← Chapters

အခန်း (၁၇၂)

Vol. 12 Ch. 172

အခန်း (၁၇၂)

Vol. 12 Ch. 172

ရှမြန်က သူ့ဘက်သို့ လက်လှမ်းလိုက်သည်တွင် ကျောက်ချန်က ပြောလိုက်၏။ "အဲဒါကို မကြည့်တာ ပိုကောင်းတယ်။ အရမ်း ရွံစရာကောင်းတယ်"

"ဟုတ်ပါပြီ" ရှမြန်က ပြောလိုက်၏။ "သူတို့တွေ အဲ့ဒီနေရာမှာ ဘယ်လောက်ထိ ကြာကြာနေနိုင်မလဲဆိုတာ ကြည့်လိုက်ပါဦးမယ်"

ကျောက်ချန်က ခဏလောက် ချီတုံချတုံဖြစ်သွား၏။ သို့သော်ငြားလည်း နောက်ဆုံးတော့ သူမဆီသို့ ဒီဗီကိုလှမ်းပေးလိုက်သည်။

ရှမြန်က ဒီဗီထဲကမိန်းကလေး၏ နာနာကျင်ကျင် ပြိုလဲရုန်းကန်နေသည့် အခြေအနေကို ဘာအမူအရာမှ မပြဘဲ ကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးကို မှိတ်ထားလိုက်သည်။ မန်မိုရီကတ်က ဝင်ဆံ့နိုင်စွမ်း အကန့်အသတ်နှင့် ဖြစ်နေ၏။ ရှမြန်က ဒါသည် ဒီအကြောင်းအရာ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်လိမ့်မည်ဟု အလိုလိုခံစားမိလေသည်။ သို့သော်ငြားလည်း ဒီတိရိစ္ဆာန်ကောင် ပြုလုပ်ခဲ့သည့် ကိစ္စကောင်းများကိုတော့ သိရှိစေဖို့ရန် လုံလောက်သည်။

ရှမြန်က စက်ကို ပိတ်လိုက်ပြီး ကျောက်ချန်ကို ပြန်လှမ်းပေးလိုက်၏။ "ဒါကို သေသေချာချာ သိမ်းထားနော်။ ဒါက အရေးကြီးတဲ့သက်သေပဲ"

"ဒီတိရစ္ဆာန်ကောင်ကို တစ်သက်လုံး ထောင်ထဲမှာပဲ ထည့်ထားမှ ဖြစ်မှာ"

ကျောက်ချန်က ဒီဗီကို ဒီအတိုင်းလှမ်းယူလိုက်ပြီး ဘာလုပ်မှာလဲဟု မေးတော့မည့်ဆဲဆဲတွင် ရှမြန်က ဟောက်ကျန်း၏ ဗိုက်ကို ရုတ်တရက် ထကန်လိုက်သည်ကို တွေ့လိုက်ရ၏။

ဟောက်ကျန်းမှာ နာကျင်လွန်းသဖြင့် အော်ပင်မအော်နိုင်တော့ချေ။ သို့သော်ငြားလည်း ဒါက မပြီးသေးပေ။ ရှမြန်က ဟောက်ကျန်းဘေးက သံတုတ်ကို ကောက်ယူလိုက်ပြီး တိရစ္ဆာန်ကောင်၏ ပခုံးကို လွှဲရိုက်လိုက်ပြီး သူ့ကျောပြင်နှင့် ပေါင်များကို ရိုက်နှက်ပစ်လေသည်...

လူများကတော့ အရိုးကျိုးသံများကို ကြားနေရသယောင်ရှိ၏။

ဟောက်ကျန်း၏ အစပိုင်းက ငယ်သံပါအောင် အော်နေသည့်အသံသည် အမောတကော အသနားခံတောင်းပန်သည့် အသံသို့ ပြောင်းလဲသွား၏။ "ဟုတ်ပါတယ်။ ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီးတော့ ငါ့ကိုခွင့်လွှတ်ပေးပါ။ ငါ ဒီလိုထပ်ပြီးတော့ မလုပ်ရဲတော့ပါဘူး..."

