အခန်း (၁၆၈)
Vol. 12 Ch. 168
ရှမြန်သည် အစတုန်းကတော့ ဖြူစင်သန့်ရှင်းသည့် အထက်တန်း ကျောင်းသားကျောင်းသူများကို သူတို့၏ အကြိုက်ဆုံး အကြောင်းအရာများပြောပြီး လူများကို သင်ကြားပြသပေးကာ ပညာပေးရသည့် ပျော်ရွှင်မှုကို ခံစားချင်လေသည်။
မျှော်လင့်မထားဘဲ အကြိုက်ဆုံး အကြောင်းအရာများကို မပြောဖြစ်ဘဲ အထက်တန်းကျောင်းသားများ၏ စိတ်ခံစားချက်အရေးကိစ္စများက နားလည်ရခက်စွာ ပါဝင်ပတ်သက်လာခဲ့သည်။
ပုံမှန်ဆိုလျှင် အထက်တန်း ကျောင်းသူကျောင်းသားများ၏ နွေရာသီအားလပ်ရက်ဘဝသည် အိပ်လိုက်၊ စားလိုက်၊ ပျော်ပါးလိုက်၊ အိမ်စာလုပ်လိုက်ဖြင့် အလွန်မှ ကျေနပ်စရာကောင်းသည့် အရာများထက် မပိုပေ။ သို့သော်ငြားလည်း ကျောက်ချန်နှင့် သူ့သူငယ်ချင်းများသည် dance floorသို့ တိတ်တိတ်လေး သွားကခဲ့ကြပြီး မိန်းကလေးများ၏ ဝန်းရံခံခဲ့ရကာ မိန်းမလှလေးများကို ကယ်တင်ရင်း ရန်ဖြစ်ခဲ့ကြလေသည်...
ရှမြန်သည် သူတို့၏ လောကဓံအတက်အကျ ပုံဖော်မှုများကို နားထောင်ရင်း သက်ပြင်းချမိတော့သည်။
"ဒါက အထက်တန်းကျောင်းသားဘဝရဲ့ နောက်ဆုံး နွေရာသီအားလပ်ရက်မလို့ နင်တို့တွေက အဲဒီလောက်တောင် ပျော်ပါးခဲ့ကြတာလား"
ဆွန်းယွဲ့ရှင်းက သရော်ကာ ပြောလိုက်လေသည်။ "ဒါက ဟန်ဟောက်ယန်ကြောင့်ပဲ မဟုတ်လား"
"သူက ဘာဖြစ်လို့လဲ"
"အမှတ်၁၄အထက်တန်းကျောင်းက ရှစ်စန်းထိုက်ပေါင်ထဲက တစ်ယောက်က သူ့ကို ကြိတ်ကြွေနေပြီး သူနဲ့ရင်းနှီးချင်လို့ တစ်နေ့လုံး သူ့နောက်ကို လိုက်နေတာလေ"
ရှမြန်က အသံထွက်ကာ အော်ရယ်လိုက်၏။ "သူက ဘာထပ်လုပ်ခဲ့ပြန်ပြီလဲ။ သူ့ရဲ့ဆွဲဆောင်မှုက ဘယ်လိုလုပ်ပြီးတော့ ရှစ်စန်းထိုက်ပေါင်အထိ ရောက်သွားတာလဲ"
ကျောက်ချန်က ပြောလိုက်သည်။ "ဒါကတိုက်ဆိုင်မှု သက်သက်ပါ။ သူက အဲဒီတုန်းက ငါတို့တွေကို dance floorကိုသွားဖို့ ဖိတ်ခဲ့ပြီး သူ အရင်ဆုံး ရောက်နေတာလေ"
"ငါတို့တွေ အဲ့ဒီကိုရောက်သွားတော့ သူက အဲဒီမှာပျော်ပါးနေပြီးပြီ။ ရှစ်စန်းထိုက်ပေါင်ထဲက မိန်းကလေးတွေနဲ့လေ" ကျောက်ချန်က ဆက်ပြောလိုက်၏။ "နင်လည်း အဲ့ဒီလောင်ဟန်အကြောင်းကို သိသားပဲ။ သူက မိန်းကလေးတွေနဲ့ ပတ်သက်လာရင် အရမ်းကို နူးညံ့သိမ်မွေ့တာလေ။ သူက ရှစ်စန်းထိုက်ပေါင်အကြောင်းကိုမှ မသိတာ။ ငါတို့တွေ အဲဒီကိုရောက်သွားတော့ သူက သူတို့တွေနဲ့ ကွင်းထဲမှာ ကနေပြီလေ"
"အဲဒီတုန်းက ငါတို့အားလုံးလည်း အလန့်တကြား ဖြစ်သွားတာပေါ့"
ရှမြန်သည် ထိုမြင်ကွင်းကို စိတ်ကူးယဉ်ကြည့်လိုက်ပြီး သဘောကျစရာကောင်းသည်ဟု သိလိုက်ရ၏။
"နင်တို့တွေ ရန်ပွဲတစ်ခု ဖြစ်ခဲ့ကြသေးတယ်လို့ပြောတာ ငါမှတ်မိသားပဲ"
"ငါတို့တွေ ရန်ပွဲ အများကြီး ဖြစ်ခဲ့တာပေါ့" ကျောက်ချန်က အပြုံးနှင့် ပြောလိုက်သည်။ "ဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး။ တစ်နှစ်တောင် ကျော်သွားပြီ။ ငါတောင်မှ ရန်ဖြစ်ခဲ့တဲ့အကြောင်းရင်းကို မေ့နေပြီ"
"ဒါပေမဲ့ လောင်ဟန်က အလယ်ကို ရောက်နေပြီဆိုတော့ ငါတို့လည်း ဒီအတိုင်းလိုက်ကရုံပဲ ရှိတော့တာပေါ့။ ဘာပဲဖြစ်ဖြစ်လေ အရေးမှမကြီးတာ"
"တစ်ခုက အဲဒီကလေးဟောက်ကျန်းလေ..." ကျောက်ချန်သည် ပြောရင်းဆိုရင်း မျက်မှောင်ကြုတ်လိုက်သည်။ "ဟောက်ကျန်းကလည်း အခု ရှစ်စန်းထိုက်ပေါင်အဖွဲ့ထဲ ဝင်သွားတာတဲ့"
ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "ဒါက ဘာတွေ အဲဒီလောက် အံ့ဩစရာကောင်း နေလို့လဲ။ သူက လူမိုက်တစ်ယောက်ပဲ။ သူကရဲစခန်းကို တစ်ခါ ရောက်ခဲ့ဖူးတယ်ဆိုရင်တောင် သူ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"
"အမှန်ပဲ။ ရှစ်စန်းထိုက်ပေါင်အဖွဲ့ထဲက လူတချို့ကလည်း သူ့ကို မိမိုက်တယ်လို့ ထင်နေတာမျိုး ရှိသေးတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူက ရဲစခန်းကို ရောက်ဖူးလိုတဲ့" ကျောက်ချန်က ကျိန်ဆဲလိုက်၏။ "ငတုံးတွေ"
"ဘာပဲဖြစ်ဖြစ်လေ။ အဲဒီခွေးကောင်က ငါတို့ကိုမှ မကြိုက်တာ။ ငါတို့ကို ပြဿနာဆက်တိုက် လိုက်ရှာနေတာပေါ့။ အဲဒီမှာ ငါတို့တွေ ရန်ဖြစ်တော့မလိုတောင် ဖြစ်သွားခဲ့တယ်"
ရှမြန်က ဒါကို တော်တော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ထင်လိုက်သည်။ "ဒီတော့ နှစ်ဖက်က ရန်ဖြစ်နေကြတဲ့အချိန်မှာ အဲဒီအစ်မကြီးက ဟန်ဟောက်ယန်ရဲ့ ချောမောခန့်ညားတဲ့ စကေးတွေနဲ့ ဆွဲဆောင်ခံလိုက်ရတာလား"
"အဲဒီလို မဟုတ်ဘူး" ကျောက်ချန်ကပြောလိုက်သည်။ "အဲဒီ ဖန့်ရှောင်မန့်ရဲ့ စကားလုံးတွေက ရှစ်စန်းထိုက်ပေါင် အဖွဲ့ကြားထဲမှာ တော်တော်လေး သက်ရောက်မှုရှိတဲ့ပုံပဲ။ ဟောက်ကျန်းကို စကားနည်းနည်းပါးပါး ပြောလိုက်ပြီးတဲ့နောက်မှာ အဲဒီမြည်းလေးက လူနည်းစုနဲ့ ထွက်သွားခဲ့တယ်လေ"
"ငါတို့တွေပဲ အဲဒီမှာကျန်ခဲ့တာ။ ငါတို့တွေလည်း ငါတို့ရဲ့ပိုက်ဆံအားလုံးကို သုံးခဲ့ကြတာပေါ့။ ဒါပေါ့ ငါတို့တွေပြန်မလာခင် တော်တော်လေး ပျော်ပါးခဲ့ကြသေးတယ်လေ"
လီလီကျန်းက အားကျစွာ ပြောလိုက်၏။ "ဟုတ်တယ်။ ငါလည်း ဒစ်စကို သွားချင်တာ။ အဲဒါက စိတ်ဝင်စားစရာ မကောင်းဘူးလား။ ဟန်ဟောက်ယန်က နင်တို့ကိုပဲ ဖိတ်ပြီး ဘာဖြစ်လို့ ငါတို့ကို မဖိတ်တာလဲ"
ဒီခေတ်အခါတွင် နာမည်ကြီးသည့် ကာရာအိုကေဘားနှင့် ဒစ်စကိုသည် ခေတ်မှီကြသည့်လူငယ်များကို ရည်ရွယ်လေသည်။ အသုံးစရိတ်လယ်ဗယ်ကလည်း မနိမ့်ဘဲ အထက်တန်းကျောင်းသူ၊ ကျောင်းသားများက ထိုနေရာသို့ သွားဖို့ရန် မတတ်နိုင်ကြပေ။
"နင် မသွားတာပဲ ကောင်းပါတယ်" ကျောက်ချန်က ပြောလိုက်သည်။ "အဲ့ဒီနေရာက တော်တော်ကို ရှုပ်ထွေးနေတာ။ ငါတို့လို ယောက်ျားလေးတွေအတွက် သွားပြီးပျော်ပါးဖို့ အဆင်ပြေတယ်ဆိုပေမဲ့ နင်တို့လို မိန်းကလေးတွေအတွက်ကတော့ အဲဒီနေရာကို ရှောင်ကြဉ်သင့်တယ်"
"ငါ ကြားဖူးတာတော့ အဲ့ဒီနေရာကို သွားတဲ့မိန်းကလေး တော်တော်များများက ဆေးစွဲပြီး အဓမ္မကျင့်ခံခဲ့ရတယ်တဲ့" ရှမြန်သည် ထိုအကြောင်းကို ပြောလိုက်ပြီး မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်လေသည်။
"ငါ ကြားတာကတော့ အမှတ်၁၄အထက်တန်းကျောင်းက မိန်းကလေး တော်တော်များများကလည်း ဟောက်ကျန်းရဲ့ အဓမ္မကျင့်ခံခဲ့ရတယ်တဲ့လေ။ သူက အဲဒီကို ဆေးတွေ ဝယ်သွားတာလို့ သံသယဖြစ်စရာပဲ"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ ၂ယောက်စလုံးမှာ အထိတ်တလန့် ဖြစ်သွားကြတော့၏။ "သူက အဲဒီလောက်တောင် ရွံစရာကောင်းတာလား။ အဲဒါက တရားမဝင်ဘူး မဟုတ်လား"
ကျောက်ချန်က ပြောလိုက်သည်။ "မိန်းကလေးတစ်ယောက်က ဒီလိုကိစ္စမျိုးကို တကယ်တမ်း ရင်ဆိုင်ရမယ်ဆိုရင် သူက ဘယ်လိုလုပ်ပြီးတော့ ထုတ်ပြောရဲမှာလဲ။ သူက တံတွေးခွက်ထဲမှာ မျောသွားမှာ ကြောက်တာပေါ့"
