အခန်း (၁၆၉)
Vol. 12 Ch. 169
"လျှောက်ပြောမနေနဲ့" ပိန်ပိန်ရှည်ရှည်ကောင်လေးက ပြောလိုက်သည်။ "ကစားကွင်းကို သွားကြမယ်"
ရှမြန်က သူတို့နောက်မှနေ၍ ကစားကွင်းသို့ လိုက်လာခဲ့သည်။ ကစားကွင်းသည် စာသင်ဆောင်နှင့် ဂိတ်တံခါးဝမှဆိုလျှင် တော်တော်လေးကို ကွာဝေးသည့် နေရာတွင်ရှိနေသည်။ ထိုကြောင့် ကြိုးစင်တင်သည့်ကိစ္စများကို မကြားရနိုင်သလောက်ပင်။
ရှမြန်က လမ်းလျှောက်လာရင်း သိလိုစိတ်ဖြင့် ဖန့်ရှောင်မန့်ကို မေးလိုက်သည်။ "ခေါ်ပြီးသွားပြီလား။ ဘယ်လောက် ကြာမှာတဲ့လဲ"
ဖန့်ရှောင်မန့်က စီးကရက်ကို မီးညှိလိုက်ပြီး "သူ အခု ထျန်းရွှယ်ယာနဲ့ စာကြည့်တိုက်မှာတဲ့။ ပုံမှန်ဆိုရင်တော့ သူ ဒီကို နာရီဝက်လောက်နေရင် ရောက်လာမှာပါ။ နင်က သူ့အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ အပေါ်မူတည်တယ်"
"အဲဒီလောက်လည်း အရေးမကြီးပါဘူး" ရှမြန်က အပြုံးဖြင့် ပြောလိုက်သည်။ "နင်တို့တွေ ရုပ်ရှင်တွေ အရမ်းကြည့်ကြတယ် ထင်တယ် ဟုတ်လား။ ဒါကို ပြန်ပေးဆွဲတယ်လို့ နင်တို့က ထင်နေတာလား"
ဖန့်ရှောင်မန့်က သူမကို လှမ်းကြည့်လိုက်၏။ ဒီကောင်မလေးသည် ပြန်ပေးဆွဲခံထားရသည်နှင့် လုံးဝကို မတူချေ။ ထိုအစား သူမသည် သူတို့နှင့် အတူဒီနေရာသို့ လာကစားနေသည့်ပုံပင်ပေါ်နေ၏။
သို့သော်ငြားလည်း ထူးထူးဆန်းဆန်း သူမသည် ပြီးခဲ့သည့် တစ်ခေါက်တုန်းက ထျန်းရွှယ်ယာကို လမ်းပိတ်ခဲ့သည့်အချိန်ကလို တူညီသည့် ဒေါသထွက်နေသည်ကို မခံစားရပေ။
"နောက်ပြီးတော့ သူ လာတဲ့အခါကျရင်" ရှမြန်က ပြောလိုက်၏။ "နင်က သူ့ကို တောင်းပန်ချင်တာလား။ ရှင်းပြချင်တာလား"
နားကွင်းနှင့်မိန်းကလေးက မျက်လုံးများကို ဝိုင်းထားလိုက်ကာ "နင်က အဲဒါကို ဘယ်လိုသိတာလဲ"
"ကံဆိုးချင်တော့ ထျန်းရွှယ်ယာကို သိနေတယ်လေ" ရှမြန်က အပြုံးဖြင့်ပြောလိုက်၏။ "သူက အရမ်းကို ဝင်စွက်ဖက်ရတာကြိုက်တဲ့ စရိုက်တစ်ခုရှိတယ်လေ"
"ပြီးတော့ လုပ်စရာ ဘာမှမရှိဘူးဆိုရင် တစ်ခုခုလုပ်ရတာ ကြိုက်တယ်။ တကယ်လို့ တစ်ခုခု ရှိနေတယ်ဆိုရင်တော့" ရှမြန်က အပြုံးဖြင့်ပြောလိုက်၏။ "တကယ်လို့ တစ်ခုခု ရှိနေတယ်ဆိုရင်တော့ ဒါကိုအဆ ၁၀၀ဖြစ်သွားအောင် ပြောနိုင်တယ်လေ"
"နားလည်မှုလွဲအောင် လုပ်ထားတာဆိုတော့ ဒါပေါ့လေ။ ရှင်းပြဖို့ လိုအပ်တာပေါ့"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်" နားကွင်းနှင့်မိန်းကလေးက ချက်ချင်းဆိုသလို ဘုံရန်သူ၏ အမုန်းတရားကို မျှဝေလေ၏။ "ငါသူ့ကို ၂ချက်ပဲ ပါးရိုက်လိုက်တာပါ။ သူက ခဲအို ရောက်လာတာကိုလည်း မြင်ရော သူ့ဗိုက်ကို ကိုင်ပြီးတော့ လမ်းမလျှောက်နိုင်ဘူးတဲ့လေ။ သတိတောင် လစ်သွားသေးတယ်တဲ့။ နောက်ဆုံးတော့ သူ့ကို ခဲအိုကပဲ ချီပြီးတော့ ခေါ်သွားရတော့တာပဲ"
နားကွင်းနှင့်မိန်းကလေးသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ "နောက်တစ်ခါ ငါ သူ့ကို တွေ့လို့ကတော့ သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်ဦးမှာ"
