ကူတဲ့သူ မဟုတ်ဘူးနော်။ နင်က သူ့အပေါ် အရမ်းကောင်းနေတာ"
ရှမြန်ကလည်း သူ့ကိုမယုံကြည်ချေ။ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "နင့်ဟာ နင်အရှက်မခွဲပါနဲ့။ ဒီကိစ္စကို ငါ့ဟာငါပဲ လုပ်လိုက်ပါမယ်"
သူမက လက်သီးကိုဆုပ်ကာ ထရပ်လိုက်ပြီး ဟန်ဟောက်ရန်ကို ကြည့်ကာပြောလိုက်လေသည်။
"ဒါပေမဲ့ ဟန်ဟောက်ရန်က ငါနဲ့ ပူးပေါင်းပေးဖို့တော့ လိုတယ်"
ဟန်ဟောက်ရန်သည် ရှမြန်ကို ကြည့်လိုက်ပြီး လုံးဝ ရုတ်တရက် မသက်မသာ ဖြစ်သွားတော့သည်။ သူမရဲ့စိတ်ထဲမှာ သူက အဲဒီလောက်တောင် အားမကိုးရဘူးတဲ့လား။
ကျောက်ချန်သည် သူ၏သူငယ်ချင်းကောင်းလေး၏ နှလုံးသားထဲတွင် ရောထွေးသွားသည့် ခံစားချက်ဖြစ်ခဲ့သည်ကို မသိခဲ့ချေ။ ဒီအခိုက်အတန့်တွင် သူသည် အလွန်မှ စိတ်လှုပ်ရှားသွားတော့၏။
"အစ်မကြီး နင်က ဒါကို ဘယ်လိုဖြေရှင်းမှာလဲ"
ရှမြန်က သူမ၏လက်ကို အိတ်ကပ်ထဲ ထည့်လိုက်ကာ အခန်း၆ဖက်သို့ အေးအေးလူလူ လျှောက်သွားလေတော့သည်။
စည်းမျဉ်းစည်းကမ်းအကြောင်းကို မသိတဲ့လူတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းတဲ့အချိန်မှာ ငါတို့တွေက သူ့ကို စည်းမျဉ်းစည်းကမ်းတွေကို သင်ကြားပေးရမှာ သဘာဝပဲလေ။
"အကောင်းဆုံးနည်းလမ်းကတော့ သူတို့ရဲ့ဆေးကို ပြန်ပြီးအရသာခံခိုင်းဖို့ပဲ"
ဆွန်းယွဲ့ရှင်းကလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် နောက်ကလိုက်လာသည်။ "ဟုတ်တယ် ဒါကို အစောကြီးကတည်းက လုပ်ခဲ့သင့်တာ။ ငါလည်း သူ့ကို စိတ်ထဲမထည့်ချင်ပါဘူး။ ဒါပေမဲ့ သူက ဆက်တိုက်ကိုလာပြီး တွန်းထိုးနေတာလေ။ ငါတို့တွေကို အနိုင်ကျင့်ရတာ လွယ်ကူတယ်လို့ သူက တကယ်ထင်နေတာပဲ။ ဒီတစ်ခါတော့ ငါတို့တွေ သူ့ကို သင်ခန်းစာပေးရလိမ့်မယ်"
လီလီကျန်းနှင့် ဟန်ဟောက်ရန်တို့ကလည်း နောက်မှ လိုက်လာကြသည်။ သူတို့သည် ရှမြန်၏အစီအစဉ်ကို မသိကြသော်ငြားလည်း ရှမြန်သည် ဒါကို သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည်ဟု သူတို့အားလုံးက ယုံကြည်ကြ၏။
လူတော်တော်များများသည် ကြီးကျယ်ခမ်းနားသည့် အပြုအမူတစ်ခုဖြင့် အခန်း၆၏တံခါးရှေ့တွင် ပေါ်လာခဲ့သည်။
အချိန်ကလည်း ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်မတိုင်ခင် အနားယူသည့်အချိန် ဖြစ်နေသည်။ စာကို အာရုံစိုက်နေကြသည့်သူများအပြင် စကားပြောရင်း ဘောလုံးပစ်တမ်းကစားကာ လိုက်တန်းပြေးတမ်း ကစားသည့် လူတချို့လည်း ရှိသေးသည်။ လိုရင်းကိုပြောရလျှင်တော့ တော်တော်လေး စည်ကားနေ၏။
ရှမြန်နှင့် တခြားသူများက တံခါးနားတွင် ပေါ်လာသည့်အချိန်တွင် အခန်းသည် ချက်ချင်းငြိမ်ကြသွားတော့၏။
လိုက်တန်းပြေးတမ်း ကစားနေကြသည့် ကောင်လေး၂ယောက်ကသာလျှင် ဒါကို မမြင်ဘဲ ရှေ့ကပြေးလာသည့် ကောင်လေးတစ်ယောက်သည် ရှမြန်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။
"ဝေး"
"သတိထား"
"ဟေး သတိထား"