ရှမြန်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။ "ဒီလိုလူမျိုးတွေက တကယ့်ကို မျှော်လင့်စရာမရှိဘူး။ နောက်ဆိုရင် သူနဲ့ခပ်ဝေးဝေးနေ"
ကျောက်ချန်က သတိပေးလိုက်သည်။ "ရှမြန် နင်လည်း သတိထားသင့်တယ်နော်။ ဒီမြည်းလေးက နင့်ရဲ့ ရန်ငြိုးကို မှတ်ထားတယ်"
ရှမြန်က သရော်လိုက်လေသည်။ "စမ်းကြည့်စမ်းပါစေ"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ ၂ယောက်စလုံးက အနည်းငယ် ကြောက်လန့်သွားသည်ကို မြင်လိုက်ရသဖြင့် ကျောက်ချန်က စကားလမ်းကြောင်း မြန်မြန်ပြောင်းလိုက်ကာ ဟန်ဟောက်ယန်နှင့် ဖန့်ရှောင်မန့် တို့ အကြောင်းကို ဆက်ပြောလေသည်။
"ငါ့အထင်ကတော့ အခုဆိုရင် လောင်ဟန်ကတော့ သူ့ဆုံးဖြတ်ချက်ကြောင့် နောင်တရနေလောက်ပြီ။ ဖန့်ရှောင်မန့်က အဲဒီလောက် ကြောက်စရာကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
"နင် မသိလို့နော်။ အဲ့ဒီနေ့တုန်းက ငါတို့တွေ ဘယ်အချိန်ပဲ အပြင်ထွက်လည်လည် သူနဲ့ သေချာပေါက် တွေ့တော့တာပဲ။ ကြည့်ရတာ သူ့မှာ နေ့တိုင်းဘာမှ လုပ်စရာမရှိတဲ့ပုံပဲ။ သူက လောင်ဟန်အပေါ်ပဲ စောင့်ကြည့်နေတာလေ"
ရှမြန်က ပြုံးကာ ပြောလိုက်၏။ "ဟန်ဟောက်ယန်က ဒါကို သဘောကျသင့်တာ မဟုတ်လား"
"မဟုတ်ဘူး မဟုတ်ဘူး။ နေ့တိုင်းကြီး ဒီလို စိုက်ကြည့်ခံနေရတာကတော့ အဆင်မပြေဘူးလေ။ လောင်ဟန်ကလည်း နေ့တိုင်း သူလာပြီး ဖွင့်ပြောနေတာကို ဘယ်လို ပြန်ဖြေရမယ် မသိတော့ဘူးလေ"
ကျောက်ချန်က ဟာသပြောလိုက်၏။ "အဓိကအချက်က သူ တခြားမိန်းကလေးတွေ သွားရှာမှာကို နှောင့်ယှက်နေတာလေ"
လူတော်တော်များများက မနေနိုင်တော့ဘဲ အော်ရယ်ကျတော့သည်။
"နောက်ပြီးတော့ရော နင်တို့တွေ အဲ့ဒီလိုနဲ့ရန်ပွဲကို အဆုံးမသတ်ခဲ့ကြဘူးလား" ရှမြန်က မေးလိုက်သည်။
"အဲဒီအစ်မကြီးကလည်း အဖြေတစ်ခု မရနိုင်ဘူးဆိုတော့ ဟန်ဟောက်ယန်က သူ့စကားကို နားမထောင်ချင်ဘူးဆိုတာ သိမှာပဲ။ ဒီတော့ သူက သူ့ကို အသေအကြေရိုက်ပြီး အရှုံးပေးလာအောင် ဖိအားမပေးဘူးလား"
ရှမြန်၏စိတ်ကူးက အလွန်မှ ထူးခြားသွားသောကြောင့် ဖြစ်နိုင်သည်။ ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့သည် ဗိုက်နှိပ်ကာ အော်ရယ်ကျတော့၏။
ကျောက်ချန်ကလည်း သဘောကျသွားသည်။ "အဲဒီလို မဟုတ်ပါဘူး။ ထျန်းရွှယ်ယာကလည်း ဟန်ဟောက်ယန်နောက် အနီးကပ် လိုက်နေတယ်ဆိုတာကို ဖန့်ရှောင်မန့်ကလည်း ကြားသွားတယ်လေ။ သူက ထျန်းရွှယ်ယားကို လမ်းပိတ်ထားလိုက်တော့တာပဲ"
"ငါတို့တွေ လူကယ်ဖို့သွားတဲ့အချိန်မှာ ရန်ပွဲက စနေပြီးပြီ"
ဆွန်းယွဲ့ရှင်းက ဝမ်းသာအားရ ပြောလိုက်လေသည်။ "ငါ ကြားထားတာကတော့ ထျန်းရွှယ်ယာရဲ့မျက်နှာက ပါးချခံရလို့ ရောင်သွားတယ်ဆို"
ရှမြန်က သဘောကျသွားကာ သူမကို ကြည့်လိုက်၏။ "နင့်မျက်နှာပေါ်က အဲဒီအပြုံးကို နည်းနည်းလေး ထိန်းချုပ်ထားစမ်းပါ။ အဲဒီလောက်အထိ သိသိသာသာ ပီတိဖြာမနေနဲ့"
လီလီကျန်းကလည်း အော်ရယ်လိုက်သည်။ "သူက ဟန်ဟောက်ယန်ကို ဆက်ပြီးတော့ မနှောင့်ယှက်တော့ဖို့ ထျန်းရွှယ်ယာကို သတိပေးလိုက်သေးတယ်လို့ ကြားထားတယ် ဟုတ်လား"
ကျောက်ချန်က ပြောလိုက်သည်။ "ဟုတ်တယ်လေ။ သူ တော်တော် ဆိုးဆိုးဝါးဝါး ရိုက်ခံလိုက်ရတယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ငါတို့ကို တွေ့လိုက်ပြီးတဲ့နောက်မှာ သူ သတိလစ်သွားတယ်လေ"