ရှမြန်က အသံထွက်ကာ ရယ်လိုက်သည်။ "နင့်ကို အဲဒီလိုမလုပ်ဖို့ ငါ အကြံပေးလိုက်မယ်။ ပါး၂ချက် ရိုက်တာလေးနဲ့တင် ဟန်ဟောက်ယန်ကို နွေရာသီအားလပ်ရက်တစ်ခုလုံး ကုန်ဆုံးသွားစေတယ်ဆိုရင် နင် သူ့ခြေထောက်ကိုသာ ရိုက်လိုက်လို့ကတော့ သူ့တစ်ဘဝလုံး ပေးဆပ်နေရလိမ့်မယ်"
နားကွင်းနှင့်မိန်းကလေးသည် ထိုအကြောင်းကို စဉ်းစားလိုက်ပြီး သူမပြောသည့် စကားကမှန်သည်ဟု သဘောပေါက်သွား၏။ သူမသည် ချက်ချင်းဆိုသလို စိတ်ရှုပ်သွားလေတော့သည်။ "ဒါဆိုရင် ဘာလုပ်ရမှာလဲ။ ငါ သူ့ကိုထပ်ပြီးတော့ ထိလို့မရတော့ဘူးလား"
ရှမြန်က ပခုံးတွန့်ပြလိုက်သည်။ ဒါသည် သူမဖြေပေးနိုင်သည့် လယ်ဗယ်ထဲတွင် မရှိချေ။
ဖန့်ရှောင်မန့်က ရှမြန်ကို ကြည့်လိုက်ပြီး "နင် ဟန်ဟောက်ယန်ကို တကယ် မကြိုက်ဘူးလား"
"ငါ သူ့ကို မကြိုက်ပါဘူး" ရှမြန်က ကျောက်ပြားတစ်ခုကို ရှာဖွေလိုက်ကာ ထို့ကျောက်ပြားကို လက်ဖြင့် သုတ်လိုက်ပြီးနောက် ထိုင်ချလိုက်ပြီး ဖန့်ရှောင်မန့်ကို သိချင်စိတ်ဖြင့် မေးလိုက်၏။ "နင်ကရော သူ့ကို ဘာလို့ကြိုက်တာလဲ။ မြင်မြင်ချင်း ကြိုက်သွားတာလား"
ဖန့်ရှောင်မန့်က သူမကိုကြည့်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုသို့မဟုတ် အထင်သေးသည့် အရိပ်အယောင် မရှိသည်ကို တွေ့လိုက်ရသည်။ သူမသည် ဒီကိစ္စကို သူမနှင့် ရိုးရိုးရှင်းရှင်းသာ ဆွေးနွေးနေခြင်းဖြစ်နေ၏။
ဒါသည် ဟန်ဟောက်ယန်ကို ပထမဦးဆုံး တွေ့လိုက်သည့်အချိန်တုန်းက သူ့မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ခုရှိနေသည်ကို ပြန်အမှတ်ရသွားစေသည်။
သူသည် သူတို့နှင့် လုံးဝမတူညီသည့် ကမ္ဘာတစ်ခုထဲက လင်းလက်နေသည့် ကောင်လေးတစ်ယောက် ဖြစ်မှန်း သိသာသည်။ သို့သော်ငြားလည်း သူသည် သူမ၏လူမိုက်ဟူသည့် အဆင့်အတန်းကြောင့် ထူးထူးဆန်းဆန်း ပြုမူသည် မရှိခဲ့ချေ။
သူ့အမြင်တွင် သူမသည် သာမန်ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်သာဖြစ်သည်။
သူက ထူးချွန်သည့် ကျောင်းသားတစ်ယောက်ဟု သိလိုက်ရသည်အချိန်တွင် သူမသည် ရုတ်တရက်ဆိုသလို ထိန်းမရတော့ဘဲ သူ့ကိုချစ်သွားခဲ့၏။
ဖန့်ရှောင်မန့်သည် ရှမြန်ကို ထိုအကြောင်း အများကြီး ပြောပြလိမ့်မည် မဟုတ်ချေ။ သူမက ဒီအတိုင်းသာ ပြောလိုက်၏။ "မသိပါဘူး။ ဒီအတိုင်းပဲ ကြိုက်သွားတာ"
နားကွင်းနှင့် မိန်းကလေးက ပြောလိုက်၏။ "ခဲအိုက ချောမောပြီးတော့ တခြားသူအပေါ်လည်း ကြင်နာတတ်တယ်လေ"
"တခြားသူအပေါ် သဘောကောင်းပြီး ချောမောတဲ့သူတွေ အများကြီးရှိနေတာပဲ" ရှမြန်က သူမ၏နောက်က ပိန်ပိန်ရှည်ရှည်ကောင်လေးကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်သည်။ "သူလည်း အရမ်းချောပြီးတော့ ကြည့်လို့ကောင်းတယ်လေ။ နင် သူ့ကို ဘာလို့ မကြိုက်တာလဲ"
"ဒါတော့ မတူဘူးလေ" နားကွင်းနှင့်မိန်းကလေးက ထိုသို့ ပြောလိုက်သော်ငြားလည်း ကွာခြားမှု အကြောင်းအရင်းကို မရှင်းပြနိုင်အောင်ဖြစ်နေ၏။
ရှမြန်ကတော့ အများကြီး မပြောဘဲ ဒီအတိုင်းသာ ပြောလိုက်သည်။ "ဒီအကြောင်း မပြောကြရအောင်ပါ"
သူမက ဖန့်ရှောင်မန့် ကိုမေးလိုက်၏။ "နင် သူ့ကို ကြိုက်သွားပြီးတဲ့နောက်တော့ တကယ်လို့ သူက နင့်ကို မကြိုက်ဘူးဆိုရင် ဒါမှမဟုတ် သူက နင့်ကို တကယ်ပဲ လက်ခံခဲ့တယ်ဆိုရင် နင် ဘာလုပ်မှာလဲ"