"ရှမြန် ရှမြန် ကျေးဇူးပြုပြီးတော့ ရပ်ပါတော့"

ရှမြန်က စကားတစ်ခွန်းမှ မပြောဘဲ အနာကျင်ရဆုံးနေရာကို ရိုက်ပစ်လိုက်၏။

ရက်စက်မှုများက လူမိုက်များကို အလွန်တရာ ကြောက်လန့်သွားစေပြီး အသက်ပင် အောင့်ထားကြတော့သည်။

နောက်ဆုံးတွင်တော့ လီလီကျန်းက ဝင်ပြောလိုက်လေသည်။ "ရှမြန် လူမသတ်မိအောင် သတိထားဦး။ ဒီလိုလူတစ်ယောက်အတွက် နင့်ဘဝကို စွန့်စားတာက မထိုက်တန်ပါဘူး"

ရဲကား၏ ဥသြဆွဲသံများက တဖြည်းဖြည်းနှင့် နီးကပ်လာသည်။ ရှမြန်က ဟောက်ကျန်း၏မျက်နှာကို တက်နင်းလိုက်ကာ မျက်နှာသေဖြင့် ပြောလိုက်၏။ "နင်က ဒါကို မိမိုက်တယ်လို့ ထင်နေတာ မဟုတ်လား။ ဒါဆိုရင်တော့ နင့်ရဲ့အကျဉ်းထောင်ထဲက ဘဝကို သွားပျော်လိုက်ဦး"

ဆွန်းယွဲ့ရှင်းသည် သူမက ဒီကိစ္စကို ရဲလက်ထဲအပ်ရသည်ကို ပိုသဘောကျမှန်း သိသော်ငြားလည်း သူမသည် ထိုအခိုက်အတန့်တွင် မှင်တက်အံ့ဩနေဆဲပင်။ "နင် ရဲတွေကို ဖုန်းခေါ်လိုက်တာလား"

ရှမြန်က ကြောက်လန့်တကြား ဖြစ်နေသည့် ဟောက်ကျန်းကို ကြည့်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်၏။

"ငါ ဝေါ်ကီတော်ကီကိုတော့ မယူလာဘူးလေ။ ဒါပေမဲ့ ငါ့မှာဆဲလ်ဖုန်းတစ်ခု ရှိတယ်ဆိုတာကိုတော့ နင် မေ့သွားတာပဲ"

လီလီကျန်းက မေးလိုက်၏။ "ဒီတော့ ရဲတွေက သူတို့ကိုဖမ်းဖို့ ဒီကိုရောက်လာတာလား"

သူတို့သည် ရဲများလာသည်ဟု ကြားလိုက်သည်နှင့်ချက်ချင်း မြေကြီးပေါ်တွင် လဲလျောင်းနေကာ မလှုပ်မယှက်ရဲအောင် ဖြစ်နေသည့် လူမိုက်များသည် ချက်ချင်းဆိုသလို ထရပ်ကာ ဒရောသောပါး ပြေးထွက်ကြလေတော့သည်။

ရှမြန်က ပြောလိုက်၏။ "သူတို့ကို တားထား။ တစ်ယောက်မှ ထွက်မပြေးစေနဲ့"

"သူက မိမိုက်တယ်လို့ နင်တို့တွေ ထင်နေကြတယ် မဟုတ်လား။ ဘာဖြစ်လို့ ထွက်ပြေးနေကြတာလဲ။ အတူတူ လိုက်ဝင်သွားပြီးတော့ သူနဲ့သံယောဇဉ်လေးတွေ တည်ဆောက်ကြပေါ့။ နင်တို့တွေ ထွက်လာတဲ့အချိန်ဆိုရင်လည်း သူ့လိုပဲ မိမိုက်နေတော့မှာလေ"