ရှမြန်က ခေါင်းခါပြီး သက်ပြင်းချလိုက်၏။ "နင်တို့တွေ လူမိုက်တစ်ယောက် ဖြစ်မလာနိုင်ဘူးဆိုရင်တောင် နင်တို့တွေ ဒီထက်ပိုပြီးတော့ စာကြိုးစားသင့်တယ်"
"ဒါဆိုရင် ဒါက ဘယ်လို အကျိုးသက်ရောက်မှုမျိုး ရနိုင်မှာလဲ။ ဟန်ဟောက်ယန်ကို ထျန်းရွှယ်ယာအပေါ် စိတ်မကောင်းဖြစ်စေပြီး သူ့ကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခိုင်းစေတာကလွဲရင် တခြား ဘာသက်ရောက်မှုမျိုး ရှိမှာလဲ"
"ဒါက ချစ်သူလုဖက်ကို မောင်းထုတ်နေတာ မဟုတ်ဘဲနဲ့ ချစ်သူလုဘက်ကို ကူညီပေးနေတာပဲ"
ကျောက်ချန်က သူ့ပေါင်ကို ရိုက်လိုက်ပြီး ရှမြန်ကို လက်မထောင်ပြလိုက်၏။ "ရှမြန် နင်က တကယ့်ကို အမြင်ရှိတာပဲ"
"အခုဆိုရင် ထျန်းရွှယ်ယာက ဘယ်အချိန်ပဲ အပြင်ထွက်ထွက် သူက လောင်ဟန်ကို ခေါ်နေတာလေ"
ကျောက်ချန်က ပြောလိုက်သည်။ "ဟန်ဟောက်ယန်က သူ့ရဲ့သက်တော်စောင့်တစ်ယောက်တောင် ဖြစ်လာတော့မယ်။ ငါတို့တွေ ဒီနေ့ဘက်စ်ကက်ဘောကစားဖို့ ချိန်းထားတယ်။ ဒါပေမဲ့ လောင်ဟန်ကို ထျန်းရွှယ်ယာက ခေါ်ထုတ်သွားပြီး သူက စာကြည့်တိုက် သွားစရာရှိတယ်လို့ ပြောတယ်လေ"
ကျောက်ချန်ကလည်း သူ၏သူငယ်ချင်းကောင်းလေး၏အချိန်ကို တစ်ဦးတည်း ခြယ်လှယ်ခံနေရသဖြင့် ထျန်းရွှယ်ယာကို နည်းနည်းလေး အမြင်ကပ်နေလေသည်။
ရှမြန်က ဇဝေဇဝါ ဖြစ်သွား၏။ "ဘာဆက်ဖြစ်သွားလဲ။ အခု သူတို့၂ယောက်လမ်းမှာ ပိတ်ဆို့ခံနေရပြီလား"
"သူတို့ကို တားထားဖို့က မဖြစ်နိုင်ပါဘူး" ကျောက်ချန်ကပြောလိုက်သည်။ "ထျန်းရွှယ်ယာ အရိုက်ခံရတုန်းက လောင်ဟန်က ဒေါသထွက်ပြီး ပုန်းအောင်းနေဖို့ ကြိုးစားခဲ့တယ်လေ။ သူတို့တွေက အချိန်အများစုမှာတော့ သူ့ကို မတားနိုင်ကြပါဘူး"
"ဒီအပြင် ငါတို့တွေက ပိတ်မိခံနေရမယ်ဆိုရင် ဘာလုပ်နိုင်မှာ မလို့လဲ။ အရင်တုန်းကတော့ ဟန်ဟောက်ယန်က ငါတို့တွေနဲ့ အတူတူလည်ဖို့ စိတ်ထဲမထားပါဘူး။ အခုတော့ သူက ငါတို့ကို ဂရုတောင် မစိုက်နိုင်တော့ဘူးလေ"
လီလီကျန်းကလည်း သိချင်စိတ် ဖြစ်သွားသည်။ "ကျောင်းစဖွင့်တဲ့ အချိန်ဆိုရင် ဟန်ဟောက်ယန်နဲ့ ထျန်းရွှယ်ယာတို့က တွဲနေကြလိမ့်မယ်လို့ နင် ထင်လား"
ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "ပြောရတော့ခက်တယ်။ အဆုံးကျ ထျန်းရွှယ်ယာက အရမ်းကိုဉာဏ်များတယ်လေ။ တကယ်လို့ သူက နွေရာသီတစ်ခုလုံး သူ့ကိုတွယ်ကပ်နေမယ်ဆိုရင် ဒါက ဖြစ်နိုင်ခြေရှိတယ် မဟုတ်လား"
ကျောက်ချန်က ပြောလိုက်၏။ "လောင်ဟန်က မိန်းကလေးတွေကို မနာကျင်ချင်စေရုံ သက်သက်ပါ။ သူက အရူးတစ်ယောက် မဟုတ်ပါဘူး။ သူက ထျန်းရွှယ်ယာလို မျက်နှာ၂ဖက်နဲ့လူမျိုးကို သဘောကျတယ်ဆိုရင်တော့ ထူးဆန်းသွားလိမ့်မယ်"
"တကယ်လို့ ရှမြန်သာဆိုရင် ဖြစ်နိုင်ခြေက ပိုပြီးတော့တောင် များသေးတယ်"
ရှမြန်က မျက်စောင်းထိုးလိုက်ပြီး "အဲဒီလိုဖြစ်ဖို့ ဖြစ်နိုင်ခြေ လုံးဝနည်းနေသေးတယ်ဆိုရင်တောင် ကျေးဇူးပြုပြီးတော့ ငါ့ကို ဆွဲမထည့်ကြပါနဲ့။ ကျေးဇူးတင်ပါတယ်"
သို့သော်ငြားလည်း ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်ပင်။ ဟန်ဟောက်ယန်က သူမကိုကြိုက်နေသည်ဟု လူအများကြီးက ဘာကြောင့်ထင်နေကြမှန်း သူမ မသိနိုင်တော့ပေ။