"တကယ်လို့ သူ ငါ့ကို လက်မခံဘူးဆိုရင် သူ့ကိုလိုက်ပြီးတော့ ပိုးပန်းရမှာပေါ့ "နားကပ်နှင့်မိန်းကလေးက အပြုံးဖြင့် ပြောလိုက်သည်။ "တကယ်လို့ သူ့ကို ဖမ်းမိသွားရင် ငါတို့တွေ အတူတူနေ လို့ရပြီပဲလေ။ တခြား ဘာလုပ်စရာလိုသေးလို့လဲ"
"နင်တို့တွေ သူ့နောက်ကိုလိုက်ပြီး အချိန်အကြာကြီး ပိတ်ဆို့ခဲ့ပြီးပြီပဲ။ ဒါပေမဲ့ နင်တို့တွေ သူ့ကို မမိသေးဘူးလေ။ ဒီနည်းလမ်းက အလုပ်မဖြစ်တာ သိပါတယ်" ရှမြန်က အပြုံးဖြင့် ပြောလိုက်သည်။
"ဟန်ဟောက်ယန်က နင်တို့တွေ သူ့ကို ပိုးပန်းပြီး ပိတ်ဆို့နေတာကို မငြင်းပယ်ရတဲ့အကြောင်းအရင်းကို သိလား"
ဖန့်ရှောင်မန့်က ရှမြန်ကို ကြည့်လိုက်၏။
ရှမြန်က ပြောလိုက်သည်။ "ဘာဖြစ်လို့လဲဆိုတော့ သူက သိနေတယ်လေ။ နင်တို့တွေ အဲဒီလိုလိုက်ပြီးတော့ ရှုပ်နိုင်တာကလည်း ဒီလိုတိုတောင်းတဲ့ နွေရာသီအားလပ်ရက်လေးပဲ ကြာမှာ။ သူ့အတွက်တော့ ဒီကိစ္စကို စိတ်ရှုပ်ခံနေဖို့ မလိုဘူးလေ"
"နောက်ဆုံးကျောင်းဖွင့်ရင် နင်တို့လည်း သူ့ကို တွေ့နိုင်တော့တာမှ မဟုတ်တာ"
နားကွင်းနဲ့မိန်းကလေးနှင့် ပိုနီတေးလ်စည်းထားသည့် မိန်းကလေး ၂ယောက်စလုံးသည် အမူအရာများ ပြောင်းလဲသွားပြီး ဖန့်ရှောင်မန့်၏မျက်လုံးကတော့ စူးရှသွားကာ ရှမြန်ကို ကြည့်လိုက်လေသည်။
ရှမြန်ကတော့ ဒါကို သတိထားမိဟန်မတူဘဲ ဆက်ပြောလိုက်၏။ "သူက နင့်ကို လက်ခံတယ်ပဲ ထားပါဦး။ ဒါဆိုရင်ရော ဘာဖြစ်ဦးမှာလဲ"
"နင်တို့တွေက ဘယ်လို ချိန်းတွေ့ကြမှာလဲ။ အချင်းချင်း ချစ်ကြိုက်ကြတဲ့သူတွေက အပြန်အလှန် ပြောဆိုဆက်ဆံဖို့ လိုသေးတယ်လေ"
"သူက ငါတို့ကျောင်းမှာ အဆင့်၃ ဝင်တဲ့သူနော်။ တကယ်လို့ မမျှော်လင့်တာ ဘာမှမဖြစ်ခဲ့ဘူးဆိုရင် သူက ဟွားကျုံးတက္ကသိုလ် ဒါမှမဟုတ် ယန်တက္ကသိုလ်ကို သွားနိုင်မှာ" ရှမြန်က ဖန့်ရှောင်မန့်ကိုမေးလိုက်သည်။
"နင် အထက်တန်းကျောင်း ပြီးသွားရင်ရော ဘာလုပ်မှာလဲ။ ကောလိပ် ဆက်တက်မှာလား။ အလုပ် သွားလုပ်မှာလား။ နင်တို့တွေ ဆက်ပြီးတော့ ဆက်ဆံစရာ အကြောင်းရှိသေးလို့လား"
"နင် ငါတို့ကို လာဆုံးမနေတာလား" ပိန်ပိန်ရှည်ရှည်နှင့် ကောင်လေးက စိတ်မရှည်လက်မရှည်ဖြင့် မေးလိုက်သည်။ "နင့်ဟာနင် ကျောင်းအုပ်ကြီးလို့များ ထင်နေတာလား"
ရှမြန်ကတော့ အပြစ်ကင်းစင်စွာ ပြောလိုက်သည်။ "ငါက နင်တို့ ပြန်ပေးဆွဲခံထားရတဲ့ ဓားစာခံပါ။ ငါလည်း ဒီအတိုင်းစောင့်နေရတာ ပျင်းတယ်လေ။ နင်တို့လည်း ငါ့ကို သတ်လိုက်နိုင်တာမှ မဟုတ်တာ။ ဒီတော့ စကားပြောရင်း အချိန်ကုန်ဆုံးကြတာပေါ့။ ပြီးတော့ ငါကလည်း လက်တွေ့ကျတဲ့ မေးခွန်းတစ်ခုကို မေးနေတာပါ"
သူမက ထိုလူများကို ကြည့်ပြီး ပြောလိုက်သည်။ "ဒါဆိုရင် ငါ့ကို ပြောပါဦး။ ကျောင်းက တစ်ပတ်လောက်နေရင် ဖွင့်တော့မှာ။ နင်တို့တွေက နင်တို့ရဲ့အစ်မကြီး ဟန်ဟောက်ယန်ကို ပိုးပန်းမှာကို ဘယ်လို ကူညီပေးကြမှာလဲ"
"ထျန်းရွှယ်ယာက သူနဲ့တစ်ခန်းတည်းနော်။ သူ အခုအချိန်မှာ ထျန်းရွှယ်ယာကို မကြိုက်ဘူးဆိုရင်တောင် ထျန်းရွှယ်ယာကတော့ သူ့အတွက် အပြစ်တင်တဲ့စကားတွေ၊ ဆင်ခြေတွေ အမျိုးမျိုးပေးပြီးတော့ သူ့ကိုတွယ်ကပ်နေလို့ ရသေးတယ်။ သူ့ဆီက အကြံဉာဏ် တောင်းလို့ရတယ်။ ဒါမှမဟုတ်လည်း သူတို့၂ယောက်ရဲ့ ဆက်ဆံရေး တိုးတက်လာအောင် လုပ်လို့ရတယ်။ နင်တို့ကရော။ အစ်မတွေ နင်တို့တွေက သူ့ကို ဘယ်လို ပိုးပန်းကြမှာလဲ"