သို့သော်ငြားလည်း သူတို့သည် အရေအတွက် မမျှနိုင်အောင်ဖြစ်နေ၏။ တစ်ဖက်လူက ထွက်ပြေးဖို့ရန် အသည်းအသန် ကြိုးစားနေကြပြီး သူတို့ထဲက၁ယောက်၊ ၂ယောက်သည် တံတိုင်းပေါ်သို့ ပြေးတက်ဖို့ရန် အမှန်ပင် အခွင့်အရေးရခဲ့၏။

ရှမြန်က ကင်မရာနှင့် ဒီဗီကို လီလီကျန်း၏လက်ထဲသို့ ထိုးထည့်လိုက်၏။

ခုနတုန်းက အုတ်တံတိုင်းပေါ်သို့ တက်ဖို့ရန် ငြင်းဆန်နေသည့်မိန်းကလေးသည် ရှေ့သို့ပြေးဝင်သွားကာ သူမ၏ခြေထောက်ဖြင့်နံရံကို တွန်းကန်လိုက်ပြီး ပျံလွှားငှက်လေးတစ်ကောင်လို အမြင့်၂မီတာရှိသည့် တံတိုင်းပေါ်သို့ ခုန်တက်သွားလေသည်။ သူမက အုတ်တံတိုင်းပေါ်တွင် ထည်ဝါးခန့်ညားစွာ ရပ်လိုက်ပြီး ခုန်ဆင်းလုနီးပါး ဖြစ်နေသည့်လူမိုက်များကို တစ်ယောက်ပြီး တစ်ယောက် ကန်ချလိုက်လေသည်။

ပေါင်၏ဘေးတစ်ဖက်တွင် ချည်ထားသည့်စကပ်သည် နောက်ဆုံးတော့ သက်ရောက်လာသည့် လှုပ်ရှားမှုကြောင့် ပြေလျော့သွားပြီး စကပ်အနားက ရုတ်တရက် ပြေလျော့သွားကာ ညနေခင်း နွေရာသီလေပြေလေး၏ တိုက်ခတ်ခံရခြင်းကြောင့် တလွင့်လွင့်ဖြစ်သွားပြီး အကြမ်းဖက်နေသည့်မြင်ကွင်းနှင့် လုံးဝဆက်စပ်မှုမရှိဘဲ အင်မတန်မှ လှလှပပပျံသန်းနေလေ၏။

နားကွင်းနှင့် မိန်းကလေးက ရေရွတ်လိုက်သည်။ "တကယ်လို့ ငါသာ ယောက်ျားလေးတစ်ယောက်ဆိုရင် ငါကတော့ သူ့ကို သေချာပေါက်လိုက်ပြီးတော့ ပိုးပန်းတော့မှာပဲ"

ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "အဲဒီလိုဆိုရင်တော့ ဘာပဲဖြစ်ဖြစ် နင့်အလှည့် ရောက်လာမှာ မဟုတ်ဘူး"

ဖန့်ရှောင်မန့်သည် ထိုမိန်းကလေးကို ငေးကြောင်ကြောင်လေးဖြင့် ကြည့်နေမိပြီး ရုတ်တရက် ကိုယ့်ဟာကိုယ် ရှက်ရွံ့သလို ခံစားလိုက်ရ၏။ သူမ၏အမည်ခံသက်သက် သူရဲကောင်းစရိုက်သည် ရှမြန်၏မျက်လုံးရှေ့တွင်တော့ ရိုးအပြီး ကလေးဆန်နေတော့သည်...

ဒါက အမှန်ပင် မိမိုက်သည်ဟု ခေါ်ဆိုရမည်။

...

