အခန်း (၁၆၂)
Vol. 12 Ch. 162
ဟောက်ရွှီဖုန်း၏ ညီလေးများသည် ရှေ့သို့အပြေးအလွှား တက်လာကြကာ သူ့ကို ကူညီပေးကြတော့၏။
ရှမြန်ကတော့ သူမရှေ့က အရာအားလုံးကို မမြင်သလိုသာ နေလိုက်လေသည်။ သူမမြင်သည့် တစ်ခုတည်းသောအရာမှာ ကားပေါ်မှ တည်တည်ငြိမ်ငြိမ်ဆင်းလာသည့် လူငယ်လေးသာ ဖြစ်လေသည်။ "ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်က သူမကိုကြည့်လိုက်ပြီး အပြုံးတစ်ခုသည် သူ့မျက်နှာပေါ်တွင် ရုတ်တရက် ပွင့်လန်းလာခဲ့၏။
တစ်ယောက်နှင့် တစ်ယောက်မတွေ့ရသည်မှာ တော်တော်လေး ကြာမြင့်သွားခြင်းကြောင့်လားတော့ မသိချေ။ ရှမြန်သည် ဒေါက်တာနဥ်က ဒီအခိုက်အတန့်တွင် မျက်စိကျိမ်းလောက်အောင် ချောမောလှပနေသည်ဟု ခံစားနေရ၏။
သူသည် ဒီနေ့တွင်တော့ ထသွားထလာ ဂျင်းဘောင်းဘီနှင့် အဖြူရောင်တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်များကို အနည်းငယ် ကောက်ထားဟန်တူပြီး သူ့ကိုအသက်၂၀အရွယ် ကောလိပ်ကျောင်းသားတစ်ယောက်ဟု ထင်ရစေ၏။
သူမ၏ခြေထောက်များကတော့ သူမ၏စိတ်ထက်ပိုပြီး မြန်မြန်ရွေ့လျားနေ၏။ ရှမြန်သည် ထိုလူဆီသို့ စိတ်လှုပ်ရှားစွာဖြင့် အပြေးသွားလိုက်တော့သည်။
"ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်၏ မျက်နှာပေါ်ကအပြုံးသည် ထင်ရှားလာပြီး သူ၏မျက်ဝန်းများထဲက အသည်းနင့်အောင် ချစ်ရပါသည် ဟူသည့်ခံစားချက်က လျှံကျလာမယောင်။ သူသည် သူ့လက်များကို အလိုလို ဆန့်ထားလိုက်တော့သည်။
သို့သော်ငြားလည်း သူ့ရှေ့သို့ အပြေးအလွှား ရောက်လာသည့်ရှမြန်က ရုတ်တရက် ဘရိတ်အုပ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခြမ်းစာ အကွာအဝေးတွင် ရပ်နေလိုက်ကာ ခေါင်းမော့ပြီး သူ့ကိုပြုံးပြလိုက်၏။
"ဒေါက်တာနဥ် နောက်ဆုံးတော့ ရောက်လာပြီနော်"
သူမ၏ဝိုင်းစက်လှသည့် ဗာဒံစေ့သဏ္ဌာန် မျက်ဝန်းများသည် ပျော်ရွှင်မှုအပြည့် ဖြစ်နေသော်ငြားလည်း သူမ၏ဆိုးညစ်ညစ် အပြုအမူကတော့ ရပ်တန့်မသွားချေ။
နဥ်ရှောက်ပိုင်က သူမ၏ခေါင်းကို ခပ်ကြမ်းကြမ်း လှမ်းဖွလိုက်တော့သည်။
ရှောင်ဖုန်းကလည်း အပြေးအလွှား ရောက်လာပြီး နဥ်ရှောက်ပိုင်၏ ခြေထောက်ကို ဖက်လိုက်ကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောလိုက်၏။ "ဦးဦးနဉ်"
နဥ်ရှောက်ပိုင်က သူ့ကိုလှမ်းကြည့်လိုက်ပြီး သူ့ဆံပင်လေးကိုလှ မ်းဆွဲလိုက်ကာ အပြုံးဖြင့်ပြောလိုက်၏။
"မင်းအသားတွေ ညိုသွားပြီးတော့ ပိုပြီးတော့သန်မာလာတာပဲ။ ပျော်နေရဲ့လား"