နားကွင်းနှင့်ကလေးမလေးက ပြောလိုက်သည်။ "အလွန်ဆုံး ကျောင်းဆင်းတဲ့ အထိစောင့်နေလိုက်ရုံပဲပေါ့။ ကျောင်းဆင်းလာတဲ့ အချိန်ကျရင် လမ်းမှာ တွေ့နိုင်သေးတာပဲ မဟုတ်လား"
ရှမြန်က နှာခေါင်းရှုံ့လိုက်၏။ "နင်တို့တွေက သိပ်နုတာပဲ"ဟု ပြောနေသယောင်။
"အထက်တန်းကျောင်းသားတွေက ကျောင်းဝန်းထဲမှာ နေရမှာလေ။ တကယ်လို့ သူတို့က ကျောင်းဝန်းထဲမှာ မနေဘူးဆိုရင်တောင်မှ ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးရင် ၁၀နာရီ ထိုးနေပြီ။ နင်တို့တွေ လမ်းမှာပိတ်ဆို့မယ်ဆိုရင်တောင် နင်တို့က ဘာလုပ်နိုင်မှာလဲ။ နင်တို့တွေက သူ့ကို အဖော်ပြုပြီးတော့ အိမ်လိုက်ပို့ပေးမှာလား"
"ဒါဆိုရင် နာရီဝက်လောက် သုံးပြီးတော့ ကျောင်းမှာ နင်တို့ရဲ့ အောင်မြင်မှု အကြီးကြီးတွေကို သူတို့ကို ပြောပြမလို့လား။ ဒါမှမဟုတ် နင်တို့ နားမလည်နိုင်တဲ့ အသိပညာတွေကို နာရီဝက်စာ သူ့ကို ပြောပြခိုင်းမလို့လား"
ဖန့်ရှောင်မန့်သည် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာပြီး ရှမြန် ပြောလိုက်သည့်စကားနောက်ပိုင်းတွင် သူမ၏ အစီအစဉ်ကို သေသေချာချာလေး စဉ်းစားမိနေကာ ရှမြန်ပြောသည့်စကားက လက်တွေ့ကျသည်ကို သဘောပေါက်သွားလေသည်။
သူတို့သည် တစ်ကျောင်းတည်းက မဟုတ်ချေ။ ထို့ကြောင့် သူတို့ တွေ့ဆုံနိုင်မည့် အခွင့်အရေးကလည်း မရှိပေ။
"ဒါမှမဟုတ်လည်း တစ်နှစ်အတွင်းမှာ သူ အထက်တန်းကျောင်းပြီးတဲ့အထိ စောင့်လိုက်လို့ရတာပဲ။ ပြီးမှ သူ့ကို ထပ်လိုက်ကြပေါ့" ရှမြန်က ပြောလိုက်သည်။ "တကယ်လို့ အဲဒီအချိန်ထိ နင် သူ့ကို ကြိုက်နေသေးတယ်။ သူကလည်း စင်ဂယ်လ် ဖြစ်နေသေးတယ်ဆိုရင်ပေါ့လေ"
"သူက ဟွားကျုံးတက္ကသိုလ် ဒါမှမဟုတ် ယန်တက္ကသိုလ်ကို သွားမှာ။ နင်က..." ရှမြန်က ဖန့်ရှောင်မန့်ကို ကြည့်လိုက်ပြီး "နင်က ကောလိပ်သွားမှာလား။ အလုပ်လုပ်မှာလား"
ဖန့်ရှောင်မန့်သည် မရွှင်မပျ ဖြစ်သွားတော့သည်။ ပိုနီတေးလ်နှင့်မိန်းကလေးက ဒေါသတကြီး ပြောလိုက်၏။ "နင်က ငါတို့ကို လာလှောင်နေတာလား။ ငါတို့လိုလူတွေက ဘယ်လိုလုပ်ပြီးတော့ ကောလိပ်သွားလို့ရမှာလဲ"
ရှမြန်က အပြစ်ကင်းစင်စွာ ပြောလိုက်၏။ "မဟုတ်ပါဘူး။ ငါက ဒါကို သေသေချာချာလေး ခွဲခြမ်းစိတ်ဖြာ ပြနေတာပါ။ ဒါဆိုရင် ငါ့ကို ပြောပါဦး။ ငါ ပြောတဲ့စကားထဲမှာ ဘာမှားလဲ"
ပိုနီတေးလ်နှင့် ကလေးမလေးသည် ဘာမှမပြောနိုင်တော့ပေ။
ရှမြန်က ပြောလိုက်သည်။ "ဟုတ်ပြီလေ။ တကယ်လို့ နင်တို့ ဒီအကြောင်းကို မပြောချင်ဘူးဆိုရင်လည်း ငါက ဒီအတိုင်း ခန့်မှန်းချက်တစ်ခု ထုတ်ပေးမယ်။ နင်တို့တွေ ကျောင်းဆက်တက်တယ် ဆိုပါစို့။ နင်တို့တွေ ဘယ်ကျောင်းကို သွားနိုင်မှာလဲ။ ယန်တက္ကသိုလ်နဲ့ ဘယ်လောက်ဝေးလဲ။ သူ့ကို လိုက်ပြီးပိုးပန်းဖို့အတွက် နင်တို့မှာ အချိန်ဘယ်လောက်ပေးနိုင်လဲ"
"နောက်ပြီးတော့ ဟန်ဟောက်ယန်ကို ပိုးပန်းနေတဲ့သူတွေကလည်း အများကြီးရှိမှာပဲ။ နင်တို့ရဲ့ တခြားအရည်အချင်းတွေကို ဘေးဖယ်ထားလိုက်ဦး။ နင်တို့မှာ အချိန်နည်းနည်းလေးတောင် ရှိမှာမဟုတ်ဘူးလေ။ နင်က သူ့ကို ဘယ်လိုလုပ်ပြီးတော့ လိုက်ဖမ်းမှာလဲ"