လိုရင်းကို ပြောရမည်ဆိုလျှင် သူမသည် အစိုးရအိမ်ရာဝင်းထဲက ထွက်လာသည်နှင့်ချက်ချင်း တစ်စုံတစ်ယောက်၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရ၏။
ရှမြန်က သူမ၏ရှေ့က ယောက်ျား၃ယောက်နှင့် မိန်းမ၃ယောက်ကို လှမ်းကြည့်လိုက်သည်။ သူတို့အားလုံးသည် တူညီသည့် လူမိုက်အငွေ့အသက်ကို ထုတ်လွှတ်နေကြ၏။
ခေါင်းဆောင်မိန်းကလေးသည် ပန်းပွင့်ရှပ်အင်္ကျီတစ်ထည်နှင့် ခေါင်းလောင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး ရှေ့ဆံပင်ကို လိပ်ထားကာ မိတ်ကပ်ကိုလည်း အထူကြီးလိမ်းခြယ်ထားပြီး သူမ၏လက်ထဲတွင် စီးကရက်တစ်လိပ်နှင့် ဖြည်းဖြည်းချင်း ရှိုက်ဖွာနေလေ၏။
ရှမြန်သည် ပထမဦး ဆုံးလမ်းပိတ်ခံလိုက်ရသည့်အချိန်တွင် တစ်ဖက်လူက ငွေညှစ်ချင်သည်ဟုသာ ထင်လိုက်သည်။ သို့သော်ငြားလည်း မိန်းကလေးက အေးစက်စက်ပြောလိုက်၏။ "ငါ ကြားထားတာကတော့ ဟန်ဟောက်ယန်က နင့်ကို ကြိုက်နေတာဆို"
ဟန်ဟောက်ယန်ရဲ့ အချစ်ဇာတ်လမ်း အကြွေးဖြစ်နေတာကိုး။ ငါ့ရှေ့က ဒီမိန်းကလေးက ရှစ်စန်းထိုက်ပေါင် အစ်မကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဖန့်ရှောင်မန့် ဖြစ်ရမယ်။
အံ့သြစရာကောင်းတာက သူ့မှာ ခပ်အေးအေး အကျင့်စရိုက်တစ်ခု ရှိနေတာပဲ။
ရှမြန်က သူတို့ကို တလေးတနက် ရှင်းပြလိုက်၏။ "ဟန်ဟောက်ယန်က ငါ့ကို ကြိုက်နေတယ်လို့ ဘယ်သူက ပြောတာလဲ။ ငါဖြင့် သူနဲ့တောင် မရင်းနှီးဘူး"
"ငါ့အထင်တော့ သူက ငါ့ထက် နင့်ကိုတောင် ပိုပြီးသဘောကျသေးတဲ့ပုံပါပဲ"
"ဒီမှာ လျှောက်ပြောမနေနဲ့" ဖန့်ရှောင်မန့်၏ နောက်က နားရွက်တစ်ခုလုံးကို နားကွင်းများ တပ်ထားသည့် မိန်းကလေးတစ်ယောက်က ဒေါသတကြီး ပြောလိုက်၏။ "နင်က ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ"
အဟင်း။ သူ့ရဲ့IQက တော်တော်မြင့်သားပဲ။ ကြည့်ရတာ ငါ ကျိုးကြောင်းသင့်တဲ့စကားတွေ ပြောလို့ရမယ် ထင်တယ်။
ရှမြန်သည် လူများရှုပ်ထွေးနေသည့်လမ်းမကို လှမ်းကြည့်လိုက်၏။ သူမသည် အထက်တန်းကျောင်းမှ လက်မှတ်မရမချင်း ကျောင်းထဲက နတ်သမီးလေးဟူသည့် သူမ၏ပုံရိပ်ကို ဆက်ပြီးထိန်းထားဖို့ရန် မျှော်လင့်နေဆဲဖြစ်သည်။
ကျစ်ဆံမြီး သေးသေးလေးကို အများကြီးကျစ်ထားပြီးနောက်တွင် ပိုနီတေးလ်ပုံစံ စုစည်းထားသည့် နောက်ထပ် မိန်းကလေးတစ်ယောက်က သူမကို ခြိမ်းခြောက်လိုက်သည်။ "ငါတို့ကို လှည့်စားဖို့ မကြိုးစားနဲ့။ အဲဒီခွေးမထျန်းက ငါတို့ရဲ့ခဲအိုက နင့်ကို ကြိုက်နေတယ်ဆိုတဲ့အကြောင်း ငါတို့ကို ပြောထားပြီးပြီ"
ရှမြန်သည် ခဲအိုဟူသည့်စကားကို ကြားလိုက်ရသည့်အချိန်တွင် ခဏလောက် မှင်တက်အံ့သြသွား၏။ တစ်ဖက်လူက ဟန်ဟောက်ယန်အကြောင်းကို ပြောနေသည်ကို သဘောပေါက်သွားပြီးမှ သူမသည် အသံထွက်ကာ အော်ရယ်လေတော့သည်။ အထက်တန်းကျောင်းက လူရမ်းကားတွေရဲ့ ဇာတ်လမ်းအားလုံးက အရမ်းရယ်စရာကောင်းနေပါလား။
ဟုတ်ပါတယ်လေ။ ခေါင်းဆောင်ရဲ့ မိန်းကလေးရည်းစားကို မရီးလို့ခေါ်ပြီး အကြီးဆုံးအစ်မရဲ့ ယောက်ျားလေးရည်းစားကိုတော့ ခဲအိုလို့ခေါ်တာ မမှားပါဘူး။
နားကွင်းများ တပ်ထားသည့် မိန်းကလေးက ရှေ့သို့တက်လာပြီး ရှမြန်ကို ထွန်းထုတ်တော့မည် ပြင်လိုက်သော်ငြားလည်း ရှမြန်က သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "အစ်မတို့ရယ် ထျန်းရွှယ်ယာ ပြောလိုက်တဲ့စကားက အမှန်လား အမှားလားဆိုတာကို မပြောသေးနဲ့ဦး"