ရှောင်ဖုန်းက သူ့ခြေထောက်ကို ပွေ့ဖက်ထားကာ ဝမ်းသာပျော်ရွှင်စွာဖြင့် လှုပ်ခါနေလေသည်။
နောက်ဆုံးတော့ သတိပြန်ဝင်လာပြီဖြစ်သည့် ဟောက်ရွှီဖုန်းသည် အားလုံး၏အကူအညီဖြင့် ထရပ်လိုက်၏။ သူက သူ့နှာခေါင်းမှ စီးကျလာသည့်သွေးကို သုတ်လိုက်ပြီး လက်ကိုင်ပဝါပေါ်က အနီရောင်တောက်တောက်ကို ကြည့်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သည့် ရုပ်တစ်ခုက သူ့မျက်လုံးထဲတွင် ပေါ်လာပြီး သူသည် နဥ်ရှောက်ပိုင်ကို ဝါးစားတော့မတတ် စိမ်းစိမ်းဝါးဝါး ကြည့်လိုက်၏။
"မင်းက သိပ်သတ္တိရှိနေတယ်ပေါ့လေ။ ငါ ဘယ်သူလဲဆိုတာ မင်းသိလား။ ငါ့ကို ရိုက်တယ်ပေါ့။ မင်း အသက်ရှူနေတဲ့လေကို ချွေတာထားလိုက်တော့"
ထိုနောက်လိုက်များက သူ့ကိုချက်ချင်းဆိုသလို ဝိုင်းရံထားလိုက်ပြီး မျက်နှာပေါ်တွင်အမာရွတ်တစ်ခုနှင့် ရက်စက်ကြမ်းကြုတ်သည့် အကြည့်တစ်ခု ပိုင်ဆိုင်ထားသည့် လူတစ်ယောက်က ဘာမှမပြောဘဲ နဥ်ရှောက်ပိုင်ဆီသို့ ပြေးတက်လာလေသည်။
ရှချွမ်းက အော်ဟစ်လိုက်၏။ "ဒေါက်တာနဥ် သတိထား"
ဟောက်ရွှီဖုန်းသည် သူပါးစပ်ကို ဟလိုက်သည်နှင့်ချက်ချင်း ရှမြန်က ရှောင်ဖုန်းကိုသတိနှင့် လှမ်းဖက်ထားလိုက်ကာ နောက်သို့ဆုတ်လိုက်၏။
ဒီအချိန်တွင် နဥ်ရှောက်ပိုင်သည် နောက်သို့တစ်လှမ်းပင် မဆုတ်ချေ။ သူကဘေးသို့ ကိုယ်ကိုလှည့်လိုက်ပြီး ထိုလူ၏ဗိုက်တည့်တည့်ကို ကန်ကျောက်လိုက်၏။ ပေါင်၁၈၀ကျော်ရှိသည့် လူထွားကြီးသည် ချက်ချင်းဆိုသလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး သူ့နောက်လိုက်လာသည့် လူ(၂)ယောက်ပေါ်သို့ တိုက်ရိုက်ပစ်ကျသွားလေသည်။
သူ့ကို ဝိုင်းရံထားကြသည့် လူ၆ယောက်ထဲက တစ်ဝက်သည် ချက်ချင်းဆိုသလို မြေပေါ်တွင် လူးလိမ့်သွားကြလေသည်။
နဥ်ရှောက်ပိုင်က သူ၏ခြေထောက်များကို ပြန်ချထားလိုက်ပြီး ဟောက်ရွှီဖုန်းကို ကြည့်လိုက်ကာ နောက်ဆုံးတော့ သူ၏မျက်လုံးများက သူ့ခေါင်းပေါ်သို့ ကျရောက်သွားသည်။ သူသည် ထိုနေရာမှနေ၍ သူ၏သရုပ်မှန်ကို အတည်ပြုနေသယောင် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "မစ္စတာဟောက်"
ဟောက်ရွှီဖုန်းသည် အမျက်ခြောင်းခြောင်း ထွက်နေသော်ငြားလည်း သူသည် စော်ကားခံလိုက်ရသည်ဟု ထင်နေဆဲ။
သို့သော် နဥ်ရှောက်ပိုင်ကတော့ သူ၏ ရက်စက်ကြမ်းကြုတ်သည့်ရုပ်သွင်ကို လုံးဝဂရုမစိုက်ချေ။ သူသည် မထင်မရှား လူပြက်တစ်ယောက်ကို ကြည့်နေရသလိုပင်။ "မစ္စတာဟောက်က နေ့ခင်းကြောင်တောင်ကြီးမှာ ဘာလုပ်ချင်နေတာလဲ"