"ဒုတိယခန့်မှန်းချက် နင်တို့တွေက အနီးအနားမှာ အလုပ်လုပ်တယ် ဆိုပါစို့။ ဒါပေမဲ့ အလုပ်ဆင်းသွားရင် နင်တို့မှာ နေ့လယ်ခင်းနဲ့ ညနေ့ခင်းအချိန်ပဲ ရမယ်။ ဒါက ပထမခန့်မှန်းချက်ထက်တောင် ပိုဆိုးသေးတယ်နော်။ တတိယခန့်မှန်းချက်ကတော့ နင်တို့တွေက အလုပ်လက်မဲ့ ကလေက၀ တစ်ယောက်ပေါ့။ ဟန်ကျုံးတက္ကသိုလ်က ထိပ်တန်းကျောင်းသား တစ်ယောက်ကို ပိုးပန်းဖို့ အချိန်အများကြီး ရှိတယ်။ သူကတော့ ဓာတ်ခွဲခန်းထဲမှာ လက်တွေ့စမ်းသပ်မှုတွေ လုပ်နေပြီး အသင်းအဖွဲ့ လှုပ်ရှားမှုတွေထဲမှာလည်း ပါဝင်လှုပ်ရှားနေတယ်။ ကျောင်းသားသမဂ္ဂ ရွေးချယ်ပွဲမှာလည်း မိန့်ခွန်းတွေ တက်ပြောနေတယ်။ နင်က သူ့ရှေ့မှာ ဘယ်လိုလုပ်ပြီးတော့ သွားရပ်မှာလဲ။ သူ ပြောတဲ့စကားတွေကိုတောင် နင်တို့ နားမလည်နိုင်ဘူးလေ"
ရှမြန်က တလေးတနက် ပြောလိုက်၏။ "အစ်မရယ် တကယ်လို့ နင် သူ့ကို တကယ်ကြိုက်တယ်ဆိုရင် ဒီကိစ္စတွေကို သေသေချာချာလေး စဉ်းစားသင့်တယ်နော်။ နောက်ဆုံး တစ်နှစ်ပဲ ကျန်တော့တာ။ တစ်နှစ်ကလည်း ကုန်မြန်တယ်လေ"
ဖန့်ရှောင်မန့်သည် စိတ်ရှုပ်ရှုပ်ဖြင့် သူမ၏စီးကရက်ကို ရှိုက်ဖွာလိုက်သည်။ နားကွင်းနှင့်မိန်းကလေးနှင့် ပိုနီတေးလ်စည်းထားသည့် မိန်းကလေးတို့ ၂ယောက်စလုံးကလည်း ငြိမ်ကျသွားသည်။ အသက်၁၈၊ ၁၉နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် အနာဂတ်နှင့် ပတ်သက်ပြီး အိပ်မက်များ မရှိသည်မှာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။
သို့သော်ငြားလည်း ရှမြန် ပြောလိုက်သည့်စကားများက သူတို့တွင် သူတို့၏အနာဂတ် လုံးဝမရှိတော့သယောင် ဖြစ်နေ၏။
ပတ်ဝန်းကျင်အခြေအနေက အနည်းငယ် လေးလံသွားသည်ကို တွေ့လိုက်ရသည်တွင် ရှမြန်က ပြုံးကာပြောလိုက်လေသည်။ "ထားလိုက်ပါလေ။ အခုလောလောဆယ် ဟန်ဟောက်ယန်ရဲ့ကိစ္စကို ခဏလောက် ဖယ်ထားလိုက်ဦး။ နင်တို့ ကိုယ်တိုင်အကြောင်းပဲ ပြောကြရအောင်"
"ဖန့်ရှောင်မန့် တစ်ယောက်ယောက်က နင့်ကို ကြိုက်နေတာမျိုးရှိလား"
နားကွင်းနှင့်မိန်းကလေးသည် ချက်ချင်းဆိုသလို ပိန်ပိန်ရှည်ရှည်နှင့်ကောင်လေးကို လှမ်းကြည့်လိုက်ပြီး ဖန့်ရှောင်မန့်ကလည်း အမှတ်တမဲ့ဆိုသလို ထိုဘက်သို့ လှမ်းကြည့်လိုက်လေသည်။
"ကြည့်ရတာ တချို့တော့ရှိတဲ့ပုံပဲ" ရှမြန်က အပြုံးဖြင့် ပြောလိုက်၏။ "နင့်ကို ကြိုက်တဲ့သူတွေက ဘယ်လိုလူမျိုးတွေလဲ"
ရှစ်စန်းထိုက်ပေါင်နှင့် သူတို့နှင့်အတူ မကြာခဏ တွဲသွားတွဲလာ ရှိတတ်သည့်လူတချို့သည် ဖန့်ရှောင်မန့်၏စိတ်ထဲတွင် ဖျတ်ခနဲပေါ်လာခဲ့၏။
ရှမြန်က ထပ်မေးလိုက်၏။ "ဘယ်လိုလူမျိုးတွေက နင့်ကိုလာကြိုက်မယ်လို့ထင်လဲ"
ဟန်ဟောက်ယန်လို တစ်စုံတစ်ယောက်အတွက်တော့ ဖန့်ရှောင်မန့်သည် ဝန်မခံချင်လျှင်ပင် ဒီအဖြေက သူမ၏စိတ်ထဲတွင် အလိုလို ပေါ်ထွက်လာခဲ့ပြီးသားဖြစ်၏။
ထို့နောက်တွင်တော့ ရှမြန်က ထပ်မေးလိုက်သည်။ "ငါတို့တွေရဲ့ လက်တွဲဖော်တွေက ဘယ်လိုပုံစံမျိုးကို ပိုပြီးတော့ အားကျလိမ့်မယ်လို့ ထင်လဲ။ လူ့အဖွဲ့အစည်းထဲမှာ ပွဲထုတ်လာတဲ့အချိန်ဆိုရင် သူတို့တွေက ပိုပြီးတော့ တလေးတစား ရှိလာမှာလား"