"ပြီးခဲ့တဲ့တစ်ခေါက်က နင်တို့တွေ ထျန်းရွှယ်ယာကို ရိုက်ခဲ့တဲ့ နောက်ဆက်တွဲကိစ္စကို သိသင့်ပါတယ်။ ဟုတ်တယ်မလား"
"အခု ဪ နင်တို့ရဲ့ခဲအိုက အပြစ်ရှိစိတ်နဲ့ ထျန်းရွှယ်ယာ ဘာပဲတောင်းဆိုတောင်းဆို လုပ်ပေးနေရတယ်လေ" ရှမြန်က ပြောလိုက်သည်။ "နောက်ပြီးတော့ သူက နင်တို့ကိုတောင် လျစ်လျူရှုသွားပြီ"
သူမသည် ဆေးလိပ်သောက်နေသည့် ဖန့်ရှောင်မန့်ကို ကြည့်လိုက်ပြီး "တကယ်လို့ နင်တို့တွေ ဘာမှမလုပ်ဘူးဆိုရင် ငါက နင်တို့နဲ့ အတူတူပူးပေါင်းပြီး သူ ဒီကိုလာတဲ့အထိ စောင့်ပေးလို့ရတယ်"
နားကွင်းများ တပ်ထားသည့်မိန်းကလေးသည် ခဏလောက် မှင်တက်အံ့ဩသွား၏။ "ငါတို့တွေက ဟန်ဟောက်ယန်ကို ဒီနေရာကို မျှားခေါ်ချင်နေတာကို နင်က ဘယ်လိုသိတာလဲ"
ရှမြန်က သူမ၏ခေါင်းကို စောင်းကာ ပြောလိုက်လေသည်။ "ဒါက သိသာနေတာပဲ မဟုတ်ဘူးလား။ တကယ်လို့ ငါတို့တွေက သူ့ဆီသွားလို့မရဘူးဆိုရင် သူ့ကိုဒီနေရာကိုလာအောင် ဦးဆောင်လိုက်လို့ရတာပဲ"
ဖန့်ရှောင်မန့်သည် အိတ်ကပ်ထဲ လက်ထည့်လိုက်ပြီး သူမ၏မျက်လုံးကို ကျုံ့ထားလိုက်ကာ အေးစက်စက်ဖြင့် ပြောလိုက်၏။ "နင် အများကြီး သိထားတာပဲ"
ရှမြန်က ပြုံးကာပြောလိုက်သည်။ "ဖြစ်ချင်တော့ ငါက နင်တို့၂ယောက်ကြားက အချစ်၊ အမုန်းဆက်ဆံရေးတွေကိုလည်း သိထားသေးတယ်လေ"
ဖန့်ရှောင်မန့်သည် စီးကရက်ဖင်စီကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ဖိခြေလိုက်ကာ စိတ်ရှုပ်ရှုပ်ဖြင့် ပြောလိုက်၏။ "ငါတို့တွေ နင့်ကို မထိဘဲထားလို့ ရပါတယ်"
"ဒါပေမဲ့ နင် ကိုယ့်ဟာကိုယ် လိမ်လိမ်မာမာနေရင်တော့ ပိုကောင်းမယ်။ တကယ်လို့ နင် ထွက်ပြေးရဲတယ်ဆိုရင် နောက်တစ်ခါ ငါတို့တွေ နင့်ကို ဖမ်းမိတဲ့အချိန်ကျရင် ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး။ ဒါမှမဟုတ်လည်း နေ့တိုင်း နင်ကျောင်းသွားတဲ့လမ်းမှာ ငါတို့တွေ နင့်ကို ပိတ်ဆို့ထားလို့ရတယ်"
"နင်တို့တွေ ကျောင်းသွားတဲ့လမ်းမှာ ပိတ်ဆို့နေစရာ မလိုပါဘူး" ရှမြန်က တလေးတနက်ဖြင့် ပြောလိုက်၏။ "ငါက ထွက်ပြေးမှာ မဟုတ်ဘူး။ ငါကကိစ္စတွေကိုလည်း ရှင်းလင်းအောင် လုပ်ချင်သေးတယ်"
"ငါတို့တွေ ဘယ်နားမှာစောင့်ကြမှာလဲ။ ဒီမှာပဲလား"
သူတို့သည် ရှမြန်က စိတ်လိုလက်ရ ပူးပေါင်းပေးနေသည်ကို လုံးဝမျှော်လင့်မထားသဖြင့် ခဏလောက် မှင်တက်အံ့သြသွားကြတော့သည်။
နောက်ဆုံးတော့ ဖန့်ရှောင်မန့်က ပြောလိုက်၏။ "ငါတို့ကျောင်းကို သွားမယ်"
နွေရာသီအားလပ်ရက်ဖြစ်နေသဖြင့် ကျောင်းတံခါးကို စောင့်ကြပ်ပေးသည့် အဘိုးကြီးကလွဲလျှင် ကျောင်းထဲတွင် ဘယ်သူမှမရှိချေ။ ရှင်းလင်းနေသည့် ကစားကွင်းသည် လူမိုက်များအတွက် ရန်ဖြစ်ဖို့ရန် နေရာကောင်းတစ်ခု ဖြစ်လာခဲ့သည်။
ရှမြန်က သူမ၏ရှေ့က မြင့်မားသည့်တံတိုင်းကို ကြည့်လိုက်၏။ နင်းခြေခံထားရသည့် ခြေရာများနှင့် ချိုင့်ဝင်နေသည့် နေရာများကလည်း အများအပြားရှိနေသည်။ ဒီကျောင်းက ကျောင်းသားကျောင်းသူများသည် နံရံကို ဂိတ်းတံခါးတစ်ခုလို သဘောထားသည်ဟု စဉ်းစားမိလိုက်၏။
ကောင်လေး၂ယောက်က တံတိုင်းပေါ်သို့ လျင်လျင်မြန်မြန် ခုန်တက်လိုက်ပြီး ထိုနေရာတွင် စောင့်နေသည်။ နောက်ထပ် ယောကျာ်းလေးတစ်ယောက်က အုတ်တုံး၂လုံးကို ယူလာကာ ရှမြန်ကို မကြည်မလင်ဖြင့် ပြောလိုက်၏။ "တက်"