ဟောက်ရွှီဖုန်းသည် နှစ်ပေါင်းများစွာကြာသည့်တိုင် ဒီလိုအထင်သေးခြင်းကို မခံခဲ့ရဖူးချေ။ သူသည် ကိုယ်ကိုလှည့်လိုက်ပြီး သူ့ဘေးက လူဆီက ဓားတစ်ချောင်းကို လုယူလိုက်ကာ ကြမ်းကြမ်းတမ်းတမ်း တံတွေးထွေးလိုက်၏။ "မင်း ဘာလုပ်နေတာလဲ"
"လောင်ဇီက မင်းကို ပညာပေးမလို့"
သူ့ကို ဝိုင်းရံထားသူများသည် အော်ဟစ်ကာ ကြောက်လန့်တကြား နောက်သို့ဆုတ်သွား၏။ ဟောက်ရွှီဖုန်း ပြောလိုက်သည့်စကားက အမှန်ပင်ဖြစ်ကြောင်းကို သူတို့အားလုံးက သိကြသည်။ သူသည်လွန်ခဲ့သည့်၂နှစ်က လူပေါင်းများစွာကိုဓားဖြင့်ထိုးခဲ့ဖူးသည်။
"ဒေါက်တာနဉ်" ရှချွမ်းသည် အလွန်ထိတ်လန့်သွားသဖြင့် ရှေ့သို့အလောတကြီး တိုးတက်သွားချင်သော်ငြားလည်း ရှမြန်က သူ့ကိုပြန်ဆွဲထားလိုက်၏။ "စိတ်မပူပါနဲ့။ အဆင်ပြေပါတယ်"
ဟုတ်ပါသည်။ လူအုပ်ကြီး၏အော်ဟစ်သံက ပျောက်မသွားသေးခင်မှာပင် နဥ်ရှောက်ပိုင်သည် ဟောက်ရွှီဖုန်းကို ဖမ်းဆွဲထားနှင့်ပြီးဖြစ်ကာ သူ၏လှုပ်ရှားမှုများက လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို ဖိနှိပ်ထားသလို အေးအေးလူလူ ဖြစ်နေလေ၏။
ဒီလိုဦးနှောက်မရှိသည့် လူတစ်ယောက်နှင့် စကားပြောဖို့ရန် မဖြစ်နိုင်ကြောင်းကို သူက သေချာပေါက် သိလေသည်။ ထို့ကြောင့် သူက ဘာအားစိုက်ထုတ်မှုကိုမှ မဖြုန်းတီးတော့ချေ။ သူက အားနေသည့် သူ့လက်တစ်ဖက်ဖြင့် အိတ်ကပ်ထဲက ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းခေါ်လိုက်လေသည်။
"လူကြီးမင်းဟောက်"
"ခင်ဗျားသားက အခု..." သူသည် ရှချွမ်းကို လှမ်းကြည့်လိုက်လေသည်။
ရှချွမ်းသည် နဥ်ရှောက်ပိုင်၏ ချောမောခန့်ညားနေမှုကြီးကြောင့် မှင်တက်အံ့ဩနေမိပြီး ထိုအခိုက်အတန့်တွင် သတိပြန်မဝင်နိုင်တော့ချေ။ သူ့ဘေးက လူငယ်လေးတစ်ယောက်က လှမ်းပြောလိုက်၏။ "လျှပ်စစ်ရုံးရှေ့မှာပါ"
"အင်း လျှပ်စစ်ရုံးရှေ့မှာ။ သူက ဓားတစ်ချောင်းကို ဝှေ့ရမ်းပြီးတော့ ပြစ်မှုကျူးလွန်ဖို့ ကြိုးစားနေတယ်။ ကျေးဇူးပြုပြီးတော့ ခင်ဗျား သူ့ကို ဆုံးမပေးလို့ရမလား။ ဒါမှမဟုတ်လည်း ကျုပ် ခင်ဗျားကိုယ်စား သူ့ကိုဆုံးမပေးရမလား"
ဟောက်ရွှီဖုန်း၏ လက်ကောက်ဝတ်သည် လိမ်သွားပြီး သူသည် မလှုပ်နိုင်တော့ချေ။ သူသည် နဥ်ရှောက်ပိုင်၏ ဖုန်းထဲက အကြောင်းအရာကို ကြားလိုက်သည့်အခါ ထောင်လွှားမောက်မာစွာဖြင့် ခနဲ့ကာ ပြောလိုက်၏။
"မင်းက ခေါင်းဆောင်ကြီးကို ဂါရဝပြုပြီးပြီလို့ ထင်နေတဲ့ပုံပဲ။ ဒါဆိုရင်တော့ မင်း ဒီအကြောင်းကို ပိုပြီးတော့ လေ့လာသင့်တယ်။ ငါ့အဖေက နောက်ဆုံးကျရင် မင်းကို ဂရုစိုက်မလား ငါ့ကိုဂရုစိုက်မလား စဉ်းစားကြည့်ပေါ့"