ပိန်ပိန်ရှည်ရှည်နှင့် ကောင်ကလေးသည် ရုတ်တရက် ရှေ့သို့တက်လာပြီး ရှမြန်၏ကော်လံကို ဖမ်းဆွဲဖို့ ကြိုးစားလိုက်၏။ "နင်က ဘာသဘောလဲ"
ရှမြန်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားပြီး တားလိုက်သည်။ "စိတ်လျှော့ပါ သူငယ်ချင်းရဲ့။ နင်လည်း အဲဒီလောက် မကောင်းဘူးဆိုတာ သိနေတဲ့ပုံပဲ"
"ရှစ်စန်းထိုက်ပေါင်က အရမ်းကို လေးစားစရာကောင်းတယ် မဟုတ်လား" ရှမြန်က အပြုံးဖြင့် ပြောလိုက်သည်။ "နင့်ရဲ့ရည်းစားဖြစ်ရတာ အရမ်းကို အားကျစရာ ကောင်းသင့်တယ်လေ"
"ဘေးကလူတွေက ပြောကြမှာပေါ့။ ဟယ် အဲဒီလူမိုက်ရဲ့ ရည်းစားလေးကို ကြည့်လိုက်စမ်း။ အဲဒီမိန်းမက ကံကောင်းလိုက်တာ"
ရှမြန်၏ မျက်လုံးများသည် ရုတ်တရက်ဆိုသလို တည်ကြည်သွားပြီး "ပြောကြဦးမယ်။ ဟယ် ဒီလူမိုက်ရဲ့ရည်းစားက လူကောင်းတစ်ယောက် မဟုတ်မှာတော့ စဉ်းစားစရာပဲ"
ပိန်ပိန်ရှည်ရှည်ကောင်လေး၏မျက်နှာက နီရဲသွားသည်ကို ကြည့်လိုက်ပြီး ရှမြန်သည် သူ့ကို ရုပ်တည်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ "ဒီတော့ နင်တွေ့တယ်နော်။ နင့်ကြောင့် နင် သဘောကျတဲ့ကောင်မလေး ကအကြောင်းပြချက်မရှိဘဲ ဝေဖန်ခံရတော့မယ်။ သူတို့တွေက သူ့ကို နားလည်ပေးဖို့ ကြိုးစားကြမှာတောင် မဟုတ်ဘူး။ သူက နင့်ဘေးမှာ ရှိနေသရွေ့ သူနဲ့ ပတ်သက်တဲ့အရာအားလုံးက ငြင်းဆန်ခံရမှာပဲ"
"နင် ဒါကို နင့်စိတ်ထဲမှာ သတိထားသင့်ပါတယ်။ ဒါမှ နင့်ခံစားချက်တွေကို ဝန်မခံရဲတော့မှာ။ နင်က သူ့နောက်မှာပဲရပ်ပြီး သူက တခြားပိုကောင်းတဲ့ ကောင်လေးတွေကို လိုက်လံပိုးပန်းနေတာကိုပဲ ကူညီရတော့မှာပေါ့"
"ကံဆိုးချင်တော့ သူက နင်နဲ့ တူနေတယ်ဆိုပါစို့။ တကယ်လို့ ကောင်လေးတစ်ယောက်က သူနဲ့အတူတူ ရှိနေတယ်။ သူ့ရဲ့ရုပ်က အရမ်းကို ချောမောနေတယ်ဆိုရင်တောင် လူတွေက ပြောကြလိမ့်မယ်။ ဟယ် အဲဒီကောင်လေးက သေချာပေါက် ရုပ်ချောတာပဲ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူက ဘာဖြစ်လို့ ဒီလိုဆိုးသွမ်းတဲ့ကောင်မလေးနဲ့ တွဲနေမှာလဲ"
"နင် သေချင်နေတာလား" အရပ်မြင့်မြင့်နှင့်ကောင်လေးသည် ရုတ်တရက် ရှမြန်ကို လက်သီးဖြင့် ပစ်ထိုးလိုက်၏။
ရှမြန်က ကိုယ်ကို ဘေးတစောင်း မြန်မြန်လှည့်လိုက်ပြီး အရပ်မြင့်မြင့်ပိန်ပိန်နှင့် ကောင်လေးကို ခြေထိုးလိုက်ကာ ထိုကောင်လေးသည် မြေကြီးပေါ်သို့ လဲကျသွားတော့သည်။ ရှမြန်က ကျောက်တုံးပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး သူ့ကို လှမ်းကြည့်လိုက်ပြီးနောက် အပြုံးဖြင့် ဖန့်ရှောင်မန့်ကို ပြောလိုက်သည်။ "သူ့ကို မပိုးပန်းရဲဘူးဆိုမှတော့ နင်လည်း သူ့ကို မရနိုင်တော့ဘူးလေ"
"နောက်ဆုံး ကောက်ချက်ချရမယ်ဆိုရင် နင်တို့တွေက ဒီအတိုင်း လုံလောက်အောင် မကောင်းသေးတာပဲပေါ့"
ဖန့်ရှောင်မန့်သည် သူမ၏လက်သီးကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး ရှေ့သို့အပြေးအလွှား ရောက်လာကာ ရှမြန်၏ကော်လံကို ဖမ်းဆွဲလိုက်လေသည်။
"နင်"