ထျန်းရွှယ်ယာက သူတို့ကို မည်သို့သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများပေးခဲ့သည်ကို ဘယ်သူမှ မသိချေ။ သူမအပေါ် သူတို့၏သတိနှင့် ရန်လိုနေသည့် သဘောထားကလွဲလျှင် ဒီလူများသည် တော်တော်လေး ယဉ်ကျေးနေဆဲဖြစ်၏။
ဟုတ်ပါသည်။ သူမအတွက် တက်သွားဖို့ဆိုတာက မဖြစ်နိုင်ပေ။ ရှမြန်က သူမ ဝတ်ဆင်ထားသည့် ခြေမျက်စိအရှည် ဘိုဟီးမီးယမ် စကပ်ကို ငုံ့ကြည့်လိုက်သည်။ ဒါသည် ကမ်းခြေမှပြန်လာသည့် နဥ်ရှောက်ယွင်က ဝယ်လာပေးသည့် ဝမ်းဆက်ဖြစ်၏။ ဝမ်းဆက်က နူးညံ့သိမ်မွေ့သည့် အငွေ့အသက် ပေးစွမ်းနိုင်ပြီး သူမက ဒါကို အလွန်မှ သဘောကျသည်။
ထို့အပြင် နတ်သမီးတစ်ယောက်က မည်သို့များ တံတိုင်းပေါ်သို့ တက်နိုင်ပါမည်နည်း။
"ငါတို့တွေ ကစားကွင်းကို သွားမှာလား" ရှမြန်က သူမ၏ခေါင်းကို စောင်းကာ ခဏလောက် စဉ်းစားလိုက်၏။ "ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ထျန်းရွှယ်ယာက လွတ်မြောက်သွားတယ်။ ဒါမှမဟုတ် နင်တို့တွေက မမျှော်လင့်ဘဲ ဟန်ဟောက်ယန်ရဲ့ တိုက်ခိုက်တာခံခဲ့ရတယ်"
နားကွင်းများနှင့် မိန်းကလေး၏မျက်လုံးများက ပြူးကျယ်သွားတော့၏။ "နင်က ဘယ်လိုသိတာလဲ"
ရှမြန်က ပြောလိုက်သည်။ "သူတို့တွေက အားကြိုးမာန်တက်နဲ့ ဒီလိုနေရာတစ်ခုကို ရွေးချယ်ထားခဲ့တာပဲ။ ဒါတွေက လူတွေကို ထွက်မပြေးအောင် ကာကွယ်ပေးနိုင်တဲ့အပြင် အချိန်မရွေး လူတွေရောက်လာမှာကိုလည်း သတိထားနိုင်တယ်လေ။ သူတို့တွေ အရင်တုန်းက တော်တော်လေး ခံခဲ့ရတာပဲဖြစ်ရမယ်"
ပိုနီတေးလ်စည်းထားသည့် မိန်းကလေးက မေးလိုက်၏။ "နင်က ဘယ်လိုလုပ်ပြီး အားလုံးကို ခန့်မှန်းနိုင်နေတာလဲ"
ရှမြန်က ပြုံးကာပြောလိုက်၏။ "နင်တို့တွေ စာပိုဖတ်ရင် သိလာမှာပေါ့"
လူမိုက်များ...
စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။
ဖန့်ရှောင်မန့်က သရော်ကာ ပြောလိုက်၏။ "စာပိုဖတ်တာက နင့်ကို အုတ်တံတိုင်း ကျော်တက်ဖို့ ကူညီပေးနိုင်လား"
"မြန်မြန်လုပ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ငါ သူတို့ကို နင့်ကို ကြိုးနဲ့ချည်ပြီးတော့ အဲဒီနေရာမှာ တွဲလောင်း ဆွဲထားခိုင်းလိုက်မယ်"
"အဲဒီလိုလုပ်ဖို့ မလိုပါဘူး" ရှမြန်က ပြောလိုက်သည်။ "ဒါမှမဟုတ်လည်း နင်တို့ အရင်ဆုံး ဝင်လိုက်လေ။ ငါ နင်တို့ကို ခဏနေမှ လာတွေ့မယ်"
"နင် လာနောက်နေတာလား" အမြဲတမ်း မျက်နှာကိုတည်ထားပြီး စကားအများကြီး မပြောတတ်သည့် အရပ်မြင့်မြင့်ပိန်ပိန်နှင့် ကောင်လေးသည် စိတ်မရှည်တော့ဘဲ ပြောလိုက်လေသည်။ "မြန်မြန်လုပ်တော့"
သူက တစ်စုံတစ်ယောက်ကို ဖမ်းဆွဲတော့မည် ပြင်လိုက်စဉ်တွင် ရှမြန်က ရှောင်မနေတော့ဘဲ "နင် ငါ့ကိုထိမယ်ဆိုရင် ဟန်ဟောက်ယန်လာတဲ့အခါ ငါ တိုင်ပြောလိုက်မယ်။ အဲဒီအချိန်ကျရင် နင်တို့ရဲ့ယောက်ဖကလည်း နင်တို့ရဲ့အစ်မကို သေချာပေါက် ကွာရှင်းလိမ့်မယ်။ သေချာစဉ်းစားနော်"
ရှမြန်လို မိန်းမကောင်းလေးတစ်ယောက်က ဒီလိုစကားမျိုး ပြောလာလိမ့်မည်ဟု သူသည် ထင်မထားခဲ့ဟန်တူသည်။ ကောင်ကလေးသည် ခဏလောက် တုံ့ဆိုင်းသွားပြီး ဖန့်ရှောင်မန့်ကို ကြည့်လိုက်၏။
ဖန့်ရှောင်မန့်ကလည်း ခဏလောက် အံ့ဩသွားကာ စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်သည်။