"မင်းအတွက် ဘာက အကောင်းဆုံးလဲဆိုတာကိုသိရင် မင်း ငါ့ကို လွှတ်ပေးလိုက်တာ ပိုကောင်းမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ငါမင်းကိုသတ်ရ...အား"
နဥ်ရှောက်ပိုင်က သူ့လက်များကို အားပိုထည့်ထားလိုက်၏။ "ခဏလောက် တိတ်တိတ်နေစမ်းပါ။ အရမ်းကြီး ဆူဆူညံညံတွေ လုပ်မနေနဲ့"
"မင်းရဲ့အဖေက ဘယ်သူ့ကို ဂရုစိုက်ရမလဲဆိုတာ မင်း ခဏနေသိမှာပါ"
ဟောက်ရွှီဖုန်းသည် အလွန်မှနာကျင်နေသဖြင့် စကားပင် မပြောနိုင်တော့ချေ။ သူ၏မျက်နှာတစ်ခုလုံးကလည်း ခရမ်းရောင် သန်းသွားတော့သည်။ ဒါသည် နာကျင်မှုကြောင့်လား သို့မဟုတ် ရှက်ရွံ့မှုကြောင့်လားပင် မသိတော့ချေ။ သူနှင့်အတူ ခေါ်လာခဲ့သည့်လူများကလည်း ထိခိုက်ခံရမည်ကို ကြောက်ကြသဖြင့် ရှေ့သို့တက်လာဖို့ရန် ကြောက်ရွံ့နေကြသည်။
အချမ်းသာဆုံးသော သခင်ကြီးဟောက်သည် မြန်မြန်ဆန်ဆန်ပင် ရောက်လာခဲ့လေသည်။ အရပ်မြင့်မြင့် သန်မာထွားကြိုင်းသည့်လူ၃၊ ၄ယောက်က ဟောက်ရွှီဖုန်းကို နဥ်ရှောက်ပိုင်ဆီမှ တိုက်ရိုက်လွှဲယူလိုက်ပြီး သူ့ကို ထိန်းချုပ်ထားလိုက်၏။
ဟောက်ရွှီဖုန်းက မယုံမကြည့်ဖြင့် ရုန်းကန်လိုက်သည်။ "ဟိတ်ကောင်တွေ မင်းတို့တွေ အတင့်ရဲလို့ ငါ့ကို ဖမ်းရဲရသလား။ ငါ့ကိုလွှတ်စမ်း သူ့ကို ငါ့ဆီခေါ်လာခဲ့"
လူတချို့က မကြားချင်ဟန်ဆောင်နေလိုက်၏။
ခေါင်းဆောင်က နဥ်ရှောက်ပိုင်ကို ရိုရိုသေသေဖြင့် ပြောလိုက်လေသည်။ "လူကြီးမင်းနဥ် လူကြီးမင်းကို ရယ်စရာဖြစ်အောင် လုပ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌဟောက်က လူကိုယ်တိုင် လာချင်ပါတယ်။ ဒါပေမဲ့ သူက မြို့ပြင်ကိုရောက်နေတော့ ပြန်လာလို့မရလိုပါ။ တစ်ရက်ကျမှပဲ သူက လူကိုယ်တိုင်လာပြီးတော့ တောင်းပန်ပါလိမ့်မယ်"
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "တောင်းပန်စရာမလိုပါဘူး။ ငါလည်း ဒီမှာအကြာကြီးနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ လူကြီးမင်းဟောက်ကို သူ့သားကို သေသေချာချာလေး ဂရုစိုက်ဖို့တော့ အကြံပေးရဦးမယ်။ ကျုပ်တို့တွေက ရှမိသားစုနဲ့ ဘာရန်ငြိုးရန်စမှ မရှိဘဲနဲ့ ဘာဖြစ်လို့ ရန်သူလုပ်ကြမှာလဲ"
ထိုလူသည် လေးနက်သွားဟန်တူပြီး ပြောလိုက်၏။ "လူကြီးမင်း ပြောတဲ့စကားက မှန်ပါတယ်"
ဟောက်ရွှီဖုန်းကို ကားထဲသို့ အတင်းထိုးထည့်သွားသည်ကို မြင်လိုက်ရသည့်အခါ ကြည့်ရှုနေသူများမှာ ထိုအကြောင်းကို မပြောဆိုဘဲမနေနိုင်အောင် ဖြစ်သွားကြတော့သည်။ ဒါသည် အချမ်းသာဆုံး သခင်ကြီးဟောက်က သူ့သားဖြစ်သူကို ဒီနည်းအားဖြင့် ဆုံးမသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်တော့၏။