ရှမြန်ကတော့ မရှောင်လိုက်ချေ။ သူမက ဖန့်ရှောင်မန့်၏မျက်လုံးကို တည့်တည့်စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဘာဖြစ်လို့လဲဆိုတော့ နင်က နင့်အချိန်တွေကို ဖြုန်းတီးနေတာ။ ဒါမှမဟုတ် အပျင်းတစ်နေတာ။ ဒါမှမဟုတ်လည်းပဲ သတ္တိကြောင်နေတာလေ။ ကိုယ့်ဟာကိုယ်တောင် မကျော်လွှားနိုင်ဘူး။ ဒီတော့ နင်က နင်ကြိုက်တဲ့ တစ်စုံတစ်ယောက်ကို တွေ့တဲ့အခါ သူ့ကို လိုက်လံပိုးပန်းဖို့ နင့်မှာ ပြည့်မှီတဲ့အရည်အချင်းတွေတောင် မရှိဘူးလေ"
သူမက ပြုံးကာပြောလိုက်၏။ "ငါပြောတဲ့စကားထဲမှာ မှားတာပါတယ်လို့ နင် ထင်လား"
အကြောင်းအရင်းတချို့ကြောင့် ဖန့်ရှောင်မန့်၏လက်သီးသည် ပေါင်ထောင်ချီအောင် လေးလံသွားသလို ခံစားလိုက်ရပြီး သူမမှာ ထိုလက်သီးကို မဝှေ့ရမ်းနိုင်တော့ချေ။
"အစ်မ နင် အင်အားမဲ့သွားတယ်လို့ ခံစားနေရတာလား" ရှမြန်က ပြုံးလိုက်၏။ "နင် နောက်ဆိုရင် ဒီလိုမဖြစ်ချင်ဘူးဆိုရင် အခုအချိန်ကစလို့လည်း အရမ်းနောက် မကျသေးပါဘူး"
"ဟုတ်ပါတယ် ဒါက အကြံပြုချက် သက်သက်ပါပဲ။ နင် ဒါကို နားထောင်မယ် နားမထောင်ဘူးဆိုတာကတော့ နင့်သဘောပဲလေ"
"ဖန့်ရှောင်မန့်" ဟန်ဟောက်ယန်သည် ရုတ်တရက် သိပ်မဝေးလှသည့် အနောက်ဖက် တံတိုင်းပေါ်မှ ခုန်ဆင်းလာပြီး မျက်နှာပေါ်တွင်လည်း ဒေါသအပြည့်ဖြင့် ဒီဘက်သို့ ပြေးဝင်လာလေသည်။ "ရှမြန်ကို လွှတ်လိုက်"
ရှမြန်...
ဂိတ်တံခါးကလွဲရင် အမှတ်၁၄အထက်တန်းကျောင်းရဲ့ ဘယ်အုတ်နံရံမဆို လမ်းလျှောက်လို့ ရနေတာပဲကိုး။
ရှမြန်သည် သူမဆီသို့ အပြေးအလွှားလာနေသည့် ကောင်ကလေးကို အူကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိ၏။ သူ့မျက်နှာသည် ချွေးများနှင့် ရွှဲစိုနေပြီး သူ့မျက်လုံးကလည်း စိုးရိမ်စိတ်အပြည့် ဖြစ်နေလေသည်။ သူမက အကျပ်အတည်း ဖြစ်နေချိန်တွင် သူသည်မိုးပေါ်မှ ပြုတ်ကျလာသည်ဟုပင် စိတ်ကူးယဥ်ကြည့်မိနိုင်၏။
သို့သော်ငြားလည်း လက်တွေ့တွင်တော့ သူ၏ဒီအကြည့်က တခြားမိန်းကလေးတစ်ယောက်ဆီသို့ ရောက်ရှိနေတော့သည်။
ကျောက်ချန်ကလည်း တံတိုင်းပေါ်မှ ခုန်ချလာသည်။ ပြီးခဲ့သည့်အခေါက်က ထျန်းရွှယ်ယာကို သွားရောက် ကယ်တင်ချိန်က အေးအေးလူလူ ဖြစ်နေဟန်တူသည့် ထိုကောင်ကလေးသည် ယခုတွင်တော့ စိုးရိမ်ဒေါသထွက်နေသည့် ရုပ်ပေါက်နေ၏။ "ဟေ့ ရှမြန်ကို လွှတ်လိုက်"
"တကယ်လို့ သူ ဆံပင်မွှေးတစ်ချောင်း ဆုံးရှုံးသွားရင် ငါ နင်တို့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူးနော်။ ရှစ်စန်းထိုက်ပေါင်တွေ လွှတ်လိုက်"
ဖန့်ရှောင်မန့်သည် တည်တည်ငြိမ်ငြိမ် ဖြစ်နေသည့်ကောင်မလေးကို ငုံကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို သူမ၏နှလုံးသားထဲတွင် ပြောလိုက်သည့် ကြည်လင်နေသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ သူမက တကယ်ပဲ မထိုက်တန်ဘူးတဲ့။ သူမအား စိုက်ထုတ်မှုတွေ အများကြီးလုပ်ထားရတဲ့ လိုက်လံပိုးပန်းနေတဲ့သူကလည်း တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ လူပြက်တစ်ယောက် လိုက်ပြီး နှောင့်ယှက်နေတဲ့ပုံစံ ဖြစ်နေတယ်တဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ဖို့တောင် မထိုက်တန်ဘူးတဲ့လေ...