ရှမြန်ကတော့ ဝင်တိုက်ခံရတော့မည်ဟု အားလုံးက ထင်လိုက်ကြသည့်အချိန်တွင် ဘေးသို့ သွက်သွက်လက်လက် ရှောင်တိမ်းလိုက်ပြီး တစ်ကြိမ်တည်းတွင် ကောင်လေး၏လက်ကို လှမ်းထိန်းလိုက်ပြီး တွန်းဆွဲလိုက်ကာ သူ၏အရှိန်ကို လျှော့ချပေးလိုက်ပြီးနောက် သူမက ကောင်လေးကို တစ်ချက်လောက်တွန်းလိုက်ပြီး သူ့ကိုစာသင်ခန်းနှင့် မျက်နှာချင်းဆိုင်ရပ်သွားအောင် လုပ်ပေးလိုက်သည်ကို လူများက တွေ့လိုက်ရ၏။
ထိုအရာအားလုံးက လျှပ်တစ်ပျက်အတွင်းတွင် ဖြစ်ပျက်သွား၏။ ကောင်ကလေးသည် မူးနောက်သွားတော့သည်။ အခန်း၆ထဲက လူတချို့ကတော့ ဒီလှပသည့်အကွက်ကြောင့် တအံ့တဩ ဖြစ်သွား၏။ အနောက်တန်းက ကောင်လေးများက မနေနိုင်တော့ဘဲ လေချွန်ကြလေသည်။
ကျောက်ချန်က ချက်ချင်း အော်ပြောလိုက်သည်။ "ဝိုး လှလိုက်တဲ့ အကွက်ပဲ။ ရှမြန် ငါ့ကိုလည်း သင်ပေးပါဦး"
"နင် ဘယ်နှစ်မျိုးတောင်မှ တတ်နေတာလဲ"
ဆွန်းယွဲ့ရှင်းက နှာခေါင်းရှုံ့လိုက်ပြီး "သူမသိတဲ့အရာတွေကိုပဲ မေးလိုက်ပါတော့လား"
ရှမြန်က ပြုံးကာပြောလိုက်သည်။ "မသိတဲ့အရာ ဟုတ်လား"
သူမက သူမ၏ခေါင်းလေးကို စောင်းကာ ပြောလိုက်လေသည်။ "ငါ အညံ့ဆုံးအရာကို ပြောရမယ်ဆိုရင်တော့ ရွံစရာကောင်းတဲ့ကိစ္စတွေကို လက်မလွှတ်ပေးနိုင်တာကိုပဲ။ အထူးသဖြင့် ငါ့ကို ရွံစရာကောင်းအောင် လုပ်နေတဲ့လူတွေကိုလေ"
သူမက ပြောရင်းဆိုရင်းတွင် ပထမတန်းတွင်ထိုင်နေသည့် ထျန်းရွှယ်ယာကို တည့်တည့်စိုက်ကြည့်လိုက်သည်။
ထျန်းရွှယ်ယာကတော့ ဟန်ဆောင်နေဆဲပင်။ သူမက ကိုယ်ချင်းစာစိတ်နှင့် သနားစိတ်အပြည့်များဖြင့် ရှမြန်ကို ကြည့်လိုက်ပြီး သူမ၏ဘဝကတော့ ပျက်စီးသွားတော့မည်ဟူသည့် အဓိပ္ပာယ်ပေါ်လွင်နေ၏။
ကျောက်ချန်မှာ မနေနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်လေသည်။ " သောက်ကျိုးနည်း"
ရှမြန်က သူ့ကို လှမ်းတားလိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးထားလိုက်၏။ သူမက ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပြီး ကိုယ်ကိုကုန်းကာ သူမ၏ဘေးက ထိုင်ခုံတစ်လုံးကို ကောက်မလိုက်ပြီး သူမ၏လက်ထဲတွင် ထောင့်ချိုးနှင့် အလေးချိန်ကို ချိန်ဆကြည့်လိုက်လေသည်။
"ငါ ဒီကိုလာပြီးတော့ ထျန်းရွှယ်ယာကို လာတွေ့တာပါ။ ငါ့အနေနဲ့ တချို့ကိစ္စတွေကို အတည်ပြုချင်လို့"
အခန်း၆ထဲက ကျောင်းသူကျောင်းသားများသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားကြပြီးမှ အားလုံးသည် သူတို့ရှေ့က စိတ်ဝင်စားစရာကောင်းသည့်ကိစ္စရပ်ကို ကြည့်လိုက်ကြ၏။
"ဘာကိစ္စရှိလို့လဲ"ထျန်းရွှယ်ယာက ကျောက်ချန်နှင့် ဟန်ဟောက်ရန်တို့ကို ကြည့်လိုက်သည့်အချိန်တွင် အနည်းငယ် ပျာယာခတ်သွားသလို ခံစားလိုက်ရသည်။ သူမသည် ရှမြန်ကို လုံးဝ အလေးအနက် မထားချေ။ သို့သော်ငြားလည်း ဟန်ဟောက်ရန်က ဒီလိုဒေါသထွက်နေသည့် အမူအရာကို တွေ့ရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်နေသည်။ ကျောက်ချန်ကလည်း သူမဆီ ခုန်ဝင်လာပြီး သူမကို အချိန်မရွေး ရိုက်နှက်တော့မည့်ပုံစံ ဖြစ်နေ၏။
သူမက မြန်မြန်ရှင်းပြလိုက်သည်။ "သတင်းက ဘယ်လိုလုပ်ပြီးတော့ ဒီလိုပြန့်သွားလဲဆိုတာ ငါ မသိပါဘူး။ ရှမြန်က ကျောင်းမဖွင့်ခင်တုန်းက ဟောက်ကျန်းရဲ့ လမ်းပိတ်ခံထားရတယ်ဆိုတဲ့ သတင်းကိုပဲ ငါကြားခဲ့တာပါ..."