အတိတ်ကဆိုလျှင် သူသည် ပြဿနာများကို နောက်ဆက်တွဲ လာရောက်ရှင်းလင်းခြင်းသာ ဖြစ်လေသည်။
ဟောက်ရွှီဖုန်းကို စာရင်းရှင်းသွားပြီဖြစ်သဖြင့် တခြားသူများကလည်း အလိုလို လူစုခွဲသွားကြတော့သည်။ နဥ်ရှောက်ပိုင်၏မျက်လုံးများက သိပ်မဝေးလှသည့်နေရာက ဘေးတစ်နေရာတွင် ချောင်းကြည့်နေကြသည့် လူတစ်ယောက်ဆီသို့ ရောက်ရှိသွား၏။
ရှချွမ်းက လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "မောက်လောင်သာ့ ခင်ဗျားဒီမှာ ဘာဖြစ်လို့ရှိနေသေးတာလဲ"
ဖော်ထုတ်ခံလိုက်ရသည့် မောက်မိသားစုကလူ၃ယောက်သည် ချက်ချင်းဆိုသလို လှည့်ကာ ထွက်ပြေးသွားကြတော့၏။ သူတို့သည် ကြောက်လန့်နေသည့် ငှက်တစ်ကောင်လို ဟောက်မိသားစု၏ စာရင်းရှင်းခြင်းကို ခံခဲ့ရပြီး ချမ်းသာပြီး အာဏာရှိသည့်လူများကို အင်မတန်မှ ကြောက်ရွံ့လေသည်။
ဟောက်ရွှီဖုန်းကို နဥ်ရှောက်ပိုင်က အလွယ်တကူ အနိုင်ယူလိုက်သည်ကို မြင်လိုက်ရသည့်အခါ သူသည် ဘာအတွေးမှ ထပ်ပြီးမတွေးရဲတော့ချေ။
ရှမြန်က တောက်ပနေသည့်မျက်လုံးများဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်၏။ "ဒေါက်တာနဥ်က အရမ်းအားကိုးရတာပဲ"
နဥ်ရှောက်ပိုင်က သူမကြောင့် သဘောကျသွားတော့၏။ သူက သူ့လက်ကိုမြှောက်လိုက်ပြီး သူမ၏ရှေ့ဆံပင်လေးကို လှမ်းဆွဲလိုက်ပြီးနောက် ကိုယ်ကိုလှည့်ကာ ကားကို နေရာပြန်ချထားလိုက်၏။
ရှချွမ်းကတော့ fan boy လေးတစ်ယောက်နှင့် တူနေတော့သည်။ "ဒေါက်တာနဥ် အခုမှ မင်ရှီစီရင်စုကို ရောက်လာတာလား။ သူဌေးကြီးဟောက်က သူ့သားကိုဆုံးမဖို့ ဒေါက်တာနဥ်က ဘယ်လိုလုပ်ပြီးတော့ အယုံသွင်းလိုက်တာလဲ"
ရှမြန်က ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။ "ဒီကိုမလာခင်ကတည်းက ကြိုပြီးစီစဉ်ထားတာ ပဲဖြစ်ရမယ်"
သူမသည် ဖုန်းထဲတွင် အကြောင်းအရာအားလုံးနီးပါးကို နဥ်ရှောက်ပိုင်အား ပြောပြခဲ့ပြီးဖြစ်သည်။ ရှမိသားစုနှင့် ပတ်သက်နေသည့် ဟောက်မိသားစုနှင့် မောက်မိသားစုတို့အကြောင်းကိုပင် ထုတ်ပြောပြခဲ့သေးသည်။
နဥ်ရှောက်ပိုင်၏ရှေ့ကို ကြိုတွေးတတ်သည့်အကျင့်ကို ထောက်ချင့်လျှင် လူကောင်းများကို ကြိုတင်ဆက်သွယ်တတ်ပြီး ပြိုင်ဖက်၏အားနည်းချက်ကို ဆုပ်ကိုင်တတ်သည်မှာ လုပ်နေကြအလုပ်တစ်ခုသာ ဖြစ်ပေ၏။