သူမ၏လက်များသည် ရုတ်တရက်ဆိုသလို တင်းကျပ်သွားတော့သည်။ လက်ဖဝါးက ဖြူဖွေးပြီး ပျော့ပျောင်းနေ၏။ သို့သော်ငြားလည်း ဖန့်ရှောင်မန့်သည် ဆေးလိပ်သောက်ခြင်းကြောင့် သူမ၏ လက်ချောင်းဖျားပေါ်တွင် ဖြစ်သွားသည့် အမာရွတ်သေးသေးလေးကို ကြည့်လိုက်ပြီး ရုတ်တရက် အလွန်မှ အရုပ်ဆိုး အကျည်းတန်သွားသည်ဟု ခံစားလိုက်ရလေသည်။
"အေးပါ မပူနဲ့။ ငါ ဘာမှမဖြစ်ဘူး" မိန်းကလေး၏ ကြည်လင်နေသည့်အသံက ထွက်လာခဲ့သည်။ "သူက ငါနဲ့ခဏလောက် စကားစမြည်ပြောနေတာပါ"
ရှမြန်က ဖန့်ရှောင်မန့်၏လက်ကို ဆွဲလိုက်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ဟန်ဟောက်ယန်က သူမကို ဂရုတစိုက်ကြည့်လိုက်ပြီး သူမက အမှန်တကယ် အဆင်ပြေနေသည်ကို တွေ့လိုက်ရ၏။ သူသည် အနည်းငယ် စိတ်အေးသွားလေတော့သည်။ သို့သော်ငြားလည်း သူက ဒေါသတကြီးဖြင့် ပြောလိုက်သေး၏။ "သူက နင်နဲ့ ဘာအကြောင်း ပြောနိုင်မှာမလို့လဲ"
ရှမြန်က ပြောလိုက်သည်။ "အဲဒီလိုမလုပ်ပါနဲ့။ သူက ထျန်းရွှယ်ယာရဲ့ကိစ္စနဲ့ ပတ်သက်ပြီး နင့်ကို ရှင်းပြချင်လို့ပါ"
ဖန့်ရှောင်မန့်က ရှမြန်ကို ကြည့်လိုက်သည်။
ရှမြန်က ဒီတစ်ကြိမ်တွင် သူမကို ကြည့်လိုက်သည့်အခါ သူမ၏မျက်လုံးထဲတွင် ညင်သာသိမ်မွေ့နေလေသည်။ "လုပ်လေ သေသေချာချာလေး ရှင်းပြလိုက်။ သူ ဒါကို ယုံပါတယ်"
ဖန့်ရှောင်မန့်က ဟန်ဟောက်ယန်ကို ကြည့်လိုက်၏။ ဒီတစ်ကြိမ်တွင် သူသည် သူမကို ခပ်တန်းတန်း သဘောထားသည့် အေးစက်စက် ဂရုမစိုက်တတ်သည့်သူ တစ်ယောက် လုံးဝမဟုတ်တော့ပေ။
ရှမြန်သည် အုတ်တံတိုင်းပေါ်မှ ဆင်းလာကြသည့် ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကို ကြည့်လိုက်ပြီး တအံ့တဩ မေးလိုက်၏။ "နင်တို့တွေကရော ဘာလို့ ဒီကိုရောက်နေတာလဲ"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က အပြေးအလွှား ရောက်လာပြီး သူမကို ဂရုတစိုက် သေချာ စစ်ဆေးလိုက်လေသည်။ "နင် အဆင်ပြေရဲ့လား"
ဆွန်းယွဲ့ရှင်းက အလွန်ဒေါသထွက်သွားသဖြင့် ကျိန်ဆဲလေတော့သည်။ "သောက်ကျိုးနည်း တကယ်လို့ နင်တို့တွေ သူ့ကိုထိရဲတယ်ဆိုရင် ငါ နင်တို့ကို အောက်လောက ပို့ပေးလိုက်မယ်"
ရှမြန်က ရင်ထဲထိသွားကာ သဘောကျသွားလေသည်။ "အဆင်ပြေပါတယ်။ နင်တို့လည်း သိပါတယ်။ ငါက လူတွေကို ကျိုးကြောင်းပြပြီး နားချရတာ ကြိုက်တယ်ဆိုတာကိုလေ"
သူမက တစ်ချက် လှုပ်ရှားတော့မည် ပြင်နေသည့် ကျောက်ချန်ကို လှမ်းဆွဲလိုက်ကာ ပြောလိုက်သည်။
"ငါက အကြမ်းဖက်ရတာထက် ကျိုးကြောင်းဆင်ခြင်ပြီး ပြောရတာကို ပိုကြိုက်တယ်နော်"
ကျောက်ချန်က တစ်ဖက်ကလူများကို လှမ်းကြည့်လိုက်ပြီး တင်းမာသည့် အခြေအနေမရှိသည်ကို တွေ့လိုက်ရသဖြင့် သူက ဖြည်းဖြည်းချင်း လက်လျှော့လိုက်လေသည်။ "ငါ အရမ်းဒေါသ ထွက်သွားတာ။ နင် အရိုက်ခံနေရပြီလို့ စဉ်းစားလိုက်တော့ ငါ့မှာ သေချင်စိတ်တောင် ပေါက်သွားတယ်"
"ဒါနဲ့ လောင်ဟန် အရင်တုန်းက ဒေါသထွက်တာ ငါတစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ သူ ဒီနေ့တော့ တော်တော်လေးကို ကြောက်စရာကောင်းနေတယ်"
ရှမြန်က အော်ရယ်လိုက်သည်။ "နင်တို့တွေလည်း ငါ့အပေါ်မှာ ယုံကြည်ချက်လေး နည်းနည်းပါးပါးတော့ ထားသင့်ပါတယ်"
ကျောက်ချန်က ပြောလိုက်သည်။ "ဒါပေါ့ ငါတို့တွေက ပြည်သူတွေကို အယုံအကြည်ရှိပါတယ်။ ဒါပေမဲ့ ရှစ်စန်းထိုက်ပေါင်က နာမည်ဆိုးနဲ့ ကျော်ကြားနေတာလေ။ အထူးသဖြင့် ဟောက်ကျန်း ဝင်လာပြီးတဲ့နောက်မှာပေါ့..."
သူတို့သည် စကားပြောနေကြစဉ်တွင် ဆွန်းယွဲ့ရှင်း၊ လီလီကျန်းနှင့် လူမိုက်မိန်းကလေး၂ယောက်တို့က စတင် ငြင်းခုန်ကြလေတော့သည်။
...