ရဲစခန်းထဲတွင် လူပေါင်း၁၂ယောက်ကျော်က ခန်းမထဲတွင် ပြည့်နှက်နေ၏။

လူမိုက်များ၏ ထွက်ဆိုချက်ယူဖို့ တာဝန်ယူထားသည့် ရဲအရာရှိသည် မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် ရုပ်တစ်ခု ဖြစ်နေလေသည်။ "ဒီတော့ မင်းတို့ပြောတာက မင်းတို့ကို ဒီလိုရိုက်နှက်ခဲ့တာက အဲဒီစကပ်ဝတ်ထားတဲ့ မိန်းကလေးပေါ့ ဟုတ်လား"

သူသည် အလွန်ဒေါသထွက်လွန်းသဖြင့် စားပွဲကို ဝုန်းခနဲရိုက်ချလိုက်ပြီး လူမိုက်များနှင့် တူသည့် ဖန့်ရှောင်မန့်၊ လူရမ်းကားလေးများ၊ အရပ်မြင့်မြင့် ကျောက်ချန်နှင့် ဟန်ဟောက်ရန်တို့ကို လက်ညှိုးထိုးလိုက်ပြီးမှ နောက်ဆုံးတော့ သူ၏လက်ညှိုးက ရှမြန်ဆီသို့ ကျရောက်သွားသည်။ သူမတစ်ယောက်တည်းကသာ စကပ်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး လိမ်လိမ်မာမာလေး ထိုင်နေလေ၏။

သူက ပွန်းပဲ့ဒဏ်ရာများနှင့် ရိုက်နှက်ခံထားရသည့်လူ မိုက်တစ်အုပ်ကြီးကို အော်ငေါက်လေတော့သည်။

"မင်းတို့‌တွေ ကြားလို့ကောင်းတဲ့ ဇာတ်လမ်းလေး မလုပ်တတ်ကြဘူးလား။ မင်းတို့တွေက နစ်နာသူကို ဒုက္ခပေးချင်နေသေးတယ်"

ရှမြန်သည် ကြောက်လန့်တကြားဖြင့် အရင်ဆုံးရှင်းပြလိုက်၏။ "ဦး ဦးလေးရဲကြီး ကျွန်မ တကယ်ပဲ ဟောက်ကျန်းကို ရိုက်နှက်ခဲ့ပါတယ်။ သူက ကျွန်မတို့ရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေကို ရိုက်ပြီးတော့ ကျွန်မတို့တွေကို အဓမ္မကျင့်ချင်တယ်လို့ ပြောခဲ့လို့ပါ။ ကျွန်မလည်း အရမ်းကြောက်သွားပြီး ပျာယာခတ်သွားတာနဲ့ သူ့ရဲ့သံတုတ်ကို လုယူမိသွားတာပါ။ အဲ့ဒီနောက်ပိုင်းတော့ ကျွန်မရဲ့စိတ်တွေလည်း ဗလာအတိ ဖြစ်သွားတယ်။ နောက်ဆုံး ဘာဖြစ်သွားလဲဆိုတာတောင် မသိလိုက်တော့ပါဘူး..."

သူမ စကားဆုံးသွားသည်တွင် သူမ၏အသံသည် အနည်းငယ် တုန်ယင်နေလေသည်။

ရဲအရာရှိ၏အသံသည် ၈ဆလောက် ချက်ချင်း ပျော့ပျောင်းသွားပြီး လေသံပျော့ပျော့ဖြင့် ပြောလိုက်၏။

"ဒါက ကိုယ့်ဟာကိုယ် တရားဝင်ခုခံတာပဲ။ ဒါက ကောင်းတဲ့အလုပ်ပါ ကလေးမရဲ့"

ဗီဒီယိုနှင့်ဓာတ်ပုံများက ခိုင်မာသည့်သက်သေများ ဖြစ်သည်။ ရဲအရာရှိတွင်လည်း မောင်နှမနှင့် သမီးများ ရှိသည်။ သူတို့သည် ဒီလူယုတ်မာ လုပ်ခဲ့သည့်အရာကို တွေ့ခဲ့ပြီးသည့်အချိန်တွင် ဒေါသမထွက်ဘဲ အဘယ်မှာရှိနိုင်ပါမည်နည်း။