ရှချွမ်းကတော့ ဒါကို နားမလည်သော်ငြားလည်း နဥ်ရှောက်ပိုင်ကို လေးစားအားကျမှုမှာ မရပ်တန့်နိုင်ခဲ့ချေ။ သူကချက်ချင်းဆိုသလို စိတ်အားထက်သန်စွာဖြင့် ရှေ့ကလမ်းပြလေသည်။
နဥ်ရှောက်ပိုင်က သူ့နောက်သို့ လိုက်လာသည့်ရှောင်ဖုန်းကို လက်တွဲထားပြီး သူနှင့်နီးကပ်လာသည့် ရှမြန်ထံမှ အကွာအဝေးတစ်ခုကို သတိဖြင့်ထားလိုက်လေသည်။
သူက သူမကို ရှောင်နေသည်ကို မြင်လိုက်ရသည့်အခါ ရှမြန်က ချက်ချင်းဆိုသလို သူ့လက်ကို လှမ်းဆွဲဖို့ရန် လက်လှမ်းလိုက်လေသည်။ သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က သူမ၏လှုပ်ရှားမှုကို မြန်မြန်ရှောင်ရှားလိုက်ပြီး သူမက အနားသို့ ပိုကပ်လာမှာကို တားဆီးဖို့ရန် သူမ၏ပခုံးပေါ်သို့ သူ့လက်ကို တင်ထားလိုက်၏။
နှစ်ယောက်သားက အသံတိတ်ကစားနေကြချိန်တွင် ရှေ့မှလျှောက်သွားနေသည့်ရှချွမ်းက မရွှင်မပျဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။
"မာလီလီ"
ရှမြန်က မော့ကြည့်လိုက်သည့်အခါ မာလီလီက သူတို့အိမ်ပြန်မည့်လမ်းဆုံတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
သူတို့ကို တွေ့သည့်အခါ မာလီလီက သူမ၏လက်ကို မြှောက်လိုက်ပြီး သူမ၏ဆံပင်ကို နားနောက်သို့ ပို့လိုက်လေသည်။ "မင်္ဂလာပါ"
သူမ၏လေသံက သိပ်ပြီးတော့ တက်တက်ကြွကြွ မရှိလှချေ။ သို့သော်ငြားလည်း သူမ၏မျက်လုံးကတော့ နဥ်ရှောက်ပိုင်ထံမှ လုံးဝမခွာသွားပေ။
ရှချွမ်းကတော့ တစ်ခုကို သတိထားမိသွား၏။ မာလီလီသည် ဘောလုံးအပြောက်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏။ သူမသည် ခုနတုန်းကတော့ လုံးဝရှေးရိုးဆန်ဆန် ဝတ်ဆင်ထားသော်လည်း ယခုတော့ ကြယ်သီး၂လုံးကို ဖြုတ်ထားသည်။ အရပ်မြင့်သည့်လူတစ်ယောက် အတွက်ဆိုလျှင် သူ့ခေါင်းကို ငုံ့လိုက်ရုံနဲ့ အာရုံကိုနှိုးဆွနေသည့် ရင်ညွန့်နှင့် အမို့အမောက်များကို မြင်နိုင်ပေသည်။
ရှချွမ်းသည် မာလီလီကို ပထမဦးဆုံးအကြိမ် တွေ့ခဲ့စဉ်ကလည်း သူသည် ဒီမြင်ကွင်း၏ ဆွဲဆောင်ခြင်းခံခဲ့ရ၏။ သူက ရှက်ရွံ့သွားသည်ကို မြင်လိုက်ရပြီးသည့်နောက် သူမသည် တခုခုကို သဘောပေါက်သွားသယောင် သူမ၏မျက်နှာက ရှက်ရွံ့စွာဖြင့်နီရဲသွားပြီး သူမက သူမ၏အင်္ကျီကို မြန်မြန်ကြယ်သီးတပ်လိုက်၏။
ထိုအခိုက်အတန့်တွင် သူသည် လှပပြီးသန်မာသော်ငြားလည်း ဘာမှနားမလည်သည့် ဒီကောင်မလေးကို ကာကွယ်ပေးမည်ဟု ချက်ချင်းဆုံးဖြတ်ချက်ချလိုက်တော့သည်။
သို့သော်ငြားလည်း ဒီလိုအမည်ခံ ဘာမှနားမလည်ခြင်းက ယောက်ျားများကို မြှူဆွယ်ဖို့ နည်းလမ်းတစ်ခုသာ ဖြစ်နေသယောင်ပင်...