"နင်လည်း ရောက်တော့မှာပဲ။ ငါ နင့်အတွက် ကျောက်တုံးတွေ စီပေးမယ်။ ဝက်တစ်ကောင်တောင် လေးဘက်ထောက်ပြီးတော့ ဝင်သွားနိုင်စေရမယ်"
"ငါ မဝင်ဘူးလို့ မပြောပါဘူး" ရှမြန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တံခါးနားသို့ လျှောက်သွားလိုက်လေသည်။ "စိတ်မပူပါနဲ့။ ငါ ငါ့စကားကို တည်ပါတယ်။ နင်တို့တွေ အရင်ဝင်သွားလိုက်။ ငါ ခဏနေ ချက်ချင်းလာခဲ့မယ်"
သူတို့က သူမကို မတားရသေးခင်မှာပင် သူမက ခပ်သွက်သွက် လျှောက်သွားလိုက်လေသည်။ သူမသည် ကျောင်းတံခါးဂိတ်ဆီသို့ ဦးတည်သွားသည်ကို မြင်လိုက်ရသည့်အခါ သူတို့သည် သူမနောက်သို့ မလိုက်ချင်တော့ပေ။ အကြောင်းမှာ အဘိုးကြီးက သူမကို တွေ့လျှင် ပြဿနာဖြစ်မှာစိုးရသည်။
ထို့ကြောင့် သူတို့က ရှမြန်ကျောင်းတံခါးဆီသို့ လျှောက်သွားသည်ကိုသာ စောင့်ကြည့်နေလိုက်ကြပြီး သူမက ဂိတ်တံခါးကို စောင့်သည့်အဘိုးကြီးနှင့် စကားအနည်းငယ် ပြောဆိုလိုက်ပြီးနောက် အဘိုးကြီးက သံတံခါးကြီးကို ဖွင့်ပေးလိုက်ပြီး ရှမြန်က အပြုံးဖြင့် အထဲသို့ဝင်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။
နားကွင်းများနှင့် မိန်းကလေးသည် ထူးဆန်းသွားသည့် အခြေအနေတစ်ခုထဲ ရောက်သွားသယောင်ဖြင့် ပြောလိုက်၏။ "တကယ် ဝင်သွားတာပဲ..."
ပိန်ပိန်ရှည်ရှည်ကောင်လေးက အံ့ဩစရာကောင်းသည်ဟု ထင်လိုက်သည်။ "ဒီမိန်းမက တစ်ခုခုများ လွဲနေတာလား"
ပိုနီတေးလ်စီးထားသည့် မိန်းကလေးကလည်း ရုတ်တရက် ပြောလိုက်သည်။ "ဒါဆိုရင် ဟန်ဟောက်ယန်က သူ့ကို တကယ်ကြိုက်တာပဲ။ ဒါက အရမ်းကို မိမိုက်တယ်လို့ ခံစားရတယ်"
နားကွင်းများတပ်ထားသည့် မိန်းကလေးက သူမကို လှမ်းဆိတ်လိုက်သည်။ ဖန့်ရှောင်မန့်ကတော့ ဘာမှမပြောချေ။ သူမက အိတ်ကပ်ထဲ လက်ကိုထည့်လိုက်ပြီး ကိုယ်ကိုလှည့်ကာ ပြောလိုက်၏။ "ငါတို့လည်း ဝင်ကြမယ်"
သူတို့သည် တံတိုင်းပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ကျော်တက်လာသည့်အချိန်တွင် ရှမြန်ကတော့ လက်နောက်ပစ်ကာ သူတို့၏ကျောင်းဝင်းကို အေးအေးလူလူဖြင့် လှည့်ပတ်ကြည့်ရှုနေလေသည်။
နားကွင်းနှင့်မိန်းကလေးသည် မနေနိုင်တော့ဘဲ မေးလိုက်၏။ "နင် ဘယ်လိုလုပ်ပြီးတော့ ဒီကိုဝင်လာတာလဲ"
ရှမြန်က သူမ၏ခေါင်းကို စောင်းလိုက်ကာ ခဏလောက် စဉ်းစားလိုက်၏။ "အသိပညာရဲ့စွမ်းအား မဟုတ်လား"
အားလုံး...
ထပ်ပြီးစော်ကားခံလိုက်ရသည်။
"သေလိုက်ပါလား" ပိုနီတေးလ်နှင့်မိန်းကလေးက ဒေါသတကြီး ပြောလိုက်သည်။ "နင် အဲဒီအဘိုးကြီးကို ဘာတွေပြောလဲလို့ ငါ မေးနေတာ။ အဘိုးကြီးက ပြဿနာတက်မှာ ကြောက်တယ်။ ဒီတော့ သူကတံခါးကို အရမ်းကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ပြီးတော့ ဘယ်သူ့ကိုမှ ပေးဝင်မှာမဟုတ်ဘူး"
"ဒါတွေအားလုံးက အသိပညာ အကြောင်းပါဆို" ရှမြန်က ပြောလိုက်သည်။ "အသိပညာဗဟုသုတကို စိတ်အားထက်သန်တဲ့ ရုပ်ပေါ်နေတဲ့ ငါလို မိန်းကလေးတစ်ယောက်က အရေးကြီးတဲ့ ကျူတိုရီရယ် စာအုပ်တစ်အုပ် ယူဖို့သွားချင်တယ်လို့ ပြောတဲ့အချိန်ကျရင် အဘိုးကြီးက တံခါးဖွင့်ပေးလိုက်မှာပေါ့"
သူမက သူတို့ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "ဒါကြောင့် နင်တို့တွေလည်း စာတွေပို ဖတ်သင့်တယ်။ တကယ်လို့ နင်တို့တွေ စာပိုဖတ်မယ်ဆိုရင် နင်တို့လိုချင်တဲ့ဟာ ဘာမဆိုရလာနိုင်တယ်"
...