"ဒီလူတွေကတော့ ကျွန်မ သူငယ်ချင်းကို ကူညီပေးခဲ့တဲ့လူတွေပါ" ရှမြန်က ဆက်ပြောလိုက်သည်။

"သူတို့တွေက တွဲဖက်အထက်တန်းကျောင်းက ကျွန်မရဲ့အတန်းဖော်တွေပါ။ သူတို့တွေက အမှတ်၁၄အထက်တန်းကျောင်းက လူမိုက်တွေရုပ် ဖြစ်နေပေမဲ့လည်း ဟောက်ကျန်းနဲ့ သူ့လူတွေက ကျွန်မတို့ကို တစ်ခုခုမကောင်းတာ လာလုပ်နေတာကို ကြားလိုက်ရတဲ့အခါ ကျွန်မတို့ကို လာပြီးတော့ ကူညီပေးကြတာပါ"

"အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ယောက်ျားလေး၂ယောက်က ဒီလောက် လူမိုက်တွေ အများကြီးကို အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်လို့လေ"

အားလုံးသည် သူမက မျက်နှာသေနှင့် ဟန်ဆောင်နေသည်ကို ဒီအတိုင်း ကြည့်နေလိုက်ကြလေသည်။

"ဟုတ်ပါပြီ ငါ သိသွားပြီ" ရဲအရာရှိက ပြောလိုက်သည်။ "မင်းတို့တွေ မင်းတို့ရဲ့ မိသားစုကို ခေါ်ပြီးသွားပြီလား။ သူတို့ကို မင်းတို့ကို လာကြိုခိုင်းလိုက်" ဒီအချိန်တွင် သူက လေသံပျော့ပျော့ဖြင့် ပြောလိုက်၏။ "ဒီနေ့တော့ အိမ်ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ကြဦး။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ မင်းတို့တွေ ဒီနေ့အရမ်းကို သတ္တိရှိခဲ့ပါတယ်"

ဆွန်းယွဲ့ရှင်းနှင့် တွဲဖက်အထက်တန်းကျောင်းက တခြားကျောင်းသူ ကျောင်းသားများ အားလုံးသည် တူညီသည့်သိမ်မွေ့သည့် ဆက်ဆံရေးတစ်ခုကို လက်ခံရရှိခဲ့ပြီး ရဲမေတစ်ယောက်က သူတို့ကို စိတ်တည်ငြိမ်အောင် လုပ်ပေးဖို့အတွက် ရေပင်ခပ်ပေးလိုက်သေးသည်။

ဖန့်ရှောင်မန့်နှင့် သူမ၏အဖွဲ့သည် ရဲစခန်းသို့ ပထမဦးဆုံးအကြိမ် ဝင်လာခြင်းဖြစ်သဖြင့် သူတို့သည် အမှန်ပင် စိတ်တည်ငြိမ်ဖို့ လိုအပ်၏။ အကယ်၍ ရှမြန်သာ သူတို့အတွက် မပြောပေးခဲ့လျှင် ရဲအရာရှိက ဟောက်ကျန်းနှင့် အလိုတူအလိုပါဟု ထင်သွားပြီး သူတို့ကို မေးခွန်းထုတ်ပေတော့မည်။

သို့တိုင် သူတို့သည် ရဲအရာရှိ၏ ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရချိန်တွင် ကြောက်လန့်သွားသေးသည်။ အထူးသဖြင့် ရှမြန်နှင့် တခြားသူများကတော့ မိသားစုဝင်များကို လာရောက်ကြိုဆိုပေးဖို့ အသိပေးနိုင်သည့်တိုင် သူတို့ကတော့ နောက်ထပ် စုံစမ်းစစ်ဆေးရေးများကို ကြုံရပေဦးမည်။ ထိုအရာများ အားလုံးကလည်း သူတို့အရင်ကလုပ်ခဲ့သည့် မကောင်းမှုများကြောင့်သာ ဖြစ်၏။