ရှချွမ်းမှာ မနေနိုင်တော့ဘဲ နဥ်ရှောက်ပိုင်ကို လှမ်းကြည့်မိ၏။
သို့သော်ငြားလည်း နဥ်ရှောက်ပိုင်ကတော့ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေသည့်ရုပ်တစ်ခုဖြင့် ဆူဆူညံညံလုပ်နေသည့် ရှမြန်ကိုသာ ငေးကြည့်နေကာ သူ့ဘေးကို လုံးဝအာရုံမရှိချေ။
ရှချွမ်းသည် ရုတ်တရက် ဂုဏ်ယူသွားတော့သည်။ သူသည်လည်း သူမကို အာရုံစိုက်ဖို့ရန် စိတ်ကူးမရှိချေ။ သူ့လူများကို ရှေ့သို့သာ ဦးဆောင်သွားလိုက်တော့၏။
လူက ထွက်ခွာသွားတော့မည်ကို မြင်လိုက်သည့်အခါ မာလီလီသည် အထာကျကျ ဟန်ဆောင်နေရမည်ကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းလှမ်းပြောလိုက်တော့သည်။ "ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်က အမှတ်တမဲ့ သူမကို ပြန်ကြည့်လိုက်၏။ သူမက သူမ၏ရှက်ရွံ့မှုကို သတိထားမိသွားသယောင် သူမ၏ခေါင်းကို မြန်မြန်ငုံ့ကာ သူမ၏အင်္ကျီကြယ်သီးကို မြန်မြန်တပ်လိုက်လေသည်။
ရှမြန်ကတော့ ရယ်ချင်သွားတော့၏။ အစီအစဉ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ကတော့ ညံ့တယ်။
နဥ်ရှောက်ပိုင်သည် သူ့ကိုတစ်စုံတစ်ယောက်က ခေါ်သံကိုကြားလိုက်ရသဖြင့် ပြန်တုံ့ပြန်ခြင်းသာဖြစ်၏။ သူ မသိသည့် လူတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ သူက လမ်းလျှောက်နေသည်ကို မရပ်လိုက်ချေ။ ထိုအစား ရှမြန်က အာရုံပြောင်းသွားသည်ကို အခွင့်အရေးယူပြီး ရှောင်ဖုန်းကိုတွဲကာ ရှေ့သို့ မြန်မြန်လျှောက်သွားတော့သည်။
ရှမြန်က ဒါကိုမြင်သွားပြီးနောက် သူတို့နောက်က အလောတကြီး လိုက်ပြေးသွားတော့၏။
ဒီလိုနှင့် မာလီလီသည် သူမ၏အင်္ကျီကို ကပျာကယာ ကြယ်သီးတပ်ပြီး မော့ကြည့်လိုက်သည့်အချိန်တွင် လူတစ်စုက အိမ်ထဲသို့ဝင်တော့မည်ကို တွေ့လိုက်ရတော့သည်။
ရှချွမ်းတစ်ယောက်သာ ကိုယ်ကိုလှည့်လိုက်ပြီး သူမကို လှောင်ပြောင်နေသည့် အကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်ကို တွေ့လိုက်ရ၏။
မာလီလီက သူမ၏နှုတ်ခမ်းကို ကိုက်ထားလိုက်သော်ငြားလည်း သူမသည် ခြေထောက်ကိုကြွကာ နောက်ကလိုက်လာဆဲပင်။ "ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်က ရပ်လိုက်သည်။ ရှမြန်က ဒီအခွင့်အရေးကို အသုံးချလိုက်ကာ သူ့လက်မောင်းကို မြန်မြန်လှမ်းတွဲလိုက်၏။ နဥ်ရှောက်ပိုင်က ကူကယ်ရာမဲ့သွားသလို သူမကို လှမ်းကြည့်လိုက်ပြီးနောက် မာလီလီဖက်သို့ ပြန်လှည့်ကြည့်ကာ မေးလိုက်လေသည်။ "ဘာကိစ္စရှိလို့လဲ"
မာလီလီက သူမ၏နှုတ်ခမ်းကို ကိုက်ထားကာ ကျေးဇူးတင်စကား ပြောလေသည်။ "ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"
ရှမြန်...