"သတင်းကို ဖြန့်ခဲ့တဲ့သူကလည်း နင်ဆိုတာ သိနေတဲ့ပုံပါပဲ" ရှမြန်က သူမ၏ခေါင်းကို စောင်းလိုက်ကာ "ဒါပေမဲ့ ငါက ဒါကိုအတည်ပြုဖို့ နင့်ကို လိုအပ်တယ်လို့ ဘယ်သူက ပြောလို့လဲ"
"ဟောက်ကျန်း ငါ့ကို လမ်းပိတ်ခဲ့တယ်ဆိုတာကလည်း အမှန်ပါပဲ။ ငါက နင့်ထက် အများကြီးပိုပြီးတော့ ကောင်းကောင်းသိတယ်။ အဲဒီအတွက်တော့ နင် အတည်ပြုပေးစရာ မလိုပါဘူး"
ရှမြန်က ပြောလိုက်သည်။ "သူ့ကို အချုပ်ထဲပို့ခဲ့တဲ့သူက ငါပါ"
သူမသည် ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ထျန်းရွှယ်ယာကို ကြည့်လိုက်ပြီး ရယ်မောလိုက်၏။
"အထက်တန်းပထမနှစ်တုန်းက ငါ့ကို အရှက်ခွဲဖို့ ကြိုးစားခဲ့တဲ့အချိန်တုန်းကလည်း သူ့ကို ၁၀လကျော်လောက် ထိန်းသိမ်းရေးစခန်းထဲ ပို့လိုက်တာ ငါပါ။ ဒါပေမဲ့ သူက သူ့ရဲ့မကောင်းတဲ့အကျင့်တွေကို မပြင်ဘဲနဲ့ ငါ့ကိုထပ်ပြီးတော့ ပြဿနာလာရှာခဲ့တယ်လေ။ ဒီတော့ ငါကလည်း သူ့ကို ၁၀နှစ်ကျော်လောက်ထပ်ပြီးတော့ ထိန်းသိမ်းထားဖို့ ပို့လိုက်တယ်"
"အဲဒါတင် မကသေးပါဘူး" ရှမြန်က သူမ၏လက်ထဲက ထိုင်ခုံကို ဝှေ့ယမ်းဖို့ ကြိုးစားလိုက်ပြီးပြောလိုက်လေသည်။ "သူ့ကို အခုထက်ထိ ထိန်းသိမ်းရေးစခန်းထဲကို မပို့ရသေးဘူး။ ဘာဖြစ်လို့လဲ သိလား"
ရှမြန်၏ ဆွဲလှည့်ခြင်းခံလိုက်ရသည့် ကောင်ကလေးသည် ထိုနေရာတွင် ရပ်နေဆဲဖြစ်ကာ အမှတ်တမဲ့ မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ"
ရှမြန်က သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး "ဘာဖြစ်လို့လဲဆိုတော့ သူက နံရိုး၃ချောင်း ကျိုးသွားပြီး သူ့ရဲ့ဘယ်ဘက် ပေါင်သလုံးနဲ့ ညာဘက်ခြေသလုံးလည်း ကျိုးပဲ့သွားတယ်လေ။ ပြီးတော့ သူ့ရဲ့အတွင်းအင်္ဂါတွေကလည်း သွေးထွက်နေတုန်းပဲ။ ဒီတော့ သူအခုထိ ဆေးရုံမှာ ရှိနေသေးတာပေါ့။ ငါ့အထင်တော့ သူ့ဆေးရုံမှာ နောက်ထပ် တစ်လခွဲလောက် နေဖို့လိုသေးတယ်"
သူမက ထျန်းရွှယ်ယာကို တည့်တည့်ကြည့်လိုက်ပြီး သူမ၏မေးကို ပင့်ထားကာ ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်လေသည်။
"ငါ ရိုက်ပစ်ခဲ့တာလေ"
...