ရှမြန်က သူတို့ကို ကြည့်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။ "တွေ့တယ်မဟုတ်လား ငါ ပြောတာ မှန်တယ်နော်။ တကယ်လို့ နင်တို့တွေ စာကြိုးစားခဲ့မယ်ဆိုရင် ဘယ်နေရာကိုမဆို ဘာအတားအဆီးမှ မရှိဘဲ ရောက်နိုင်တယ်။ နင်တို့တွေ ရဲစခန်းကိုလည်း စိတ်အေးလက်အေးနဲ့ ဝင်ထွက်သွားလာလို့ရတယ်"

ဆွန်းယွဲ့ရှင်းက ထပ်ပြောလိုက်၏။ "တကယ်လို့ စာကောင်းကောင်း ကြိုးစားခဲ့မယ်ဆိုရင် ရန်ဖြစ်တာတောင်မှ ချီးကျူးခံရမယ်လို့ပဲ ပြောရမှာပေါ့။ အခု နင်တို့တွေ ယုံသွားပြီမဟုတ်လား"

ဖန့်ရှောင်မန့်နှင့် တခြားသူများ...

"ရှမြန် နင့်အစ်ကို ရောက်နေတယ်"

"ဆွန်းယွဲ့ရှင်း၊ လီလီကျန်း နင်တို့ရဲ့မိဘတွေလည်း နင်တို့ကို လာကြိုပြီ"

သူတို့က ပျော်ပျော်ရွှင်ရွှင် ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်ပြီးသည့်နောက်တွင် နားကွင်းနှင့် မိန်းကလေးသည် မနေနိုင်တော့ဘဲ အံကြိတ်ပြီး ပြောလိုက်လေသည်။ "ရုတ်တရက်ကြီး အရမ်းကို အသည်းယားသွားသလို ဘာဖြစ်လို့ ခံစားလိုက်ရပါလိမ့်"

ပိုနီတေးလ်နှင့်မိန်းကလေးက မျက်နှာသေဖြင့် ပြောလိုက်၏။ "အရင်ဆုံး နင် သူတို့တွေကို နိုင်အောင်ချနိုင်ဦးမှ ဖြစ်မှာ"

နားကွင်းနှင့်မိန်းကလေးက စကားမပြောတော့ချေ။

သို့သော် သူမ၏မျက်လုံးများထဲတွင်တော့ အားကျရိပ်များ ဖြစ်နေလေသည်။

ရှမြန်နှင့် သူမ၏သူငယ်ချင်းများသည် သူတို့၏မိဘများ၏ ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်ခေါ်သွားခြင်း ခံခဲ့ရ၏။ သို့သော်ငြားသူတို့ကတော့...

သူတို့သည် ဒီနေ့တွင် တစ်စုံတစ်ယောက်ကို အမှန်တကယ် ကယ်ဆယ်ခဲ့လျှင်ပင် သူတို့သည် အိမ်ပြန်သွားပြီး ထိုအကြောင်းကိုပြောလျှင် သူတို့မိဘများက ဒါကိုမယုံမှာ စိုးရသေးသည်။

...

နဥ်ရှောက်ပိုင်က ရှမြန်ကို ဂရုတစိုက် ကြည့်လိုက်၏။ သူမသည် အဆင်ပြေလိမ့်မည်ကို သိနေသော်ငြားလည်း မနေနိုင်တော့ဘဲ ဒါကို အတည်ပြုကြည့်ရသေးသည်။

သူမက အဆင်ပြေနေသည်ကို သေချာအတည်ပြုလိုက်ပြီးမှ သူသည် သူမ၏ရှေ့ဆံပင်လေးကို လှမ်းဆွဲကာ ဟာသနှောပြီး ပြောလိုက်၏။ "ငါကတော့ နောက်ဆိုရင် ရဲစခန်းကို မကြာခဏ အလည်လာတဲ့သူတစ်ယောက် ဖြစ်လာတော့မှာလား"