နဥ်ရှောက်ပိုင်ကလည်း စိတ်ရှုပ်သွားသည်မှာ သိသာသည်။ ထို့နောက်တွင်တော့ မာလီလီက မျက်ဝန်းများထဲတွင် မျက်ရည်များဖြင့် ပြောလာသည်ကို ကြားလိုက်ရ၏။ "ဒီနေ့ ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ဟောက်ရွှီဖုန်းက မင်ရှီစီရင်စုမှာ သောင်းကျန်းပြီးတော့ ဥပဒေမဲ့နေတဲ့လူပါ။ ကျွန်မက သူ့ကြောင့် စိုးရိမ်တကြီး ဖြစ်နေရပြီး တခြားရွေးစရာမရှိခဲ့ဘူး..."
ဘုရားရေ ဒါကလည်း လိမ်ညာမှုတစ်ခုပဲလား။
လူတော်တော်များများက အထိတ်တလန့် ဖြစ်သွားကြ၏။
နဥ်ရှောက်ပိုင်ကတော့ မြန်မြန် သတိပြန်ဝင်လာသည့်သူ ဖြစ်သည်။ မာလီလီက တစ်ခုခုကို ထပ်ပြောတော့မည်ကို တွေ့လိုက်ရသည့်အခါ သူက လက်ကို မြှောက်လိုက်ပြီး သူမကို စကားဖြတ်ပြောလိုက်၏။ "အားတော့နာပါတယ်။ ကျွန်တော်က မင်းကို ကယ်ပေးခဲ့တာ မဟုတ်ဘူး။ ဝန်ထုတ်ဝန်ပိုးဖြစ်သလို မခံစားပါနဲ့"
"ရှင်က ရှမြန်ကို ကယ်တင်ပေးချင်တယ်ဆိုတာ သိပါတယ်" မာလီလီသည် သူမက ဘယ်သူကမှ ဂရုမစိုက်ချင်သည့် သနားစရာလေး ဖြစ်နေသယောင် ညှိုးငယ်သည့်ရုပ်လေး ဖြစ်နေ၏။ "ဒါပေမဲ့ ရှင်က ကျွန်မကိုလည်း ကယ်တင်ပေးခဲ့တာပါ။ ကျွန်မက ကျွန်မရဲ့ကျေးဇူးတင်စိတ်ကို ဖော်ပြသင့်တယ်လို့ ထင်တယ်။ ဟောက်ရွှီဖုန်းရဲ့ ထိန်းချုပ်ခံထားရတာ ကျွန်မအတွက် ဘယ်လောက်အထိ နာကျင်ဖို့ကောင်းတယ်ဆိုတာကို ရှင်မသိလို့ပါ။ သူက..."
"ဟုတ်ပါပြီ"နဥ်ရှောက်ပိုင်က သူမ၏စကားကို တိုက်ရိုက်ဖြတ်ပြောလိုက်၏။ "မင်း တကယ်ပဲ ငါ့ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ချင်တာဆိုရင်..."
သူမ၏မျက်လုံးထဲက ဖြတ်ခနဲလက်သွားသည့် အလင်းရောင်ကို ကြည့်လိုက်ပြီး နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "ကျေးဇူးပြုပြီးတော့ ချက်ချင်းထွက်သွားပေးပါ။ ကျွန်တော် ပင်ပန်းပြီး ပြန်ပြီးအနားယူချင်လို့"
မာလီလီမှာ အေးခဲသွားတော့သည်။
...