ရှမြန်က သူမ၏မျက်လုံးကို ကွယ်ထားလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်၏။ "ဒီကိစ္စအတွက်နဲ့တော့ ရှင် ကျွန်မကို တကယ်အပြစ်တင်လို့ မရဘူးနော်"

"ငါက မင်းကို ဘာဖြစ်လို့ အပြစ်တင်လို့ မရမှာလဲ။ အပြစ်တင်မှာပဲ" နဥ်ရှောက်ပိုင်က သက်ပြင်းချလိုက်သည်။ "မင်းက အရမ်းလှနေတာလေ။ အလှအပက ပြစ်မှုတစ်ခုသာဆိုရင် ငါ့အထင်တော့ ငါ မင်းကို တစ်သက်တစ်ကျွန်း စီရင်ချက်ချလိုက်လို့ရတယ်"

သူကသူ့ခေါင်းကိုလှည့်လိုက်ပြီး ကျီစယ်နေသည့်အပြုံးတစ်ခုဖြင့် ရှမြန်ကို ကြည့်လိုက်၏။ "ငါက စီရင်ချက်ကို ကြီးကြပ်ပေးရလိမ့်မယ်"

ရှမြန်သည် ဘာကြောင့် မှန်းတော့မသိချေ။ ရုတ်တရက်ဆိုသလို ယူနီဖောင်းနှင့် ပြဇာတ်တစ်ခုကို စဉ်းစားမိသွားလေသည်။ -အကျဉ်းထောင်စောင့်နှင့် အကျဉ်းသားများ...

သူမက မနေနိုင်ဘဲ အော်ငေါက်လိုက်တော့၏။ "တကတည်း ရှင် ဘာတွေ စဉ်းစားနေတာလဲ"

နဥ်ရှောက်ပိုင်က ခဏလောက် မှင်တက်အံ့ဩသွားပြီးမှ သူမ၏ပုံမှန်မဟုတ်သည့် နီရဲနေသည့်ပါးပြင်ကို ကြည့်လိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်လေသည်။ "ဒါက ဘယ်လိုဖြစ်တာလဲ"

ရှမြန်သည် သူ၏အပြစ်ကင်းစင်နေသည့် အကြည့်ကို ကြည့်လိုက်ပြီးနောက် သူမ၏ခေါင်းထဲတွင် ညစ်ညမ်းနေသည့်အရာများ ပြည့်နှက်နေသည်ကို သိလိုက်ရတော့သည်။

ဒေါက်တာနဥ်သည် အီစီကလီလုပ်ရာတွင် တော်သော်ငြားလည်း သူသည် အမှန်တွင်တော့ သူမထက် အများကြီး ပိုပြီးဖြူစင်နေသည်...

ရှမြန်က ရှက်ရွံဒေါသဖြင့် သူမ၏မျက်နှာကို အုပ်ထားလိုက်၏။ လူပြက်ကတော့ သူမကိုယ်တိုင် ဖြစ်သွားခဲ့ခြင်းပင်။

သတင်းအချက်အလက်များ ကောင်းကောင်း ဖွံ့ဖြိုးမတိုးတက်သေးသည့် ခေတ်တစ်ခုက ပထမဦးဆုံးအကြိမ် ချစ်ကြိုက်မိသည့် နဥ်ရှောက်ပိုင်သည် ဒီနေရာတွင်တော့ ရှမြန်ထက် အမှန်ပင် အများကြီးပိုပြီး ရိုးရှင်းပေးလိမ့်မည်။

သူသည် ရှမြန် စဉ်းစားနေသည့်အရာကို မခန့်မှန်းနိုင်ခဲ့ချေ။ သူမက စော်ကားခံလိုက်ရသည်ဟုသာ ခံစားလိုက်မိပြီး အလျင်စလိုတောင်းပန်လိုက်၏။ "တောင်းပန်ပါတယ်။ ငါ စကားပြောမှားသွားတယ်..."

"မဟုတ်ပါဘူး မဟုတ်ပါဘူး" ကျွန်မမှားတာပါ။ ရှမြန်က သူမ၏မျက်နှာကို အုပ်လိုက်ကာ ပြောလိုက်၏။

"ဒေါက်တာနဥ် ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို မအော်ငေါက်သင့်ပါဘူး"

နဥ်ရှောက်ပိုင်၏ပုံစံလေးက သူက နားလည်ချင်ပါသည်ဟု ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူမက စကားလမ်းကြောင်း မြန်မြန် ပြောင်းလိုက်ရတော့သည်။ "ဒီနေ့ ရှောင်ဖုန်းအိမ်မှာ ဘာတွေလုပ်နေလဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ငါ မသိဘူးလေ။ ရဲစခန်းကနေ ဖုန်းဝင်လာတော့ ငါ အလုပ်ဆင်းစပဲ ရှိသေးတယ်။ ဒါနဲ့ ငါ မင်းကို အလောတကြီး လာကြိုတာ။ ငါ အိမ်တောင်မရောက်သေးဘူး"

"အလုပ်သွားနေပြီလား" ရှမြန်က ခဏလောက် မှင်တက်အံ့သြသွားပြီးမှ သူမ၏မျက်နှာကို ဆက်ပြီး ဖုံးအုပ်ထားလိုက်တော့သည်။ တကတည်းပါပဲ။ နဥ်ရှောက်ပိုင်က ရှေ့ရက်တွေတုန်းကမှ အားလပ်ရက်ယူထားတာလေ။ သူ တကယ်ပဲ အလုပ် တက်သင့်နေပါပြီ။

ဒါနဲ့များ ငါက ဒီနေ့ ဘာဖြစ်လို့ ပုန်းနေရတာလဲ။ ငါပဲ အထီးကျန်နေလို့များလား။

မဟုတ်ပါဘူး။ အထီးမကျန်ပါဘူး။ ဒီနေ့တကယ်ကို စည်ကားတက်ကြွခဲ့တာပဲလေ။ ငါ့ရဲ့နတ်သမီးပုံရိပ်လေးက ပြိုလဲသွားတယ် ဆိုပေမဲ့ပေါ့...

ဒီတစ်ကြိမ်တွင်တော့ နဥ်ရှောက်ပိုင်သည် သူမ၏အတွေးများကို ထိုးဖောက်မြင်သွားပြီး မနေနိုင်တော့ဘဲ ပြောလိုက်တော့၏။ "အိမ်မှာပဲနေပါ။ မင်း စာလုပ်တာကို ငါ မနှောင့်ယှက်တော့ပါဘူး"

ရှမြန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ "ရှင် ဆန္ဒရှိတယ်ဆိုရင်တောင် ကျွန်မကို နှောက်ယှက်လို့မရပါဘူး။ နောက်တစ်ခါ ရှင် အားလပ်ရက်ယူတဲ့အချိန်ကျရင် ကျွန်မက ကျောင်းဖွင့်နေပြီလေ"

နဥ်ရှောက်ပိုင်...

ဒါက နွေရာသီအားလပ်ရက်ပဲဆိုတာကို မေ့သွားတာပဲ။ သူ ကျောင်းသွားရဦးမှာပဲ...

ဒီတစ်ကြိမ်တွင်တော့ အောင်နိုင်သူလို ရယ်ဖို့ရန်အတွက် ရှမြန်၏အလှည့် ဖြစ်လာလေတော့သည်။

နဥ်ရှောက်ပိုင်က သူမ၏ပျော်ရွှင်သွားသည့် အမူအရာကို ကြည့်လိုက်ပြီး အပြုံးတစ်ခုက သူ၏မျက်ဝန်းများထဲတွင် ဖြတ်ပြေးသွားလေတော့သည်။

...

All Chapters